Wednesday, December 28, 2022

28Dec2022

 နှစ်ကုန်​တော့မယ်...

၂၀၂၃က​တော့ ​မျှော်လင့်စရာ​တွေအပြည့်နဲ့ နှစ်ဖြစ်တယ်။ တခုကို ​ပြောပါဆိုရင် ပြည်​တော်ပြန်ချင်တာပါပဲ။ 

​စော​စောနားချင်၊ မြန်မာပြည်တနံတလျား ခရီး​​တွေသွားချင်၊ လုပ်ချင်တာ​လေး​​တွေ ​အေး​ဆေးလုပ်​နေချင်လို့ early retirementယူကာမှ....၊ 

ကိုယ့်အတွက်​တော့ ​ငွေအများကြီး မလိုပါဘူး၊ နာမည်တည်​ဆောက်ဖို့လည်း မလုပ်ချင်ဘူး၊ ​အေး​အေးချမ်းချမ်း ကြည်ကြည်လင်လင်​လေး ​ရိုးရိုးပဲ ​နေထိုင် စား​သောက်​နေရရင် ရပြီ။ ​သေကာနီးမှ အရိုး​မြေကျဖို့ ကိုယ့်တိုင်းပြည်ပြန်တာမျိုး​တော့ မလုပ်ချင်၊ ​မြေကြီး​လေးတာသာ အဖပ်တင်မယ်။ တတ်နိူင်တဲ့ဘက်က​ပေါ့၊ ကိုယ်​မွေးဖွားရာ တိုင်းပြည်အတွက် အကျိုးများတာ​လေး လုပ်နိူင်ချင်​သေးတယ်။ လုပ်နိူင်တုန်းအရွယ်မှာ၊ သိပ်မကျန်းမာလှ​ပေမယ့် အိပ်ရာထဲလည်း လဲမ​နေတဲ့ အချိန်မှာ စိတ်နှစ်ပြီး လုပ်ချင်​သေးတယ်။ 

ခု​တော့ အ​ဝေးကပဲ လွမ်း​​နေရ...၊

ကိုယ် ဆွဲဖြစ်တဲ့ ပုံက​လေး အမှတ်တရ သိမ်းချင်​သေးတယ်။ သူ့လို မစွန့်နိူင်ဘူး သူ့လို မမာနိူင်ဘူး။ ဘဝမှာ သိပ်​လေးစားချစ်ခင်ရတဲ့ အမျိုးသမီးကြီး...၊

သူ့ပုံဆွဲ​နေချိန် တချိန်လုံး သူ့ကို သတိရစိတ်​တွေနဲ့...

ကျန်းမာပါ​စေ...၊ လွမ်းတယ်....



Tuesday, December 20, 2022

20Dec2022

 အရင်ကဆို လူတ​ယောက်ကို ဘယ်လိုအရာ​တွေကြည့်ပြီး ​ကောက်ချက်ချသလဲဆိုတဲ့ ​မေးခွန်းမျိုးအတွက်...

လူတ​ယောက် ဘယ်​လောက်ချမ်းသာ

ဘယ်​လောက်ပညာတတ်

ဘယ်​လောက်ဂုဏ်သ​ရေရှိရှိ

ဘယ်​လောက်မျိုးရိုး​ကောင်း​ကောင်း

အဲတာ​တွေအားလုံးထက်၊

သူဟာ သူ့ပတ်ဝန်းကျင်ကလူ​တွေ

သူကြုံလာသမျှလူ​တွေအ​ပေါ်

ဘယ်လို ဆက်ဆံ ပြုမူ ​ပေါင်းသင်း​လေ့ရှိသလဲ

ဆိုတာကိုကြည့်ပြီး သူ လူသားဘယ်​လောက်ဆန်သလဲ ​​ကောက်ချက်ချလို့ရတယ်။ 

အဲသလို ​ဖြေတတ်တယ်။ 

ခု​တော့ အဲသလို မဟုတ်​တော့ဘူး။

လူတ​ယောက်အ​ပေါ် ​ကောက်ချက်ချခွင့် မှတ်ချက်ပြုခွင့် ကျွန်မမှာ မရှိပါဘူးလို့ပဲ ​ဖြေမိမယ်။ 

တကယ်ပဲ၊ ကျွန်မတို့မှာ တခြားသူ​တွေအ​ပေါ် ဘာအ​ကြောင်း​ကြောင့်နဲ့မှ ခန့်မှန်းစရာ၊ ​ကောက်ချက်ချစရာ မလိုအပ်ဘူးလို့ ကျွန်မထင်တယ်။ 

ကိုယ့်ကိုယ်ကိုပဲ သိ​အောင် အရင်လုပ်ပါဦး၊ ဒါက ပိုအ​ရေးကြီးတယ်ဟုတ်လား၊

ငယ်စဥ်က သိတဲ့သူတ​ယောက်​ယောက် ကို့ရိုးကားရား ဝတ်စားလာတာကို မြင်တဲ့အခါ ဟဲ့ ဟိုတ​ယောက်ဝတ်စားထားတာကိုလည်း ကြည့်လိုက်ဦးဆိုပြီး သူငယ်ချင်း​တွေ ဝိုင်းဟားကြတာမျိုး ရှိခဲ့ဖူးတယ်။ အင်မတန်ရိုင်းပျတဲ့အပြုအမူလို့ ​နောင်မှာ နားလည်လာခဲ့တယ်။ 

ကျွန်မတို့ဟာ တဆိတ်​တော့ လွန်လွန်းတယ်မဟုတ်လား။ 

သူတပါးအ​ရေး စွက်ဖက်ဖို့ ဝန်မ​လေးတတ်ကြဘူး။ လွယ်လွယ်မှတ်ချက်ချပစ်လိုက်တတ်ကြတယ်။ တဖက်သားကို ထည့်တွက်ဖို့၊ တဖက်သား​နေရာက​နေ ခံစား​တွေးတတ်ဖို့ ကြိုးစားတတ်သူ​တွေ အင်မတန်မှနည်းတယ်။ 

ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ်သုံးတတ်လာကြ​တော့ ပိုဆိုးလာကြတယ်။ သူတပါးအ​ရေး​တွေထဲ ဝင်​ရေးကြ ​ကောက်ချက်ချကြ ​ဝေဖန်ကြနဲ့ ​တော်ကြာ ဆဲကြဆိုကြ၊ 

ဒါ​တွေအားလုံးက သူတပါးအ​ရေး ကိုယ့်အ​ရေးမှာ စည်းမထားတတ်ကြလို့ပဲ။ ဝင်မ​ပြောရဘူးလို့​တော့ မဆိုလိုပါဘူး၊ ရင်းနှီးမှုအတိုင်းအတာအရ ​ပြောပါ ​ရေးပါ ဒါ​ပေမယ့် ​ပြောသင့် ​ရေးသင့်တာကို ချင့်ချိန်ပြီးမှ ​ပြောပါ ​ရေးပါ။ 

ယဥ်​ကျေး​သောလူမျိုးဖြစ်ဖို့ ကျွန်မတို့ အများကြီး လိုပါ​သေးတယ်။ 


Monday, December 19, 2022

19Dec2022

 တကယ်လို့များ လက်ရှိဘဝကိုလွန်​မြောက်သွားပြီးတဲ့အခါ human being မဟုတ်ဘဲ other beingတခုခုမှာများ ဖြစ်ခဲ့ရင်...

အဲလိုမျိုး ​တွေးဖူးလား ?

ကိုယ်က​တော့ being တခုခုဖြစ်ဖို့ထက် nothingnessကိုပဲ ပိုလိုချင်မိတယ်။ 

ဖြစ် တည် ပျက် သံသရာကြီးဟာ နာကျင်မှု​တွေနဲ့ချည်း ပြည့်နှက်​နေရာ...

တဖန်ပြန်မဖြစ်လို​တော့ဘူး။ 

ဒါ​ပေမယ့်လည်း အဲ​လောက်မလွယ်ဘူး၊ သံသရာဟာ လည်​ကြောင်းထက် ပြတ်​ကြောင်းခက်ပြန်တယ်။ 

အကျိုး အ​ကြောင်းဆိုတဲ့အထဲက ကံ စိတ် ဥတု အာဟာရဆိုတဲ့ အ​ကြောင်းတရား​တွေဟာ လက်ရှိbeingအတွက် အ​ထောက်အပံ့​တွေပဲ​ပေါ့။ ဒီလိုနဲ့ပဲ ကံအရှိန်​လေးကုန်ချိန်နဲ့ ​နောက်ဆုံးထွက်သက်တို့ တထပ်ထဲကျချိန်မှာ အားလုံးကို လွှတ်ချထားခဲ့ရမှာ...။ 

ဆုတ်ကိုင်ထားတာ​တွေ များ​လေ...

လွှတ်ချဖို့ ခက်ခဲ​လေ...။ 

Learn to let go...

စွန့်နိူင်ဖို့ ကျင့်ကြရမှာပဲ...၊ 

အဲ့အချိန်မှာ တွယ်ငြိခြင်းကင်းစွာ ​ပေါ့​ပေါ့ပါးပါးက​လေး လွင့်ထွက်သွားချင်တာ...

ဘယ်သူ့ကိုမှလည်း ကိုယ့်အတွက် မငို​စေချင်ဘူး​ပေါ့...၊ လွမ်းလည်းမလွမ်း​စေချင်...။

ကိုယ့်ကို ​မေ့ပစ်ပါ၊ 

​ပျော်​အောင်သာ​နေပါလို့ မှာခဲ့ချင်တာပါပဲ။


Sunday, December 11, 2022

11Dec2022

 ဒီရက်ထဲ အဝတ်အစားသစ် ဝယ်ဖြစ်​တဲ့အခါ ကိုယ့်ကိုယ်ကို အ​တော်​လေး သတိထားမိသွားတယ်။

အမျိုးသမီး​​တွေဟာ အဝတ်အစားနဲ့ပတ်သက်လာရင် သူ့ပုံစံ ကိုယ့်ပုံစံရယ်လို့ အကြိုက်ကိုယ်စီ သီးသန့်ပုံစံ ရှိကိုရှိတတ်ကြတယ်။

ကျွန်မအတွက်​တော့ ပင်ကိုပုံစံကိုက မိန်းမသိပ်ဆန်ဆန်မ​နေတတ်သူမို့ အတွန့်က​လေး​တွေ အဖပ်က​လေး​တွေ ဇာနားပွင့်က​လေး​တွေ ပုလဲသီး​ဘော်ကြယ်ကပ်​တွေ စသည်ဖြင့် ပုံစံဆန်းဆန်း မိန်းမဆန်ဆန်နုဖပ်​နေတာ​လေး​တွေဆို မဝတ်တတ်ဘူး၊ ဝတ်​လေ့သိပ်မရှိဘူး၊ လက်​ဆောင်ရတာမျိုးဆိုရင်​တော့ အားနာပါးနာ ဝတ်လိုက်တတ်တယ် တခါနှစ်ခါ​လောက်​ပေါ့။ ပြီးရင် တီရှပ်နဲ့ဂျင်းဆီပဲ ပြန်​ရောက်သွားတတ်တယ်။ 

မြန်မာဝတ်စုံ​တွေကျ​တော့ ကြိုက်​နေပြန်​ရော၊ အဲတာကလည်း ​ထွေလီကာလီပုံဆန်း​တွေ​တော့ မဟုတ်ပြန်ဘူး၊ ရင်ဖုံးလက်ပြတ် ရင်​စေ့လက်ပြတ် ​ကော်လာ​ထောင်လက်ပြတ်ခါးတို​လေး​တွေနဲ့ အ​ရောင်ခပ်မှိန်မှိန်အဆင်ကို ​ရွေးဝတ်လိုက်တတ်တာမျိုးပဲ။ 

ကျွန်မက အစကတည်းကိုက နာမည်ကြီးဘရန်း​တွေဘာ​တွေ​နောက် မလိုက်တတ်တာ။ ​ငွေအများကြီး မကုန်ချင်တာလည်း ပါတာ​ပေါ့။ အဝတ်အစားဆို ​တော်ရုံသင့်ရုံတန်ဘိုး​လောက်ပဲ အကုန်ခံချင်သူမို့ စလုံးနဲ့ အ​တော်အဆင်​ပြေတယ်။ တီရှပ် ၁၀၊ ​ဘောင်းဘီတို ၈ကျပ်နဲ့ အ​ပေါ်​အောက် ၂၀မ​ကျော်တဲ့ ဝတ်စုံနဲ့ အပြင်ထွက်လည်း ​အေး​ဆေးပဲ။ ​ဘောင်းဘီတိုနဲ့ ကွင်းထိုးဖိနပ်နဲ့ ​လျှောက်သွား​နေလည်း အဆင်​ပြေတယ်။ အဲလို​ပေါ့​ပေါ့ပါးပါးရှိတာ ကြိုက်တယ်။ 

ခု​နောက်ပိုင်း အသက်​လေးရလာ​တော့ သိပ်တို သိပ်ဟိုက်လွန်းတာ​တွေ မဝတ်ဖြစ်​တော့ဘူး။ ခ​ရော့​တော့ပ်​လောက်က​တော့ ဝတ်လို့ဖြစ်​သေးတယ်။ 

ဒီထက် အသက်ကြီးလာရင်​တော့ ပို​ပြောင်းလဲလာမယ်ထင်တယ်။ အသက်ကြီးလာရင် မပိန်ချင်ဘူး။ ဝဝပုံ့ပုံ့​ကြီး ဖြစ်ချင်တယ်။ ကရမက်​တွေ ​​ခြေဆုံး​ခေါင်းဆုံး ​ဖွေး​ဖွေး​ရေး​ရေး​လေးလူးပြီး ​မွှေး​မွှေး​အေး​အေး​လေး ​နေချင်တယ်။ ဆံပင်ဖြူဖြူ​တွေကို ကွမ်းသီးလုံး​လောက် ထိပ်​က​လေး​ပေါ် စုတင်ပြီး ထုံးထားမယ်။ ချည်သားအပွင့်ရိုက်ထည်​လေးကို လက်ရှည်ပွပွ ခါးပွပွ ချုပ်ဝတ်ပြီး ပါတိတ်တပတ်နွမ်း​လေးနဲ့ဆို သက်​တောင့်သက်သာရှိမှာပဲ...။ ပြီး​တော့ အ​ရေးကြီးဆုံးက ကျွန်မ ကျန်းမာချင်တယ်...၊ 

ဘယ်သူ​တွေနဲ့မှလည်း မ​တွေ့ချင်၊ ဘယ်ပွဲမှလည်း မတက်ချင်ဘဲ အိမ်မှာပဲ ကိုယ်ကြိုက်တာ​လေးလုပ်ရင်း ​နေသွားချင်တယ်။ ရုပ်ကလည်း ကျရဦးမှာကိုး၊ ကြည့်မလှ​တော့ရင်​တောင် ကျက်သ​ရေရှိရှိ တင့်တယ်​အေးချမ်းပုံမျိုး aging gracefully ​ပေါ့​လေ၊ ဖြစ်ချင်တယ်။ အဝတ်အစားနဲ့ပတ်သက်လို့က ​ပြောသာ​ပြောရတယ် အဲ့အချိန်ကျ အဖြူအညိုဝတ်နဲ့ ဖြစ်ချင်လည်း ဖြစ်​နေမှာ။ အဲ့အချိန်ထိ အသက်လည်း ရှည်ချင်မှ ရှည်ဦးမှာ...။ 

အဲ့ချိန်ထိ အသက်ရှည်မယ်ဆိုရင်​တော့ ဆံပင်​တွေ​ဖွေး​ဖွေးဖြူ​နေတဲ့ အဖွားကြီးကျွန်မဟာ ခြံထဲက စပယ်ပင်က စပယ်ပန်း​​တွေ ခူး သီလို့ ​ခေါင်း​ပေါ်ပန်ဖြစ်ချင်​သေးရဲ့...၊ စပယ်ပန်း​​တွေရဲ့ သင်းရနံ့ကဖြင့် ကျွန်မကို ဘယ်​သောအခါမှ စိတ်မကုန်​စေဘူး​လေ...၊ ချစ်ရတဲ့ စပယ်...၊ ကျွန်မမှာ မ​ပြောင်းလဲဘဲကျန်တာဆိုလို့ စပယ်ပန်း​တွေကို နှစ်သက်လွန်းရတာ​လေး ကျန်​သေးရဲ့....။



Saturday, December 3, 2022

03122022

 နှစ်တခုက မကြာခင် ကုန်ပြန်​တော့မယ်...

အရာရာဟာ သူ့သ​ဘောနဲ့သူ သွား​နေကြတဲ့ အနတ်တသ​ဘောကို သိပြီဆို ဘယ်အရာကမှ ထူးဆန်းအံ့သြဖွယ် မဟုတ်​တော့ဘူး။ 

ဒါဟာလည်း ပြီးဆုံးသွားမှာပဲ

ဒါဟာလည်း ​ကျော်ဖြတ်သွားမှာပဲ

ဒီလိုနဲ့ ဘဝကြီးရဲ့အနှစ်မဲ့ပုံ​တွေကို သိ သိ​နေရင်း ​ပေါ့​ပေါ့ပါးပါး သို့​သော် ​လေး​လေးနက်နက်ခံယူ ဖြတ်သန်းမိတယ်။ အဲဒီ​နေ့ရက်​တွေထဲ အ​ရောင်မရှိတဲ့စိတ်​တွေကို ဖျတ်ကနဲ ဖျတ်ကနဲ ​တွေ့ရတတ်တယ်။ ကြည်ကြည်လင်လင်​နေနိူင်လာတယ်။ နာကျင်ရတဲ့ ​နေ့ရက်​တွေထဲ ဖြတ်သန်းနိူင်ဖို့ ခွန်အားလိုတယ်ဟုတ်လား၊ တ​နေ့တ​နေ့ ဖဘတက် သတင်းဖတ်ပြီးတိုင်း နာကျင်အံကြိတ်ထားမိတဲ့ရက်​တွေ၊ အသံမထွက်ဘဲ ဆဲ​ရေး​နေမိတာ​တွေ...။ 

ငါတို့ဘက်က ဘယ်သူဖြစ်ဖြစ် လဲကျသွားလို့မရဘူးဆိုတဲ့ စိတ်နဲ့ အားတင်းထားရတယ်။ 

ကံ ကံ၏အကျိုး​ပေးဆိုတာကို ယုံကြည်​သော်လည်း အချိန်ဟာ ကြာတတ်တယ် ​ရောက်မလာနိူင်​သေးဘူး။ အမှန်တရား​တွေ တရားသဖြင့်​တွေကို ဘုရားသိ​သော်လည်း ​စောင့်ဆိုင်းတတ်ရတယ်။ 

ဒါ​ပေမယ့်ကွယ် ​စောင့်ဆိုင်းရချိန်မိနစ်တိုင်းဟာ အပြစ်မဲ့သူ​တွေရဲ့ အသက်​တွေ၊ အိုးအိမ်​တွေ ပျက်စီးဆုံးရှုံးသွားခဲ့ရချိန်​တွေပဲ၊ အဲတာ​တွေအတွက် အချိန်ဟာ တဆိတ်​တော့ ကြာလွန်းတယ်...


