Sunday, September 8, 2019

ဖန်ခွက်နဲ့ရေ

အတော်များများကိစ္စတွေမှာ ကျွန်မတို့တတွေက လူကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်ကြတာ များတယ်။ သိပ်တော်တဲ့၊ သိပ်လေးစားစရာကောင်းတဲ့လူတယောက်၊ သူပြောသမျှ ဆိုသမျှ ရေးသားလုပ်ကိုင်သမျှတွေက အများ သဘောကျတွေ၊ အများအားကျစရာတွေ၊ အတုယူစရာ စံနမူနာထားစရာတွေ ဖြစ်တယ်ဆိုပါတော့၊ သူ တကွက်တလေ ခြေလှမ်းမှား၊ အပြောမှား အဆိုမှားလည်းဖြစ်ရော ကျွန်မတို့တတွေ တခါတည်း ဟင် သွားတတ်ကြတယ်။ လူတယောက်အရည်အချင်းနဲ့ ပကတိလူပုဂ္ဂိုလ်ကို ကျွန်မတို့ ခွဲမြင်ဖို့ ခက်တတ်ကြတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးရာတွေမှာ၊ သူ့လူမှုရေးပိုင်းတွေမှာ အကျိုးအပဲ့ အကျအပေါက် ရှိတာနဲ့ သူ့မှာရှိသမျှတခြားအရည်အသွေးတွေအပေါ်မှာပါ နိမ့်ကျထိပါးတဲ့အထိ ဆွဲချလိုက်သလို ဖြစ်တော့တာပါပဲ။ ကျွန်မတို့ လူတယောက်အပေါ်ထားတဲ့ မျှော်လင့်ချက် သို့မဟုတ် ကိုးစားချက်က သူ့အရည်အသွေးတွေအပြင် သူ့ပါစင်နယ်ဖြစ်တဲ့ လူမှုရေးပိုင်းတွေမှာပါ ပါဝင်သက်ရောက်နေကြတာကိုး။ လူတွေကိုပေးနေကျ ဖျော်ဖြေရေးအပြင် ပုဂ္ဂိုလ်ရေးကိုးစားမှုကိုပါ သူ့အပေါ်မှာ တပေါင်းထဲချည်နှောင်ထားလိုက်တတ်ကြတယ်၊ ဒီတော့ အမှားမခံတော့ဘူး။ လူတွေကိုပေးနေကျ entertainmentလိုမျိုးက သူ့အပေါ်ယံလွှာမှာဆိုရင် ကျွန်မတို့က သူ မဖော်ပြချင်တဲ့ သူ့ရဲ့အမှောင်ဘက်ခြမ်း dark sideကိုပါ တူးဖော်လို့ရသမျှ တူးဆွကာ လှောင်ပြောင်ချင်တယ် မုန်းတီးချင်ကြတယ်။ ခါတရံ ခြေအလှမ်းမှားလို့ ဟန်ချက်ပျက်တဲ့အခါလည်း ရှိမယ်။ အကျင့်စရိုက်ဖြစ်နေလို့ ပြင်မရတာမျိုးလည်း ရှိမယ်။ ဒါကလည်း ရေရှည်မှာ သိသိသာသာကွဲပြားလာတတ်ပါတယ်။ အကျင့်စရိုက်ဆိုရင်လည်း အဲ့အပိုင်းလေးကို သူ့အထဲက နှုတ်ကြည့်ဖို့ ကျွန်မတို့ ကြိုးစားရင် မကောင်းဘူးလား။
ကျွန်မကိုယ်တိုင်လည်း ဖန်ခွက်ထဲက ရေကိုမကြည့်ဘဲ ဖန်ခွက်အပေါ် အာရုံစိုက်နေမိတတ်တာ များခဲ့ပြီ။ မျှမျှတတကြည့်တတ်ဖို့တော့ ကြိုးစားရတာပါပဲ။ လူဆိုတာ ပြီးပြည့်စုံခြင်းလို့ အဓိပ္ပါယ်ဖွင့်လို့မှ မရဘဲ၊ သိပ်မမျှော်လင့်မိဖို့ လိုတယ်၊ မှားတတ်တဲ့သဘာဝလည်း ရှိတော့ အမှန်ပေါ်ပြန်ရောက်အောင် လှမ်းနေသူ ဘယ်သူကိုမဆို နောက်တကြိမ်ဆိုတဲ့အခွင့်အရေး ပေးသင့်တယ်ဟုတ်လား....။ ကျွန်မက လူဆိုး လူကောင်းရယ်လို့ သတ်မှတ်ချက် မထားချင်ဘူး၊ ကောင်းတာလုပ်တဲ့သူ၊ ဆိုးတာလုပ်တဲ့သူ အဲသလိုတော့ ရှိမယ်။ ဒါပေမယ့် အမြဲကောင်းနေသမျှ တကြိမ်တခါ ဆိုးမိတာရှိသလို၊ အမြဲဆိုးနေကျကနေ ကောင်းလာတာမျိုးလည်းရှိမယ်။ အကြိမ်ကြိမ်ကောင်းနေရင်တော့ ပြောစရာသိပ်မရှိလှပေမယ့် အကြိမ်ကြိမ်ဆိုးနေရင်တော့ သူ့တရားသူစီရင်ပါလိမ့်မယ်။ 
တကယ်တော့ ဘဝဆိုတာဟာ ဘာမှမှ မဟုတ်ဘူးဘဲ...


