တစ်နေ့လယ်ခင်းမတော့ ပန်ထရီ-pantryထဲမှာ ကော်ဖီဖျော်နေတဲ့သူ့ကို
ကျွန်မ တွေ့လိုက်ရတယ်။ သူက ခေါင်းတုံးကြီးနဲ့ဖြစ်နေ တာမို့ အကြောင်းရင်းကို မေးကြည့်တဲ့အခါ
ကင်ဆာရောဂါသည်တွေအတွက် ကမ်ပိန်းလုပ်တဲ့အထဲ သူပါဝင်ခဲ့လို့ ခေါင်းတုံး ထားတာလို့ သိလိုက်ရတယ်။
ဟုတ်တာပေါ့၊ ကင်ဆာရောဂါသည်တွေကို ကီမိုသရပီ-Chemotherapyလို့ခေါ်တဲ့
ဆေးသွင်းကုထုံးနဲ့ ကုရတဲ့အခါ ဆံပင်တွေ ကျွတ်လေ့ရှိတာကိုး။ အကြောင်းကိစ္ဓတစ်ခုခုနဲ့ ဆေးရုံသွားတဲ့အခါတွေမှာ
ဦးထုပ်လေးတွေ ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ ကင်ဆာရောဂါသည်တွေကို ကျွန်မ တွေ့ခဲ့ဖူးတာပေါ့။
သူတို့မျက်နှာလေးတွေမှာ တစ်ချို့က မျှော်လင့်ချက်တွေနဲ့၊ တစ်ချို့ကျတော့ မျှော်လင့်ချက်တွေ မဲ့လို့...ခပ်မှိုင်းမှိုင်းမျက်နှာလေးတွေနဲ့ပါ။
တကယ်တမ်းတော့ ကင်ဆာရောဂါမရှိသူတွေက သူတို့နဲ့အတူတူ ခေါင်းတုံးပေးလိုက်ရုံနဲ့ သူတို့ရောဂါတွေ
ပျောက်နိုင်တာမှ မဟုတ်ဘဲနော်...။ ဒါဟာ စိတ်ခွန်အားရဲ့အရေးပါပုံ၊ ခံစားနေရသူ တစ်ဦးတစ်ယောက်ထဲထက် တစ်ခြားသူတွေကပါ လက်ချင်းဆက်ပြီး နွေးထွေးမှုပေးတဲ့အခါ ကူးစက်စီးဆင်းသွားတဲ့ ခွန်အားတွေကို ခံစား အားရှိစေရတာပါပဲ။ သိပ်ပြင်းလွန်းတဲ့ဆေးဝါးတွေနဲ့ အသက်ရှင်သန်ဖို့ မျှော်လင့်နေရတဲ့အခါ
ဆေးပြင်းတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့၊
စိတ်ဓါတ်ခိုင်ကျည်ဖို့က အရေးကြီးလှပါတယ်။
သူ့ရဲ့ နူးညံ့တဲ့ လူသားဆန်စိတ်လေးကို ကျွန်မ အသိအမှတ်ပြုရတယ်။
“သိပ်ကောင်းတဲ့အလုပ်ပဲ”လို့ ကျွန်မ ချီးကျူးခဲ့တော့ သူက တပြုံးပြုံးနဲ့ “သူတို့အတွက်
ငါလုပ်ပေးနိုင်တာ ဒါပဲရှိတာလေ၊ စိတ်ဓါတ်ခွန်အားပေါ့”လို့ဆိုတယ်။
ကျွန်မ ခေါင်းညိတ်ပြလိုက်ရင်း
ရေဘူးကို ရေထပ်ဖြည့်ပြီးတဲ့အခါ ကိုယ့်စားပွဲဆီ ကိုယ်ပြန်လာခဲ့တယ်။
ကျွန်မထိုင်ခုံမှာ ပြန်ထိုင်လိုက်ချိန်... ပြီးခဲ့တဲ့နှစ်
သြဂုတ်လထဲက ရက်တစ်ရက်မှာ သူ ကျွန်မစားပွဲနား အရောက်လာခဲ့တာကို သတိရမိပြန်တယ်။
“ငါ တကယ်ပဲ ဝမ်းနည်းပါတယ်...”