Thursday, December 1, 2022

01122022

 ဒီ​နေ့ 1st Dec...

မနက်စာစားရင်း စိတ်လိုလက်ရ ပုံရိုက်...

(ဘာလီကပြန်လာပြီး အ​တော်မည်းသွား 😅)







အရင်ကလိုမဟုတ်​တော့တာ ​သေချာတယ်။

အသက်က​လေးရလာ​တော့ အစစအရာရာ ဆင်ခြင်​နေရတယ်။ အဲ့အထဲ အစားအ​သောက်လည်းပါတယ်...။ အစားနည်းနည်းများတာနဲ့၊ အ​ကြော်စာ၊ အစာမာ​တွေ စားမိတာနဲ့ ပြန်အန်တာပဲ၊ ကိုယ့်အသည်းက အလုပ်​ကောင်း​ကောင်း မလုပ်​တော့ဘူးတဲ့ကွယ်...။ 

​နေခွင့်ရသ​လောက်​ပေါ့​လေ...၊

ချစ်ခဲ့ဖူးပြီ

လွမ်းတတ်ခဲ့ဖူးပြီ

ဒဏ်ရာ​တွေ ရခဲ့ဖူးပြီ

လူဆန်ခဲ့ဖူးပြီ

ဘုရားရဲ့တရား​တော်​တွေ နာယူခွင့်ရခဲ့၊

တတ်နိူင်သ​လောက်လည်း အားထုတ်ဖြစ်ခဲ့...၊

ဘာလို​သေးလဲကွယ်၊

​ကျေနပ်ပါတယ်။

နည်းနည်းက​လေးမှ မတွန့်ဆုတ်ဘဲ အချိန်တန်ရင် ထွက်ခွာသွားရဖို့ပဲ...


Friday, November 25, 2022

25Nov2022

 ​သွေးမ​အေးပါဘူး...

လုပ်စရာရှိတာ လုပ်တယ် ဒါပဲ 😊

(FB မှာ​တော့ မ​ရေးချင်ဘူး၊ ပိတ်​တောင်ပိတ်ထားချင်တာ)



ကိုယ့်handmadeပစ်တိုင်း​ထောင်​လက်ပတ်ကြိုးလေးနဲ့  🥰


Saturday, November 19, 2022

19Nov2022

 


ပင်လယ်ပြင်ကြီးဆီ ဦးတည်သွား​နေခဲ့တုန်းက​ပေါ့...

သူ ​အ​နောက်ခပ်လှမ်းလှမ်းက​နေ snapထားတဲ့ပုံ။

ကိုယ် သီချင်းတပုဒ် ညည်း​နေခဲ့တယ်လို့ ထင်တာပဲ၊ 

"လှိုင်းရဲ့သယ်​ဆောင်ရာ ဟို အ​ဝေးကို...အ​ဝေးကို...

​ပျော်ရွှင်ပါ​စေလို့ ဆု​တောင်းပါတယ်...

နှုတ်ဆက်ခဲ့ပါတယ်

ကျွန်​တော်သွား​တော့မယ်..."

ဘဝအဆုံးသတ်ဟာ အဲသလို သီချင်း​လေးညည်းရင်း ထွက်ခွာသွားလို့ရရင် ​ကောင်းသားကွယ်...၊


Monday, November 14, 2022

14Nov2022

 ကိုယ်လုပ်ပြီး စိတ်တိုင်းမကျလို့rejectလုပ်လိုက်တဲ့နားကပ်​ပေါ့၊ ဝတ်ကြည့်​တော့လည်း လှသားပါပဲ...။


Shirtdress ​တွေ ဝတ်ရတာ ကြိုက်လာတယ်။ ပွပွဖားဖားနဲ့ အသက်ရှု​ချောင်လို့...။ အရမ်းသက်​တောင့်သက်သာရှိတယ်။ အသက်က​လေးရလာ​တော့ လှဖို့ကြည့်​ကောင်းဖို့ထက် သက်သက်သာသာက​လေးရှိဖို့ ပို​ဝတ်တတ်လာတယ်။ ဆံပင်ဆိုလည်း စည်းထားရတာ ထုံးထားရတာ ပိုကြိုက်လာတယ်။ 


​ပြောင်းလဲသွားတဲ့ကိုယ့်ကိုယ်ကိုလည်း သိတယ်၊ သတိမထားမိဘဲမ​နေနိူင်​အောင် ကြိုက်တာ​တွေက ​လုံးဝပြောင်းလဲသွားတာကိုး...၊ 

ဒါဟာ ပုံမှန်ပါပဲ...
အရာရာ​ပြောင်းလဲ​နေတဲ့​လောကထဲ မ​ပြောင်းလဲနိူင်ရင်သာ စဥ်းစားစရာဖြစ်လာတာ...




Sunday, November 13, 2022

13Nov2022

 ဘဝမှာ သင်ယူခဲ့ရတာ​တွေက များသားပဲ...

နာကျင်မှု​တွေလည်း များလွန်း​တော့...

အလိုလိုတတ်​မြောက်လာ​ခဲ့တာ​တွေ...၊

စကား​တွေအများကြီး မ​ပြောမိ​အောင်​နေတယ်

လူ​တွေအ​ပေါ် လွယ်လွယ်နဲ့ မယုံတတ်​အောင်​နေတယ်

​ကျောခိုင်းသင့်တာ ​ကျောခိုင်းထားတတ်လာတယ်

ဘဝအသစ်တခုမှာ ​မွေးဖွား​ပေးလိုက်သလိုမျိုး

ကိုယ်မဟုတ်​တော့သလိုပဲ

ဒါ​ပေမယ့် ကိုယ်နဲ့ဆက်စပ်သမျှ​တွေ ငြိတွယ်ကပ်ပါလာတုန်း...အဲသလိုမျိုး...

စိတ်ထဲရှိသမျှ အကုန်အစင်ချမပြဖို့လည်း တတ်​မြောက်လာခဲ့တယ်။ နာကျင်ခဲ့ရဖူး​တော့...၊

​မြတ်စွာဘုရား​ရဲ့တရား​တော်​တွေသာ မကယ်ရင် အဲ့တုန်းက ကိုယ်ဟာ ရူး​​လောက်ပြီ...၊

ခု သေချာတာက...

ကိုယ်ဟာ အရင်ကလို နားလည်ဖို့ သိပ်လွယ်​တဲ့မိန်းမ မဟုတ်တော့ဘူး....

ပြီး​တော့ ခက်တယ် 

တမင်ပဲ ခက်​အောင်​နေထိုင်ဖြစ်​တော့တယ်...၊ လွယ်ရင် လူ​တွေက တန်ဘိုးချ ဆက်ဆံတတ်ကြတယ်ဟုတ်လား...

ဒီဘဝကို​တော့ ​နေတတ်မှဖြစ်မယ်​လေ...


Sunday, November 6, 2022

06Nov2022

 ခဏက​လေး အသက်ခိုးရှူမိတဲ့ အခိုက်အတန့်​တွေ.......






Thursday, November 3, 2022

03Nov2022

Sunrise!!







My new friend "Baron" and me 😊



 Black lava​တွေထဲမှာ....

အမှတ်တရ​ပေါ့။


 

Saturday, October 15, 2022

15Oct2022

 ဒီ​နေ့ဆိုရင် 10Sepက​နေ စဝင်ဖြစ်ခဲ့တဲ့ onlineတရားစခန်း​နောက်ဆုံး​နေ့ စခန်းသိမ်းပွဲကို ​ရောက်လာခဲ့ပြီ။ online​ပေမယ့် အတတ်နိူင်ဆုံး ကြိုးစား ​ဆောက်တည်ခဲ့တယ်၊ ဒါန သီလ ဘာဝနာ သုံးခုစလုံး ​နေ့စဥ် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီအတွက် ဒီစခန်းအပြီးမှာ ရလိုက်တဲ့ တရားအသိ​တွေက ​လောကီ ​လောကုတ် ၂မျိုးလုံးအတွက် တန်ဘိုးမဖြတ်နိူင်တဲ့အသိ​တွေ ရခဲ့တယ်။ 

ကိုယ်ဟာ တရားအလုပ်လုပ်ပြီဆို အမြဲ အဖျက်ဝင်တယ်။ Bodhgayaသွားတုန်းကလည်း သီလရှင်မဝတ်ခင် (Gayaမ​ရောက်ခင်) ကလကတ်တားမြို့မှာ ​ခြေ​ခေါက်လဲလို့ ဘုရားဖူးခရီးတ​လျှောက်လုံး သီလရှင်ဝတ်လျက် ချိုင်း​ထောက်နဲ့ သွားလာခဲ့ရတယ်။ 

ခုလည်း တရားစခန်း ပြီးကာနီး ရက်နည်းနည်းအလိုမှာ ကပ်ပြီး ​ခြေ​ခေါက်လဲတယ်။ အရွတ်​ယောင်သွားတယ်။ မ​ထောက်နိူင်​တော့လို့ ချိုင်း​ထောက်ကူရပြန်တယ်။ ထိုင်ပြီးတရားမမှတ်နိူင်တော့လို့ ညာဘက်​ခြေကို ​ခေါင်အုံးခု၊ ဆန့်ထုတ်ပြီး တရားမှတ်ရတယ်။ 

ကိုယ်က​တော့ အဓိဌာန်ထားတဲ့အတိုင်း တရားစခန်းရက် ပြည့်တဲ့အထိ ဝင်မယ်လို့ ဆုံးဖြတ်ပြီး ဆက်ဝင်ဖြစ်တယ်။ အဲ့အချိန်မှာ ဖြစ်ချင်​တော့ အကိုကြီးက ကိုဗစ်​နောက်တကြိမ်ထပ်ဖြစ်​နေချိန်မို့ အိပ်ခန်းထဲ သူ့ကို တ​ယောက်ထဲထားပြီး ကိုယ်က (ဧည့်ခန်းကို အခန်းလုပ်) တရားအလုပ်လုပ်​နေရချိန်။ အဓိဌာန်အချိန်ပြည့်​အောင် တရားမှတ်လိုက်၊ သူ့အတွက် မနက်စာ​နေ့လယ်စာညစာ​တွေကို ချက်ပြုတ်ပြီး အခန်း​ရှေ့ပို့လိုက်နဲ့ လွန်းထိုး​နေရချိန်။ သူ Day 4ညဘက်မှာ ကိုယ်က ​ခြေ​ထောက်ဖြစ်တာ။ တရားမှတ်အပြီး ဖြစ်တာမို့ အ​တော်​လေးမိုးချုပ်​နေ​တော့ (အိမ်ကလူ​တွေကလွဲလို့) ကိုယ်လည်း ဘယ်သူ့မှ မ​ပြောဖြစ်​တော့။

ဒီလိုနဲ့ သူလည်း ကိုယ့်မကူနိူင်၊ ကိုယ်လည်း သူ့မကူနိူင်​တွေ ဖြစ်ကုန်တယ်။ 

အဲဒီအချိန်မှာ မိတ်​ဆွေ​တွေရဲ့ ချစ်ခြင်းတရားနဲ့ အကူအညီ​တွေ​ကြောင့်သာ ကိုယ်တို့ အဆင်​ပြေ​ပြေ ဆက်သွားလို့ ရခဲ့ကြတယ်။ 

အိမ်အထိ လာ​ခေါ်၊ ကား​မောင်း​ဆေးရုံပို့​ပေးသူနဲ့၊ (ကိုယ်က ညကဖြစ်ပြီး ကိုယ့်ဘာသာ​ရေခဲကပ် တိုက်ဂါးဘမ်းပလာစတာကပ်ပြီး ​ပေ​တေအိပ်လိုက်တာ၊ ​နောက်​နေ့မနက်ကျ ​ခြေ​ထောက်က လုံးဝမှမ​ထောက်နိူင်​တော့လို့ ​ဆေးရုံသွားရတာ 😅) Deliမှာပြီး စားစရာ​တွေ ပို့​ပေးကြ၊ ကိုယ်တိုင်အိမ်ချက်လက်ရာ​တွေ လာပို့ကြနဲ့၊ စားစရာ​တွေဟာ ကုန်​တောင်မကုန်နိူင်​အောင် ဖြစ်သွားတယ်။ ချစ်ခြင်းတရား​တွေအတွက် တကယ်ကို ပီတိဖြစ်ရတယ်။ ကိုယ့်အ​ပေါ် တန်ဘိုးထားချစ်ကြသူ​တွေ ရှိ​သေးတာပဲလို့ ​တွေးမိလို့...။ 

ခက်ခဲတဲ့အချိန်​တွေမှာ အတူ ကူ​ပေးကြသူ​တွေအားလုံးကို ​ကျေးဇူးတင်စိတ်နဲ့ ဒီစာ​လေး အမှတ်တရ​ရေးဖြစ်တယ်။ 

ဒီ​နေ့ည စခန်းသိမ်းတရားပွဲအပြီး သူတို့အားလုံးကို ကိုယ်ပြုခဲ့သမျှ ဒါနကုသိုလ်၊ ​ဆောက်တည်ခဲ့သမျှ သီလကုသိုလ်၊ ပြုကျင့်ခဲ့သမျှ ဘာဝနာကုသိုလ်​တွေကို မှတ်မှတ်ရရ မျှ​ဝေ​ပေးရဦးမယ်...။ 

​အေးချမ်းကြပါ​စေ...


Sep10- Oct15, online meditation retreat~

​မြေဇင်းသမထဝိပသာနာ~









Monday, October 3, 2022

03 Oct 2022

 စာတပုဒ်ကိုဖတ်ရင်း ဝမ်းနည်းရတယ်...

ဘဝအဆက်ဆက်က အထုံပါရမီဆိုတာကို နားလည်လာမှုက နက်သထက်နက်လာတယ်။ ဘယ်အရာမှ ​ရှောင်လွှဲလို့မရဘူး...။

ဘဝကြီးရဲ့ ​ကြေလွယ် မွလွယ် ဖျတ်ကနဲအကဲဆတ်မှုကိုလည်း နာကျင်ခံစားရတယ်။ အဲဒီဘဝဘဝ​တွေကို မဆုံးနိူင်​အောင် တွဲစပ်ချုပ်သီထားတဲ့ သံသရာအလျားရှည်ကြီးကိုလည်း ​ကြောက်လှပြီ...၊

မလိုချင်​တော့ဘူး...

အရင်က​တော့ ဂီတ ရုပ်ရှင် စာ​ပေအနုပညာက စလို့ ​ကျေးငှက်​တော​တောင် သဘာဝ​တွေအထိ မြတ်နိုးခံစားစိတ်နဲ့ ​အငြိမ်းဓါတ်က​လေး ​မွေးမြူရတာကိုက အရသာလို့ ထင်တယ် (မကြာ​သေးခင်ကပဲ ထင်ခဲ့​သေးရဲ့)။ ဒါ​တွေသာ မရှိရင် ဘဝဟာ မ​နေ​ပျော်ဘူး၊ အနှစ်သာရ မဲ့​တော့မှာလို့ ယုံကြည်ထားခဲ့တာ...၊ ပြီး​တော့ ချစ်ခြင်းတရား​...။

အရာအားလုံးဟာ ​ဆေးခါးကြီး​ပေါ်က သကြားမှုန်က​လေး​တွေမျှသာပဲ...၊ 

ဒါ​တွေ​ကြောင့်သာ ဘဝအ​ပေါ် တပ်မက်မှု ဘဝတဏှာ ဖြစ်ရတယ်။ ဘဝဆိုတာကြီးကို အဖန်တလဲလဲလိုချင်မှု ဝိဘဝတဏှာဆိုတာ ဖြစ်လာရတယ်...။ 

အဲဒီကစလို့ ​လောင််​တော့တာပဲ...၊

လိုချင်မှုရှိလာရင် ​လောင်မြိုက်​တော့တာပဲ...၊

အရာရာဟာ သူ့သ​ဘောနဲ့သူဆိုတဲ့ အနတ်တသ​ဘော ထင်ရှားမြင်လာရတဲ့အခါ မလိုချင်​တော့ဘူး။ တခါ စဥ်းစားမိပြန်တာက...အရာရာဟာ ငါ့သ​ဘောအတိုင်းဆိုတဲ့ အတ်တသ​ဘောနဲ့ ဘဝကို ဖြတ်သန်းခွင့်ရမယ်ဆိုရင်​ရော လိုချင်​နေဦးမလားလို့ ​တွေးမိတာ...။ ဒါ တကယ် အနတ်တကို ဉာဏ်နဲ့ မမြင်​သေးလို့လည်း ဖြစ်မယ်။ 

ဘာပဲဖြစ်ဖြစ် ဘဝအ​ပေါ် မြင်တဲ့အမြင်၊ ခံစားမိတဲ့ခံစားချက်​တွေက​တော့ ​ပြောင်းလဲလို့ သွားခဲ့ပြီ။

ဒါ သဘာဝကျသားပဲ

​ပြောင်းလဲခြင်းတခုထဲကသာ ဘယ်​တော့မှ မ​ပြောင်းလဲတဲ့ အမှန်တရား ဟုတ်လား...။

မ​ပြောင်းလဲဘူးဆိုရင်သာ တခုခုမှား​နေတာ။ 

အရာအားလုံးဟာ ​ပြောင်းလဲ ဦးတည် ပြီးဆုံးလိုက် အသစ်တဖန်ဖြစ်လိုက်နဲ့ သွား​နေခဲ့ကြတာ...၊ ဒီလိုပဲ ဆက်သွား​နေဦးမှာ...။

ဘယ်​တော့မှ ဆုံးမလဲ

အဆုံးသတ်​ပေးရမယ့်သူက ကိုယ်တိုင်ပဲဟုတ်လား...

အင်း...အလုံးစုံနာကျင်မှု​တွေဆီက...၊



Saturday, October 1, 2022

01Oct2022

 တန်ဘိုး value​တွေအ​ကြောင်း ​တွေး​နေမိပြန်တယ်...

ပြီး​တော့ စံနှုန်း​တွေ...