ချစ်ကြည်အေး
၀၅၀၉၂၀၁၉

Wednesday, September 4, 2019

နှစ်သက်မိသောစာအုပ်ထဲက အကြောင်းအရာများ

အိတ်ဇိုးဒတ်စာအုပ်ထဲက ကိုယ်ကြိုက်တဲ့ နေရာလေးတခုအကြောင်း ပြောပြမယ်။ ထုံးစံအတိုင်း ဇာတ်ကောင်နာမည်တွေ ကိုယ် မမှတ်မိပြန်ဘူး။ ထားတော့ ဒါက အရေးလည်းမကြီးဘူး။ 
ဂျူးမိသားစုထဲက အရွယ်ရောက်လာတဲ့ ဂျူးလူပျိုကလေးကို အဖေလုပ်သူက တဖက်ရွာကို အသီးအနှံတွေ လှည်းပေါ်တင်ပေးပြီး အပို့ခိုင်းတယ်။ လမ်းမှာ အာရပ်လူမျိုးတစုရဲ့အနိုင်ကျင့်ခြင်း ခံလိုက်ရတယ်။ အသီးအနှံတွေယူ လူကိုထိုးကြိတ်လွှတ်လိုက်တယ်။ ဂျူးလူပျိုကလေးဟာ ဒဏ်ရာတွေနဲ့ အိမ်ပြန်ရောက်လာတယ်။ အမေဖြစ်သူက စိတ်မကောင်းဘူးပေါ့။ အဖေကတော့ ဘာမှမပြောဘူး။
ဒဏ်ရာသက်သာလာတဲ့အခါ အဖေဖြစ်သူက သူ့သားလူပျိုပေါက်ကို ကြာပွတ်ရိုက်နည်းသင်ပေးတယ်။ ကျွမ်းကျင်လာတဲ့အခါ အရင်ကလိုပဲ အသီးအနှံတွေလှည်းပေါ်တင်ပြီး တဖက်ရွာကို ပို့ခိုင်းပြန်တယ်။ ဒီတခါ ကြာပွတ်တချောင်းကိုပါ သားလက်ထဲ ဆောင်သွားစေတယ်။ အမေဖြစ်သူကတော့ စိတ်မချမြဲ စိတ်မချဖြစ်ပြီးကျန်ခဲ့တယ်။
ဟိုတခေါက်ကလိုပဲ လမ်းခုလပ်မှာ အာရပ်ကလေးတစုက အသီးအနှံတွေ လုယူဖို့ကြိုးစားတယ်။ ဒီတခေါက်တော့ ဂျူးလူပျိုကလေးဟာ သူတတ်ထားတဲ့ ကြာပွတ်ရိုက်နည်းကို ကောင်းကောင်းအသုံးချပြီး အာရပ်ကလေးတွေရန်က ကင်းလွတ်ခဲ့တယ်။ တဖက်ရွာကို အသီးအနှံတွေ ချောမောစွာ ပို့ဆောင်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
အိမ်ကိုပြန်ရောက်တော့ အဖေဖြစ်သူက သားကိုပြုံးကြည့်၊ အမေဖြစ်သူက ခုမှပဲ ဟင်းချနိုင်တော့တဲ့အကြည့်နဲု့ကြည့်တယ်။
ပြောချင်တဲ့ဇာတ်ကွက်က အဲတာလေးပဲ။
ကျွန်မတို့ ကိုယ့်ကလေးကို သူများက အနိုင်ကျင့်တဲ့အခါ မိဘတွေ ဘယ်လိုတုန့်ပြန်လေ့ရှိသလဲ?
နောက်တခါ ခံလာရင် သေမယ်
သူများလုပ်တာ ခံမလာနဲ့ ပြန်ချ
အဲသလိုတွေ များမယ်ထင်တယ်။
အပေါ်ကဇာတ်ကွက်နဲ့ ဘယ်လိုကွာဟမှုရှိနေလဲ...
ပြောချင်တာက ကလေးရဲ့စိတ်ထဲကို လက်တုန့်ပြန်တတ်တဲ့ ရန်မီးတစ ထည့်မပေးခြင်းကို ပြောပြချင်တာ။ သို့သော် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်ဆိုတဲ့ အသိကိုတော့ ကိုယ်လုံပညာသင်ပေးခြင်းနဲ့အတူ အလိုလိုသိနားလည်စေလိုက်တယ်။ လောကမှာ အဖြူထည်အတိုင်းရှင်သန်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကိုကာကွယ်တတ်ဖို့လည်း လိုအပ်သေးတယ်ဟုတ်လား။
တခါတလေမှာ ကျွန်မတို့လူကြီးတွေဟာ ကလေးတွေရဲ့စိတ်ကို ကိုယ့်အတ္တရဲ့အရောင်အတိုင်း စွန်းထင်းစေတတ်ကြတယ်။ မသိကြလို့ပဲဖြစ်စေ သိသိနဲ့ဖြစ်စေ နုနယ်တဲ့ကလေးတွေရဲ့စိတ်နှလုံးကို ပုံစံချပေးရက်သား ဖြစ်နေတတ်ကြတယ်။
သတိထားကြဖို့ သိပ်ကောင်းတယ်...


ချစ်ကြည်အေး
၀၆၀၈၂၀၁၉

"ကျကျမ်း"