ကျွန်မက သူ့မျက်နှာကို မော့ကြည့်လိုက်ချိန်မှာ သူ ပြောလာခဲ့တာ။
ကျွန်မက မျက်ခုံးတွေပင့်လိုက်ရုံရှိသေး သူက ဆက်ပြောပြန်တယ်။
“ဒီနေ့က ၈ရက် ၈လလေ၊ မင်းတို့မြန်မာပြည်သူတွေနဲ့အတူ ငါ
ကြေကွဲဝမ်းနည်းကြောင်း မင်းကို လာပြောပြတာပါ” တဲ့....။
၈လေးလုံးနှစ်ပတ်လည်နေ့မို့ သူက ဝမ်းနည်းကြောင်း တကူးတကန့်လာပြောတာကိုးလို့
သိလိုက်တော့ ကျွန်မ သူ့ကို လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်မိပါတယ်။ “ကျေးဇူးတင်ပါတယ်၊ တစ်နေ့တော့ ကျွန်မတို့မျှော်လင့်ချက်တွေ
ဖြစ်လာနိုင်မှာပါ”လို့ ကျွန်မ ပြန်ပြောမိပါရဲ့။
သူ မြန်မာ့နိုင်ငံအရေးကို စိတ်ဝင်စားတာ ကျွန်မတို့ စသိကြကတည်းက
ကျွန်မ ကောင်းကောင်းကြီး သတိထားမိသားပဲ။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျွန်မတို့ရုံးမှာ လူသစ်တွေကို
ကြိုဆိုတဲ့နေ့လယ်စာကို ရုံးက ကျွေးခဲ့တဲ့နေ့ပေါ့။ ကြိုတင်မှာကြားထားတဲ့ စားသောက်ဆိုင်ကို
ကျွန်မတို့ရောက်သွားတဲ့အခါ သူတို့ဌာနက လူတွေကဖြင့် ရောက်လို့တောင် စားပွဲမှာနေရာယူထားပြီးနေပြီ။
ကျွန်မလည်း အဆင်သင့်ရာ ဝင်ထိုင်လိုက်တာ သူနဲ့ တစ်ခုံကျော်မှာ ဖြစ်နေပါတယ်။ သူတို့က
T.S. Dept.လို့ခေါ်တဲ့ Transaction Security Dept.မှာဖြစ်ပြီး ကျွန်မကတော့ Finance
Dept.ကပါ။ စားသောက်ပြီးကြတဲ့အခါ တစ်ယောက်ချင်းစီ မိတ်ဆက်စကားအနည်းငယ် ပြောကြဖို့ အစီအစဉ်ဖြစ်ပါတယ်။
ပြောရမယ့် အကြောင်းအရာအကြမ်းဖျဉ်းက နာမည်၊ ဘယ်နိုင်ငံကလာတယ်၊ ပညာရေး၊ အလုပ်အတွေ့အကြုံနဲ့
ဝါသနာတွေပါ။
ကျွန်မက ကျွန်မနာမည် ဘယ်သူဘယ်ဝါပြောအပြီး မြန်မာနိုင်ငံသူပါလို့
ပြောလိုက်တဲ့အခါ “Great” ဆိုတဲ့ သူ့အသံတစ်သံထဲ ထွက်လာခဲ့တာ။ နောက်တော့ ကျွန်မ အီကိုနဲ့ကျောင်းပြီးတဲ့အကြောင်း၊
အလုပ်အနေနဲ့ ဒါက ၄ ခုမြောက်ဖြစ်ပြီး အရင်အလုပ်တွေနဲ့ လုပ်ငန်းသဘောသဘာဝချင်း လုံးဝမတူတာကြောင့်
ဒီအလုပ်ကို စိန်ခေါ်မှုအသစ်တစ်ခုအနေနဲ့ ရွေးချယ် ခဲ့ကြောင်းတွေ ပြောပြဖြစ်ခဲ့ပါတယ်။ ကျွန်မက
ဘလော့ဂ်ဂါတစ်ယောက်၊ ပြီးတော့ ပန်းချီဝါသနာပါတယ်။ ဓါတ်ပုံရိုက် ဝါသနာပါတယ်ဆိုတဲ့အကြောင်းတွေ
ဆက်ပြောခဲ့ပါတယ်။ ကျွန်မပြောပြီးတဲ့အခါ သူက ကျွန်မထိုင်ခုံဘေးကလူနဲ့ နေရာချင်း လဲပြီး
ကျွန်မဘေးလာထိုင်ပါတော့တယ်။
US MNC Companyတစ်ခုအနေနဲ့ တစ်ခြားနိုင်ငံပေါင်းစုံက လူမျိုးခြားတွေများပေမယ့်
