စက်တင်ဘာတောင် ရောက်လာပြန်ပြီ။ နောက် သိပ်မကျန်တော့တဲ့လအနည်းငယ်ကျော်လွန်ပြီးရင် နှစ်တနှစ်ကုန်လို့ နောက်တနှစ်စဦးတော့မယ်။ မငယ်တော့တဲ့အသက်တခုကို ရောက်ခဲ့ပြီ...လို့ တဆက်ထဲ တွေးမိတယ်...။
ပိုပြီးရင့်ကျက်လာတဲ့ စိတ်တခုကို တည်ဆောက်နိူင်ခဲ့ပြီ၊ ကျေနပ်စရာပဲပေါ့...။ ဖြတ်သန်းလာခဲ့သမျှထဲ နောက်ကျေနပ်စရာတွေကို ပြပါဆိုရင် "ရိုးသားမှု"ကို အရင်ဆုံး ဆွဲထုတ်ပြရမှာပဲ...၊ ရိုးလွန်းလို့ ဖြစ်ရတဲ့ ကမောက်ကမလေးတွေတော့ ရှိဖူးခဲ့တယ်။ ကိုယ့်အပေါ် တင်တင်စီးစီးတွေ အကြောကြီး အချေကြီးကြီးနဲ့ လာဆက်ဆံသူတွေရှိလည်း ကိုယ်က သိပ်မသိဘူး။ ကိုယ့်စိတ်ရင်းအတိုင်းပဲ ဆက်ဆံတတ်တယ်။ ပြောစရာရှိရင်လည်း ကိုယ်ပဲ သွားစပြောတတ်သလို ဖုန်းခေါ်စရာရှိလည်း ကိုယ်ကပဲ စခေါ်လိုက်တတ်တာမျိုး၊ တချို့က missed callပေးပြီး ကိုယ့်ကို ပြန်ခေါ်စေချင်တာမျိုး ရှိတယ်ဟုတ်လား၊ ကိုယ်က ဘာမှ သိပ်မတွေးဘဲ ပြန်ခေါ်လိုက်တတ်တာမျိုးပေမယ့် ကိုယ့်မိတ်တွေတချို့ကတော့ အဲသလိုမျိုးတွေဆို ပြန်ခေါ်မနေနဲ့ ၊ တချို့က တင်စီးတာလို့ ပြောတတ်ကြတယ်။
တချို့ကျ ကိုယ့်ရှေ့ ဝတ်စားပြတာ၊ ကိုယ်က ဘရန်းဘာညာလည်း သိပ်သိတဲ့သူ မဟုတ်ဘူး၊ နာမည်ကြီးလက်ကိုင်အိတ်ဆိုလည်း ကိုယ်မသိတာ များတယ်။ မပြောတတ်ဘူး၊ ဘဝမှာ ကိုယ် မက်မောတာ သိပ်များများစားစား မရှိလှဘူး။
ပန်းချီစုတ်တံတချောင်းလောက် ကိုယ် မမက်ဘူး၊ art n craftလုပ်တဲ့ သံကွင်းလေး ပလာယာလေးတခုလောက် ကိုယ်မမက်ဘူး။ ပြီးတော့ ချစ်ခြင်းတရားပေါ့...။
ပြီးတော့ အပေါ်ယံမာရေကြောရေရှိပြီး ကြိတ်ဝမ်းနည်း မျက်ရည်ကျတတ်တဲ့ ကိုယ်က ဘာကိုမှ အလေးအနက်မထားဟန်နဲ့လည်း နေတတ်သေးတယ်။ ရင်ဘတ်ထဲမှာ...၊ စိတ်ရဲ့ အနက်ဆုံးထိ သိမ်းဆည်းထားတာတွေ...၊ နာကျင်ရလွန်းလို့ ခေါက်သိမ်းထိုးကြိတ်ထည့်ထားမိလိုက်တာတွေ...။ ဝမ်းနည်းစရာရှိ တယောက်ထဲ၊ နာကျင်စရာရှိလည်း တယောက်ထဲ ကြိတ်ခံစားတတ်တော့ ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ကျိုးပဲ့ကြေမွခဲ့ရတာတွေ။