ဒီစာကို အန်တီချစ်တို့လို လူလတ်နှောင်းပိုင်းတွေ လူကြီးတွေက ပိုပြီး ခံစားနားလည်နိုင်မယ် ထင်မိတယ်။
ကျကျမ်းအကြောင်း အရင်မပြောခင် တက်ကျမ်းအကြောင်း ပြောရအောင်၊ တက်ကျမ်းလို့ဆိုလိုက်ရင် ကြက်စွပ်ပြုတ်ကလည်း အတူတွဲပါလာစရာရှိတယ်။ ခု သိပ်ခေတ်စားနေတာပဲ၊ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ပေးတဲ့ သင်တန်းတို့၊ ဘဝလမ်းကြောင်း ပြောင်းလဲတိုးတက်ဖို့တို့၊ စီးယူအက်အပေါ်ထပ်တို့ ဘာတို့ အဲလိုတွေ ဟောကြ ပြောကြ သင်တန်းတွေဘာတွေတောင် ပေးလာကြတယ်။ ဘဝမှာ ဘယ်က စလို့ စရမှန်းမသိတဲ့၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ လူငယ်တွေအတွက်၊ နောက်တခုက ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေအတွက် ရည်ရွယ်ဟန်တူပါတယ်။ လူငယ်တွေအတွက် role model လိုအပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။ 
အန်တီချစ်တို့ ငယ်စဉ်တုန်းကတော့ ဒါမျိုးတွေ ဘယ်ရှိမလဲ။ ရှိလည်း ကိုယ်ဆိုရင်တော့ တက်ဖြစ်မယ်မထင်ဘူး။ လူတွေက အမျိုးမျိုးအစားစား ရှိတာကိုး။ နာခံတတ်တဲ့၊ နားထောင်တတ်တဲ့နား ရှိတဲ့သူတွေ ရှိသလို၊ ပုန်ကန်တတ်တဲ့ သူပုန်သွေးပါတဲ့ သူတွေလည်း ရှိတာလေ။ ကိုယ်က ဒုတိယအမျိုးအစားထဲ ပါတယ်။ စာကြည့်မလို့ လုပ်နေတုန်း ဟဲ့ နင် စာလေးဘာလေး မကျက်ဘူးလားဆိုရင် စာအုပ်ချပြီး စောင်ခြုံအိပ်ပစ်လိုက်တာ။ ကိုယ်စိတ်ပါနေချိန်ဆို ညလုံးပေါက် စာထိုင်လုပ်ရင် လုပ်နေဖြစ်တာ၊ အဲသလိုမျိုးအကျင့် ငယ်ကတည်းက ရှိတယ်။ ဒီလိုပြောလို့ လူကြီးမိဘစကား နားမထောင်ဘူးရယ်တော့ မဟုတ်ဘူး၊ နားထောင်ချင်လည်း ထောင်တယ်၊ ဒါပေမယ့် လုပ်ချင်မှလုပ်တာ။ အဲဒီတော့ ကိုယ့်ကို ဘာလုပ်ပါ ညာလုပ်ပါတွေ ကိုယ်က မကြိုက်ဘူး၊ အာရုံလာရင်တော့ လုပ်မယ် ဒါမျိုးပေါ့။ 
