ထွေရာ-၁ပါး
သူ့ ကျန်းမာရေးခုတလော အိမ်ကလူကြီးရဲ့ ကျန်းမာရေးက အတော်လေး ထူထူထောင်ထောင် ရှိလာပါပြီ။ တပတ်လောက် သူ အိပ်ရာထဲ လဲနေချိန်တွေတုန်းက ကျမဖြင့် အတော်လေး ကသီခဲ့တာ။ ရုံးအလုပ် တဘက်၊ ချက်ရေးပြုတ်ရေး တဘက်၊ သူ့ပြုစုရတာက တဘက် ဒီကြားထဲ ဘလော့ဂ်ကလည်း ရေးချင်သေးတာ ဆိုတော့ကာ...။ ည ညတွေဆို အိပ်ချိန်ထဲက ဖဲ့ပြီး စာလေး တကြောင်းရ ရ ရေးထား၊ ပုံလေး တပုံပဲ ဖြစ်ဖြစ် အပ်လုပ်ဒ် လုပ်ထားနဲ့ မူးစု ပဲစု ကုလားစု စုပြီး ပိုစ့်လေးတွေ တင်နေရရှာတာ။
သူ့ရောဂါကလည်း ဘာဖြစ်မှန်းမသိ။ မနက်ဆို အကောင်း၊ ညနေ ညနေဆို ဦးခေါင်းခွံကြီး ဆွဲချွတ်ထားချင်လောက်အောင် ခေါင်းမူးသတဲ့။ ကိုက်လည်း ကိုက်သတဲ့။ ဆေးခန်းလဲ စုံ၊ ဆေးလည်း စုံနေပြီမို့ သူ့မှာ ဒီတောင်မှ ကျော်နိုင်ပါတော့မလားနဲ့ စိတ်ဓါတ်တွေကျ၊ သူတယောက်တည်း ရှိနေချိန်မှာ အင်တာနက်ထဲက ဘရိန်းကျူမာတို့ ဘရိန်းကင်ဆာတို့ရဲ့ ရောဂါ အသွင်အပြင်တွေ ရှာဖွေဖတ်ပြီး တူလှချည့် ဆိုပြီး စိတ်ကထင်၊ အမေ့ကိုလည်း အမေ့သမီးကို ဂရုစိုက်နော်လို့ ငိုသံပါကြီးနဲ့ မှာလိုမှာ။
ဖြစ်ရမယ်လေ။ သူက ကျမလို ဂီလာနမှ မဟုတ်ပေတာပဲ။ အင်မတန် ကျမ်းမာသူ၊ ဆေး လုံးဝ မသောက်သူကိုး။ ခုလို ဆေးတွေကို ပဲလှော်လို စားနေရင်းက မပျောက်တဲ့အခါ သူ စိတ်ဓါတ် ကျလာတော့တာ။ ဆရာဝန်နဲ့ တွေ့ဖို့ ဆေးရုံမှာ ရက်ချိန်းယူတော့လည်း ဧပြီလကျမှ ရက်က ရတယ်။ မစောင့်နိုင်ဘူးလေ သူက ခုကို ပြချင်တော့တာ။ ခေါင်းမထူနိုင်အောင် အိပ်ရာထဲ လဲနေတာ ဆိုတော့လည်း သူ ဘယ်လိုမှ ဆက်ပြီး မခံစားနိုင်တော့ဘူးပေါ့လေ။ ဒါနဲ့ပဲ အရေးပေါ်ဌာနကို နှစ်ယောက်သား သွားခဲ့လိုက်ကြတော့တယ်။
ဟော...သက်သာချင်တော့လည်း ဆေးရုံက ဆရာဝန် ပေးလိုက်တဲ့ဆေး တခါသောက် ၂လုံး၊ တနေ့ ၃ကြိမ်နဲ့ကိုပဲ ကောင်းနေပြန်ရဲ့။ ဘာဆေးလဲ ဆိုတော့ကာ ပါရာစီတမော....။ အံ့ဩတယ် တကယ်ပါပဲ။ ဒါပေမဲ့လို့ ရောဂါ အကြောင်းရင်းကို ရှာဖွေဖို့တော့ အာရုံကြောဆရာဝန်နဲ့ ရက်ချိန်းယူထားပါသေးတယ်။ သူ နေမကောင်းစဉ်က အိမ်အထိ သတင်းမေး လာကြသူများ၊ မက့်ဆေ့ခ်ျပို့ ပြီး မေးသူများ၊ ဖုန်းနဲ့တမျိုး ဖဘမှာတဖုံ သတင်းမေးလာကြသူများ၊ အကြံဉာဏ်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ရပါတယ်။
သူ့တော့ လူချစ် လူခင် များကြသား။ ကျမ နာမကျန်းဖြစ်ရင်သာ ဘယ်လိုနေမယ် မပြောတတ်ဘူး။ အေးလေ ဝန်ကတော် တကျပ်၊ ဝန်သေတော့ တမတ် ဆိုကြသမို့လား...။
ထွေရာ-၂ပါး