မြန်မာရယ်လို့ ကျွန်မတစ်ယောက်ထဲ ရှိတာကိုး။ နေ့လည်စာအတူစားခဲ့ကြရတဲ့ ဝန်ထမ်းအသစ်တွေက
အိန္ဒိယ၊ ဖိလစ်ပိုင်၊ အော်ဇီ၊ ပြင်သစ်၊ တရုတ်နဲ့ အင်ဒိုနီးရှားကတစ်ယောက်၊ မြန်မာက ကျွန်မတစ်ယောက်ပေါ့လေ။
ကျွန်မအပါအဝင် လူသစ်တွေ ၁၅ယောက်လောက် ရှိပါတယ်။
သူက မြန်မာပြည်မှာ ကုလသမဂ္ဂဝန်ထမ်းအဖြစ် ၆လကြာနေခဲ့ဖူးတဲ့အကြောင်း၊ သူ့တာဝန်က Drug control နဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်း၊
သူ မုန့်ဟင်းခါးသိပ်ကြိုက်တဲ့အကြောင်းတွေ ပြောပြပါတယ်။
ကျွန်မနဲ့ပြောတဲ့အခါ မြန်မာလို ကြိုးစားပြီးပြောရှာတယ်။ သူ မသိတဲ့စကားလုံးတွေပါလာရင်တော့ အင်္ဂလိပ်လိုကြားညှပ်ပြောတာပေါ့လေ။
ဘာသာစကားလေ့လာတာကို နှစ်သက်တဲ့အလျောက် ၆လတာဝန်ပြီးလို့ မြန်မာနိုင်ငံကနေ ပြင်သစ်ပြန်ရောက်တဲ့အခါ
ပြင်သစ် တက္ကသိုလ်မှာ မြန်မာစာအရေးအပြောကို ၁နှစ်ကြာသင်ယူခဲ့သေးတယ်လို့လည်း ပြောပြတယ်။
သူက ကွမ်းစားရတာကို သိပ်ကြိုက်တယ်လို့လည်း ပြောသေးတယ်။ ကျွန်မက “ကွမ်းစားတာ မကောင်းဘူး၊
လည်ချောင်းကင်ဆာဖြစ်နိုင်တယ်”ဆိုတော့ သူက ဘာပြောတယ်မှတ်လဲ၊ "ဒါပေမယ့် ကျွန်တော်
သိပ်ကြိုက်တယ်၊ သိပ်စားကောင်းတယ်"လို့ မြန်မာလို ပီပီသသကြီး ပြန်ပြောတာမို့ ကျွန်မမှာ
ရယ်ချင်ပက်ကျိဖြစ်ရသေးတယ်။ ပြီးတော့ သူ့ကိုယ်သူ
မြန်မာနာမည်ပေးထားတာ "ကိုကျော်နိုင်" တဲ့။
“ဒါနဲ့ ရှင့်ရဲ့
drug control ကိစ္စလေးပြောပြစမ်းပါဦး။ အောင်မြင်ရဲ့လား" လို့ (သိသိကြီးနဲ့) ကျွန်မက
မေးတော့ သူက မျက်နှာကို ရှုံ့ပြပြီး ပခုံးကို ဟန်ပါပါတွန့်ပြလေတယ်။ မူးယစ်ဆေးနဲ့ပတ်သက်လို့
ထိုင်းနဲ့မြန်မာတို့ရဲ့ တစ်နိုင်ငံနဲ့တစ် နိုင်ငံ finger pointing game ကစားနေတဲ့အကြောင်းလည်းပါရဲ့။ နောက်တော့လည်း ထုံးစံအတိုင်း နိုင်ငံရေးတွေဘက် စကားလမ်းကြောင်း လှည့်ဖြစ်ကြပါတယ်။။
ခုချိန်မှာ သိပ်ဟော့ဖြစ်နေတဲ့ အယောက် ၇ဝဝဝကျော်တဲ့ လှေစီးသူများအကြောင်းသာ
အဲ့ဒီတုန်းက မေးခွန်းတစ်ခုဖြစ်ခဲ့ရင် သိပ်ကောင်းမှာပါပဲ။ ကျွန်မမှာ ပြောစရာတွေ အများကြီးရှိနေတာကိုး။
နိုင်ငံတွေ တစ်ခုနဲ့တစ်ခု လူသားချင်းစာနာမှု ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ Human
Ping Pong လုပ်နေတာကြီးကို သရော်ချင်စိတ်သာရှိတော့တာ။
သူက မြန်မာနဲ့ကိုရီးယား (၂)နိုင်ငံရဲ့ ၁၉၆၀နောက်ပိုင်း
ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို ယှဉ်ထိုးတဲ့ စာတမ်းတစ်ခု ရေးခဲ့ဖူးတယ်လို့လည်း
ပြောပြတယ်။ ၁၉၆၀မှာ မြန်မာက အာရှမှာ ထိပ်ဆုံးကရှိနေပြီး ရန်ကုန်တက္ကသိုလ် ဘယ်လောက်ကောင်းပြီး
ဘယ်လောက်နာမည်ကြီးကြောင်း၊ အိမ်နီးချင်းတိုင်းပြည်တွေက ပညာ လာသင်ရတဲ့အကြောင်း၊ ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ
နောက်ပိုင်း ပို ပိုဆိုးဝါးလာတဲ့ တိုင်းပြည်အခြေအနေတွေအကြောင်း ကျွန်မပြောပြတော့ သူကလည်း
ထောက်ခံတဲ့အနေနဲ့ ခေါင်း တညိတ်ညိတ်ပေါ့။ နောက်တော့ ကိုရီးယား(တောင်ကိုရီးယား)က တိုးတက်လာတာတွေ၊
ခုတော့ဖြင့် မြန်မာရဲ့အရှေ့ အများကြီးကျော်တက်သွားခဲ့ပြီဆိုတာတွေပေါ့လေ...။
သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန်မှ လေးစားသူ ဖြစ်သလို၊ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြောင်း ရောက်သွားကြတဲ့အခါ
တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ကျွန်မလိုပဲ ကချင်ခေါင်းဆောင် ဂျန်နရယ်ဂွမ်မော်ကို သဘောကျချီးကျူးတဲ့သူ
ဖြစ်နေပြန်တယ်။ ဂျန်နရယ်ဂွမ်မော်က ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပြီး
အမြော်အမြင်ကြီးတယ်။ စကားပြော ပါးနပ်လိမ္မာတဲ့လူဖြစ်တယ်။ သူပြောဆိုပုံ သူ့မျက်နှာကြည့်ရတာ
စိတ်ရင်းရိုးသားတဲ့လူလို့ ဖော်ပြနေသလိုပဲလို့ ကျွန်မတို့ပြောမိကြပါတယ်။
သူရော ကျွန်မပါ မသိနိုင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကြီးကဖြင့်
နီးမလိုလိုနဲ့ ဝေးလွန်းနေတယ်။ အဲဒီတုန်းက လောက်ကိုင် တိုက်ပွဲလည်း မဖြစ်သေးတော့ ဗိုလ်ချုပ်ကြီးဟောင်းလက်ထက်မှာ
ဗကပလက်အောက်က ခွဲထွက်လာတဲ့ ကိုးကန့်တပ်-ဖုန်ကျားရှင်တို့နဲ့ ငြိမ်းချမ်းရေးယူပြီး ကိုးကန့်ဒေသကို
ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့တဲ့ အဖြစ်တွေရဲ့ နောက်ဆက်တွဲမီးပွားတွေ အကြောင်း မပြောဖြစ်ခဲ့ကြပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားက အပြန်အလှန်လက်စားချေမှု
အာဃာတတွေဟာ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာနဲ့ ဝေးသထက်ဝေးလာစေခဲ့တော့တာ။ တပ်မတော်က တိုင်းရင်းသားရွာသားတစ်ဦးကို
သေနပ်နဲ့ ပစ်သတ်ခဲ့လို့၊ ရွာသူတွေကို မတရားပြုကျင့်ခဲ့လို့၊ တိုင်းရင်းသားရွာသားတွေက
