Wednesday, December 20, 2017

ကျွန်မတို့ နောက်တကြိမ် မခွဲကြရခင်…

ကျွန်မ လမ်းလျှောက်တဲ့အခါ
ဘေးဘီဝဲယာမငဲ့ဘဲ တည့်တည့်လျှောက်လေ့ရှိတယ်
မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ
ကျောခိုင်းထွက်ခွာသွားကြဖို့ပဲ ဟုတ်လား
တွေ့ဆုံမှုတွေကို လွှတ်ချ
လွမ်းဆွတ်သတိရခြင်းတွေကို ကျစ်ကျစ်ဆုတ်လို့…ကျွန်မ
လမ်းဆက်လျှောက်(ခဲ့)တယ်
ကမ္ဘာကြီးရဲ့အနားသတ်မျဉ်းတွေဟာ လုံးပြီးကွေးနေတာမှန်ရင်
သူသာ ရှေ့ဆက်လျှောက်ရင်
ကျွန်မသာ ရှေ့ဆက်လျှောက်ရင်
ကျွန်မတို့ ပြန်ဆုံတွေ့မှာပဲ…
တနေ့နေ့ပေါ့
အဲဒီအခါ…ကျွန်မကောင်းကင်က
လေးလံအုံ့မှိုင်းနေတဲ့ မျက်ဝန်းမိုးတွေ
သူ့ညာဘက်ရှပ်ကော်လာကလေးထဲ
ရွာချပစ်လိုက်မယ်
လွမ်းဆွတ်သတိရခြင်းတွေကို လက်ထဲကနေ (သူ မသိအောင်)
တိတ်တိတ်လေးဖြည်ချပေးလိုက်မယ်...
ကျွန်မတို့
နောက်တကြိမ် မခွဲကြရခင်…။



ချစ်ကြည်အေး

Tuesday, December 19, 2017

အသစ်တွေ ပေးပါ...

ကျေးဇူးတင်တယ်
မင်းကျေးဇူးနဲ့ ချစ်ခြင်းတရားကို
ဆဲရေးတတ်လာခဲ့တယ်
နာကျင်မှုတွေထဲကပဲ ထုံဆေးကိုပြန်ရှာတွေ့တယ်
သမားတော်ဟာ ငါကိုယ်တိုင်ပဲ
ငါ့အသားတွေကို ခက်ရင်းတခုနဲ့ခြစ်ချသလို
တစစီမွှာထွက်သွားတာကို ကြည့်ရင်း ငါတရားမှတ်ရတယ်

ငါတွေ ငါတွေဆိုတာ အကြေကြေအမွမွ လွင့်စင်လို့
အစွဲအလန်းဆိုတာ ခံနိုင်ရည်တခုကို မှတ်ကျောက်တင်ကြည့်ခြင်းပဲ
အလွမ်းဆိုတာ လောကဓံနဲ့ယှဉ်လိုက်တဲ့အခါ ဘာမှမပြောပလောက်တဲ့အရာတခုပဲ
အသေအချာနောက်ပြန်လှည့်ကြည့်ခဲ့မိတဲ့ကောင်ပါ

ဘာမှမဟုတ်တာတွေကို ပုံကြီးချဲ့သောက်ရေးလုပ်နေကြတာဟာ အချစ်ပဲ
ခု
ငါ ရယ်နေရတယ်



ချစ်ကြည်အေး
၁၉ ၁၂၂၀၁၇

Wednesday, December 13, 2017

သံသရာသည် ဝဋ်ဆင်းရဲတခုမျှ....



မြစ်ရေတွေဟာ တဘက်ထဲကို စီးဆင်းမြဲ…
အစွန်းနှစ်ဘက်စီမှာရှိတဲ့ စိတ်တွေကိုချည်တဲ့ကြိုးကရော 
တဘက်သတ်ချည်တည်း...
ချည်နှောင်မြဲပါ့မလား…
တင်းတင်းဆုပ်ထားဖူးခဲ့တဲ့  တွဲလက်တွေထဲမှာ 
သံယောစဉ်ရနံ့ကလေးနည်းနည်းမှ သင်းမနေခဲ့ဖူးတဲ့လား…။
လှည့်ကြည့်ဖို့မလိုတဲ့ လမ်းအဟောင်းရယ်ပါ…။ ဖြတ်ကျော်နင်းလျှောက်ခဲ့ပြီးပြီလေ….။
သံသရာက ရုန်းထွက်လွတ်မြောက်လိုစိတ်ရယ်…
သမုဒယအဖွဲ့အထုံးက ရစ်နှောင်မှုရယ်…
စိတ်ရောကိုယ်ပါ ကြေမွခဲ့ရတဲ့ နာကျင်မှုတွေရယ်ဟာ တခုနဲ့တခုတွန်းတိုက်၊ တဆစ်ဆစ်ကိုက်ခဲ…။
မင်းပုံတူပန်းချီတွေကို မျက်ရည်တွေနဲ့ အရောင်ရောစပ် ဆွဲတယ်။
နှလုံးသားအစစ်နဲ့ကြည့်မှမြင်လိမ့်…
နင်းချေခံလိုက်ရတဲ့ ချစ်ခြင်းတစ်ခုဟာ
သေဆုံးသွားလိုက်ဖို့ပဲ မဟုတ်လား…။
ဘဝမှာ လက်တွေကို ကျစ်နေအောင်ဆုပ်ထားလျက်က ဝေဝါးလာတဲ့မျက်ဝန်းတွေရဲ့ဒဏ်ကို အံတင်းမခံနိုင်ခဲ့ဘူးလေ…။
ငိုတတ်တဲ့သူတစ်ယောက်မှ မဟုတ်ခဲ့ဘဲကွယ်…။
မျက်ရည်တွေကို သိပ်မုန်းတယ်။
အနီရောင်ဖိနပ်တွေကို မုန်းတယ်။
စပါယ်ပန်းတွေကို မုန်းတယ်။
သတ်ဖြတ်ချေမှုန်းလိုစိတ်နဲ့ ငြင်သာဟန်ဆောင်ခဲ့တဲ့မျက်ဝန်းဖွဖွတွေကို မုန်းတယ်…။
ဒီထက်ပိုပြီးမနာကျင်လိုဘူးလို့ ရေရွတ်ရင်းက ပိုမိုနာကျင်စူးနင့်လာမှုမှာ အဖန်ဖန်သေ အဖန်ဖန်ပြန်ရှင်ပေးရတဲ့ ငရဲဘုံသားတယောက်လို...
ကိုယ့်ကြမ္မာကိုယ်ငင်နေပုံက ရွပ်ချွံတယ်...။
မင်းအကြောင်း အိပ်မက်တွေမက်ရင်း နိုးထလာရတဲ့မနက်ခင်းတွေမှာ ကံ ကံ၏အကြောင်း အကျိုးတွေကိုသာ ခပ်နာနာဖိတွေးပစ်ရတယ်။ ကြေချင်ပါပြီလေ…။
သံသရာမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ မဖြတ်သန်းကြကြေး….
ဖြတ်သန်းခဲ့ရင်တောင် ဘယ်တော့မှ မမှတ်မိကြကြေး…