ဗီဗာဟိန်း စီစဉ်သူအတွက် စာယူတျူ့မှာ လျမ်းလျမ်းတောက်နေတဲ့ ဗူးသီးမ...ဆောရီး သည်းခံပါရှင်။ ဗူးသီးမှ အရီးလာမတော်နဲ့ဟယ် ဆိုတဲ့ ဗီဗာဟိန်း...။ အဲဒီ ဗီဗာဟိန်းအကြောင်း မပြောချင်ပါဘူး။ ဒါက ထူးမှ မထူးဆန်းပါကပဲလား။ ခုခေတ်ကြီးကိုကမှ ရဲရမဲ့ခေတ်။ လုပ်ရဲရမယ်။ ကြောင်ရဲရမယ်။ ပေါရဲရမယ်။ ဝတ်ရဲ စားရဲရမယ်။ အော်ရဲ ဟစ်ရဲရမယ်။ ခုန်ပေါက်ရဲ လှူပ်ယမ်းရဲရမယ်။ အဲဒီရဲတွေနဲ့ တခုမဟုတ် တခု ငြိရဲရင် နာမည်ကြီးတာပဲ။ အရည်အချင်း ပြည့်မီစွာနဲ့ နာမည်ကြီးသူများကို မဆိုလိုပါ။ ဒီတော့ အဲဒီဖော်မြူလာနဲ့ လူသိများလာတဲ့ ဗီဗာဟိန်းကို အထူးအထွေ မပြောလိုပါ။ ပြောကို မပြောလိုပါ။ အနဲဆုံးတော့ အရုပ်မပါ အသံချည်းပဲ နားထောင်ရင် ပို စိတ်ချမ်းသာတာပဲ မဟုတ်ပါလား။
ပြောစရာ ရှိတာက ကျမကို အံ့ဩစေတဲ့ စီစဉ်သူ ဥူးပဇ္ဇင်းကိုပါ။ စီစဉ်သူဟာ တကယ်ပဲ သာသနာ့ဘောင်ထဲက အစစ်အမှန် သံဃာတော်တပါးသာ ဖြစ်ရင် ဒီလုပ်ရပ်ဟာ အင်မတန် မသင့်လျော်လှတာပါ။ များပြားလှတဲ့ သိက္ခာပုဒ်တွေကို စောင့်ထိန်းနေရတဲ့ သံဃာတော်၊ ဘုရားသားတော်တပါး မဆိုထားနဲ့ ကျမတို့လို လူပုဂ္ဂိုလ်တွေတောင် ၉ပါးသီလစောင့်ထိန်းတဲ့အခါ နစ္စ၊ ဂီတ ဆိုတဲ့ သီလကို စောင့်ထိန်းရသေးတာ။ ဒီသိက္ခာပုဒ်ဟာ တေးဂီတ အကအခုန် စတာတွေကို ကိုယ်တိုင်လည်း မလုပ်၊ သူများတကာ လုပ်ဆောင်တာကိုလည်း အားမပေးရဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။
ဝါသနာဆိုတာကတော့ ရဟန္တာပုဂ္ဂိုလ်ကြီးတွေတောင် အငွေ့အသက် ကျန်ရှိနေသေးတာ။ ဝါသနာအငွေ့အသက်နှင့်တကွ အလုံးစုံသော ကိလေသာတို့ကို ပယ်သတ်နိုင်သူဟာ အဆူဆူ ပွင့်ခဲ့ပြီးသော ဘုရားရှင်ကိုယ်တော်မြတ်များပဲ ပယ်သတ်နိုင်တာပါ။ ဒီတော့ ဥူးဇင်းရယ် ဝါသနာပါရင်လည်း ဓမ္မတေးသီချင်းလေးတွေလောက် စီစဉ်ပါလို့သာ မေတ္တာရပ်ခံချင်တော့တာပါပဲ။
ထွေရာ-၃ပါး
တူမလေး မွေးနေ့ကျမရဲ့ တူမလေး ဒီနေ့ပဲ ၈လပြည့်ပါတယ်။ သူ ကျမတို့ဆီကို ရောက်နေခိုက် အမှတ်တရ မိသားစု၊ သူငယ်ချင်းတွေ ဖိတ်ကြားပြီး မွေးနေ့ပွဲ သေးသေးလေး လုပ်ပေးခဲ့ပါတယ်။ မိုးတွေ စွေရွာနေတဲ့ အချိန်မှာ
မွေးသူမို့ အိမ်နာမည် မိုး-Rain လို့ ပေးထားပါတယ်။
ချစ်ရသော တူမလေး ဘဝတလျှောက် အစစအရာရာ စိတ်သွားတိုင်း ကိုယ်ပါ၊ ကျန်းမာ ချမ်းသာ၍ သာသနာပြုနိုင်သော၊ မိဘကျေးဇူး ဆပ်နိုင်သော သမီးကောင်း ရတနာလေး ဖြစ်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။
ထွေရာ-၄ပါး
ဒီနေ့ ချက်စားတဲ့ဟင်းဝက်သား မန်ကျည်းနှစ်ချက်...