အလစ်ပြန်ချောင်း တိုက်ခိုက်ပြီး သတ်ပစ်တယ်ဆိုတာတွေ...။ ကျွန်မ ကြားဖူးနေခဲ့တာ...။ ဘယ်တော့မှ
အဆုံးသတ်ပါ့မလဲ...ကျွန်မ မသိနိုင်ပါ။
အဲဒီနေ့က မြန်မာပြည်နဲ့ပတ်သက်လို့ တော်တော်များများပဲ ပြောဖြစ်ခဲ့ကြပါတယ်။
ရုံးကို ပြန်ရောက်တဲ့အခါ ကျွန်မ ပန်ထရီမှာ သောက်ရေသွားဖြည့်တော့ သူနဲ့ ကြုံပြန်ပါရော။ သူကလည်း ကြုံတာနဲ့ ကျွန်မကို မြန်မာလိုတွေ ပြော၊
သူ သိချင်တဲ့ မြန်မာစကားလုံးတွေ မေးနဲ့၊ တကယ်ပဲ စိတ်ဝင်တစားရှိလှသလို နောက်လည်း ကြုံရင်
မြန်မာလို သင်ပေးပါဦးလို့ ဆိုပါတယ်။ သူ့ဘေးနားက အော်ဇီသားက you're trapped ဆိုပြီး
ကျွန်မကို နောက်တော့ သူက တဟားဟားနဲ့ အော်ရယ်ပြန်တယ်လေ။ ခင်စရာအတော်ကောင်းတဲ့သူတွေပါပဲ။
အားလုံးက ဖော်ရွေခင်မင်ချင်စဖွယ်တွေပါ။
သူက ကျွန်မတို့ဆီက တောင်သူတွေ လယ်ယာမြေအသိမ်းခံရတဲ့အကြောင်းကိုလည်း
မေးပါသေးတယ်။ ကျွန်မ ရေရေရာရာပြန်မပြောနိုင်ခဲ့တဲ့ မေးခွန်းပါပဲ။ ခုလိုသာ စစ်ကိုင်းတိုင်းက
ထန်းတက်တောင်သူတွေပိုင်တဲ့ လယ်ယာမြေတွေကို မြို့ပြစီမံကိန်းအတွက်၊ ရဲတပ်ရင်းတည်ဆောက်ဖို့အတွက်ဆိုပြီး
သိမ်းခံလိုက်ရတဲ့အခါ လယ်ယာမြေလုပ်ကိုင်တာကလွဲလို့ ဘာမှ မလုပ်ကိုင်စားတတ်တဲ့တောင်သူတွေ
တောင်းစားရတဲ့ အဖြစ်ကို ရောက်ကြရတော့တယ်ဆိုတာများ သူသိရင်...။ ရှမ်းပြည်ဘက်က တောင်သူတစ်ဦး မိမိပိုင်လယ်ယာမြေတွေ
ပြန်ရဖို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်တော်မီးရှို့ဆန္ဒပြရာက သေဆုံးသွားကြောင်းဆိုတာကို သူသိရင် ဘယ်လို ကောက်ချက်ချမလဲ ကျွန်မ သိချင်မိတယ်။ ကျွန်မတို့လူမျိုးတွေ…ကံ
ကံ၏အကျိုးပေးတွေကို ယုံကြည်လက်ခံသူတွေ ဖြေသိမ့်ပြောနေကျလို ကံပေါ့ကွာ လို့တော့ သူ ပြောမယ်မထင်ပါ။
တစ်ရက်မှာ သူက ကျွန်မကို သေးသေးနဲ့နည်းနည်းဆိုတာ ဘယ်လိုကွာသလဲလို့
မေးလာပါတယ်။ ကျွန်မဖြင့် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိအောင် ဖြစ်သွားရတယ်။ နောက်မှ “သေးသေးဆိုတာက
မျက်စေ့နဲ့မြင်ရတဲ့ အရွယ်အစားပမာဏကို ပြောချင်တဲ့အခါ သုံးရမှာဖြစ်ပြီး နည်းနည်းဆိုတာကတော့
အရွယ်အစားမဟုတ်လည်းဘဲ သုံးလို့ရတယ်။ ဥပမာ ငါ ခေါင်းနည်းနည်းကိုက်နေတယ် အဲသလိုမျိုးပေါ့”လို့
ရှင်းပြရတယ်။ သူက နားလည်သွားဟန်နဲ့ “အော...အိုခေ ကျေးဇူးပါ ခင်ဗျာ”လို့ဆိုတယ်။ ညနေတွေမှာ
သူ ရုံးကပြန်လို့ ကျွန်မက ကျွန်မစားပွဲမှာပဲ အလုပ်များနေတာကို တွေ့တဲ့အခါတိုင်း “အိမ်