စံနှုန်း​တွေကို အများက သတ်မှတ်လို့ရ​ပေမယ့် တန်ဘိုးကျ​တော့ ကိုယ့်တန်ဘိုး ကိုယ် အသိဆုံး၊ ဘယ်သူကမှ လာသတ်မှတ်​ပေးချင်လို့ မရဘူးဟုတ်လား၊ 

ဒီအချက်က ကျွန်မကို သက်​တောင့်သက်သာ ရှင်သန်​စေတယ်။ 

ကျွန်မ​နေ့ရက်​တွေ...၊ ဘယ်​လောက်အကန့်အသတ် ရှိမလဲ ကျွန်မ မသိဘူး၊ ဒါ​ပေမယ့် ရှင်သန်ခွင့်ရ​နေတုန်း အချိန်တိုင်းကို ကျွန်မ တန်​အောင် ​နေ​နေတယ်။ မနက် မျက်စိပွင့်ကတည်းက ​ကောင်း​သောအ​တွေးအမြင်နဲ့ နိူးထတယ်၊ ​လေက​လေး ရှူတယ်၊ အပင်​တွေကို ကြည့်တယ်၊ ပန်းက​လေး​တွေကို တစိမ့်စိမ့်​ငေးတယ်၊ သူတို့ရနံ့က​လေး​တွေ ​မွှေးမြ​နေတာကို ချီးကျူးစကားဆိုတယ်။ သဘာဝတရားကြီးက လှလိုက်တာ...ရယ်လို့ နှုတ်က ထုတ်​ပြောတယ်။ ဘာကိုပဲကြည့်ကြည့် ကြည်ကြည်လင်လင် မြင်​အောင်ကြည့်တယ်။ ပြုံးထားတယ်...။ ဒီလိုနဲ့ ကျွန်မနဲ့ ကျွန်မဝန်းကျင်မှာ ​ငြိမ်းအေးတဲ့၊ ချမ်းသာတဲ့ လှိုင်းက​လေး​တွေ...၊ waveလို့ ​ခေါ်မလား...၊ တလွန့်လွန့် ရှင်သန်လွှမ်းခြုံ ကြည်မြလို့ ​နေတယ်။ 

တ​နေကုန် အိပ်ရာဝင်တဲ့အထိပဲ...၊ ချမ်းသာစွာ အိပ်မယ်လို့ ​တွေးတယ်။ ​လေက​လေး ရှူသွင်းတာကို သိတယ် ​လေက​လေး ရှုထုတ်လိုက်တာကိုလည်း သိတယ်...၊ ပြုံးထားတယ်။ 

ဒီလိုနဲ့ ကျွန်မ​နေ့ရက်​တွေဟာ တဖြည်းဖြည်း ချမ်းသာလာတာပဲ။ 

အရင်ကလို စိတ်တိုတာ ​ဒေါသထွက်တာ​တွေ နည်းလာတယ်။ ​တော်ရုံ​လောက်က​တော့ ​နေတတ်ထိုင်တတ်သွားပြီ။ ခန်ဓါကိုယ်ကြီးက နာလည်းပဲ ​သြော် နာမှာ​ပေါ့ ဒါ သူ့အလုပ်ပဲကိုးလို့ ​တွေးတယ်၊ နာဖို့က သူ့အလုပ်၊ ကိုယ့်အလုပ်က နာတာကို နာတာပါလားလို့ သိလိုက်ရင် ရပြီ။ ရိုးရိုးက​လေးပဲ...၊ အဲသ​လောက်ကို လွယ်ကူတယ်။

တကယ်​တော့ သဘာဝတရားကြီးက မခက်ဘူး...


Thursday, September 15, 2022

15Sep2022

 ​ရေးချင်တာ​တွေသာ ​လျှောက်​ရေး​နေတာ၊ တကယ်​တော့ လူက ​နေလို့မ​ကောင်းလှပါဘူး။ 

ဒီ​နေ့ည​နေ ပျင်းတာနဲ့ ကိုရီးယားပဲ​ခေါက်ဆွဲထုပ်​လေး အလွယ်တကူပြုတ်စားလိုက်တယ်။ အရင်ကလည်း စားဖူးခဲ့တာကို၊ တထုပ်လုံး တ​ယောက်ထဲ ကုန်​အောင်စားတာ​လေ။ ခုကျ စားပြီးသိပ်မကြာဘူး၊ ပြန်အန်တယ်။ ကိုယ့်အသည်းက အစာ​ကောင်း​ကောင်းမ​ချေနိူင်တော့တာမျိုး။ Liver enzyme​တွေ တက်​နေတာဟာ အသည်းက သူလုပ်ရမယ့်အလုပ်​တွေကို ပုံမှန်အတိုင်း အလုပ်မလုပ်နိူင်​တော့လို့ လို့ ဖတ်ရတယ်။ 

တတ်နိူင်သ​လောက်​တော့ ဂရုစိုက်တာ​ပေါ့...၊ ဆရာဝန်ညွှန်တဲ့ Heptral 400g လည်း ​သောက်​နေတာပဲကို၊

ဖြစ်လာရင်​တော့လည်း ရင်ဆိုင်ရုံပဲ။ အသည်းက မြန်တယ် ခုပဲဖြစ်​ ​ဟော ​ရှောသွားပြီဆိုတာမျိုး။ 

တခုပဲ မအလ မ​သေခင်​တော့ ကိုယ်အရင် မ​သေချင်​သေးဘူး။ 

ငါ့လခွမ်း ဒင်းကလည်း မ​သေနိူင်​သေးဘူး။


Wednesday, September 14, 2022

14Sep2022

 မိတ်ကပ်အ​ကြောင်း ​ပြောချင်လာလို့...၊

Shopping mall​တွေသွားလို့များ မိတ်ကပ်အလှပြင်စရာ​တွေရောင်းတဲ့ဆိုင် ဝင်တဲ့အခါ ကိုယ်ဟာ အမျိုးသမီးဖြစ်လျက်နဲ့ ​စိတ်လက်မရှည်တတ်ဘူး၊ များ​မြောင်လှတဲ့ တံဆိပ်​တွေထဲ ဘယ်တခုကို ​ရွေးဝယ်ရမှန်းမသိ ဖြစ်​လေ့ရှိတယ်။ ပြီးရင်​တော့ ဆိုးလည်းမဆိုးဖြစ်လှတဲ့ နှုတ်ခမ်းနီတ​တောင့် စိတ်​ပြေလက်​ပျောက်ဝယ်ပြီး ပြန်ထွက်လာတတ်တယ်။ 

ကိုယ့်များ မိတ်ကပ်setလိုက် ​ဈေးချ​နေလို့ ဝယ်မလား​မေးလည်း နိူးပဲ၊ skincare set ​ကို​တောင် ၁ ၂ ၃ ၄ အဆင့်​တွေ ဘူး​ပေါ်ချမှတ်ပြီး အစဥ်လိုက်လိမ်းတတ်တဲ့သူကိုး 😆

ဒါ​တောင် သူ ဝယ်​ပေးမှ၊ ကိုယ့်ဘာသာဆို ​ဈေးကြီးလို့ မဝယ်ရက်ဘူး၊ Clarinsက တဆက်ဆို ​ဈေးမနည်းဘူး၊ သူ့အ​ပြောက ကိုယ်ဟာ စိန် မပူဆာ ​ရွှေ မပူဆာ၊ ဖိနပ် လက်ကိုင်အိတ်ကအစ မပူဆာတတ်သူမို့ skincare​လေး​တော့ ​ဈေးကြီးလည်း setလိုက် ဝယ်သုံး​စေချင်လို့ သူကိုယ်တိုင် ဝယ်​ပေးတတ်တယ်။ 

ကိုယ်ကလည်း တခါတ​လေ ပွဲတက်စရာ​လေးဘာ​လေးရှိမှ BB cream​လေး လူး၊ loose powder​လေး ဘုတ်ဘုတ်ရိုက်၊ နှုတ်ခမ်းနီပါးပါး​လေး ​ဆိုး၊ ဒီ​လောက်နဲ့ ဟုတ်လှပြီထင်​နေတာ။ BB cream ဆိုတာကလည်း သွားစရာရှိမှ လူးဖြစ်လို့ အိတ်စပိုင်ယာဖြစ်ပြီး အများကြီးကျန်​နေလျက်နဲ့ လွှင့်လွှင့်ပစ်လိုက်ရလွန်းလို့ နှ​မျောရတာ၊ အဲတာ​ကြောင့် ခုဆို sunblock ကို tinted အ​ရောင်ပါတာပဲ ​ရွေးဝယ်ဖြစ်​တော့တယ်။ ​အေး​ရော...။ 

မျက်​တောင်တုဆို ဘွဲ့ယူတုန်းက တခါပဲ တပ်ဖူးတယ်။ မျက်​တောင်တုကြီး ဖလပ်ဖလပ်နဲ့ မျက်ခွံ​ပေါ် တင်ထားရတာများ မ​နေတတ်လို့ ​ဘယ်​တော့မှ ထပ်မတပ်ဖြစ်​တော့ဘူး။ ခု​ခေတ်​တော့ဖြင့် မျက်​တောင်တုဆိုတာ မိန်းက​လေး​တွေ အလုပ်သွား အလုပ်ပြန် ​နေ့စဥ်တပ်​နေကြတဲ့အရာ၊ ပြီး​တော့အခုက တပ်လိုက်ဖြုတ်လိုက်လုပ်​မ​နေချင်ရင် eyelash extension လုပ်လိုက်ရင် ပြီး​ရော၊ ခု​ခေတ်က မိန်းက​လေး​တွေများ ​တော်ရုံကြည့်​ကောင်းရင်​တောင် အပြင်အဆင် အလိမ်းအခြယ်နဲ့ဆို အ​တော်ကို လှသွား​တော့တာပဲ။ မိတ်ကပ်က လူးတတ်ခြယ်တတ်ရင် အ​တော်ကို ရုပ်​ပြောင်းသွားတာမျိုးကိုး...။

ဖုန်းကင်မရာ​တွေ အဖက် ​ကောင်းချက်နဲ့ဆို​တော့ အိုး မှုန်​နေ​ရောပဲ၊ ဖုန်းကင်မရာ​တွေကလည်း ကိုယ်လိုအသက်အရွယ်​တောင် လှ​အောင် ပုံထွက်ကလည်း ​ကောင်း​ပေ့။ 

ပြင်ပြင်ဆင်ဆင်​နေတတ်တဲ့ မိန်းက​လေးက​တော့  ​နေကို​နေတတ်တာ...။ ကိုယ့်ပထမအလုပ်က တရုတ်မ​လေးဆို မနက်၈နာရီတက်ရတဲ့ရုံးကို သူက ၇:၄၅​လောက် ​ရောက်ပြီး၊ မိတ်ကပ်အပြည့်၊  အဝတ်အစား​လေးကအစ ​ကျော့​ကော့လို့၊ ဘယ်ချိန်ကများ အလှထပြင်ရပါလိမ့်​ ​တွေးမိတာ၊ တကယ်ကျ သူ​ပြောပြတာ သူအလှပြင် ​ရေချိုးချိန် နာရီဝက်ဆို ပြီးတယ်တဲ့၊ ကိုယ့်မယ် အံ့သြရတာ...။ 

ကိုယ်ဖြင့် FB​ပေါ် liveတက်ရင်​တောင် အိမ်​နေအဝတ်နဲ့ မျက်နှာ​ပြောင်နဲ့မို့ တခါတ​လေ​တော့လည်း ငါ့နှယ် လှလှပပ​လေး liveတက်ဦးမှပါ ခဏခဏ ​တွေးတယ် ပြီး​တော့လည်း မထူးဘူးဘဲ 🤣

ဘာရယ်မဟုတ်ဘူး၊ ကိုယ့်ကို မိတ်ကပ်​တွေဘာ​တွေ လာ​ရောင်းမယ့်အစား ချဥ်​ပေါင်​ကြော်တို့ ငါးပိချက်တို့ လာ​ရောင်းတာကမှ ဟုတ်ဦးမယ်လို့ ပြုံးမိလို့​လေ...။



Monday, September 5, 2022

05Sep2022

 စက်တင်ဘာ​တောင် ​ရောက်လာပြန်ပြီ။ ​နောက် သိပ်မကျန်​တော့တဲ့လအနည်းငယ်​ကျော်လွန်ပြီးရင် နှစ်တနှစ်ကုန်လို့ ​နောက်တနှစ်စဦး​တော့မယ်။ မငယ်​တော့တဲ့အသက်တခုကို ​ရောက်ခဲ့ပြီ...လို့ တဆက်ထဲ ​တွေးမိတယ်...။

ပိုပြီးရင့်ကျက်လာတဲ့ စိတ်တခုကို တည်​ဆောက်နိူင်ခဲ့ပြီ၊ ​ကျေနပ်စရာပဲ​ပေါ့...။ ​ဖြတ်သန်းလာခဲ့သမျှထဲ နောက်​ကျေနပ်စရာ​တွေကို ပြပါဆိုရင် "ရိုးသားမှု"ကို အရင်ဆုံး ဆွဲထုတ်ပြရမှာပဲ...၊ ရိုးလွန်းလို့ ဖြစ်ရတဲ့ က​မောက်ကမ​လေး​တွေ​တော့ ရှိဖူးခဲ့တယ်။ ကိုယ့်အ​ပေါ် တင်တင်စီးစီး​တွေ အ​ကြောကြီး အ​​ချေကြီးကြီးနဲ့ လာဆက်ဆံသူ​တွေရှိလည်း ကိုယ်က သိပ်မသိဘူး။ ကိုယ့်စိတ်ရင်းအတိုင်းပဲ ဆက်ဆံတတ်တယ်။ ​ပြောစရာရှိရင်လည်း ကိုယ်ပဲ သွားစ​ပြောတတ်သလို ဖုန်း​ခေါ်စရာရှိလည်း ကိုယ်ကပဲ စ​ခေါ်လိုက်တတ်တာမျိုး၊ တချို့က missed call​ပေးပြီး ကိုယ့်ကို ပြန်​ခေါ်​စေချင်တာမျိုး ရှိတယ်ဟုတ်လား၊ ကိုယ်က ဘာမှ သိပ်မ​တွေးဘဲ ပြန်​ခေါ်လိုက်တတ်တာမျိုး​ပေမယ့် ကိုယ့်မိတ်​တွေတချို့က​တော့ အဲသလိုမျိုး​တွေဆို ပြန်​ခေါ်မ​နေနဲ့ ၊ တချို့က တင်စီးတာလို့ ​ပြောတတ်ကြတယ်။

တချို့ကျ ကိုယ့်​ရှေ့ ဝတ်စားပြတာ၊ ကိုယ်က ဘရန်းဘာညာလည်း သိပ်သိတဲ့သူ မဟုတ်ဘူး၊ နာမည်ကြီးလက်ကိုင်အိတ်ဆိုလည်း ကိုယ်မသိတာ များတယ်။ မ​ပြောတတ်ဘူး၊ ဘဝမှာ ကိုယ် မက်​မောတာ သိပ်များများစားစား မရှိလှဘူး။

ပန်းချီစုတ်တံတ​ချောင်း​လောက် ကိုယ် မမက်ဘူး၊ art n craftလုပ်တဲ့ သံကွင်း​လေး ပလာယာ​လေးတခု​လောက် ကိုယ်မမက်ဘူး။ ပြီး​တော့ ချစ်ခြင်းတရား​ပေါ့...။ 

ပြီး​တော့ အ​ပေါ်ယံမာ​ရေ​ကြော​ရေရှိပြီး ကြိတ်ဝမ်းနည်း မျက်ရည်ကျတတ်တဲ့ ကိုယ်က ဘာကိုမှ အ​လေးအနက်မထားဟန်နဲ့လည်း ​နေတတ်​သေးတယ်။ ရင်ဘတ်ထဲမှာ...၊ စိတ်ရဲ့ အနက်ဆုံးထိ သိမ်းဆည်းထားတာ​တွေ...၊ နာကျင်ရလွန်းလို့ ​ခေါက်သိမ်းထိုးကြိတ်ထည့်ထားမိလိုက်တာ​တွေ...။ ဝမ်းနည်းစရာရှိ တ​ယောက်ထဲ၊ နာကျင်စရာရှိလည်း တ​ယောက်ထဲ ကြိတ်ခံစားတတ်​တော့ ကြာလာတဲ့အခါ စိတ်​ရောကိုယ်ပါ ​ကျိုးပဲ့ကြေမွခဲ့ရတာ​တွေ။ 

ဘဝမှာ ကိုယ့်အနားကို တခုခုလိုအပ်လို့ ​ရောက်လာကြသူ​တွေကိုဆိုရင် တ​နေ့​နေ့ မလို​တော့တဲ့အခါ ကိုယ့်အနားက ထွက်သွားလိမ့်မှာပဲ...လို့ ကြို​တွေးမိပြီး မတွယ်တာ​အောင် ​နေရတယ်။ ချစ်ခြင်းက နာတာနဲ့ ​​ချေဖျက်နိူင်ရင်​တောင် သံ​ယောဇဥ်ကျ​တော့ ခုတ်ချ​လေ ဖူးသစ်ခိုင်မာ​လေ အညွန့်ထွက်ရှင်သန်​လေ...။ ကိုယ်ဟာ ချစ်တတ်သူ မဖြစ်ချင်​တော့ဘူး။ နာကျင်ခြင်းဆိုတဲ့ဒဏ်ရာက ​သေရာပါ...၊ အရာရာကိုယ့်အ​ပေါ်ပုံချပြီး ကိုယ်လွတ်ရုန်းသွားတဲ့ ချစ်ခြင်းတရားအ​ပေါ်လည်း အပြစ်မမြင်ရက်၊ ကိုယ့်ကိုယ်လည်း အပြစ်မတင်ချင်​တော့ဘဲ ကြာလာတဲ့အခါ စိတ်မှာဖြစ်တဲ့အနာက ကိုယ်မှာပါ ထိခိုက်လာ​တော့တာ၊ အိပ်မက်ထဲ မျက်ရည်​တွေရွှဲနစ်ရင်းက နိူးထလာရတဲ့ည​​တွေ၊ ရှက်စိတ် ​ကြောက်စိတ် အားငယ်ဝမ်းနည်းစိတ်​တွေနဲ့၊ သတ်ဖြတ်ခံလိုက်ရတဲ့ စိတ်​တွေ နာကျင်လွန်းမက အပိုင်းပိုင်းပြတ်မှာ ခန္ဓာကိုယ်တခုလုံးပါ လဲပြိုတာ၊

ကိုယ်​တောင်မသိလိုက်ဘဲ ကိုယ့်ခန္ဓာထဲမှာ ​သွေး​တွေ ​ဆောင့်တက်လာတဲ့အထိ။ မဖိတ်​ခေါ်ဘဲ ပထမဆုံး ကိုယ်ရခဲ့တာက​တော့ စိတ်​ကြောင့်ဖြစ်တဲ့ ​သွေးတိုး​ရောဂါ။ ခ​ရောနစ်ဖြစ်သွားခဲ့ပြီ။ တသက်လုံး ​ဆေးနဲ့ကိုယ်နဲ့ မပြတ်ရ​တော့မယ့်​ရောဂါ။

ဒီလိုပါပဲ ရယ်စရာ​တွေးမိ​သေးတယ်...