လွယ်ပါတယ်။ ပုံမှန် ချက်နေကျအတိုင်း ဝက်သားကို လုံးချက်ပါတယ်။ ဝက်သား ကီလိုဝက်လောက်ပါ။ အခေါက် နူးခါနီးတော့မှ ကြက်သွန်နီ ဥသေးသေးလေးတွေ အလုံးလိုက် ထည့်ပါတယ်။ ပြီးမှ ခပ်ပျစ်ပျစ် ဖျော်ထားတဲ့ မန်ကျည်းနှစ်လေး ထည့်ပါ။ လျို့ဝှက်ချက်က ထန်းညက်ခဲ တခဲကို လေးစိတ် စိတ်ပြီး တစိတ်လောက် ဟင်းအိုးထဲ ပစ်ထည့်လိုက်တာပါ။ အဲဒီအခါ မန်ကျည်းနှစ်ရဲ့ အချဉ်ရယ်၊ ထန်းညက်ခဲရဲ့ အချိုရယ်၊ ကြက်သွန်နီဥ အနှစ် အိအိလေးရယ်၊ နူးနေတဲ့ ဝက်သားအဆီ တုန်တုန်လေးရယ်....။ အင်မတန်မှ အရသာ အစပ်အဟပ် ညီတဲ့ ဝက်သား မန်ကျည်းနှစ်ချက်လေး စားဖို့ အဆင်သင့်ရပြီပေါ့။
ဘရိုကိုလီနဲ့ အဘယ်လုံနီ...
အဘယ်လုံနီ...ဆိုတာ ပင်လယ်စာ တမျိုးပါ။ ဝယ်မစားပါဘူး။ တရုတ်နှစ်ကူးတုန်းက ရုံးက မဲဖောက်ပေးတဲ့ အထဲ ပါလာလို့ အမေလည်း ရှိနေတုန်း စားဖူးအောင် ချက်ဖြစ်လိုက်တာပါ။ ဘရိုကိုလီ-ပန်းဂေါ်ဖီစိမ်းကို ဆီနဲနဲနဲ့ ရေလေး ဖြန်းဖြန်းပြီး အရင်ကြော်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ခပ်ဆတ်ဆတ်လေး ရှိတဲ့အခါ လှီးထားတဲ့ အဘယ်လုံနီကို ထည့်၊ သူက ကျက်ပြီးသားမို့ သိတ်ချက်နေဖို့ မလိုပါဘူး။ ခရုဆီ...အနည်းငယ်ဖြစ်ဖြစ် ထည့်ပါ။ ကျမကတော့ အိမ်မှာ အသင့်ရှိနေတဲ့ အဘယ်လုံနီဆော့စ်ကိုပဲ သုံးလိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေးနဲနဲ ဖြူး၊ အချိုအငံ မြည်းပြီး အဆင်ပြေတယ်ဆို စားလို့ ရပါပြီ။ ကျမကတော့ ဟင်းရည်သောက် မပါတာမို့ အရည် ခပ်ပက်ပက်လေးနဲ့ ဆမ်းစား၊ သောက်စားလို့ရအောင် ချက်ထားပါတယ်။ အဘယ်လုံနီအစား ပုဇွန်နဲ့ ကြော်စားရင်လည်း ကောင်းပါတယ်ရှင်။
ငါးကြော်....
ငါးပုလွေလိုလို ငါးမျိုးပါ။ ငါးကြော်ရတာ ပညာ အပါဆုံး၊ အခက်ဆုံးပါပဲ။ ဆီ မပေါက်အောင်လေ...။ ဘာရမလဲ...ဆီ ဆူတာနဲ့ ငါးတွေကို ဒယ်အိုး နှုတ်ခမ်းအတိုင်း အသာလေး လျှောကနဲ လှိမ့်ထည့်ပြီး အပေါ်ကနေ ဇလုံနဲ့ အုပ်ထည့်လိုက်တယ်။ ဒီလိုကျတော့လည်း ဆီပေါက်သံလေးက နားထောင် အကောင်းသားရယ်။ အရေးကြီးတာက ငါးကြော်တဲ့အခါ မီး မပြင်းစေရသလို မီးလည်း သိတ်မအေးစေရပါဘူး။ ငါးကြော်နံ့လေး မွှေးလာရင် ကျက်ပါပြီ။ အသက်ကလေး အသာ အောင့်ထားပြီး အသာလေး တခြမ်းလှန် ပြီးမှ ခုနကအတိုင်း ဆက်ကြော်ပါ။ ထမင်းဖြူ ပူပူလေးပေါ် ငါးကြော်ဆီလေး ဆမ်းပြီး ဆားလေးနဲနဲ ဖြူးစားရတာ ကျမ သိတ်ကြိုက်ပါတယ်။
အားလုံးပဲ စားကောင်း သောက်ကောင်းကြပါစေရှင်....