စောစောပြန်ပါခင်ဗျာ”လို့ မြန်မာလို လှမ်းပြောတတ်တယ်။
သူက သူ့နာမည် ကိုကျော်နိုင်ဆိုတာကို သိပ်သဘောကျတဲ့ သူပါ။
နိုင်ဆိုတာက အောင်နိုင်ခြင်း၊ ကျော်ဆိုတာ ကလည်း ကျော်လွှားနိုင်ခြင်းဆိုတော့ သိပ်ကိုအဓိပ္ပါယ်ရှိတဲ့နာမည်ပဲလို့ဆိုတယ်။
အဲသလိုနာမည်တွေ ကျွန်မတို့မြန်မာပြည်မှာ သိပ်ကို ပေါများကြောင်း၊ အမျိုးသားအများစုနာမည်တွေက
ကျော်တို့ နိုင်တို့ဖြစ်ကြောင်းတော့ ကျွန်မ ပြောမပြဖြစ်ခဲ့ပါဘူး။ ခုထိလည်းပဲ ရုံးမှာ
ကြုံရင်ကြုံသလို သူသိချင်တဲ့မြန်မာပြည်အကြောင်း၊ မြန်မာစကား အဲဒါတွေကို ကျွန်မနဲ့တွေ့တိုင်း
မေးမြန်းနေဆဲပါ။ သူ့မှာ လူသားဆန်တဲ့စိတ်ထားလှလှလေးရှိနေတယ်။ ကိုယ်ချင်းစာတရားလေး ကိန်းနေတယ်။
အဲဒါ ကျွန်မ သူ့ကို ခင်မင်ရတဲ့အကြောင်းရင်းပါပဲ။ ကျွန်မနဲ့ကိုကျော်နိုင်က လူမျိုးမတူ၊
ဘာသာစကား မတူ၊ ယဉ်ကျေးမှု အလေ့အထတွေ မတူကြပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခင်မင်ပေါင်းသင်းလို့
အဆင်ပြေနေကြပါတယ်။
ကျွန်မတို့တွေမှာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားနေကြတာတွေ
အများကြီး ရှိကောင်းရှိကြမှာပါ။ အဲသလို မတူကွဲပြားတာတွေကို ကြည်လင်တဲ့အမြင်နဲ့လက်ခံနိုင်မှသာ
မတူကွဲပြားခြင်းရဲ့အလှကို နားလည်နိုင်မှာ။ ကျွန်မ တစ်ခါရေး ခဲ့ဖူးပါတယ်။ ဂစ်တာတစ်လက်မှာ
အသံအထူအပါးမတူညီတဲ့ ကြိုးခြောက်ကြိုးကနေ လှပတဲ့တေးသွားတွေ ဖြစ်နိုင်သလို၊ စန္ဒယားတစ်လုံးရဲ့
ဆန့်ကျင်ဘက်အရောင် ခလုတ်အဖြူအမဲတွေကနေ ငြိမ့်ညောင်းတဲ့သံစဉ်တွေ ဖန်တီးနိုင်သလို...
မတူညီခြင်းရဲ့ပေါင်းစပ်မှုကနေရလာတဲ့ အသီးအပွင့်တွေကို ကျွန်မတို့အားလုံး ကြည်ကြည်ဖြူဖြူ
နားလည်လက်ခံ ကြစေချင်တာပါပဲ။
ဂျာမဏီမှာရှိတဲ့ပြတိုက်များစွာထဲက တစ်တိုက်ဖြစ်တဲ့ Holocaust
Museumမှာ ဝင်ဝင်ချင်းမှာပဲ ပေးချင်တဲ့ မက်ဆေ့ခ်ျကို ခုလို ရေးသားထားပါတယ်။ Never
again, Never again , Never again &
Never again ဆိုပြီးတော့ကို အကြိမ်ကြိမ်ရေးသားထားတာဖြစ်ပါသတဲ့။
“The incredible number was 6,000,000 forty percent
of the Jewish population of the world, all deserving of life and dignity, all
killed senselessly by the Nazis because they were Jewish. Keep their memory
alive forever.”
