ဘယ်သူမဆို
တစ်နေ့နေ့မှာတော့ ကျောင်းနေစဉ်အရွယ်လွန်မြောက်ပြီးရင် အသက်မွေးဝမ်းကြောင်း အတွက် ကိုယ်စီလုပ်ငန်းခွင်ကို
ဝင်ကြရမှာပါ။ မိဘလက်ငုတ်လက်ရင်း ဆက်လက်လုပ်ကိုင်သူတွေက လွဲရင်ပေါ့ရှင်။ အဲဒီအခါ လုပ်ငန်းခွင်ထဲမှာ
တစ်သားတည်း ကျအောင် နေတတ်ထိုင်တတ်ကြဖို့ လိုလာပါပြီ။ လုပ်ငန်းခွင်ထဲမှာ သေချာပေါက် ကြုံတွေ့ရမှာတွေက
နှစ်ပိုင်းရှိပါတယ်။ မိမိလုပ်ရမဲ့ အလုပ်ကို ကျွမ်းကျင်နားလည်ဖို့ (Dealing with
your job) နဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်တပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ (Get
along well with your colleagues) ပါ။
ပထမတစ်ခုဖြစ်တဲ့ မိမိလုပ်ရမဲ့အလုပ်ကို ကျွမ်းကျင်နားလည်ဖို့ဆိုတာ အလုပ်ခွင်ကို ပထမဆုံး စဝင်တော့မဲ့သူတိုင်း
ကြုံတွေ့ရမဲ့ကိစ္စဖြစ်ပြီး အလုပ်ခွင်စိမ်ခေါ်မှုတွေဟာ လူသစ်တစ်ယောက်အတွက်တော့ တကယ့်ကို
စိတ်လှုပ်ရှားစရာ ကောင်းနေမှာပါပဲ။ အဲဒီနေရာမှာ သူဟာ ကျောင်းတုန်းက လေ့လာသင်ယူခဲ့မှုတွေနဲ့
သူ တာဝန်ယူရမဲ့လုပ်ငန်းဆောင်တာတွေကို ပြန်လည်တိုက်ဆိုင် ကြည့်နေတတ်ပါတယ်။ များသောအားဖြင့်တော့
စာသင်ခန်းထဲက သင်ယူလာခဲ့ကြတာတွေနဲ့ အလုပ်ခွင်မှာ လက်တွေ့ပြန်လည် အသုံးချတဲ့အခါ အနည်းနဲ့အများဆိုသလို
ကွာခြားနေတတ်ကြပါတယ်။
အထူးသဖြင့် စာရင်းနဲ့ ပတ်သက်တဲ့အလုပ်တွေဆို ပိုသိသာပါတယ်။ ဘယ်လို အလုပ်မျိုးမှာမဆို စာရင်းဋ္ဌာနရှိနေတာမို့
စာရင်းနဲ့ ပတ်သက်တဲ့ အလုပ်အခြေခံသဘောတွေက တူညီနေကြပေမဲ့ အလုပ်သဘာဝ (Industry
Nature) ကွဲပြားသွားတဲ့အခါမှာ အဲဒီ့အလုပ်ရဲ့ သဘောသဘာဝကို နားလည်အောင် အရင်ကြိုးစားရတဲ့
အလုပ်အပေါ်ပဏာမနားလည်မှု (Prior understanding on Nature of Industry) လိုလာပါတယ်။
ဥမမာပေးရရင် ကျွန်မ ပထမဦးဆုံးဝင်ခဲ့တဲ့ အလုပ်က International Freight Forwarding လို့ခေါ်တဲ့ နိုင်ငံတကာကို
ကုန်ပစ္စည်းအမြန်ပို့ဆောင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာပါ။ အကြမ်းပြောရရင် စာရင်းမှာ ပေးရန်ရှိစာရင်း