​နောက်ဆုံး​နေ့အထိ ကိုယ့်အ​ပေါ် သစ်စာရှိရှိ​စောင့်​နေမှာ ​သေခြင်းတရားပဲဆိုတာ ​တွေးမိတာ...။

ဘဝကြီးကလည်း ဘဝကို အရှိအတိုင်း ​တွေး​တော ကျင့်ကြံ ​နေထိုင်သူ​တွေကျ​တော့ အထင်အမြင်​သေးပုံပဲ၊ ဂုဏ်​ငွေ အဆင့်အတန်း အပိုဆာဒါး ဆန်းဆန်းပြားပြား​တွေကိုမှ အထင်တကြီး ​ခေါင်း​ပေါ်တင်ထားတတ်တဲ့ ​လောကကြီးကိုး...။ စိတ်လည်း မနာတတ်​တော့ပါဘူး။ လူ​တွေကို ပြုံးပြီးသာ ကြည့်တတ်လာ​တော့တယ်။ သင်ခန်းစာ​တွေ တပုံတပင်နဲ့​နေ​နေရင်း ​ချေလို့ရရင် လမ်းကြုံဝင်​ချေချင်သူ​တွေနဲ့ ​တွေ့တဲ့အခါ မသိချင်​ယောင်​ဆောင်​နေ​ပေးလိုက်မိ​တော့တာ၊ အားနာလို့ရယ်။ 

ခုဆို ကိုယ်က ကိုယ့်အနား​ရောက်လာသူဆီက မရိုးသားမှုအနံ့ခံတတ်​နေပြီကို...၊ ကိုယ့်ကို လိုသုံး သုံးမယ့်သူအနံ့လည်း ခံတတ်​နေပြီကို...။ စိတ်က အန်တာနာတပ်ထားသလို အလိုလိုခံစားစိတ်နဲ့သိတာ။မအံ့သြနဲ့...၊ ဒဏ်ရာ​တွေအများကြီးနဲ့ ရင်းထားရတာ...၊

ခုချိန်ထိပဲ

​လောကကြီးထဲ ရိုးသားသူသာ ရှုံးနိမ့်စတမ်းဆိုလည်း  ရိုးသားမှုအ​ပေါ် ​ခြေထိုးခံခဲ့တဲ့ လည်ပတ်တယ်ဆိုသူ​တွေသာ တကယ်တမ်းရှုံးတာ မဟုတ်ဘူးလားလို့ ​တွေး​တတ်တုန်း...


ဒီ​နေ့ revisiting the past ~

ဒါ​ပေမယ့် ဒီစာ​ရေးပြီးတာနဲ့ လက်ရှိဘဝထဲ ပြန်ဝင်စားနိူင်ခဲ့သားပဲ။ ရင့်ကျက်လာပါပြီဆို...

ကိုယ် ငိုမ​နေဘူး....တကယ်.....၊



ကြည် ~



Friday, September 2, 2022

02Sep2022

 ဘဝမှာ ​ပျော်ရွှင်ခြင်းထက် အ​ရေးကြီးတာ​တွေ အများကြီးရှိ​နေတာ နားလည်လာတဲ့အခိုက်အတန့်မှာပဲ ကျွန်မဘက်က ချိတ်တွယ်​နှောင်ငင်ထားမှု​တွေကို လွှတ်ချပစ်လိုက်​တော့တယ်။ 

နာကျင်မှုနဲ့အတူ ​ပေါ့ပါးလွတ်လပ်သွားမှုကိုပါ ခံစားလိုက်ရတယ်။ တကယ်ဆို ကျွန်မက ကိုယ့်ခံစားချက်အ​ပေါ် ကိုယ် သစ်စာရှိချင်သူ၊ ဘယ်​တော့မှ မ​ပြောင်းမလဲ ရူးမိုက်ချင်သူ...။

ဒါ​ပေမယ့်...၊ 

ကျွန်မ​ရွေးချယ်လိုက်တဲ့လမ်းကိုပဲ အ​သေအချာ ချိုး​ကွေ့ဖြစ်ခဲ့ပါတယ်။ ဘယ်​တော့မှ ပြန်မ​ရောက်​တော့မယ့်လမ်းကို ​ကျောခိုင်းရင်း ထားရစ်တယ်။ လူဟာ သိပ်နာကျင်လွန်းတဲ့အခါ ဒီထက်ပိုပြီး နာကျင်ခံစားဖို့ရာ ထုံ​ပေလာတယ်။ အဲဒီထုံခဲလာမှုကို ကျွန်မ မခံစားနိူင်ဘူး။ 

ကျွန်မ သူ့အ​ပေါ် ဆိုးခဲ့တာ​တွေက သူချစ်မှန်းသိလို့ တမင်အနိူင်ကျင့်တာ...၊ အဲဒီအခါ ချစ်ခြင်းတရားမှာ သိပ်ချစ်မှန်းသိရင် တဖက်က အနိူင်ကျင့်တတ်တဲ့ ယဥ်​ကျေးမှုတခုရှိမှန်း ကျွန်မ နားလည်သွားတယ်။ သိပ်မချစ်ပြနဲ့လို့ သူ့ကို ကျွန်မက ပြန်သင်​ပေးလိုက်မိ​သေးတယ်။ ချစ်ခြင်းတရားကို ဒီလိုပဲ သင်ယူရတာ ဟုတ်လား။ အလဲအကွဲခံစားဖူးမှ ချစ်ခြင်းတရားရဲ့ ပကတိအတိမ်အနက်ကို သိတာ...။ 

​ကောင်းကင်​ပေါ်ကို ဘယ်​တော့မှ မ​ရောက်ဘဲ ကျွန်မ​​ခြေရင်းနား ပြန်ပြန်ကျလာတတ်တဲ့ စက်ကူ​လေယာဥ်ပျံက​လေး​တွေ ကျွန်မ အခု မ​ခေါက်​တော့ဘူး။ 

ကျွန်မ တွက်တတ်လာပြီ...၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာထက် မနာမကျင်ရ​အောင် ​စောင့်​ရှောက်တတ်လာတာမျိုးပါပဲ။ 

ကိုယ့်​လောက်မှ သူ့အ​ပေါ် မ​ကောင်းနိူင်တဲ့သူ​တွေ​ သူ့အနားမှာရှိ​နေနိူင်တာ၊ သူကလည်း အဲလိုလူ​တွေကိုမှ ကျွန်မအ​ပေါ်ထက် ပိုတန်ဘိုးထား​နေတာတွေက ကျွန်မကို သူ့အနား ဘယ်​တော့မှ ထပ်မသွားမိ​စေဖို့ နာကျင်မှုနဲ့တားမြစ်ထားတဲ့ စည်း​တွေပါပဲ။ 

ကိုယ့်တန်ဘိုးကို သိတဲ့၊ ကိုယ့်အတွက်ဆို အမြဲအဆင်သင့်ရှိ​နေတတ်တဲ့သူ​တွေကို ပိုတန်ဘိုးထားတတ်ဖို့ပဲ ကျွန်မ သင်ယူရပါတယ်။ 

အရာရာဟာ တံတား​အောက်က ​ရေရှင်​တွေလိုပဲ၊ စီးဆင်းသွားပြီး ပြန်မလာတတ်​တော့တဲ့ရေဟာ ကျန်ခဲ့တဲ့တံတားကို တချက်က​လေးမှ လှည့်ကြည့်ဖို့ သတိရ​နေမှာမှ မဟုတ်ဘဲ​လေ...။


ဒီ​နေ့ ~

Saturday, August 27, 2022

27Aug2022

 စာ​ရေးချင်စိတ် ​ပျောက်​နေတယ်

တကယ်က ဘာလုပ်ချင်စိတ်မှ မရှိတာ...။

အရင်ကဆို ​နေသာသလို​နေ​နေကြသူ​တွေအ​ကြောင်း ​ရေးဖြစ်တယ်၊ ​ပြောဖြစ်တယ်။ ခု​တော့ ဘာမှမ​ပြောချင်​တော့ဘူး။ ယူတို့ ဒီမိုက​ရေစီက ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုးကြီးပါလား ဆိုတဲ့သူ​တွေကိုလည်း နားလည်​အောင် ရှင်းမပြချင်​တော့ဘူး။ ဒီမိုက​ရေစီရဲ့ သ​ဘော အနက်ကို ​သေချာ မသိကြလို့ပဲ​လေ၊ အဲလိုပဲ ထားလိုက်တယ်။ ​မောတယ်။ ပြီး​တော့ ခု​​ခြေ​နေက ဒါ​တွေ​ပြော​နေရမယ့်အချိန်လည်း မဟုတ်​တော့ဘူး။ တလရက next levelကို ​ရောက်​နေပြီ။ တရားမှုနဲ့ မတရားမှု ဒီ​လောက်ရှင်းရှင်းလင်းလင်း ထင်သာမြင်သာရှိ​နေတာကိုမှ ခုထိ ကိုယ့်ထမင်းကိုယ်စားရတာ ဘယ်သူတက်တက်ဆိုသူ​တွေကို လက်ခလယ်သာ ​ထောင်ပြလိုက်ချင်​တော့တယ်။ တကယ်...၊ မဆဲရဲလို့သာ၊ ဆဲတဲ့စကားလုံး​တွေ ပါးစပ်က တကယ်တမ်းထွက်မလာလို့သာ၊ လူက အရမ်းကြီးကို ​ရေဆူမှတ်​ရောက်​နေပြီ။

ငါတို့သွားရမယ့်တူတူ မင်းတို့တတိုင်းပြည်လုံးလည်း ပြာပုံပဲကျန်​စေရမယ်ဆိုတဲ့ ယုတ်မာပက်စက်စိတ်နဲ့သွား​နေတဲ့ တဖွဲ့လုံး အမြန်ကျရှုံး​စေဖို့၊ ဒီစိတ်နဲ့ပဲ တ​နေ့တ​နေ့ ရှင်သန်​နေရတယ်။ 

👊👊

Saturday, July 23, 2022

23rd July 2022

ရယ်နေလို့ ဒဏ်ရာမနက်ဘူး ထင်ကြသူတွေကို

ငိုပြဖို့လည်း အစီအစဉ် မရှိပါဘူး


ထင်ချင်သလို ထင်စေချင်တယ်

စိတ်ချလက်ချ ထားခဲ့စေချင်တယ်

စေတနာပါပဲ

ချစ်ခြင်းမေတ္တာပါပဲ

အတော်လေး ရုန်းကန်ရပါတယ်.....


                                        #ခွန်းညိုသွေး

Thursday, July 7, 2022

07July 2022

 

​ဒီ​နေ့မနက်စာ 

မကြိုက်​ပေမယ့်လည်း အကျင့်လုပ်ပြီး စားလိုက်​တော့ စားတတ်သွားတာပါပဲ။ တကယ်ဆို မြန်မာလူမျိုးပီပီ မနက်စာဆိုရင် မုန့်ဟင်းခါးတို့ အသုပ်စုံနဲ့ဟင်းခါးတို့ ပဲပြုတ်ထမင်းနယ်တို့ပဲ စားချင်တာ​ပေါ့။ 

ဘာအနှစ်သာရမှမရှိတဲ့ ဘဝကြီးမှန်း သိလာ​လေ​လေ ​နေမှုထိုင်မှု​တွေကို ညည်း​ငွေ့​လေ​​လေ...၊ 

ခုရက်​တွေ တရား​ကောင်း​ကောင်း မလုပ်နိူင်ဘူး၊ ဘာလုပ်လုပ် စိတ်အမှတ်က​လေး တချက်ရရ မိသ​လောက်​တော့ မှတ်​နေတာပါပဲ။

သံသရာ​ကြွေး​တွေကို ​ကြောက်လွန်းလို့ မတင်​အောင် ကြိုးစား​နေထိုင်​နေတယ်...၊ 

ဒီ​နေ့က ​မောင်​လေးသာ ရှိ​နေဦးမယ်ဆို သူ့​မွေး​နေ့​ပေါ့...။ ဘယ်ဘုံ ဘယ်ဘဝ​ရောက်​နေမယ်မသိတဲ့ ဘဝခြားသွားသူက​လေးကို နှ​မျောတသစိတ်​တွေနဲ့ လွမ်းရတယ်...။ ​မောင်​လေးအ​ပေါ်မှာ ကိုယ်ဟာ အမကြီးတ​ယောက်တာဝန် မ​ကြေခဲ့သူပါ...။ 

ဘဝမှာ ​နောင်တ​တွေနဲ့ မွန်းကြပ်​နေရမှု​တွေက လွတ်လမ်းမဲ့လှတယ်...

Friday, July 1, 2022

1July2022


ဆံပင်​တွေကို စိတ်​တွေ ​လေတိုင်း တခုခုလုပ်တတ်တဲ့အကျင့်က ​ဖျောက်မရဘူး။
ခုလည်း ခရီးသွားကပြန်လာပြီး လုပ်ချင်တာ လုပ်ပစ်မိပြန်ပြီ။ ပြီးမှ နှ​မျော...၊
Dဝင်​နေတာ​တော့ အမှန်ပဲ၊ ဘာမှမဖြစ်ဘူး အို​ကေပါတယ်လို့ မညာချင်ဘူး။
ခုရက်​တွေမှာ စိတ်​တွေ နာကျင်​နေရတာနဲ့ ရှိရင်းစွဲကိုက ကျ​နေတာနဲ့၊ 
ကမ်ဘာကြီးဟာ လူမိုက်​တွေ လူယုတ်မာ​တွေ လူရမ်းကား​တွေအတွက်ပဲ မျက်နှာသာ​ပေး​နေ​တော့မှာလား၊ တန်ဘိုးရှိလှတဲ့အသက်​တွေ ​ပေး​နေရတာနဲ့ မတန်ဘူး...။
တကယ်​တော့ ​ရေးချင်တာ​တွေက ရင်ထဲမှာ ပြည့်ကြပ်​​နေတာပဲ၊ ​ရေးမထွက်တာ...
ခုချိန်ထိ တက်ကျမ်းကြီး​တွေ ဘဝ​နေနည်းကြီး​တွေနဲ့ ဂျင်းထည့်​နေတဲ့ဟာ​တွေကိုလည်း အံ့သြတယ်။ 
အရာရာကို စိတ်ကုန်ခမ်း​နေတဲ့ မိန်းမတ​ယောက်​ပေါ့...။
မထင်ရဘူးဟုတ်လား...

(လာဖတ်သူ မရှိသ​လောက်ဖြစ်​နေတဲ့ ဒီ​နေရာ​လေးမှာ ​ရေးချင်ရာ​ရေး တင်ချင်ရာတင်​ခွင့်ရ​နေတာကလည်း ခုချိန်မှာ blessingတမျိုးပါပဲ)



 

Sunday, June 19, 2022

19June2022

အသက်ရှုဝမလားလို့ အပြင်ခဏထွက်မိတယ်...

စိတ်ထဲ မသက်မသာ ခံစားရတယ်...

ပြုံးတိုင်းလည်း ​ပျော်​နေလို့မှ မဟုတ်တာ၊

ပထမပုံက OOTD​ပေါ့

ဒုတိယပုံက Barကအပြန်...၊

​အောက်ဆုံးပုံက​တော့ Barထဲက နီယွန်မီး​အောက်မှာမို့ အ​ရောင်​တွေ နီဝါးဝါးနဲ့ရယ်...

​ပျော်မ​နေဘူးလို့ သိသာ​စေတဲ့ပုံပါပဲ...




မ​ပျော်ဘူးကွယ်...

​မောတယ်။

Tuesday, June 14, 2022

14June2022

 ဘယ်အရာမဆို တ​နေ့ လက်လွှတ်ထားခဲ့ရမှာပဲ ဆိုတဲ့အ​တွေးမျိုးနဲ့ ကျွန်မ ​အေးချမ်း​နေတတ်ပြီ။ ဘာကိုမှဆုတ်ကိုင်မထားတတ်​အောင်​နေတယ်။ 

သိပ် clingyဖြစ်တာပဲဆိုတာမျိုးက ဖျတ်ကနဲအ​ပြောလွယ်သ​လောက် ခံရသူက နင့်​နေ​အောင် ခံရတာရယ်...။ ဘယ်သူကများ ဆုတ်ကိုင်ထားချင်မလဲ၊ နာနာကျင်ကျင် အလဲအကွဲဒဏ်ရာ​တွေကို...၊ 

လွှတ်ချပစ်လိုက်ချင်တာ​ပေါ့...။

တ​နေ့​နေ့ဟာ ​ရောက်လာခဲ့ပါတယ်...

နာကျင်မှု​တွေအလွန်မှာ...၊

ကျွန်မ အ​ကြောက်ဆုံးက ချစ်ခြင်းတရား၊ သံ​ယောဇဥ် အ​နှောင်အဖွဲ့ပဲရယ်လို့ သိလာတဲ့တ​နေ့၊ 

ဘယ်အရာကမှ မမြဲဘူးလို့ နားလည်လက်ခံလာရတဲ့အခါ အနားမှာ မရှိ​တော့တာမျိုး​တွေအတွက် ရင်ကွဲပက်လက်​တွေ မခံစားရ​တော့ဘူး...။

ကျွန်မကို လိုသုံးအဖြစ် ကျွန်မအနား ခဏ​ရောက်လာလည်း အဆင်​ပြေပါ​စေလို့ပဲ သ​ဘောထား​နေ​ပေးလိုက်​တော့တယ်...။ သူတပါးအ​ပေါ် သံသရာ​ကြွေး မတင်လိုဘူးကွယ်...၊ ဒီလိုပဲ ​ကျေနပ်လိုက်တယ်...

​အေးချမ်းပါ​စေ...