ငယ်တုန်းကတောင် အဲသလိုဆိုတော့ ခုလိုအသက်ကလေးရလာချိန် အရိုးရင့်လာတော့ ပိုဆိုးတယ်။ စိတ်ဓါတ်တွေပြုတ်ကျနေချိန်မှာ စိတ်ပြေလက်ပျောက် စာလေးဘာလေးဖတ်၊ ယူထျူ့လေးဘာလေးကြည့်နေလို့များ သင့်ကို ဘဝက သံပုရာသီးတလုံးပေးလာခဲ့ရင် သံပုရာရည်ဖျော်သောက်လိုက်ပါဆိုလို့က လခွမ်းပဲလို့ ထဆဲပြီး ပိတ်ပစ်လိုက်တာပဲ။ လက်တွေ့နဲ့သိပ်ဝေးတဲ့၊ မြေပြင်အခြေအနေနဲ့မနီးစပ်ဘဲ ဟိုမရောက်ဒီမရောက် ဖတ်ကောင်းရုံရေးထားတဲ့ ခွန်အားပေးစာလိုလို ဘာလိုလိုတွေကို ခံစားလို့မရဘူး။ ကိုယ့်မှာ ကြက်စွပ်ပြုတ်တအုပ် သူများလက်ဆောင်ပေးတာ ရဖူးတယ်။ လှန်တောင်မကြည့်ဖြစ်ဘူး။ ဒီအတိုင်း စာအုပ်စင်ပေါ် တင်ထားလိုက်တာပဲ။ အသုံးတည့်မယ့်သူ၊ ဖတ်ချင်သူရှိရင်တော့ ပေးလိုက်ရကောင်းမလား၊ ကိုယ် တနေ့ စာကြည့်တိုက်အငယ်စားလေး အိမ်မှာ လုပ်ဖြစ်ခဲ့ရင် ကလေးတွေဖတ်ဖို့ ထားရကောင်းမလားနဲ့ ဒီလိုပဲ သိမ်းထားဖြစ်တယ်။ ကြက်စွပ်ပြုတ်ဆန်ဆန်တွေ ပြောနေရင်လည်း သိတယ်၊ သူ တကယ် အပြင်မှာရော ဒီလိုလား၊ အပေါ်ယံတွေလား ဆိုတာ။ အသက်အရွယ်လေးရလာတော့ အပိုတွေလုပ်နေရင် သိတယ်။ လူအထင်ကြီးအောင် လုပ်ပြနေတာလား၊ တကယ့်စိတ်ထဲက လာတာလား ခွဲခြားသိတယ်။ ဘာကြောင့်လဲဆိုတော့ ပြောဖို့က လွယ်တယ်။ လက်တွေ့ကျင့်ဖို့ကျ ခက်တယ်။ အဲတော့ နားမထောင်တာများတယ်။ ကိုယ့်ပင်ကိုယ်စိတ်အရ သူပုန်သွေးပါသူမို့လည်း ဖြစ်မယ်။ ကိုယ်ထူကိုယ်ထစိတ် ပိုထက်သန်တယ်။ 
တကယ်တမ်းပစ်လဲနေတဲ့အခါ ဘယ်အရာကမှ ကိုယ့်ကို မထူနိုင်ဘူး။ ဘယ်လောင်းရိပ်အောက်မှာမှလည်း နေချင်သူမဟုတ်တဲ့အတွက် ကိုယ့်လမ်းကိုယ်ထွင်ရတာ၊ ကိုယ့်စိတ်ကိုယ်ထူရတာပါပဲ။ ကြာတော့ ကြာတာပေါ့။ ယူထျူ့မှာ ကိုယ်ကြည့်ဖြစ်တာတွေက စိတ်ပညာပိုင်းဆိုင်ရာတွေ၊ ဦးနှောက်အလုပ်လုပ်ပုံတွေ၊ စိတ်နဲ့ခန္ဓာဆက်နွယ် လုပ်ဆောင်ပုံတွေ၊ ဒါတွေကြည့်ဖြစ်တာများတယ်။ TedTalk မှာ အဲသလိုအကြောင်းအရာတွေ ပြောထားတာ အများကြီးရှိတယ်။ စိတ်ခွန်အားပေးတဲ့ဟာတွေထက် သိပံ္ပနည်းကျကျ လူအကြောင်း၊ လူ့စိတ်အကြောင်း ပြောတာတွေကို ပိုနားထောင်ဖြစ်တယ်။ ဒါတွေက