(Accounts Payable)နဲ့ ရရန်ရှိစာရင်း (Accounts Receivable) ရယ်လို့ နှစ်မျိုးရှိတဲ့အနက်မှာ
ကျွန်မက ရရန်ရှိစာရင်းကိုင်ရတာမို့ ကုမ္ပဏီရဲ့ အဓိက ဖောက်သည် (Major customers)တွေနဲ့
နေ့စဉ် ဆက်ဆံပြောဆိုနေရပါတော့တယ်။ သူတို့လိုအပ်တဲ့
စာရွက်စာတမ်းတွေတောင်းဆိုလာတဲ့အခါမှာ ဖြစ်စေ၊ ကိုယ်က ငွေတောင်းတဲ့အခါမှာ ဖြစ်စေ လုပ်ငန်းနဲ့ဆိုင်တဲ့
စာရွက်စာတမ်း၊ အသုံးအနှုန်းစတာတွေကို ယဉ်ပါးကျွမ်းဝင်အောင် အရင်လေ့လာဖို့လိုလာပါတယ်။
တကယ်တမ်း ကျွန်မလုပ်ရမဲ့ paper works အလုပ်တွေကို ကျွန်မနိုင်နင်းပေမဲ့ သူတို့ လုပ်ငန်းသုံးစကား
(Industrial terms) တွေကို အတော်လေး လေ့လာခဲ့ရတာပါ။ ဆိုပါတော့ COO-Certificate Of
Origin ဆိုရင် ပစ္စည်းတစ်ခုရဲ့ ဇစ်မြစ် ဘယ်ကဝင်လာတယ် ဆိုတာကို ပြောတာ။ B/L ဆိုတာ
Bill of Lading၊ COD ဆိုရင် Collect /Cash On Delivery အဲသလို ကျွန်မတို့ နားယဉ်မနေတဲ့အခေါ်အဝေါ်တွေ
အများကြီး ရှိနေပါတယ်။ အများကြီးကို ရှိနေပါသေးတယ်။ ဒါတွေဟာ ကြာလာရင် သိလာမှာပါ ဆိုပေမဲ့
လူတွေနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ကျွန်မတို့လိုအလုပ်မျိုးကျတော့ အလုပ်ခွင်စဝင်တာနဲ့ သူပြောတာကိုယ်သိနေဖို့
လိုကို လိုအပ်ပါတယ်။
အဲဒီစာရွက်စာတမ်းတွေကို ဘယ်လိုခေါ်ဝေါ်တယ်၊ ဘယ်လိုပုံစံရှိတယ်ဆိုတာတွေ မှတ်သားရတဲ့ အလုပ်က အရင်လာပါတယ်။ ပထမတော့ ဘာတွေမှန်းနားမလည်နိုင်ဘဲ
အတော်လေး စိတ်ပျက်သွားမိတာပါပဲ။ နောက်တော့ သူများတွေ ၆နာရီ ရုံးဆင်းချိန်ပြန်လို့မှ
ကိုယ်က မပြန်နိုင်သေးဘဲ နောက်ချန်နေခဲ့၊ စာရွက်စာတမ်းတွေ မွှေနှောက်ဖတ်၊ ဖိုင်အဟောင်းတွေ
ပြန်ရှာဖတ်နဲ့ တကယ်လုပ်ရမဲ့ အလုပ်ကို ဘေးခဏထားပြီး သူတို့အခေါ်အဝေါ်တွေ အရင် လေ့လာနေခဲ့ရပါတယ်။
ကျွန်မဆိုချင်တာက ကိုယ်တတ်ထားတဲ့ ပညာကို တန်းပြီး မသုံးရသေးခင် အလုပ်မှာ အံဝင်ခွင်ကျဖြစ်အောင်