Tuesday, June 7, 2022

07June2022

 သူက အိမ်​ဆေးသုတ်ဖို့ကို ကျွန်မကြိုက်တဲ့အ​ရောင်​တွေ ​ရွေးဖို့ ​ပြော​တယ်။ အိမ်တအိမ်လုံးစာ အ​ရောင်​တွေ ​ရွေးရတာ တကယ်​တော့ မလွယ်လှဘူး။ အိမ်အတွင်းအပြင် အခန်းအတွင်းအပြင် တခန်းနဲ့တခန်း အ​ရောင်​တွေ သိပ် ကွဲလွဲ​ပေါ်လွင်မ​နေကြဖို့၊ သိပ်လည်း ​ရောမ​နေဖို့။ အစစ စဥ်းစားရတယ်။ 

ဘုရားခန်းက ​အောက်​ခြေက​နေ နံရံအ​ပေါ်နားထိ ထင်းရှုးသား တက်ဦးမှာမို့ ထင်းရှုသားနဲ့လည်း တွဲလို့ရမယ့် အ​ရောင်​အေး​အေးတခုကို စ​ရွေးလိုက်တယ်။ 

​နောက်တခန်းအတွက်ကို​တော့ Banana yellowလို ဝါလွင်​နေတဲ့အ​ရောင်နဲ့ Platinum grey မီးခိုး​ဖျော့ကို တွဲ​သုတ်မယ် စိတ်ကူးတယ်။ furnature ကို contrastဖြစ်တဲ့ အ​ရောင်ထဲက ​ရွေးဖို့ကိုပါ တခါတည်း စိတ်ကူးထားလိုက်တယ်။ ​အေး​ဖျော့​ဖျော့မီးခိုးနဲ့ ဝါလွင်လွင် အတွဲအဖက်ကို စိတ်ကူးကြည့်တာနဲ့တင် သ​ဘောကျရတယ်။

ကျွန်မတို့ အိပ်ခန်းကို​တော့ လွင်မ​နေဘဲ အမှိုင်းဘက်သွားဖို့ စဥ်းစားလိုက်​တော့ Coastal blueဆိုတဲ့ ညို့မှိုင်းမှိုင်းအပြာ​ရောင်ကို သွား​တွေ့တယ်။ သူနဲ့ တွဲဖို့ ​အေးငြိမ်​နေတဲ့ မီးခိုးပြာ​ရောင်​လေး ထပ်​ရွေးလိုက်တယ်။ ​အိပ်ခန်းဆိုရင် သစ်လွင်လတ်ဆတ်မ​နေဘဲ ရီ​ဝေမှိုင်းမှုန်​နေတာ​လေးမျိုး၊ ညဘက်မီးအလင်း​အောက်မှာ လင်းချင်းအီပြယ်မသွားဘဲ အန်နာဂျီတမျိုးမျိုးရ​​စေတဲ့ အ​ရောင်မျိုး​ပေါ့...။

​အောက်ဆုံးထပ်က ဧည့်သည်ခန်း အိပ်ခန်း၂ခန်းကို​တော့ ​မြေလိမ်​မော်ဆန်ဆန်​လေး ​ရွေးထားလိုက်တယ်။

ကိုယ်အ​နေများမယ့် ကိုယ့်​ထောင့်ခန်းက​လေးကို​တော့ ​ကြေးညို​ရောင်နဲ့ contrast ဖြစ်မယ့် အ​ရောင်​ပျော့​ပျော့​လေးတခု တွဲ​ပေးလိုက်တယ်။ 

အ​ပေါ်ဆုံးထပ်​ဟောကို​တော့ လွင်​နေတဲ့ ခိုစိမ်းပြာ​ရောင်အငြိမ်နဲ့ အ​လွင်​လေး ၂ခုကို တဝက်စီသုတ်မယ်။ ​နေ​ရောင်ဖြာလင်းမယ့်ဘက်ကို အ​ရောင်လွင်တာ​လေးထားပြီး အတွင်းနံရံကို ရင့်ရင့်​လေး ထားမယ်။ ဒါမှ အနုအရင့် ကွဲပြားတဲ့ အတွဲအစပ်ကို မြင်နိူင် ခံစားနိူင်မှာ...၊

တအိမ်လုံး အပြင်ဘက်ကို Twilight လို့​ခေါ်တဲ့ ဖြူနှစ်နှစ်ကို ​ရွေးတယ်။ အဖြူ​ရောင်ကို မျက်နှာကျက်ကလွဲလို့ မ​ရွေးထားဘူး။ အဝတ်အစားအဖြူ​ရောင်ကို ဝတ်​လေ့ရှိ​​ပေမယ့် ​ဆေး​ရောင်သုတ်ဖို့ကျ အဖြူကိုမ​ရွေးချင်ဘူး။ ပျင်းစရာ​ကောင်းတယ်၊ အသက်မဲ့သလို ခံစားရ​စေတယ်၊ အ​ပေအ​တေလွယ်သလို ကြာရင် ညစ်လာတယ်။ ကြည့်ရင်းနဲ့ ဟုန်လာသလို အရာရာဆုတ်ကိုင်မရတဲ့ လွင်ပြင်ကြီးထဲ​ရောက်​နေသလို ခံစားရလို့ အဖြူကို မသုတ်ချင်ဘူး။ ဒါ​ကြောင့် အဖြူကို တခန်းမှ မ​ရွေးထားဘူး။

ပြီး​တော့ အရင်က သိပ်နှစ်သက်ခဲ့ဖူးတဲ့ ဖက်ဖူးကြံရည်အ​ရော အစိမ်းကြည်ကြည်ကိုလည်း ကျွန်မ မ​ရွေးဘူး။ မကြိုက်​တော့ဘူး...၊ 

အဲတာကလည်း ကျွန်မ​ပြောင်းလဲသွားတဲ့အထဲက တခုပဲ...၊

အားလုံး ​ရွေးပြီး​တော့ စိတ်ကူးထဲက အခန်း​လေး​တွေဟာ ​နေချင်စဖွယ် အ​ရောင်လွင့်ဆန်းက​လေး​တွေနဲ့...။ 

ကျွန်မအတွက်​တော့ အိမ်သုတ်​ဆေးအ​ရောင်​ရွေးခြင်းကလည်း အနုပညာ...

Monday, June 6, 2022

06June2022

 ခုတ​လော ဟို​ရောက်ဒီ​ရောက် စဥ်းစားမိသမျှ​တွေက စိတ်အ​ကြောင်း၊ လူအမျိုးမျိုး စိတ်အ​ထွေ​ထွေလို့ ဆိုကြတာ ကြားဖူး​ခဲ့လည်း လူတကိုယ်တမျိုးထဲမှာကို စိတ်အ​ထွေ​ထွေ ဖြစ်​နေနိူင်​သေးတာ။ ကိုယ်လည်း ကိုယ့်စိတ်အ​ပြောင်းအလဲကို ​သေချာ လိုက်ကြည့်မိတယ်။ လုပ်ဖြစ်ခဲ့ရင် ​ကောင်းသား၊ မလုပ်ဖြစ်ခဲ့ရင် ​ကောင်းသား...၊ နှစ်မျိုးထဲမှာ ကိုယ့်စိတ်ကို ခွဲခြမ်းစိပ်ဖြာကြည့်​နေမိတာ၊ ပြီးခဲ့​ပေမယ့် ဒဏ်ရာ​တွေက​တော့ ​သေရာပါပဲဟုတ်လား...၊ 

ပြီး​တော့ လက်ရှိအ​ခြေအ​နေထဲ ဝင်ကြည့်မိပြန်တယ်။ ​ကျေနပ်စရာ​တွေချည်း...၊ 

အသက်​ရော အရွယ်ပါ ​ပြောင်းလဲလာတဲ့အထဲ ကိုယ့်စိတ်​တွေပါ ​ပြောင်းလဲလို့လာတာ ​ကျေနပ်စရာ...။ အရာရာကို တည်တည်ငြိမ်ငြိမ် လက်ခံနိူင်ပြီ။ ဘုရားရဲ့ တရား​တော်​တွေနဲ့ ၊ တကိုယ်ထဲ​နေ တစိတ်ထဲထားတတ်ဖို့ အ​တော်​နေသားကျလာပြီ။ ဘဝမှာ အ​ကျေနပ်ဆုံး လူဖြစ်ကျိုးအနပ်ဆုံးကို ​ပြောပါဆိုရင် သစ်စာ​လေးပါးတရား​တော်ကို နာကြားရခြင်းနဲ့ ကိုယ်​​တွေ့ကျင့်ကြံနိူင်ခြင်းပဲ...၊

ဒီထက်မြတ်တာလည်း ​လောကမှာ မရှိ​တော့ဘူး၊ ​ရှေ့လာမယ့်​နေ့ရက်​တွေထဲ ဒီလိုပဲ ဒီအသိနဲ့ပဲ ဖြတ်သန်းသွားမယ်။ ကိုယ်စိတ်ပူတာ ကျန်းမာ​ရေးတခုပဲ...၊ ​တေ​ပေခဲ့သမျ စိတ်​ကြောင့် ကိုယ်​ကြောင့် ရခဲ့တဲ့၊ စိတ်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေဟာ ကိုယ့်မှာ ရှိ​နေခဲ့ပြီ။ ဘယ်သူမပြု မိမိမှုပါပဲ...၊ အားလုံးကို သတိနဲ့ သိမ်းဆည်းရတိုင်း မမြဲခြင်း​တွေကို ​စေ့ငုရပါတယ်။ မမြဲခြင်းတရားကို သိသိ​နေတဲ့ အသိ​လေး သတိ​လေးကိုက မမြဲဘူးဘဲ​ကို...၊

အများကြီးလည်း ကြိုမ​တွေးဘူး

အများကြီးလည်း ​မျှော်လင့်မထားဘူး

ဖြစ်လာသမျှ​တွေကို အသိ သတိ​လေးနဲ့ ဖြတ်သန်းမယ်...။ 

ငြိမ်း ​အေး ကြည် ​မွေ့မှုအတိထဲ စိတ်က​လေးကို စိမ်နှစ်ထားရတာ...၊ ဘာတခုမှ မလိုအပ်​တော့တဲ့အထိ....

Friday, May 27, 2022

27May2022

 ဒီ​နေ့ က​လေး​တွေ ​နောက်ဆုံး ​ကျောင်းတက်ရက်...

သူတို့က​လေး​တွေက တလနီးပါး ​ကျောင်းပိတ်​ပေမယ့် ကိုယ်တို့ဆရာမ​တွေက​တော့ ​ကျောင်းသွားရမယ်။ ​တလကျောင်းပိတ်ရက်မှာ ၂ပတ်​တော့ ကိုယ်တို့ နားခွင့်ရတယ်။ 

ကိုယ်ချစ်တဲ့က​လေးနှစ်​ယောက်က ​နောက် termကျရင် ​ကျောင်းမှာ မရှိ​တော့ဘူး။ တ​ယောက်က ၇နှစ်ပြည့်လို့ ​ကျောင်းက​နေ ထွက်ရတာ၊ ​နောက်တ​ယောက်က​တော့ တခြားအချိန်ပြည့်​ကျောင်းရလို့ ​ပြောင်းသွားတာ။ 

ထွက်သွားတဲ့က​လေးတ​ယောက်ရဲ့အိမ်က ကိုယ်တို့ဆရာနှစ်​ယောက်အတွက် ​ချော့ကလက်လိတ် ကိတ်မုန့်တဘူးစီ ပို့လာတယ်။ ချစ်စရာက​​​လေးနှစ်​ယောက်ကို term 3 ပြန်ဖွင့်ရင် သတိရ​နေ​တော့မယ်။ 

သံ​ယောဇဥ်​တွေဟာ တကယ် မ​ကောင်းဘူးဘဲ...

သူတို့​လေး​တွေ​ကြောင့်ပဲ ပင်ပန်းလွန်း​ပေမယ့် ဒီအလုပ်ကို မထွက်နိူင်​သေးတာ...

တကယ်​တော့ ကိုယ် Physically drainedဖြစ်လွန်း​နေပြီ။ လက်ဆစ်အရွတ်ထိထားတာရယ်၊ ဒူးနာတာရယ်၊ ပင်ပန်းလွန်းတာရယ်နဲ့ လူက မဟန်နိူင်​တော့ဘူး။ 

နိူင်သ​လောက်​ပေါ့​လေ...

ဒီအလုပ်ကို တတ်နိူင်သ​လောက်​တော့ လုပ်ချင်​သေးတယ်...

Friday, May 13, 2022

13May2022

 ဘာမှ ထူးထူးလည်လည်မရှိတဲ့ ​နေ့ရက်များပါပဲ၊

မနက် ၅:၄၅ အိပ်ရာထ၊ ၅မိနစ်​လောက် အ​ကြော​လျှော့၊  ​ရေချိုး၊ ပြင်ဆင် အဝတ်အစားလဲ။ 

မနက်စာစားရင်း စာ​လေးဘာ​လေး ခဏဖတ်၊ FB​ပေါ် ခဏတက်ကြည့်။ 

၇နာရီ အိမ်က ထွက်တယ်။

ရထားစီးရင် ခဏနဲ့​ရောက်သွားမှာမို့ ကားပဲစီးတယ်။ ကား​ပေါ်​အေး​ဆေးထိုင်လိုက်ရင်း လမ်း​ဘေးက သစ်ပင်စိမ်းစိမ်း​တွေ ကြည့်တယ်။ ​မေတာပို့တယ်။ အဲလို တရက်တာချင်း ကြည်ကြည်လင်လင်​လေး စတင်ပြီး ​နေတယ်။ 

ပြီး​တော့ ​နေ​ရောင်ခြည်​တွေ လင်းဖြာ​နေတာကို ကြည့်​ငေးရင်း မင်ဂလာပါ အလင်း​ရေ...လို့ နှုတ်ဆက်တယ်...။ 

အတွင်းလှိုက်နာကျင်ရတဲ့ အခြားတဖက်မှာ ​အေးချမ်း​အောင် ​နေတတ်ခြင်းဟာလည်း ကိုယ့်အတွက် ရှင်သန်ခြင်း​ဆေးပါပဲ...


Sunday, May 8, 2022

8May 2022

မနက်က FB postတခုမှာ ခင်ပွန်းဖြစ်သူက အမျိုးသမီးတ​ယောက်နဲ့ ဖြစ်​နေလို့ နာကျင်​နေရတဲ့ မိန်းမဖြစ်သူ​ရေးထားတာ ဖတ်လိုက်ရတယ်။ သူနဲ့ အိမ်​ထောင်သက် ၉နှစ်​ကျော်မှာ ဟိုအမျိုးသမီးနဲ့ ၈နှစ်ပြည့်နှစ်ပတ်လည်တဲ့...။ 

ဖတ်ကြည့်ရင်း ကိုယ်ပါ စိတ်​​မောလာတယ်။ အဲဒီမှာ စိတ်ဝင်စားစရာ ​ကော်မန့်တခု ​ဖတ်ရတယ်။

​ယောကျာ်း​တွေဟာ တချိန်တည်းမှာ တ​ယောက်ထက်ပိုပြီး ချစ်နိူင်ကြတယ်လား...တဲ့...။ (ကိုယ်လည်း ​တွေးဖူးတဲ့​မေးခွန်း)

မိန်းမဖြစ်သူအ​ပေါ်လည်း အကြင်နာမပျက် ချစ်လက်စမြဲလျက် တခြားမိန်းမအ​ပေါ်မှာလည်း ချစ်မက်​နေ​နိူင်​သေးတာ...တဲ့။ 

အံ့သြစရာ...။

ကိုယ်တို့အမျိုးသမီး​တွေမှာ​တော့ ချစ်တဲ့သူဟာ တ​ယောက်ပဲ ရှိတာ...။ မချစ်တဲ့သူပါးပြင် ဟန်​ဆောင်ပြီး နမ်းလို့မရ၊ ပင့်သက်ရှူလို့မှမရ...၊

ချည်ဆိုတဲ့ ရုပ်ရှင်ကို သတိရလိုက်မိတယ်။

ရုပ်ရှင်ကို ​ထွေလာပဲ ကြည့်ဖူးတာ​ပေမယ့် ဇာတ်ဝင်သီချင်းကို​​တော့ ကြိုက်လွန်းလို့ ခဏခဏ နား​ထောင်ဖြစ်တယ်။ ဇာတ်​ကျောရိုးကို ဖတ်ဖူးထား​တော့ ဇာတ်လမ်းက သိ​နေပြီး မင်းသားမကြိုက်လို့ မကြည့်ဖြစ်ဘူး။ 

သီချင်းကို​တော့ ခဏခဏ နား​ထောင်ဖြစ်တယ်။

​"မောင် လို​နေတဲ့အချိန်တိုင်း ရှိ​နေ​ပေးမယ်...

မလို​တော့ဘူးဆိုလည်း ဟိုအ​ဝေးကို ထွက်သွားမယ်..."

အဲဒီစာသား​ရောက်ရင် အလိုလို ငိုချင်မိတာ...

ထွက်သွားခဲ့ရ​ကောင်းသားလို့ အမြဲ​တွေးမိတယ်။ ကိုယ့်ကို မလိုချင်သူအနား (ရင်နာနာနဲ့ ၊ သိလျက်နဲ့)ဆက်​နေဖို့ဆိုတာ အင်မတန် နာကျင်ရတာဟုတ်လား...။ 

ဟင့်အင်း....၊

ကိုယ်သာဆိုရင် အဆင်​ပြေရဲ့လားလို့ ဘယ်​တော့မှ ​မေးမှာမဟုတ်ပါ၊ သူဟာ ရွက်ကျပင်​ပေါက်လိုတခြားသူရင်ခွင်မှာ သူ ​ပျော် ​​မွေ့နိူင်မှန်း ​သေချာ​နေတယ်​လေ...။

​မောင် အဆင်​ပြေရဲ့လား

Tuesday, May 3, 2022

03May2022

 ရယ်စရာ​ကောင်းတယ်လို့ ကျွန်မထင်တာပဲ...၊

ညက အိပ်မက်​တွေ အရှည်ကြီးမက်တယ်၊ ပထမတခါမက်ပြီး နိူးလာတယ်၊ ပြန်အိပ်​တော့ အဲဒီအိပ်မက်ကိုပဲ ဆက်မက်တယ်။ အဆက်အစပ်လည်း မရှိပါဘဲ၊ ကျွန်မက သူ့အိမ်မှာ ချက်ပြုတ်စား​သောက်ကြဖို့ သူငယ်ချင်း​တွေကိုဖိတ်တယ်၊ သူ့ခွင့်ပြုချက်လည်း မယူဘဲ​လေ၊ (ကျွန်မသူငယ်ချင်း​တွေကို ဘာ​ကြောင့် သူ့အိမ်ဖိတ်ရသလဲ ကျွန်မလည်း မသိဘူး၊ အိပ်မက်ဆို​တော့ မက်ချင်ရာ မက်တာပဲ)

သူငယ်ချင်းနှစ်​ယောက်ကို ဖိတ်တာ၊ တ​ယောက်က သူ့မိသားစုလိုက်ကြီး ​ခေါ်လာ​​ရော၊ ဘုရား...ဘုရား ခက်ပြီ​ပေါ့၊ သူ့ဆီက ခွင့်မ​တောင်းဘဲ သူ့အိမ်ကို (ကိုယ့်အိမ်ကိုယ့်ယာလို) ကျွန်မသူငယ်ချင်း​တွေ ဖိတ်ပြီး စား​သောက်​နေလိုက်ကြတာ အင်မတန် ဆိုးတာပဲ၊ ဒီကြားထဲ တ​ယောက်က မိသားစုလိုက်ကြီး...၊ အားနာလိုက်တာ...၊ အိပ်မက်ထဲ ​နေရထိုင်ရအလွန်ခက် မျက်နှာပူ​ အားနာ...၊ အဲလို​နေ​နေရင်း သူက ဘယ်ကမှန်းမသိ ​ပေါ်လာ​ရော၊ အိမ်အ​ပေါ်လိုလို ကုန်းမြင့်က​လေး​ပေါ်က​နေ ကျွန်မတို့ကို စီးမိုးကြည့်​နေတဲ့သူ့ကို မြင်လိုက်ရတယ်။ ကျွန်မမှာ မျက်နှာဘယ်လိုထားရမယ်မသိဘဲ သူ့နာမည်ကို အားတုံ့အားနာ​ခေါ်ရင်းက သူရှိရာ ကုန်းမြင့်က​လေး​ပေါ် ​ပြေးတက်သွားမိတယ်။ သူ့မျက်နှာက အလွန်ကို စိတ်ညစ်ညူး​နေဟန်...၊ 

သူ့အနား​ရောက်ကာနီး​လေးမှာပဲ အိပ်မက်က ဖျတ်ဆို နိူးလာတယ်။ မနက် ၇နာရီ...၊ ​ကျောင်းပိတ်ရက်မို့ အအိပ်ကြီးပြီး ဘာ​တွေ အိပ်မက်​နေမှန်း မသိ။ အိပ်မက်ထဲမှာ​တောင် ကျွန်မက သူ့အနား​ရောက်ခွင့် မရှိ...။ ဒါ​ပေမယ့် သူ့ကို ခဏ​တော့ ​တွေ့လိုက်ရတယ်​လေ...။ သူ့မျက်နှာ ပုပ်သိုးသိုးကို​ပေါ့...။ 

ကြည်ကြည်လင်လင်ပဲ အိပ်ရာထ မျက်နှာသစ်ပြီး မနက်စာ စားတယ်။ အဲဒီအထိ ကျွန်မ ပြုံး​နေမိတုန်းပဲ...။

​နောက်တခါ ကျွန်မအိပ်မက်ထဲ ရှင်လာဖြစ်ခဲ့ရင် မျက်နှာ​လေး​တော့ ပြုံးထားဖို့ ​ကောင်းတာ​ပေါ့ရှင်...၊

Sunday, April 24, 2022

24Apr2022

 မှန်​ရှေ့မှာ သူမ ရပ်​နေတယ်

ရပ်​နေတာ ကြာလှပြီ

ရပ်​နေတုန်းပဲ...၊

မှန်ထဲကို သူမ ​သေချာကြည့်​နေမိတယ်...၊ တကယ်က ရှာ​နေမိတာ၊ 

သူမ ဘယ်မှာလဲ...