ကိုယ့်အကြောင်း၊ ကိုယ့်ခန္ဓာအလုပ်လုပ်ပုံအကြောင်းကို ပိုသိလာစေတယ်။ စိတ်မှာ တခုခုထိခိုက်တာနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာတွေ အဆင့်ဆင့် ပြောင်းလဲသွားသလဲ၊ ဒါတွေကို မဖြစ်အောင် ဘယ်လိုနေရမလဲ၊ စိတ်ကျသွားတိုင်း ကိုယ်ပါ လဲမကျအောင် ဘယ်လိုလေ့ကျင့်ရမလဲ ဒါတွေက ကိုယ့်အတွက် လက်တွေ့ကျကျ ပိုအသုံးဝင်တယ်။ 
ထားပါတော့၊ ပြန်ချုပ်ရရင် ကိုယ့်မှာ တက်ကျမ်းတွေ ကြက်စွပ်ပြုတ်တွေကို အလားဂျစ်ရှိတဲ့အကြောင်း ပြောပြတာပါ။ 
ကျကျမ်းအကြောင်း ဆက်ရအောင်။ ကျကျမ်းဆိုတာ ဘုန်းကနဲပြုတ်ကျတဲ့ ကျကျမ်းကို ပြောတာမဟုတ်ဘူး။ ဘဝဟာ ဂငယ်ကွေ့တခုလို့ ဆိုခဲ့ရင် ကိုယ်တို့လိုအရွယ်တွေဟာ ဂငယ်ထိပ်အပေါ်ကို ကျော်လွန်ပြီး ဂငယ်ရဲ့ညာဘက် ကုန်းအဆင်းပိုင်းကို ရောက်လာခဲ့ပြီ။ အကျဘက်ကို ဦးတည်နေပြီ။ ကျန်းမာရေးအရရော အားအင်ပိုင်းအရရော ကျလာနေပြီ။
အရေးကြီးတာက ဘယ်လို ကျမလဲ…
အကျမြန်မြန်သွားမလား၊ ခပ်ဖြည်းဖြည်း သွားမလား၊ Aging ဟာ ရုပ်ပိုင်းဆိုင်ရာအရ တားနိုင်သလောက် အတိုင်းအတာတခုအထိပဲ တားနိုင်လိမ့်မယ်။ 👉 ကျန်တာတွေကတော့ နိစ္စဓူဝကိုယ့်ကျင့်စဉ်၊ နေထိုင်စားသောက်ပုံ၊ အတွေးစိတ်ကူး၊ ခံယူကျင့်သုံးပုံ၊ စိတ်အထားအသို ဒါတွေအပေါ် မူတည်ပြီး အနှေးအမြန်ကွာလိမ့်မယ်လို့ ကိုယ် ထင်တယ်။ အရေးအကြီးဆုံးက စိတ်အထားအသိုပဲ၊ စိတ်ထားတတ်ဖို့ စိတ်ကောင်းမွေးနိုင်ဖို့ အဓိကကျတယ်။ စိတ်ကောင်းတခုရဖို့ မနာလိုဝန်တို မလိုမုန်းထားစိတ်တွေ ကင်းမှဖြစ်မယ် 👈 အသက်ရှင်နေစဉ် နေနည်းထိုင်နည်းတွေကို ဘာသာတိုင်းက သွန်သင်ခဲ့ကြတာမို့ ဘာသာတရားရဲ့ ပဲ့ပြင်မှုတွေကတော့ လူတိုင်းမှာ ရှိကြလိမ့်မယ်။ ဒါတွေကို လက်တွေ့ နေ့စဉ်ဘဝထဲ ဘယ်လို ထည့်မလဲ၊ ဘယ်လို လေ့ကျင့်မလဲ....
ကျတာကတော့ လူတိုင်း တနေ့ ကျမှာပဲ။ ဘယ်လိုကျမှာလဲ၊ သက်သက်သာသာလေး ကျတတ်ဖို့တော့ လိုတာပေါ့….။
ဒါ ကိုယ် ပြောချင်တဲ့ ကျကျမ်းပဲ...