ဘဝမှာ ကိုယ့်အနားကို တခုခုလိုအပ်လို့ ရောက်လာကြသူတွေကိုဆိုရင် တနေ့နေ့ မလိုတော့တဲ့အခါ ကိုယ့်အနားက ထွက်သွားလိမ့်မှာပဲ...လို့ ကြိုတွေးမိပြီး မတွယ်တာအောင် နေရတယ်။ ချစ်ခြင်းက နာတာနဲ့ ချေဖျက်နိူင်ရင်တောင် သံယောဇဥ်ကျတော့ ခုတ်ချလေ ဖူးသစ်ခိုင်မာလေ အညွန့်ထွက်ရှင်သန်လေ...။ ကိုယ်ဟာ ချစ်တတ်သူ မဖြစ်ချင်တော့ဘူး။ နာကျင်ခြင်းဆိုတဲ့ဒဏ်ရာက သေရာပါ...၊ အရာရာကိုယ့်အပေါ်ပုံချပြီး ကိုယ်လွတ်ရုန်းသွားတဲ့ ချစ်ခြင်းတရားအပေါ်လည်း အပြစ်မမြင်ရက်၊ ကိုယ့်ကိုယ်လည်း အပြစ်မတင်ချင်တော့ဘဲ ကြာလာတဲ့အခါ စိတ်မှာဖြစ်တဲ့အနာက ကိုယ်မှာပါ ထိခိုက်လာတော့တာ၊ အိပ်မက်ထဲ မျက်ရည်တွေရွှဲနစ်ရင်းက နိူးထလာရတဲ့ညတွေ၊ ရှက်စိတ် ကြောက်စိတ် အားငယ်ဝမ်းနည်းစိတ်တွေနဲ့၊ သတ်ဖြတ်ခံလိုက်ရတဲ့ စိတ်တွေ နာကျင်လွန်းမက အပိုင်းပိုင်းပြတ်မှာ ခန္ဓာကိုယ်တခုလုံးပါ လဲပြိုတာ၊
ကိုယ်တောင်မသိလိုက်ဘဲ ကိုယ့်ခန္ဓာထဲမှာ သွေးတွေ ဆောင့်တက်လာတဲ့အထိ။ မဖိတ်ခေါ်ဘဲ ပထမဆုံး ကိုယ်ရခဲ့တာကတော့ စိတ်ကြောင့်ဖြစ်တဲ့ သွေးတိုးရောဂါ။ ခရောနစ်ဖြစ်သွားခဲ့ပြီ။ တသက်လုံး ဆေးနဲ့ကိုယ်နဲ့ မပြတ်ရတော့မယ့်ရောဂါ။
ဒီလိုပါပဲ ရယ်စရာတွေးမိသေးတယ်...
နောက်ဆုံးနေ့အထိ ကိုယ့်အပေါ် သစ်စာရှိရှိစောင့်နေမှာ သေခြင်းတရားပဲဆိုတာ တွေးမိတာ...။
ဘဝကြီးကလည်း ဘဝကို အရှိအတိုင်း တွေးတော ကျင့်ကြံ နေထိုင်သူတွေကျတော့ အထင်အမြင်သေးပုံပဲ၊ ဂုဏ်ငွေ အဆင့်အတန်း အပိုဆာဒါး ဆန်းဆန်းပြားပြားတွေကိုမှ အထင်တကြီး ခေါင်းပေါ်တင်ထားတတ်တဲ့ လောကကြီးကိုး...။ စိတ်လည်း မနာတတ်တော့ပါဘူး။ လူတွေကို ပြုံးပြီးသာ ကြည့်တတ်လာတော့တယ်။ သင်ခန်းစာတွေ တပုံတပင်နဲ့နေနေရင်း ချေလို့ရရင် လမ်းကြုံဝင်ချေချင်သူတွေနဲ့ တွေ့တဲ့အခါ မသိချင်ယောင်ဆောင်နေပေးလိုက်မိတော့တာ၊ အားနာလို့ရယ်။
ခုဆို ကိုယ်က ကိုယ့်အနားရောက်လာသူဆီက မရိုးသားမှုအနံ့ခံတတ်နေပြီကို...၊ ကိုယ့်ကို လိုသုံး သုံးမယ့်သူအနံ့လည်း ခံတတ်နေပြီကို...။ စိတ်က အန်တာနာတပ်ထားသလို အလိုလိုခံစားစိတ်နဲ့သိတာ။မအံ့သြနဲ့...၊ ဒဏ်ရာတွေအများကြီးနဲ့ ရင်းထားရတာ...၊
ခုချိန်ထိပဲ
လောကကြီးထဲ ရိုးသားသူသာ ရှုံးနိမ့်စတမ်းဆိုလည်း ရိုးသားမှုအပေါ် ခြေထိုးခံခဲ့တဲ့ လည်ပတ်တယ်ဆိုသူတွေသာ တကယ်တမ်းရှုံးတာ မဟုတ်ဘူးလားလို့ တွေးတတ်တုန်း...
ဒီနေ့ revisiting the past ~
ဒါပေမယ့် ဒီစာရေးပြီးတာနဲ့ လက်ရှိဘဝထဲ ပြန်ဝင်စားနိူင်ခဲ့သားပဲ။ ရင့်ကျက်လာပါပြီဆို...
ကိုယ် ငိုမနေဘူး....တကယ်.....၊
ကြည် ~