အဝန်းမကျယ်​ပေမယ့် အလျားရှည်ရှည်မျက်ဝန်း​တွေနဲ့ ကြည်စင်​နေခဲ့ဖူးတယ်။ ပြုံးလိုက်တဲ့အခါ နှုတ်ခမ်း​တွေထက် မျက်ဝန်း​တွေက အရင်ပြုံးတတ်တဲ့ သူမ...၊

ကျွန်မ ရှာမ​တွေ့​ဘူး၊ မှန်ထဲမှာ...

သူမ ဘယ်​ရောက်သွားတာလဲ...။

လူ​တွေကို ​ငေးမိ​ငေးရာ ​ငေး ​မော ကြည့်​နေမိတဲ့​နေ့​တွေလည်း များလာတယ်။ ထူးထူးခြားခြားလည်း ဘာမှမရှိပါဘဲ ပျင်းထုံအီမှု​တွေထဲ တလည်လည်...

​ငွေချမ်းသာလား

ဂုဏ်မြင့်သလား

အသိုင်းအဝိုင်း​ကောင်းသလား

​ရုပ်ရည်ချော​မောသလား

ပညာ​တွေ သိပ်တတ်တာပဲလား...

SO WHAT !!

တသွင်သွင်စီး​နေတဲ့ မြစ်​ရေလို...

အားလုံးဟာ စီးဆင်းသွားကြရမှာ...၊ တ​နေ့...။

ကိုယ့်သမိုင်း​ကြောင်း ကိုယ်​ရေးထားခဲ့ချင်တဲ့သူ​တွေ၊ လှလှပပ​လေး ​ရေးခဲ့ချင်သူ​တွေချည်း...

ကျွန်မက​တော့ ကျွန်မ မရှိ​တော့တဲ့​နောက်  ဒါ​တွေကို အ​ရေးကြီးလှတယ် မထင်ပါဘူး။ (အင်း...အခု ရှင်သန်​နေချိန်မှာလည်း ဒါ​တွေက အ​ရေးမပါပါဘူး၊ ကျွန်မအတွက်​​တော့...)

လာခြင်း​ကောင်းခဲ့တယ်ပဲထား...၊ အပြန်လမ်း​ဖြောင့်ဖို့လည်း လိုတယ်...။ ​လေ​ပြေက​လေးတခုလို ​ပေါ့​​ပေါ့ပါးပါး လွင့်ထွက်သွားချင်တာ...၊ အလုံးစုံ​ဖြေ​​လျှော့ချခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားချင်တာ...။ 

မှန်ထဲကို မျက်နှာမူလိုက်မိပြန်တယ်...

သူမကို​ ပြန်ရှာမ​တွေ့​တော့ဘူးလား

သူမကို ပြန်မရနိူင်​တော့တာလား...၊

အရာရာ စိတ်ကုန်ခမ်းငြီး​ငွေ့​နေတဲ့ မျက်ဝန်းအ​သေတစုံသာ မှန်စ​တွေကြား ကွဲအက်လို့...

​ကြေမွလို့...



Sunday, April 17, 2022

17Apr2022

 ဂမ္ဘီရကြက်​ခြေဆိုတာကို ကြားဖူးသလိုလို သိသလိုလိုနဲ့ ​သေချာ မသိခဲ့ဘူး။ ခင်မင်​နေတဲ့ အကိုတ​ယောက်က ကျွန်မလက်ဖဝါးကို ​သေချာကြည့်ပြီး ​ဟောတဲ့ အ​ဟော​ကြောင့် ကျွန်မမှာ ဂမ္ဘီရကြက်​​ခြေပါတဲ့အ​ကြောင်း သိရတယ်။ သူ​ဟောပြီး​တော့ စိတ်ဝင်စားတာနဲ့ ဂမ္ဘီရကြက်​ခြေအ​ကြောင်း ရှာဖတ်ကြည့်မိပါတယ်။ တကယ်ပဲ ကျွန်မနဲ့ သိပ်ကိုတိုက်ဆိုင်​နေတာ ​တွေ့ရတယ်။ 

ဘာ​ကြောင့် ကျွန်မဟာ ​ပေးစရာရှိတဲ့ အ​ကြွေး​တွေ ​ကြေ​အောင်ဆပ်​နေရသလို ခံစား​နေရမှန်း နားလည်သွားခဲ့တယ်။ 

တခါတ​လေ ဘဝကြီးနဲ့ ဆက်စပ်ပြီး ရလာတဲ့ ကိုယ်  စိတ် နှလုံး ခံစားမှု​တွေဟာ တကယ်ကိုဆန်းကြယ်တယ်။ လက်ဖဝါးပြင်​ပေါ်က အ​ရေးအ​ကြောင်း​လေး​တွေဟာ လူတ​ယောက်ရဲ့ ဘဝအစိတ်အပိုင်း​တွေကို ထင်ဟပ်ဆက်နွယ်​မှုပြ​နေတာမျိုး အရင်ကဆို ကျွန်မ အယုံအကြည် မရှိခဲ့ဘူး။

ဒီလက်ဖဝါး​ပေါ်က အ​​ရေးအ​ကြောင်း​တွေရဲ့ အ​ပြောင်းအလဲ​တွေ ရှိနေတတ်ပုံကိုလည်း သိရတယ်။ အကြမ်းအားဖြင့် ​ကောင်းတာလုပ်​နေသူရဲ့ လက်ဖဝါးပြင်​ပေါ်က အ​ရေးအ​ကြောင်း​တွေဟာ ​ကောင်းတဲ့ဘက်ကို ​ပြောင်းလဲလာတယ်ဆိုတာ ကျွန်မ ကိုယ်​တွေ့ပဲ...။ 

(မနှစ်က ဆရာတ​ယောက်​ဟော​ပေးထားတာ၊ ကျွန်မက သစ်စာတရားနဲ့ ပတ်သက်လို့ဉာဏ်အမြင်ကို ကျင့်ကြံရယူနိူင်မလားမေးလို့ သူ ပြန်​ဖြေထားတာ)

ဘဝ ဘဝ​တွေ သံသရာ​တွေကို ကျွန်မ ​ကြောက်တယ်...။ 

(ဒီ​နေ့ဟာ မြန်မာနှစ်ဆန်းတရက်​နေ့ ဖြစ်တယ်၊ ဒါ​ပေမယ့် ကျွန်မတို့ မ​ပျော်ကြဘူး။ နာကျင်ရတဲ့​နေ့တ​နေ့အဖြစ် ​တေးမှတ်ထားမိကြတဲ့​နေ့ ဖြစ်တယ်။ ​ပျော်စရာနှစ်သစ်လို့ ကျွန်မတို့အချင်းချင်း ဆု​တောင်း မ​ပေး​တော့ဘူး...)

Saturday, April 9, 2022

09Apr2022

 သိလား...

တကယ်​တော့ ဘာကြီးကြီးကြယ်ကြယ် ​လေး​လေးပင်ပင်​တွေကိုမှ မ​ရေးချင် မ​ပြောချင်​တော့တာမျိုး...

​ပျော်စရာမ​ကောင်း​တော့ဘူး ​ပျော်စရာမရှိ​တော့ဘူး ​ပျော်ချင်တယ်...၊ အဲလိုလည်း မဟုတ်ဘူး။

ဘဝကြီးကို ခပ်လှမ်းလှမ်းက​နေ ထိုင်​ငေး​နေသလိုမျိုး...၊ ကိုယ်နဲ့ ဘာမှ မသက်ဆိုင်သလိုမျိုး...၊ ရိုးအီလာ​နေမှု​တွေထဲ ဘာတခုကမှ အထူးတဆန်း ထမဖြစ်နိူင်​တာ သိ​နေ​တော့ ​ဘေးထွက်ထိုင်​နေလိုက်တဲ့သ​ဘောပဲ။ ပါဝင်လည်ပတ်မ​နေချင်​တော့ဘူး။ 

ဒါ​ပေမယ့် ကိုယ်လုပ်စရာရှိ​နေတာ​တွေကို​တော့ တာဝန်တခုလို လုပ်မြဲပဲ...။ ​ပြောရရင် ဘယ်သူမှသိဖို့မလို၊ ကိုယ်လုပ်​နေတာ ကိုယ်သိရင် ရပြီ။ နိူင်ငံ​တော်သစ်မှာ လိပ်ပြာလုံလုံနဲ့ ​ခြေစုံရပ်နိူင်သူဖြစ်ရင် ရပြီ။ ဒါက အများနဲ့ပတ်သက်တဲ့ အ​ကြောင်း။ ကိုယ့်တကိုယ်စာအတွက်က​တော့ အ​ပေါ်မှာ ​ပြောခဲ့သလိုပဲ၊ ဟန်​တွေကို မလိုချင်သူပီပီ၊ အရှိအတိုင်း ​နေရတာ ကြိုက်တယ်။ လူအထင်ကြီးခံရဖို့ ဘယ်တုန်းကမှ မလုပ်ခဲ့တာ၊ ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံပေါ်လစီနဲ့ ​နေလာခဲ့သူမို့ ခပ်ရှင်းရှင်းပဲ၊ နိူင်လည်း အ​ရေးမကြီး ရှုံးလည်း ဘာမှမဖြစ်။  နိူင် ရှုံး ဆိုတာ​တွေကလည်း ဘဝမှာ အ​ရေးပါတဲ့ အရာ​တွေမှ မဟုတ်တာ။ 

စိတ်အားနည်း နိမ့်ကျသူ​တွေသာ သူတပါးအ​ပေါ် အနိူင်ရလိုစိတ်ကြီးကြတာ...။ အငုံ့စိတ်နဲ့ရှင်သန်​နေသူ​တွေသာ ဟန်ကိုယ့်ဖို့ ဇွတ်တင်းလုပ်ပြ​နေရတာ...။ 

တခုခုဆို ဒါ ငါ့ကိုကြောတာဆိုတဲ့ စိတ်အခံရှိသူ​တွေနဲ့ ​ဝေး​ဝေးပဲ ​နေချင်တယ်။  ကိုယ်​ပြောတဲ့စကားမှန်သမျှကို စိတ်ရှင်းရှင်းနဲ့နား​ထောင်​ပေးပြီး သူ​ပြောသမျှကိုလည်း ရင်နဲ့အပြည့် နား​ထောင်​နွေး​ထွေး​ပေးသူပဲ ဖြစ်ချင်တယ်။ ကိုယ်​ပြောတာများ တခုခုမှားသွားမလားဆိုတဲ့ တထင့်ထင့်စိတ်နဲ့ အစွန်းလွတ်​အောင် ​သတိထား​ပြော​နေရတဲ့ ဆက်ဆံမှုမျိုး ကိုယ် မလိုအပ်ဘူး။ 

အဲလိုလူ​တွေ ကြုံရပါများလာ​တော့ သူတို့လာလာပြတဲ့ အ​ပေါ်ယံ​တွေကိုပဲ ယုံကြည်​ပေးလိုက်​တော့တယ်။ အနိူင်ရသွားတယ် ထင်သူ​တွေအ​ပေါ်လည်း ပြည့်စုံပါ​စေ၊ စိတ်ချမ်းသာကြပါ​စေလို့ပဲ ဆု​တောင်း​ပေးလိုက်တယ်။ လူတ​ယောက် ကိုယ့်အနား​ရောက်လာရင် ဘယ်လို​ကြောင့်ဆိုတာ အ​တွေ့အကြုံအရ သိ​နေပြီးသား၊ ဘယ်အချိန် ကိုယ့်အနားက​နေ ထွက်သွားမှာလဲဆိုတာလည်း သိ​နေပြီးသားပါပဲ။ တပါးသူ ကိုယ့်အ​ပေါ် တခါ​ကြောသွားတိုင်း ကိုယ့်မှာ ပါဝါ​တွေ တက်တက်လာရတယ်၊ ​အေးချမ်း​အောင် ပို​နေတတ်လာတယ်၊ သံ​ယောဇဥ်​တွေကို ပိုဖြတ်ချတတ်လာတယ်။ အနားမှာ လူ​တွေအများကြီး ခြံရံ​နေမှ မဟုတ်ဘူး၊ တ​ယောက်ထဲ တိုးတိတ်စွာ ​အေးချမ်း​နေရတာကလည်း ကိုယ်လိုလားတဲ့ ငြိမ်သက်ခြင်းတခုပဲ။ ​

ကျေးဇူးတင်တယ်...၊ ကိုယ့်အ​ပေါ် ချနင်းသွားသူ​တွေကို...၊ 

သူတို့​ကြောင့်ပဲ ကိုယ့်မှာ ပိုပြီးသန်မာလာရတယ်...

Tuesday, April 5, 2022

05Apr2022

 စပါယ်​​တွေ ပွင့်ပြီ...

ဟိုအရင်က အရမ်းဂရုစိုက်တဲ့ကြားက ပွင့်လာပြန်ရင်လည်း ​သွေး​ရောင် နီကြင်​နေတဲ့ စပါယ်​တွေသာ ပွင့်ခဲ့ဖူးတာ...။

ခု​ဖြင့် မအားလို့ ပစ်ထား​တော့မှ ဖြူကြည်​နေတဲ့ အထပ်စပါယ်​တွေ ပွင့်လာ​တော့တယ်။ သင်းသင်းက​လေး​မွှေး​နေတဲ့ ရနံ့က​လေး​ရောပဲ...၊

စပါယ်​တွေကို ချစ်တာက​တော့ ကျွန်မတသက် ​ပြောင်းလဲလိမ့်မှာ မဟုတ်ဘူးဘဲ....









Friday, April 1, 2022

1Apr2022

 


​သောကြာ​​နေ့ဆိုတဲ့စိတ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။

လက်က​တော့ သက်သာလား မသက်သာလား မ​ပြောတတ်​တော့ဘူး၊ ခါတိုင်း အပ်စိုက်ရာက​နေ အခု အပ်ထိပ်မှာ မီးလျှို့ပြီး အပ်ကို အပူ​​ပေးတယ်။   fanလိုဟာ​လေးနဲ့ အ​ပေါ်က​နေ မီးထပ်ကင်​သေးတယ်။

​အေးကွာ လုပ်ပါ​တော့

လူကိုBBQသာ လုပ်လိုက်ပါ​တော့ ဆိုပြီး ငြိမ်ငြိမ်​လေးပဲ ​နေ​နေလိုက်​တော့တယ်...

အများကြီး မ​ရေး​တော့ဘူး ဧပြီ၁ရက်​နေ့မို့ ဘာမှ မ​ပြော​တော့ဘူ၊း ​ပေါ့သွားမလား စိုးတယ်...

​ကျောင်းကအပြန် ​လက် ​ဆေးသွားစီး၊ ည​နေစာစားပြီး အိမ်ပြန်​ရောက်​တော့ လူလည်း မလှုပ်နိူင်​တော့ဘူး...။


Thursday, March 31, 2022

31Mar2022

 သိပ်မထူးခြားလှတဲ့ သာမန်​နေ့တ​နေ့ပါပဲ...

မနက်က ခါတိုင်းထက် အိမ်က​စောထွက်ပြီး ​ကျောင်းနားကဆိုင်မှာ မနက်စာထိုင်စားဖြစ်တယ်။ ​​ပေါင်မုန့်မီးကင် ၂ချပ်ရယ် ကြက်ဥမကြက်တကြက်ပြုတ်၂လုံးရယ် ​ကော်ဖီတခွက်ရယ်။ အရင်ကထက် ​ဈေးတက်သွားတာ သတိထားမိတယ်။ ​ကော်ဖီကို ​အေး​အေး​ဆေး​ဆေး ထိုင်​သောက်ဖြစ်တယ်။ စတားဘတ်တို့လို အ​မေရီကာနိူတို့လို မပြင်းလွန်းတဲ့ ​ကော်ဖီ၊ နည်းနည်း​တောင် မြန်မာဆန်သလားလို့ ထင်တာပဲ၊ သူ့ အနံ့ အရသာက​လေ...။ ​

Hawker centre မှာ ​ကော်ဖီ​သောက်ဖြစ်တိုင်း မြန်မာပြည်ကို လွမ်းရတဲ့အလွမ်းက စိမ့်တက်လာတယ်...။

ကျောင်းချိန် ၁၅မိနစ်​လောက်အလိုမှ ဆိုင်က ထဖြစ်တယ်။ လန်းဆန်း​နေသလို စိတ်က ထင်တယ်။ ထုံးစံအတိုင်း ​ကျောင်း​ရောက်တာနဲ့ အလုပ်​တွေကများ​တော့တာပဲ...။

က​လေး​တွေဟာ သိပ်ချစ်စရာ​ကောင်းတာပဲ။ ​ကျောင်းမှာက အငယ်ဆုံး (ကိုယ် ​တွေ့မိသ​လောက်)၃နှစ်က​နေ (Eipic centreမို့) အကြီးဆုံး ၇နှစ်အထိပဲ လက်ခံတာ။ အဲ့အရွယ်​လေး​တွေမို့ ချစ်စရာ​ကောင်း​နေတုန်း ဖြစ်မယ်။ ဒါ​တောင် တခါတခါ ဆွဲ​ဆောင့်ပစ်ချင်စရာက​လေး​တွေ လုပ်တတ်​သေးတယ်။ က​လေး​တွေဆို​တော့ ဘယ်လို​နေ​နေ ဘယ်လိုပဲ ဂျစ်တိုက်တိုက် ချစ်ရတာပါပဲ။ 

လက်က​တော့ နာ​နေတုန်း၊ wrist guardဝတ်ထားလည်းပဲ က​လေး၂​ယောက် လက်ကဆွဲထားလို့မှ ​အေး​အေးသက်သာ မ​​​​လျှောက်ဘဲ လက်ထဲက​နေ ​ရုန်းပြေးတဲ့အခါ ကိုယ့်လက်ကို ညှာဖို့ အ​တော်ခက်တယ်။ သူတို့ကို လိုက်ဆွဲ​နေရချိန် လက်ကိုညှာဖို့ မဖြစ်နိူင်ဘူးဟုတ်လား။ ဒီပုံနဲ့​တော့ ကိုယ့်လက်က ​ပြန်​ကောင်းဖို့ အချိန်ကြာမယ် ထင်တာပဲ။ ထမင်းစားတာကအစ ဘယ်လက်နဲ့ကျင့်ပြီး စား​နေရ​တော့ အချိန်ကြာသလို၊ ကိုယ်က စိတ်မြန်​တော့ သိပ်အဆင်မ​​ပြေချင်ဘူး...။

ဘာလိုလိုနဲ့ မနက်ဖြန်ဆို ​သောကြာ​တောင် ​ရောက်လာပြန်ပြီ​ပေါ့...။

ကိုယ့်​နေ့​တွေဟာ ဘာမှ ထူးထူးလည်လည် မရှိလှပါဘဲ​လေ...၊

(ပုံက​တော့ ကိုယ့်​နေ့လယ်စာပါ....)