အရင်လုပ်ရတယ်ဆိုတာရယ် အဲဒါမျိုးကြုံရတဲ့အခါ စိတ်မပျက်ဖို့ရယ်ပါ။
အဲဒီအခေါ်အဝေါ်တွေနဲ့ အသားကျသွားပြီဆိုတော့မှ အဓိကတာဝန်ယူထားရတဲ့ ဖောက်သည်တွေရဲ့ အကြောကို ဖမ်းမိအောင် ကြိုးစားရပါတယ်။ ကျွန်မပြောခဲ့သလိုပါပဲ၊ ကျွန်မအလုပ်က ရရန်ရှိစာရင်းဖြစ်တာမို့ ကုမ္ပဏီက အကြွေးရောင်းထားတဲ့
ဖောက်သည်တွေဆီကနေ ပိုက်ဆံရအောင် ပြန်တောင်းရပါတယ်။ အဲဒီနေရာမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့
လူပေါင်းစုံရဲ့ ဆင်ခြေပေါင်းစုံ၊ အပြောချိုချို အပြောဆိုးဆိုး စတာတွေနဲ့ နေ့စဉ်ကြုံတွေ့ခဲ့ရပါတယ်။
နည်းနည်းလေးကြာလာတဲ့အခါ သူတို့တွေရဲ့ အထာကို တီးမိခေါက်မိရှိလာတယ်။ တစ်ချို့က မနက်ဘက် ဖုန်းခေါ်အကြွေးတောင်းရင် မကြိုက်ဘူး၊ တစ်ချို့က ချော့တောင်းမှ ရတယ်၊ တစ်ချို့က ခပ်ငေါက်ငေါက်တောင်းမှ ရတယ်၊
တစ်ချို့က လလယ်လောက်မှ တောင်းလို့ရတယ်၊ တစ်ချို့က လမကုန်ခင်တစ်ပတ် သူတို့ စာရင်းပိတ်ခါနီးမှာ
သတိပေးမှ ကြိုက်တယ်။ အဲသလို သူတို့အထာလေးတွေကို မှတ်သားထားရတယ်။ ဒီလိုဆိုတော့လည်း အလွယ်လေးပဲ
ထင်စရာရယ်။ ဒါပေမဲ့ သူများပိုက်ဆံအိတ်ထဲက ငွေကို ကိုယ့်ပေးချင်အောင်လုပ်ရတာ တယ်မလွယ်လှပါဘူး။
ကျွန်မလည်း စိတ်နဲ့ပဲမို့ တစ်ခါတစ်လေတော့ စိတ်တို ဒေါသထွက်မိပါတယ်။ ပိုက်ဆံအကြွေးတောင်းဖို့ ဖုန်းခေါ်တဲ့အခါ
သိသိကြီးနဲ့ အသံကို မှတ်မိနေရက်နဲ့ မရှိဘူး အပြင်သွားတယ် ဗြောင်လိမ်ခံရတာမျိုး ကြုံရလေ့ရှိတယ်။
တစ်ချို့ကျတော့လည်း ပိုက်ဆံမလည်သေးလို့၊ ရစရာရှိတဲ့ ငွေမဝင်သေးလို့ မပေးနိုင်သေးဘူး
ဗြောင်ပဲ ငြင်းတတ်ကြပါတယ်။ တစ်ခါတစ်လေဆို နားလည်လို့ရပေမဲ့ အမြဲတမ်း ဆိုရင်တော့ စိုးရိမ်လာရပါပြီ။
အဲဒါမျိုးဆိုရင် သူတို့ကုမ္ပဏီရဲ့ ငွေကြေးလည်ပတ်နေမှုကို စုံစမ်းဖို့ လိုလာတဲ့အတွက်
အထက်ကို သတင်းပို့ရပါတယ်။ သူတို့ရဲ့ အခက်အခဲဟာ ဘာဆိုတာ သိအောင်မေးမြန်းရပါတယ်။ ဘာဆက်လုပ်မလဲ
အရစ်ကျစံနစ်နဲ့ ငွေပေးချေဖို့ ညှိနှိုင်းမလား၊ သူတို့ကို ဝန်ဆောင်မှုပေးနေတဲ့ လစဉ်အရောင်းတန်ဘိုးကို