ကမ္ဘာပေါ်မှာရှိတဲ့ ဂျူးလူမျိုးတွေ…
သူတို့ဘဝ သူတို့ဂုဏ်သိက္ခာရပ်တည်မှုတွေနဲ့ထိုက်တန်စွာ ရှင်သန်နေရမယ့် ဂျူးလူမျိုးတွေ...
သူတို့ရဲ့ ၄ဝရာခိုင်နှုန်းဖြစ်တဲ့ ဂျူး ၆သန်းကျော်(မယုံနိုင်စရာ လူဦးရေပါပဲ)ကို နာဇီတွေက အကြောင်းမဲ့ ရက်စက်စွာ သတ်ပစ်ခဲ့ပါသတဲ့။ အကြောင်းမဲ့တော့ မဟုတ်ဖူးပေါ့လေ။ အကြောင်းရင်းခံက သူတို့ဟာ ဂျူးလူမျိုးတွေ ဖြစ်နေလို့ပါပဲ တဲ့။ ဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ကြဖို့…ဒီလိုအကျင့်တန်တဲ့၊ အရုပ်ဆိုးတဲ့ဖြစ်ရပ်မျိုးကို ဘယ်တော့မှ မမေ့ကြဖို့၊ နောက်ထပ်စ်ခါ ထပ်မမှားကြဖို့ အထပ်ထပ်အခါခါ သတိပေးထားပါသတဲ့....။
သူတို့ဘဝ သူတို့ဂုဏ်သိက္ခာရပ်တည်မှုတွေနဲ့ထိုက်တန်စွာ ရှင်သန်နေရမယ့် ဂျူးလူမျိုးတွေ...
သူတို့ရဲ့ ၄ဝရာခိုင်နှုန်းဖြစ်တဲ့ ဂျူး ၆သန်းကျော်(မယုံနိုင်စရာ လူဦးရေပါပဲ)ကို နာဇီတွေက အကြောင်းမဲ့ ရက်စက်စွာ သတ်ပစ်ခဲ့ပါသတဲ့။ အကြောင်းမဲ့တော့ မဟုတ်ဖူးပေါ့လေ။ အကြောင်းရင်းခံက သူတို့ဟာ ဂျူးလူမျိုးတွေ ဖြစ်နေလို့ပါပဲ တဲ့။ ဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ကြဖို့…ဒီလိုအကျင့်တန်တဲ့၊ အရုပ်ဆိုးတဲ့ဖြစ်ရပ်မျိုးကို ဘယ်တော့မှ မမေ့ကြဖို့၊ နောက်ထပ်စ်ခါ ထပ်မမှားကြဖို့ အထပ်ထပ်အခါခါ သတိပေးထားပါသတဲ့....။
ဂျာမဏီမှာ လူငယ် ကျောင်းသားတွေကို ပြတိုက်သွားခိုင်းလေ့ရှိပြီး
ရှက်စဖွယ်သိပ်ကောင်းတဲ့ဒီအဖြစ်အပျက်ကြီးကို ဘယ်တော့မှ နောက်တစ်ကြိမ်ပြန်မဖြစ်စေဖို့
အကြိမ်ကြိမ်သတိပေးလေ့ရှိပါတယ်။ ဒါဟာ “ငါနဲ့အသွင်မတူ ငါ့ရန်သူ”ဆိုတဲ့ စိတ်ဓါတ်ကို ခွာချခိုင်းလိုက်တာပါပဲ။
နာဇီတွေ ဂျူးတွေ မတူကွဲပြားနေလည်းပဲ လူသားချင်းအတူတူမဟုတ်လားဆိုပြီး အင်မတန်အရုပ်ဆိုးတဲ့သမိုင်းကြောင်းကို
မဖုံးဖိထားတဲ့အပြင် တမင်ဖော်ထားကာ ကမ္ဘာလှည့်ခရီးသည်တွေ၊ လူငယ်တွေကို အသိပေးထားတာဟာ သိပ်ကိုသဘောကျစရာပါ။
ကမ္ဘာပေါ်မှာ....၊ ကျွန်မတို့မြန်မာပြည်မှာ... လူမျိုးတွေ
လူမျိုးစုတွေ ဘယ်လောက်ပဲ ကွဲပြားခြားနားနေပါစေ၊ မတူညီခြင်းရဲ့ကွဲပြားမှုအလှတရားကိုသာ
ကျွန်မတို့အားလုံး နားလည်လက်ခံကြဖို့ပဲမဟုတ်လား...
Image : Google