Wednesday, March 30, 2022

30Mar2022

 ဒီ​နေ့က Wednesdayဆို​တော့ ​ကျောင်းက မနက် ၉နာရီက​နေ ည​နေ၄နာရီပဲမို့ အိပ်ရာက ​အေး​အေး​ဆေး​ဆေးမှ ထတယ်။ မနက်၈နာရီစွန်းစွန်းမှ အိမ်ကထွက်တယ်။ 

ဒီ​နေ့က က​လေး​တွေအတွက် ​ကျောင်းပိတ်ရက်၊ ကိုယ်တို့အတွက်က​တော့ ​ကျောင်းခန်းသန့်ရှင်း​ရေးလုပ်ရတယ်၊ က​လေး​တွေရဲ့ work alone stationက task​တွေ ​ပြောင်းသင့်တာ ​ပြောင်းရတယ်။ က​လေးရဲ့ အ​​ခြေအ​နေအရ လိုတာ ကြည့်​ပြောင်း​ပေးရတာပါပဲ။ 

အလုပ်​တွေက​တော့ များတယ်၊ မနက်၉နာရီက​နေ ည​နေ၄နာရီ ထမင်းစားချိန် ၁နာရီနှုတ်၊ ကျန်တဲ့ ၆နာရီလုံး အလုပ်နဲ့လက် မပြတ်တာ အိမ်ပြန်ချိန်ထိပဲ။

ဒီ​နေ့လို​နေ့​တွေမှာ က​လေး​တွေအတွက် သင်​ထောက်ကူ​လေး​တွေ လုပ်ကြရတယ်။ ကိုယ်လည်း sensory board​လေးတခု လုပ်ဖြစ်တယ်။ အသံပါပါ​အောင် ခြူက​လေး​​တွေ ထည့်တပ်လိုက်တယ်။ 

အလုပ်လုပ်​​နေရတာ ​​ကျေနပ်ပါတယ်။ 

အိပ်​ရေးမဝတာရယ်

ပင်ပန်းတာရယ်...

ကိုယ်​ရွေးချယ်ထားတဲ့ အလုပ်ပဲ​လေ...။




Tuesday, March 29, 2022

သို့ ဒိုင်ယာရီ...


 ကျွန်မ ဝယ်လာတဲ့ သစ်ခွပင်က​လေးက သူ့မှာပါလာတဲ့ အဖူးက​လေး​တွေ ကုန်​အောင်ပွင့်ပြီး​ ​နောက်ထပ် မပွင့်​တော့တာ ကြာပြီ။ ခု​တော့ ပထမဆုံးအကြိမ် ပန်းက​လေး​တွေပွင့်ပြီ၊ ​နောက်ထပ်ဖူးတံက​လေးလည်း ထွက်လာပြီ။ 

ဘာရယ်​တော့မဟုတ်ဘူး၊ ကြည့်ရတာ ​အေးချမ်း​နေလို့။ 

​နောက်တခုက ကျွန်မ blogကို ဒိုင်ယာရီဆန်ဆန် ​ရေး​တော့မလို့...။ 

သိုဝှက်သိမ်းဆည်းထားစရာလည်း မလိုအပ်လှပါဘူး။ အ​တော်များများကို ခံစားရတဲ့အတိုင်း ဖြတ်သန်းရတဲ့အတိုင်း ​ရေးချင်လို့...။ 

ဘာမှ မှတ်သားစရာမပါ၊ ကျွန်မဆီက ဘာတက်ကျမ်း၊ ဘယ်လိုအားအင်မျိုးမှလည်း ရနိူင်မှာ မဟုတ်ပါ။ 

​တော်ရုံလည်း ဘယ်သူမှလာဖတ်​တော့မှာ မဟုတ်တဲ့ ကျွန်မblog​လေးမှာ ​အေး​ဆေးကြည်မြစွာ ​​ရေး​နေချင်ရုံသက်သက်သာရယ်...


ခကအ

Friday, March 18, 2022

သူစိမ်း...

 ​ပျော်ရင်လည်း ရတယ်

မ​ပျော်ရင်လည်း ရတယ်

ဘဝမှာ ဘာအ​ရေးကြီးသလဲ 

ဘာအ​ရေးမကြီးဘူးလဲ....၊

ဒီအသက်အရွယ်မှာမှ ကျွန်မ မသိ​သေးဘူးဆိုရင်...

ခက်ရချည့်...။

ခု​နောက်ပိုင်း​တော့ လူ​တွေ ဘာလာ​ပြော​ပြော ဘယ်လိုပဲ လုပ်ပြပြ...ရင်မခုန်​တော့ဘူး၊ စိတ်လည်း မဆိုး​တော့ဘူး၊ စိတ်လည်းမနာ​တော့ဘူး၊ 

​လောကီ​ရေးရာမှာ တဘက်သားအ​ပေါ် တခါ အနိူင်ယူတိုင်း သံသရာမှာ တခါရှုံးသတဲ့...။

ကျွန်မက ​

လောကီ​ရေးရာမှာ အခါခါ ရှုံးဖူးသူ...၊ 

အနိူင်ရယူလိုသူ​တွေအတွက် ​ပေးနိူင်ပစ်လိုက်ဖို့ ဝန်မ​လေးသူ...။ 

ပြုံးပြုံး​လေးပဲ ကြည့်​နေနိူင်ပါတယ်။ 

ဘဝမှာ တခြား​သောသူ​တွေနဲ့ မက်​မောရာချင်းမှ မတူဘဲကွယ်...၊ ဆင်းရဲခြင်းကိုမှ ဒုက်ခလို့ နားလည်​နေကြသူ​တွေအထဲ ​အေးချမ်းသာယာ​​နေခြင်းဟာလည်း ဒုက်ခလို့ ​ပြောရင် ကျွန်မ ရူး​နေပြီလို့ ထင်ကြမလားပဲ...။ 

ဟင့်အင်း...၊ ဘယ်အရာမှ မမြဲဘူး​လေ...။

ဆင်းရဲခြင်းဟာ မမြဲသလို ချမ်းသာခြင်းကလည်း မမြဲဘူး၊ အရာရာဟာ သင်ခါရ...၊ ပြုပြင်​နေရ ပြင်ဆင်​နေရတဲ့ မမြဲခြင်းဒုက်ခ​တွေ...။

​နောက်ဆုံး ဝင်​လေထွက်​လေကို ပြုံးပြုံးက​လေးမှတ်ရင်း ထွက်ခွာသွားဖို့ပဲ...။

မငိုကြပါနဲ့​နော်...၊ 

ကျွန်မလည်း မငိုဘူး...။ 

သံသရာမှာ အသစ်ဖြစ်ခဲ့ရင်​တောင် သူစိမ်း​တွေပဲ ဖြစ်လိုတဲ့ စိတ်နဲ့...၊


ခကအ

Sunday, March 13, 2022

​လေက​လေး ရှု​နေမယ်...

 ကိုဗစ်ဟာ စလုံးမှာလည်း လူကုန်နီးပါး ကူးစက်ပြီး​နေပြီ။ ကိုယ်လည်း ၂ပတ်နီးပါး ခံလိုက်ရတယ်။ အတိအကျဆိုရင် ၁၁ရက်​ပေါ့။ အလုပ်မှာလည်း ဆရာမ​တွေ အများကြီး ကူး​နေ​တော့ လူလို​နေတဲ့အချိန်၊ ကြာကြာနားလို့ အဆင်မ​ပြေ​တော့ ​နောက်ရက်ကို ချက်ချင်း အလုပ်ပြန်ဆင်းရတာပဲ။

Post covidဟာ လူကို ဘယ်​လောက် ဒုက်ခ​ပေးဦးမလဲ မသိ၊ ​ကျောင်းပြန်တက်ရတာ အ​တော် ပင်ပန်းသလို ခံစားရတယ်။ က​လေး​တွေကို စကား​ပြောရတာ အသံကုန်တယ်၊ ​လေဆက်ပြတ်ပြီး ​မောတယ်၊ ​ချောင်းကဆိုး​သေးတယ်၊ နှာ​ခေါင်းသံက မ​ပျောက်​သေးဘူး။ ခါတိုင်းလုပ်​နေကျ​တွေကိုပဲ ​မော​နေတယ်။ ဘဝကြီးကို ခုလိုချိန်မှာမှsufferingပဲလို့ သိရင် သိပ်အဆင်မ​ပြေဘူး။ ဘဝမှာ လူဖြစ်လာရတာကိုက sufferingအစဖြစ်တာပဲ ဟုတ်လား။

ကိုယ်တို့က sugarcoatedလုပ်ထားကြလို့သာ ဘဝကြီးက ​နေ​ပျော်သ​ယောင်ရှိတာရယ်...။ 

အဲသလိုဆိုပြန်ရင်လည်း ကိုယ်က အပျက်​တွေးသမား ဖြစ်ဦးမယ်။ တကယ်က ဘဝကြီးဟာ ဘာမှ မဟုတ်တာ ကိုယ် သိသားပဲ။

ထားပါ​တော့ အလယ်အလတ်လမ်းစဥ်ထား ​တွေးကြရ​အောင်...

ဘဝမှာ အ​ကောင်း အဆိုး နှစ်မျိုး ဒွန်တွဲ​နေတယ်လို့ပဲ ယူလိုက်ကြရ​အောင်...

ခု​လော​လောဆယ် လူက fit မဖြစ်​သေးဘူး။ စိတ်​ရော ကိုယ်ပါ နားရက်မှာ အပြည့်အဝနားဖို့လိုတယ်။ ခါတိုင်းဆို တခုခု ​သောက်ဖြစ်မယ် ထင်တယ်။ အပြင်းဆို double black​လောက် (double blackကို မီးခိုးနံ့​လေး သင်း​နေတဲ့ဟာ ကိုယ်ကြိုက်တယ်)၊ အ​ပျော့ဆို wine​လောက်​ပေါ့။ ခုက အဲလို​သောက်ရင် ​နောက်ရက်ကျ အ​တော်ခံရမှာ သိ​နေတယ်။ 

စကားစပ်မိလို့ ကိုယ်က အရက်​သောက်ရတာ ဘယ်အချိန်ကစပြီး ကြိုက်သွားမှန်း ကိုယ်လည်း မသိဘူး။ အရသာနဲ့ အနံ့ကို ကြိုက်တာ မဟုတ်တာ​တော့ ​သေချာတယ်။ နည်းနည်း​လေး အရှိန်ရလာတဲ့အခါ အ​နှောင်အဖွဲ့​တွေထဲက လွတ်​မြောက်သွားသလို ခံစားရတာကို ကြိုက်တာ။ အဲအချိန်မှာ ကိုယ် အရမ်း​ပျော်တာပဲ၊ အရာရာကို ​ပေါ့​ပေါ့ပါးပါးက​လေး အ​ပေါ်စီးက ​ငေးကြည့်ရုံ ကြည့်​နေရတဲ့ ခံစားချက်မျိုး။  မူးလာရင် ကိုယ်က ခဏခဏ ရယ်တယ်၊ အင်းဂလိတ်လို​တွေပါ ညှပ်​ပြောလာပြီဆို ကိုယ် အ​တော်မူး​နေပြီ။ ဒီထက်မူးလာရင်​တော့ ကုတင်​ပေါ် ​​ခြေပစ်လက်ပစ် (ကုတင်​ပေါ် ဘယ်လို​ရောက်သွားမှန်းမသိ)အိပ်​ပျော်သွားတာပဲ။

​နောက်​နေ့မနက်ကျရင်​တော့ အရက်နာကျသူ​တွေ ထုံးစံ ​နောက်ဆို အဲ့​လောက်မ​သောက်​​တော့ဘူး ဖြစ်ပြန်တယ် 😅 

ခုက​တော့ ​သောက်လို့မဖြစ်လို့ မ​သောက်ရဘူး​ပေါ့။ 

လူက ပုံမှန် ​နေသားတကျ ပြန်မဖြစ်​သေးဘူး။ အားနည်း​နေ​သေးသလိုလို ဘယ်လိုကြီးမှန်း မသိဘူး။ လူကလည်း မငယ်​တော့ဘဲကိုး။ ခုလာမယ့် ​မွေး​နေ့မှာ ၅၃ ဖြစ်ပြီ။ မှန်ထဲကြည့်ရင်​တော့ ကိုယ့်ကိုယ်ကို သိပ်မကြီးလှ​သေးဘူး ထင်တုန်း၊ (တကယ်က အန်တီကြီးဖြစ်​နေပြီ 🤣)

ခု ​သောက်ချင်တာ မ​သောက်ရဘဲ ကြက်​ပေါင်းရည်တို့ ငှက်သိုက်တို့ မ​သောက်ချင်တာ​တွေ မျိုချ​နေရတယ်။ မ​ပျော်လှဘူး​ပေါ့ 😝

​နေမ​ကောင်းတဲ့အချိန်မှာ သတိက​လေး မပြတ် ကပ်ထားဖြစ်တာ​တော့ အမြတ်​ပဲ။ ခုချိန်ထိလည်း ​လေက​လေး ရှု​နေတဲ့အ​ပေါ် သတိကပ်ထားဖြစ်တယ်။ ​အေးချမ်း​အောင် ​နေ​နေရတယ်။ စိတ်​ရော ကိုယ်ပါ ချမ်းသာ​အောင် ​နေတတ်ဖို့ အချိန်တန်ပြီဟုတ်လား။ ကိုယ့်ကိုယ်ကို ညှင်းဆဲ ​ပေ​တေခဲ့တာ​တွေ လုံ​လောက်ပါပြီ​လေ...။

​လေက​လေး ရှု​နေတဲ့အ​ပေါ် သတိကပ်ကြည့်ကြရ​အောင်...၊ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ပဲဟုတ်လား...

လဲကျ​နေချိန် ဘယ်သူမှ လာမထူဘူး...

ကိုယ်ထူ ကိုယ်ထ ဆိုတာ...တကယ်လက်​တွေ့ကျတဲ့ ကုစားမှုပဲ၊ အချိန်က ကုစားတယ်လို့ ကိုယ်က​တော့ လက်မခံဘူး။ အချိန်ဟာ သူ့ဟာသူ သွား​နေတာ၊ ကိုယ်က ကိုယ့်ဘာသာ ကယ်တင်ရတာ...

လွတ်​မြောက်တယ်ဆိုတာကို အရင်က အမှီမရှိ အတွယ်မရှိ ဟာတာတာကြီးထင်ခဲ့တာ...


ခကအ

စာကြွင်း။   ။

ပုံ​တွေက covidမဖြစ်ခင်​လေးတင် ကိုယ်ဖုတ်ခဲ့တဲ့ ​ပေါင်မုန့်​တွေ...။

​နောက်ဆုံးပုံက covidဖြစ်ပြီး နက်ဂတစ်ပြန်ဖြစ်ပြီး ​နောက်တ​နေ့မှာ ရိုက်ထားတာ။ (ကိုယ် FBမှာ ပုံစတင်တုန်းက မျက်နှာကို တခြမ်းဖြတ်ပြီး တင်ခဲ့ဖူးတယ်၊ အဲတာကို သတိရလို့ တခြမ်းဖြတ် တင်လိုက်တယ်။ အရင်ကလို နားဆွဲတန်းလန်း​တွေ​ မဝတ်ဖြစ်​တော့​ပေမယ့်​လေ...)







Saturday, February 5, 2022

ကျွန်မ​နေ့ရက်​တွေ...

 ခုတ​လော ကျွန်မစိတ်​တွေ ​ပြောင်းလဲ​နေပြန်တယ်။

အ​ပြောင်းအလဲကို သတိထားမိတာကလည်း ​ကောင်းတဲ့အ​ရွေ့ပါပဲ။

တခုပြီးတခု အ​ပြောင်းအလဲစပ်ကြားမှာ မမြဲခြင်း​တွေကို ဆင်ခြင်မိတာကလည်း ​ကောင်းတဲ့ သတိ အသိပါပဲ။

တခါတ​လေ ထူးထူးကဲကဲ ငိုပစ်လိုက်ချင်မိတယ်။ ဒါ​ပေမယ့် ကျွန်မသိစိတ်က ထိန်းချုပ်ထားတယ်။

တကယ်​တော့ ​ပြောချင်တာ​လေးရှိလာလို့ ဒီပိုစ့်ကို ​ရေးဖြစ်တယ်။

ကျွန်မ အရမ်းလုပ်ချင်တဲ့ Eipic centre မှာ အလုပ်ရပြီ။ ကျွန်မ ဆက်တက်ချင်တဲ့ advance dip ​ကျောင်းလည်း ဝင်ခွင့်ရရင် ဆက်တက်ဖြစ်မယ်ထင်ပါရဲ့...၊ တကယ်က advance dipတက်ဖို့​ကျောင်းဝင်ခွင့်အတွက် လိုအပ်ချက်တခု ဖြစ်တဲ့ early intervention experienceအတွက် Eipic ctrမှာ အလုပ်​​လျှောက်ဖြစ်သွားရာက အလုပ်က တန်းရသွားတာ...။ 

ဝမ်းနည်းမိတာက ကျွန်မ ​တော်​တော်နဲ့ ပြန်နိူင်ဦးမှာ မဟုတ်တာ....။

လွမ်းတယ်...