လျှော့ချမလားဆိုတာတွေကို မန်နေဂျာနဲ့ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချကြရပါတယ်။ များသောအားဖြင့်တော့
အရစ်ကျပေးတာနဲ့ အဆင်ပြေသွားတတ်ပါတယ်။
ကျွန်မဆက်ဆံနေရတဲ့ ဖောက်သည်တွေက စင်္ကာပူအပြင် တစ်ခြားနိုင်ငံတကာလည်း ပါဝင်တာမို့ ဖုန်းနဲ့ချည်းပဲ ခေါ်မနေနိုင်ဘဲ
မေးလ်နဲ့ ဖက်စ်နဲ့ ပို့ပြီး ငွေတောင်းရတာတွေလည်း
ရှိပါတယ်။ အဲဒီလို မေးလ်နဲ့ ဖက်စ်နဲ့ တောင်းတဲ့နေရာမှာ ပထမအဆင့် (ပုံမှန်) တောင်းခံတဲ့
စာ၊ ဒုတိယအဆင့် သတိပေးစာ၊ တတိယအဆင့် ထပ်မံ
သတိပေးစာနဲ့ နောက်ဆုံးအဆင့် (Final reminder) တွေဆိုပြီး အဆင့်ဆင့် တိုးမြှင့်တောင်းခံသွားရပါတယ်။
နောက်ဆုံးအဆင့်မှာတော့ စာသားတွေက နည်းနည်းမာလာတဲ့ စာသားတွေ ဖြစ်လာပါပြီ။ ဘယ်နှစ်ရက်အတွင်း မပေးရင်ဖြင့်
လက်ရှိဝန်ဆောင်မှုပေးနေတာတွေကို ဖြတ်တောက်မယ်၊ ပြီးရင် တရားဥပဒေအရ တင်ရှိနေတဲ့အကြွေးကို
ပြန်လည်တောင်းခံရယူမယ် စတာတွေ ပါလာပါပြီ။ အဲသလိုမှ တစ်ဘက်က ဘာမှ ပြန်မလာဘူးဆိုရင်တော့
ဖုန်းခေါ်ရပါတယ်။ ဖုန်းခေါ်တဲ့အခါ ကျွန်မတစ်ယောက်ထဲ မဟုတ်ဘဲ မန်နေဂျာရော အရောင်းဝန်ထမ်းနဲ့ပါ
ကွန်ဖရန့်ကောလ်ခေါ်ပြီး ပြောကြတာမို့ တစ်ဘက်က ငြင်းမရအောင် ချည်ပြီးတုတ်ပြီး မေးခွန်းတွေနဲ့
ပြောဆိုကြလေ့ရှိပါတယ်။ ငွေပမာဏ ဘယ်လောက်ကို နောက် ၃ရက်အတွင်း ပေးပါမယ် စသဖြင့် အဖြူအမဲတစ်ခုခု
သိရတဲ့အထိ ပြောဆိုဆွေးနွေးကြတာပါ။ အားလုံးရှေ့မှာ
ပေးထားတဲ့ကတိဖြစ်တာမို့ ပျက်ခဲပါတယ်။ ပျက်သွားတာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ နောက်ထပ်တစ်ခါ
ဖုန်းပြန်ခေါ်ပြီး အကြောင်းရင်းကို မေးမြန်းကြရပါတယ်။ ကြေနပ်လောက်တဲ့ လုံလောက်တဲ့ အကြောင်းပြချက်မျိုးကိုဆို
ကြေနပ်လိုက်ရပြီး နောက်ရက်ချိန်းတစ်ခု ထပ်စောင့်ရတော့တာပါပဲ။