CKA
25062017
Image credit : original uploader

Sunday, December 10, 2017

ပင်လယ်ဆီကအပြန်....




ရာသီဥတုပူပြင်းတဲ့တနေ့မှာ
ပင်လယ်ကမ်းစပ်ဆီ အလည်ရောက်တယ်
မိုးကောင်းကင်နဲ့ ပင်လယ်ပြင်အကြား အဆီးအတားမရှိခြင်းကို ကျွန်မနှစ်သက်တယ်
ကောင်းကင်ပြာနောက်ခံထဲ

စွန်အဝါရောင်လေးတစင်း လွတ်လပ်ဝဲပျံနေတာကိုမြင်ရခိုက်

စွန်ကလေးဟာ လူရာဝင်ချင်မလား တွေးမိတယ်

ကျွန်မကဖြင့် စွန်ရာဝင်ချင်လို့...
ခြေထောက်အောက်က သဲတွေဆီကအပူဟာ
စီးထားတဲ့ဖိနပ်အပါးကိုဖောက်
ကျွန်မခြေထောက်ဆီ ကူးတယ်
ပင်လယ်ဆီက ကျွန်မ ကျောခိုင်းပြန်လာတဲ့အခါ
စွန်ကလေးဟာ သစ်တပင်မှာချိတ်လျက် ကျန်ရစ်တယ်
ကျွန်မ
စွန်မဖြစ်ချင်တော့ဘူး....

ပင်လယ်ကိုဖြတ်တိုက်လာတဲ့လေတွေဟာလည်း
ပူနွေးခြောက်သွေ့တာပါပဲ



ချစ်ကြည်အေး
၁၀၀၆၂၀၁၇

Image - Google

Monday, December 4, 2017

ငှက်ကလေးသို့....



ပြတင်းပေါက်ကနေတဆင့်
အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့
ငှက်ကလေးကို သူ့အဖော် ငှက်တကောင်နဲ့အတူ
တွေ့လိုက်ရတယ်
ဟေး ပျော်နေသလား ငှက်ကလေးရေ
အိမ်အပြင်ဘက်ရောက်အောင် ကျွန်မ လှမ်းအော်လိုက်တယ်
အပြုံးတွေတပ်ဆင်ထားတဲ့မျက်နှာနဲ့
မနက်စာကို ကျန်းမာပျော်ရွှင်စွာ သုံးဆောင်တယ်
အိပ်ကောင်းခြင်းနဲ့လည်း အိပ်ပျော်ခဲ့သားပဲ
နာမကျန်းတဲ့နေ့ရက်တွေတိုင်းမှာ
ပြတင်းကိုဖွင့်ဖြစ်တိုင်း ငှက်ကလေးဟာ
တကောင်ထဲလား အဖော်နဲ့လား
မကြည့်ဖြစ်တဲ့နေ့တွေ
များ များလာပြန်ရော...
ကျွန်မတကိုယ်ရည် ပျော်ရွှင်ချိန်တိုင်း
ငှက်ကလေးကို မေ့ထားမိရဲ့
ငှက်ကလေးကတော့ တကောင်ကနေ နှစ်ကောင်ဖြစ်တိုင်း
ကျွန်မကို မေ့ထားရက်ခဲ့
သစ်ပင်ကိုင်းဖျားတွေ လှုပ်ခတ်ကျန်ရစ်တဲ့တနေ့
ငှက်ကလေးဟာ ကြယ်တစင်းဖြစ်သွား...
ဟိုးအမြင့်ကြီးမှာ...
သူတစင်းထဲလား
တခြားကြယ်ပွင့်ကလေးတွေနဲ့အတူလား
သူ့ကောင်းကင်ပေါ် ကျွန်မ
မော့မကြည့်ဖြစ်တော့ဘူး...
လှုပ်ခတ်ကျန်ရစ်တဲ့အကိုင်းဖျားမှာ
ကျွန်မ နားနေတယ်
နောက်ရက်တွေမှာ...
ပြတင်းတံခါးကို ဘယ်တော့မှ မဖွင့်ဖြစ်တော့ဘူး...


ချစ်ကြည်အေး
၃၀၀၇၂၀၁၇
Pic - Google

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...