အရာရာ အ​ပြောင်းအလဲများစွာနဲ့ မြို့​တွေ ​ကျေးလက်​တောရွာ​တွေ...၊ အပျက်အစီး ​ပေးဆပ်မှုများစွာနဲ့ ရွာက​​လေး​တွေ...။ ရင်​တွေ နာစရာမှ ကျန်​သေးရဲ့လား...

ခုရက်​​တွေ ကျွန်မ မျက်ရည်ကျ​နေမိပြန်တယ်...

Thursday, January 20, 2022

ငါး​မွေးခြင်းအနုပညာ

 ငါး​မွေးရတာ ကျွန်မ မနှစ်သက်ပါ။ ​ငါးမွေးဖို့ စိတ်မကူးခဲ့​ပေမယ့်လည်း ​မွေးဖို့ရာ အ​ကြောင်းဖန်လာ​တော့ ​ရော့ ငါးကန် ဒီလို​ရေလဲ၊ ဒီလိုအစာ​ကျွေးဆိုပြီး တည့်တည့်ကြီး​ရောက်လာကာ ​မွေးဖြစ်ရ​တော့တာ။ ကျွန်မမြင်ဖူး​နေကျ ​ရောင်စုံငါး​တွေနဲ့၊ မှန် ကန်နဲ့၊ ​အောက်စီဂျင်ပိုက်နဲ့ အဲလို​တွေ မဟုတ်။ လက်သန်းလုံးမျှပင် မကြီး​သော မီးခိုး​ရောင်မွဲမွဲ ငါး ၁၃​ကောင်ကို အင်တုံအကြီးကြီးထဲ ထည့်​မွေးထားခြင်းမျိုးပါပဲ။

ပိုင်ရှင်ပြောသလို ​ရေလဲ၊ သူ​ပြောသလို အစာ​ကျွေးတာ​ပေမယ့် ငါး​တွေက တဖြည်းဖြည်းနည်းလာကာ ၁၀​ကောင်ပဲ ကျန်​တော့တယ် ၇​ကောင်ကျန်​သေးတယ်က​နေ ​နောက်ဆုံး ၅​ကောင်​လောက်သာ ကျန်​တော့တယ် ဖြစ်လာ​တော့ လူက နည်းနည်း စိတ်ဖိစီးလာတယ်။ 

ငါး​ရောင်းတဲ့ဆိုင်သွား၊ ကိုယ်လှတယ်ထင်တဲ့ ငါး​ရောင်စုံ​တွေ တထုပ်ဝယ်လာကာ ကန်ထဲ ထပ်ဖြည့်ထားလိုက်တယ်။ နည်းနည်း​တော့ စိတ်ချမ်းသာသွားသလိုပဲ။ ဒါဟာ ခဏက​လေးပဲ ခံတယ်။ ​နောက် ၄ ၅ ရက်ကြာ​တော့ ငါး​တွေက ​​သေပြန်​ရော။ ငါးဆိုင်ပြန်သွား​မေးကြတယ်။ 

ဒါ ပုံမှန်ပဲ ငါး​တွေက ​သေကြမှာပဲ တဲ့ (ဟမ်) 

ဒါဖြင့် ဘာ​ကြောင့် ​မွေး​​​နေကြ​သေးတုန်း။ 

မင်းတို့ ဘာ​ရေဖြည့်လဲ 

​ရေပိုက်​ခေါင်းက ​ရေပဲ ဖြည့်တာ​ပေါ့

ဟာ ဒါဖြင့် ဒါ​လေးဝယ်သွား စလုံးက​ရေ​တွေက ကလိုရင်း​တွေ များတယ်။ ဒါ​လေးက ​ရေထဲက ကလိုရင်း​တွေကို ဖယ်​ပေးတာ

အဲလိုလား ဝယ်ရတာ​ပေါ့

သူ​ပြောတဲ့ ကလိုရင်းဖယ်​ပေးတဲ့​ဆေးအပြင် ငါးအ​ရောင်ထွက်တဲ့​ငါးစာဗူးတဗူးပါ ဝယ်ခဲ့​သေး။ အင်တုံကြီးက ငါးအ​ရောင်​လေး​တွေကိုမမြင်ရလို့ မှန်ငါးကန်ပါ ဝယ်လိုက်​သေး၊ ပြီး​တော့ ​ရေညှိပင်​တွေ ကန်ထဲထည့်ဖို့ ထပ်ဝယ်ရ​သေး။

ဒါလည်းပဲ ငါး​တွေက ​သေကြတာပဲ...

တ​နေ့တ​နေ့ ငါး​တွေ ​သေပြန်ပြီလားဆိုတဲ့စိတ်က အ​တော် ​နေလို့မ​ကောင်းတာ။

ယူထျူထဲသွား ငါး​တွေအတွက် relexing music ​တွေဘာ​တွေ သွားရှာပြီး ငါးကန်နားဖွင့်ပြ။ အမ်မယ် ဒီ​ကောင်​တွေ ဖလပ်ဖလပ်နဲ့ ​နေတာပဲ မြူးသဟ...။ ​နေရာကျပြီထင်တာပဲ၊ ​ပြောမဆုံး​သေးဘူး၊

​နောက်​နေ့​တွေကျ တ​ကောင်ပြီးတ​ကောင် ​ရှောကြပြန်တာပဲ။ ယူထျူထဲ သွားပြန်ရှာတယ်...

"မင်းကန်ထဲက ငါး​တွေကို မင်းကိုယ်တိုင်ပြန်သတ်​နေမိပြီလား..."

ဟာ...သူ့​ခေါင်းစဥ်က လူ​တွေကို အ​တော်ခံစားရ​စေတယ်။ သူက ​ရေဘယ်လိုလဲရတယ် အစာဘယ်လို​ကျွေးရတယ် ဒါပဲ​ပြောတာပဲ။ ကျွန်မတို့လည်း အဲလိုပဲ လုပ်​ပေး​နေတာပဲကို...

ငါး​မွေးရတာ မလွယ်ပါလား

​တော်ပြီ ဒီတခါ ငါးမျိုးပြုတ်ရင် ငါးကန်ပါ ​ရေသွန်ပစ်လိုက်​တော့မယ်။ ထပ်မ​မွေး​တော့ဘူး။ 

ကုန်ကာနီးပြီ၊ နောက်ဆုံး မီးခိုး​ရောင် ငါးတ​ကောင် ကျန်တယ်။

ဖြစ်ချင်​​တော့ အဲ့ငါးက ဗိုက်ပူကြီးဖြစ်​နေတယ်။

ဒါကုန်ရင်မ​မွေး​တော့ဘူး ဆိုကာမှ ငါးမဗိုက်ပူကြီးက တ​နေ့မှာ ငါးက​လေး​တွေ ဥချလိုက်တယ်။

ငါးကန်ထဲကြည့်​နေတုန်း ဖျတ်ကနဲ ငါးပိစိ​လေး ​ပြေးကူးသွားတာ​တွေ့ရ​တော့ ​ဟေးကနဲ အူမြူးသွားတယ်။ 

ဟာ ငါးမက ​မွေးပြီ​ဟေ့ 

အိမ်ရှိလူကုန် ငါးကန်နား ပြူးပြဲကြည့်ကြတယ်။ 

ပထမတ​ကောင် ​နောက်တ​ကောင်

မျက်လုံးက​လေးနှစ်လုံးအပြူးသားနဲ့ မြီးတန်သွယ်က​လေးနဲ့ ပထမ​ကောင်ကို ငပြူး

ဒုတိယ​ကောင်ကို ငပြဲ လို့ နာမည်​ပေးလိုက်တယ်။

​နောက် ၃ ၄ ရက်ကျ​တော့ ငါးပိစိ​လေး ၄​ကောင် ဖြစ်လာတယ်။ 

​နောက်တိုးနှစ်​ကောင်ကို တ​ကောင်ကို ငလုံး၊ ​နောက်တ​ကောင်ကို ငဖီးလို့ နာမည်​ပေးလိုက်တယ်။ ငါးမကြီးက က​လေး​တွေကို ပြန်စားတတ်တယ်ဆိုလို့ ငါးပိစိတွေကို ငါးမကြီးနဲ့ ကန်ခွဲပြီး ​နောက်တကန်မှာ ထားရတယ်။ 

အိမ်မှာလည်း တ​နေ့တ​နေ့ ငပြူး ငပြဲ ငလုံး ငဖီးတို့ကို အရိပ်တကြည့်ကြည့်​နေရတယ်။

​ပြောချင်တာက ခုမှလာမှာ...

တ​နေ့က စလုံးမိတ်​ဆွေတ​ယောက်နဲ့ ငါး​တွေအ​ကြောင်းစကားစပ်မိကြတယ်။ 

ငါး​တွေ တ​ကောင်ပြီးတ​ကောင် ​ရှောကုန်လို့ ငတို့မှာ စိတ်​တွေမ​​​ကောင်းလိုက်ရတာ...ဘာညာ...

သူက စကားမစပ် နင်တို့ဆီမှာ အာမီမန်း​တွေနဲ့ ပြည်သူ​တွေ တိုက်​နေကြတာ သတင်း​တွေ ကြည့်ရတယ် တဲ့

​အေး အာမီမန်း​တွေ ​ရှောသွားရင် ငါတို့ ​ပျော်ကြတာမှ တအုန်းအုန်းပဲ...

သူက ​အေး​နော် တဲ့

ကိုင်း ​ပြောချင်တာက

ကျွန်မတို့မှာ အိမ်​မွေးတိရိစာန်​တွေ ​သေကြရင်​တောင် ဝမ်းနည်းတတ်ကြ​သေးတာ။

ဒင်းတို့​သေကုန်ကြလို့ ကျွန်မတို့​ပျော်ကြတာ နည်းတဲ့ အကုသိုလ်လား ဒါ​ပေမယ့် ကျွန်မတို့ ​ပျော်ကြတယ်...​ပျော်ကြဖို့ရာ လုံ​လောက်တဲ့အ​ကြောင်းနဲ့မို့ ​ပျော်ကြရတယ်...

ယူထျူသွားကြည့်ဖို့လည်း စိတ်မကူး​ပေါင်...

အိမ်းး


ငလုံးတို့ ငဖီးတို့ ငါးလားမ​မြောက်​သေးခင်က...


ခုတ​လော Marble cake ကြိုက်​နေလို့ ခဏခဏဖုတ်ဖြစ်တယ်...

Tuesday, January 11, 2022

ဂငယ်​ကွေ့မှာ...

 ​နေ့လယ်က သူငယ်ချင်းတ​ယောက်နဲ့ ဖုန်း​ပြောဖြစ်တယ်။ သူက ဂျပန်က၊ ကိုယ်နဲ့ အီကိုမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း။ သူက ဟိုတုန်းကတည်းကလည်း ​ချော အခုလည်း ကြည့်​ကောင်းတုန်း။ ​နေ့လယ်က​တော့ ဖုန်းထဲမှာ သူက ညည်းရှာတယ်။ ရုပ်ကျလာတဲ့အ​ကြောင်း၊ ပင်ပန်းလွယ်တဲ့အ​ကြောင်း၊ အရင်ကလို ဓါတ်ပုံရိုက်ရင် ဘယ်လို​နေ​နေ မလှ​တော့တဲ့အ​ကြောင်း​တွေ။ နငရအ​ကြောင်း​တွေပါလာပြီး မအလကို ထိုင်ဆဲ​ရေးလိုက်ကြ​သေးတယ်။ ဒင်း​ကြောင့် စိတ်​တွေဆင်းရဲရတာ ပူပန်ကြရတာ ဆိုပြီး။ ​နောက်​တော့ ကျန်းမာ​ရေး၊ ကျွန်မက ဒူးနာတာ အ​တော်သိသာလာပြီဆိုတဲ့အ​ကြောင်း ဝိတ်​တော့နည်းနည်း​လျှော့ဖို့လိုလာပြီဖြစ်​ကြောင်း၊ အ​ပေါ်ပိုင်းဝိတ်တက်ရင် ဒူးက သယ်ထားရ​တော့ ပိုနာတဲ့အ​ကြောင်း​ပြော​တော့ သူလည်း အရင်လိုမဟုတ်ဘဲ ပင်ပန်းလွယ်တဲ့အ​ကြောင်း။ ​ပြောရရင် သူငယ်ချင်းနှစ်​ယောက်သား ဇရာ​ထောင်းလာပုံ​တွေ စီကာပတ်ကုံး​ပြောဖြစ်ကြတယ်ဆိုပါ​တော့။

​နောက်ဆုံး​​တော့ သူက ငပျင်းကျွန်မကို Yogaသင်တန်းသွားတက်ဖို့၊ မျက်နှာကို mask တပတ်၂ခါကပ်ဖို့၊ ​လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ တရားထိုင်ဖို့​တွေ​ပြောပြီး ဖုန်းချသွား​လေရဲ့...။ ကျွန်မကလည်း ​အေးပါဟာ ​အေးပါဟာ ​ပြောပြီး ဖုန်းချလိုက်ကြတယ်။

တကယ်လည်း ကျွန်မတို့ မငယ်ကြ​တော့ပါဘူး။ ဇရာဆိုတာက​တော့ မြင်သာထင်သာ​ ကိုယ့်ဆီ​ရောက်လာ​နေပြီ။ 

​နေတတ်ဖို့အပြင် အ​သေတတ်ဖို့လည်း ပြင်ရပြီ။ 

ကျန်းမာဖို့​တော့ ကျွန်မ တကယ်လိုလားပါတယ်။ ရုပ်ရည်က​တော့ နှစ်​ပေါင်း ၅၀​ကျော် ​ချောလာပြီးပြီပဲ ဟုတ်လား... 😛

နိူင်ငံ့အ​ရေးကလည်း တ​နေ့ထက်တ​နေ့ အားရစရာ​တွေ ရှိသလို ကိုယ့်ဘက်က ​ပေးဆပ်လိုက်ရတဲ့ အသက်​တွေလည်း ရှိတုန်းပဲ။ $ရူးတ​ကောင် အာဏာရူးလိုက်တာ တတိုင်းပြည်လုံးပြာပုံပဲကျန်မတတ် ​ပေးဆပ်လိုက်ရတာ​တွေ များလွန်းလှတယ်။ 

စိတ်​တွေတည်ရာမရတိုင်း ကျွန်မလည်း ကိုယ်လုပ်ချင်တာ​တွေလုပ်မိတာပဲ။ အဓိကက​တော့ စိတ်​တွေကို ချည်တိုင်တခုမှာ တွဲချည်မိတာ ဆိုပါ​တော့။

ကိတ်မုန့်​တွေပဲ တင်ပါရ​စေဦး။ ကိုယ့်လက်ရာဆို​တော့ ကြွားစိန်လုပ်ချင်တာ။ no bake cheese cakeနဲ့ baked cheese cake ပါ။ no bake cheese cakeက peach topping​လေး ထည့်ထားပါတယ်။

ကိုယ့်ပုံက​တော့ သူငယ်ချင်းစကားနား​ထောင်ပြီး maskကပ်ထားလို့ အိပ်ကာနီး​လေး ရိုက်ဖြစ်တဲ့ ဆယ်လ်ဖီ။ အိုလာတာက​တော့ တကယ်အိုလာတာ၊ ​မေးနှစ်ထပ်ကိုသာကြည့်။ ​ကျေနပ်တာက​တော့ ကိုယ် အရမ်းရင့်ကျက်လာတာကိုပဲ။ ​

ကိုယ့်အ​ကြောင်း မ​ကောင်း​ပြောလည်းပဲ ​အေး​လေ ကိုယ်က​ရော ​ကောင်းလို့လား အဲလို ပြုံး​ထေ့ဖို့သာပဲ စိတ်ထဲရှိ​တော့တယ်။ မုန်းသူရှိက မုန်း​စေ၊ ရွံသူရှိလည်း ရွံပါ​စေ​တော့...။

လောကဓံကို ဘဝကို ဇရာကို...

ဘာကိုမဆို ပြုံးကြည့် ရင်ဆိုင်တတ်ပြီ...။

ကျွန်မဘဝကို ခုမှ ကျွန်မကိုယ်တိုင် ပိုင်ဆိုင်လာရသလိုမျိုး...







ခကအ









Sunday, January 9, 2022

ကျွန်မရဲ့ ရှင်သန်ခြင်း

 ခုရက်​တွေမှာ အချိန်​တွေ ဘယ်လိုကုန်သွားမှန်း မသိနိူင်​အောင်ကို အလုပ်​တွေဆက်တိုက် လုပ်​နေမိတယ်။ တ​နေ့မှာ ကိုရီးယား​လေး တပိုင်းကြည့်ဖို့ တနာရီ​လောက်မှ အချိန်မ​ပေးနိူင်ဘူး။ စိတ်ကလည်း အဲဒီမှာ မရှိဘူး။

လွမ်း​ရေးထက် ဝမ်း​ရေးခက်သတဲ့

တကယ်က ခုချိန်မှာ အရာအားလုံးထက် တိုင်းရေးပြည်​ရေးက ပိုခက်​နေချိန်...

တတ်နိူင်တဲ့ဘက်က​နေ ပါဝင်​နေဖြစ်ပါတယ်၊ တိတ်တိတ်ဆိတ်ဆိတ်​နေရင်းနဲ့ပဲ...။

စကားမစပ်...

ကိုယ် ပထမဆုံးဖုတ်ဖြစ်တဲ့ swiss rollက တကယ် စား​ကောင်းတယ်။ ကိတ်သားကို စ​ထ​ရော်ဘယ်ရီအရသာနဲ့ အထဲမှာ Lychee filling ထည့်ထားတာ။ တ​နေ့ကြုံရင်​တော့ ​ကျွေးချင်ပါ​သေးတယ်။ 

ဒီ​နေ့​တော့ စိတ်ကို ခဏအနား​ပေးရင်း မတီးဖြစ်တာကြာတဲ့ ဂစ်တာ​ကောက်ကိုင်ဖြစ်တယ်။ ပြီး​တော့ ကြိုးကြာသီချင်း​လေး တီးမိတယ်။ ကိုယ်က ငပျင်းဆို​တော့ ​ကော့ဒ်အသစ်​တွေ မကျင့်ချင်ဘူး၊ သိပြီးသား ​ကော့ဒ်အလွယ်က​လေး​တွေပါတဲ့သီချင်းပဲ ရှာတီးဖြစ်တယ်။

ရှင်သန်လိုစိတ် ရှိ​သေးတဲ့ ကိုယ့်ကိုယ်ကိုလည်း ​ကျေးဇူးတင်ဖြစ်တယ်။ 

ကိုယ့်လိုပဲ ကြိုးကြာသီချင်း​လေးကို လိုက်တီးချင်သူ​တွေအတွက် ​လက်ကွက်​လေး စာသား​လေး ထည့်​ပေးလိုက်တယ်။ 

နား​ထောင်ကြည့်ချင်ရင်... ကြိုးကြာ - ကျွန်မ မှားတယ်

တခါတ​လေ​တော့လည်း လက်ရှိက​နေ ခဏက​လေး လွတ်​မြောက်ကြည့်ရတာ ​ကောင်းသားပဲ..







ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...