ဘာကြောင့်လဲဆိုတော့ ဘယ်ကုမ္ပဏီကမှ သူတို့ရဲ့ ဖောက်သည်ကို လွယ်လွယ် လက်မလွှတ် ချင်ကြလို့ပါ။ ဈေးကွက်မှာက အပြိုင်အဆိုင်တွေများတဲ့အလျှောက် ကိုယ့်ဆီက ဝန်ဆောင်မှုမပေးရင် နောက်ကုမ္ပဏီတစ်ခု သွားကြမှာပဲ မဟုတ်လား။ ဒါပေမဲ့ ငွေကြေးအရ လက်ခက်တဲ့ အစဉ်အလာရှိတဲ့ ဖောက်သည်မျိုးဆို တစ်ချို့ကုမ္ပဏီတွေက သတင်းအချက်အလက်တွေ စုံစမ်းသင့်သလောက် စုံစမ်းပြီး အကြွေးရောင်းလေ့မရှိဘဲ လက်ငင်း ငွေချေစံနစ်နဲ့သာ ဆက်ဆံလေ့ရှိကြပါတယ်။
နောက်တစ်ခုကတော့ Credit terms လို့ခေါ်တဲ့ အကြွေးကာလပါ။ တစ်ချို့ဖောက်သည်တွေအတွက် လက်ငင်းငွေချေ
(COD-Cash on Delivery) တစ်ချို့တွေအတွက် ရက်-၃၀ (ဒါက ပုံမှန်ပါ) တစ်ချို့တွေအတွက်
ရက်-၆၀ (စိတ်ချရတဲ့ ရင်းနှီးနေတဲ့ ဖောက်သည်)ဆိုပြီး ပေးလေ့ရှိပါတယ်။ အဲဒီသဘောကတော့
အကြွေးကို ဘီလ်နေ့စွဲကနေ ရက်၃၀အတွင်း သို့မဟုတ် ရက်၆၀အတွင်းပေးရမယ်လို့ ဆိုလိုပါတယ်။
များသောအားဖြင့်တော့ သတ်မှတ်ရက်ထက် ပိုကျော်ပြီးမှ ငွေရတတ်ပါတယ်။ ရက် ၃၀အတွင်း၊ ရက်
၆၀အတွင်းရယ်လို့ သတ်မှတ်ထားပေမဲ့ သူတို့ဘက်က ဘီလ်ရတဲ့ အချိန်ရယ်၊ ပေးဖို့ပြင်ဆင်ချိန်ရယ်ဆိုတဲ့
Turnaround time ကိုပါ ထည့်တွက်ပေးရပါတယ်။
နောက်အရေးကြီးတဲ့တစ်ခုက Credit Limit လို့ခေါ်တဲ့ အရောင်းငွေတန်ဘိုး ဘယ်လောက်ထိ အမြင့်ဆုံး ရောင်းပေးမလဲ ဆိုတာပါ။ အဲဒါကို ဖောက်သည်တစ်ဦးချင်းစီအလိုက် သတ်မှတ်ပေးထား ရပါတယ်။ တစ်ချို့ဖောက်သည်တွေအတွက် တစ်သန်းဘိုးရောင်းဖို့ ဆုံးဖြတ်ထားတယ် ဆိုပါစို့၊ သူ့ရဲ့
ဝယ်လိုအားက များတဲ့အတွက် နှစ်လအတွင်းမှာ တစ်သန်းဘိုး ပြည့်သွားပြီဆိုရင် နောက်ထပ် ဝန်ဆောင်မှု အသစ်မပေးခင်မှာ
အရင်အကြွေး တစ်သန်းဘိုးကို ဆပ်ဖို့ ပြောရပါမယ်။ ဘယ်လိုအချိန်မှာမဆို သူ့ရဲ့ ပေးရန်ရှိတဲ့
ငွေအကြွေးဟာ တစ်သန်းအောက်မှာပဲ ရှိနေရမယ်ဆိုတဲ့ သဘောပါ။ အဲဒီလို Credit limit သတ်မှတ်ပေးရတာကိုတော့
အထက်လူကြီးတွေကပဲ ဆုံးဖြတ်ချက်ချပြီး သတ်မှတ်ပေးပါတယ်။ များသောအားဖြင့်တော့ ကုမ္ပဏီတစ်ခုရဲ့
သတင်းအချက်အလက်တွေကိုရောင်းတဲ့ ကုမ္ပဏီတွေဆီကနေ သတင်းရယူပြီးမှ ဆုံးဖြတ်လေ့ရှိပါတယ်။
တစ်လတစ်ကြိမ် Statement of account လို့ခေါ်တဲ့ လစဉ်အရောင်း စာရင်းတွေကို ဖောက်သည်တစ်ဦးချင်းဆီကို
လကုန်တိုင်းပို့ပေးရပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့လက အရောင်းစာရင်းအပြင် ငွေမချေရသေးတဲ့
လွန်ခဲ့တဲ့ သုံး-လေးလက အရောင်းစာရင်း အကြွေးတွေကိုပါ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် ဖောက်သည်တွေရဲ့ လစဉ်အရောင်းစာရင်းချုပ်ကို Aging Report လို့ခေါ်တဲ့ အကြွေးကာလပြစာရင်းမှာ
ကြည့်ပြီး ကိုယ်ဘယ်သူ့ဆီက ရစရာ ဘယ်လောက်ရှိတယ်၊
ဘယ်သူ့ဆီမှာဖြင့် မရသေးတဲ့ ရက်လွန်အကြွေးတွေ ရှိနေတယ် စသဖြင့်ကြည့်ပြီးမှ အလုပ်လုပ်ရပါတယ်။
အလုပ်မှာ ကိုယ့်အချိန်ဇယားနဲ့ကိုယ် စီမံရတာပါ။ ဘယ်သူကမှ ကိုယ့်ကိုကြည့်နေပြီး ဒါပြီး
ဒါလုပ်လို့ ပြောမနေပါဘူး။ လကုန်စာရင်းပိတ်လို့ ကိုယ့်ဘက်က အလုပ်တာဝန်ကျေနေရင် ရပါပြီ။
ဒီတော့ ကိုယ့်အလုပ်ကို ကိုယ်တိုင် စီမံခန့်ခွဲရပါတယ်။ အလုပ်တွေက တစ်ခုပြီးမှ တစ်ခုလာတာမဟုတ်ဘဲ အများကြီး တန်းစီစောင့်နေတတ်တာမျိုးမို့ အရေးကြီးရင် ကြီးသလို ဦးစားပေးသတ်မှတ်ပြီး လုပ်တတ်ရပါမယ်။
ကျွန်မရဲ့နည်းကို ပြောပြပါမယ်။ ကျွန်မမှာ ပလပ်စတစ် ဖိုလ်ဒါလေးတွေ ရှိပါတယ်။ အဲဒီထဲမှာ အလုပ်တွေကို ဆိုင်ရာခေါင်းစဉ်ခွဲတစ်ခုချင်းစီနဲ့ ထည့်သိမ်းပြီး အရင်ဦးစားပေး ၁၊ ၂၊ ၃ စသဖြင့် အမှတ်စဉ်လိုက်လေး တပ်ထားလိုက်ပြီး တစ်ခုပြီးမှ
တစ်ခု လုပ်သွားလိုက်ပါတယ်။ အဲဒါကို နေ့တစ်နေ့ရဲ့ အစမှာ စီစဉ်ထားရပါတယ်။ ဒီကြားထဲ တစ်ခြားကိစ္စလေးတွေ
ဖောက်ပြီးဝင်လာရင် ကြားဖြတ်လုပ်သင့်တာရှိရင် လုပ်လိုက်ဖို့ပါပဲ။
များသောအားဖြင့်တော့ စာရွက်စာတမ်းတွေ၊ စာရင်းသွင်းစရာရှိတာတွေကို မနက်ဘက်မှာ လုပ်လေ့ရှိပြီး နေ့လည်ဘက်ရောက်မှ အကြွေးတောင်းတဲ့အလုပ်ကို လုပ်လေ့ရှိပါတယ်။ သေချာတာက ဘယ်သူမဆို မနက်စောစော ပိုက်ဆံအကြွေးတောင်းရင် မကြိုက်တတ်ကြဘူး မဟုတ်လား။ နောက်တစ်ခုက နေ့လည် ထမင်းစားပြီးချိန်ဆိုရင် ဘာပဲဖြစ်ဖြစ်
စိတ်ခင်းလက်ခင်းလေး ကြည်လင်နေချိန်လည်း ဖြစ်တတ်တယ် မဟုတ်လားရှင်။
မေးလ်ထဲမှာရှိတဲ့ ကလန်ဒါတူးလ်ကိုသုံးပြီး အလုပ်လုပ်တတ်ရင် အကောင်းဆုံးပါပဲ။ ဘယ်နေ့မှာ ဘာလုပ်ရမယ် ဆိုတာတွေကို
သတိပေးနိုင်တာမို့ မေ့လျော့တာမျိုးမဖြစ်စေဘဲ မှန်မှန် စဉ်ဆက်လုပ်ရမဲ့ follow up တွေအတွက် အဆင်ပြေလှပါတယ်။
ပြန်ပြီးချုပ်ရရင် ကျွန်မလို ရရန်ရှိစာရင်းကိုင်သူတွေအတွက်
၁) Aging Report ကို မှန်မှန်ကြည့်ပြီး နေ့စဉ်အလုပ်တွေကို ဇယားချပါ
၂) Credit
terms ရော၊ Credit Limit ရော ကျော်နေတဲ့ ဖောက်သည်တွေကို
အထူး စောင့်ကြည့်ပြီး ငွေတောင်းပါ။ လိုအပ်ရင် အထက်က မန်နေဂျာဖြစ်ဖြစ် အရောင်းတာဝန်ခံနဲ့ဖြစ်ဖြစ်
ညှိပြီး အကူအညီရယူပါ
၃) နေ့စဉ် လစဉ် လုပ်ရမဲ့ အလုပ်တွေကို မမေ့လျော့အောင် သတိပေးနေမဲ့ ကလန်ဒါ-calendar entry နဲ့ အလုပ်လုပ်တဲ့
အကျင့်ရယူပါ
၎) လုပ်ရမဲ့အလုပ်တွေ ဘယ်လောက်များများ အရေးကြီးတဲ့အတိုင်း အမှတ်စဉ်မှတ်ပြီး ပထမ ဒုတိယ ဦးစားပေးတွေ သတ်မှတ်ပြီး အစဉ်အတိုင်းသာ လုပ်သွားပါ
၅) အလုပ်ချိန် နောက်မကျပါစေနဲ့
၆) ကိုယ်အမှားလုပ်မိရင် ဝန်ခံတတ်သူဖြစ်ပါစေ၊ အမှားပြင်ဆင်ပြီးတာနဲ့ အမှန်အတွက် ကြေနပ် ရင်း ရှေ့ဆက်မမှားဖို့ ကြိုးစားပါ
၇) ဖုန်းနဲ့ ပြောဆိုတာမှာပဲ ဖြစ်စေ၊ မေးလ်နဲ့ပို့ပြီး ပြောဆိုတာမှာပဲ ဖြစ်စေ ကိုယ့်ဖောက်သည်နဲ့
ဆက်ဆံတဲ့ အခါ ဆောင်သင့် ရှောင်သင့်တဲ့ အသုံးအနှုန်းလေးတွေ ရှိပါတယ်။ သူတို့နဲ့ ဆက်ဆံပြောဆို
ငွေတောင်းခံတဲ့အခါမှာ ရိုင်းပျမှုမရှိစေဘဲ ယဉ်ယဉ်ကျေးကျေး၊ ဒါပေမဲ့ ကိုယ်လိုချင်တာရအောင်
တင်းတင်းရင်းရင်း တောင်းဆိုတတ်ရပါမယ်။ကျွန်မ ကြုံရင် ရေးပါဦးမယ်
နောက်တစ်ခုဖြစ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်တပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ (Get along well with
your colleagues) ကို နောက်တစ်ပိုစ့်မှာ ရေးပါဦးမယ်ရှင်။ မိတ်ဆွေများအားလုံးပဲ အလုပ်ခွင်ထဲမှာ အဆင်ပြေ အောင်မြင်သူများ ဖြစ်ကြပါစေ။