ချစ်ကြည်အေး
၂၂၀၈၂၀၁၉

Monday, June 17, 2019

ကျွန်မရေးဖြစ်ခဲ့သော/ ရေးနေဖြစ်သော ကဗျာများ - ဇွန် ၂ဝ၁၉


၁။

သို့....
တိတိကျကျ လွဲခဲ့ကြပါတယ်
ရောက်ရှိခြင်းကင်းမဲ့ဇုံထဲ
လိပ်မူထားခြင်းမရှိတဲ့ စာ
တသက်စာအကွာအဝေးဆီ ချိန်ရွယ်ပစ်လိုက်တဲ့မြား
တနေရာရာတော့ ရောက်လိမ့်
အလျင်ထက်မြန်တဲ့အလွမ်းစိတ်နဲ့ သွားနေတဲ့ စာ
ရေးသူရဲ့နှလုံးသား ဖောက်ချဖို့သက်သက် ရေးဖွဲ့ဖြစ်တဲ့ စာ
စာတိုက်ပုံးထဲ ထည့်ခဲ့လိုက်ပါတယ်
နှုတ်ဖျားမှာ ကျွန်မနာမည် တ မိတဲ့တနေ့
ဖွင့်ဖတ်ရန် မလိုအပ်တော့တဲ့ စာ...


ခကအ
၀၁၀၄၂၀၁၉
ပေးစာ ~

၂။

တကယ်လို့များ ကိုယ်တို့ မတွေ့ဖြစ်ခဲ့ကြရင်...

မင်းရှိနေတတ်တဲ့နေရာတွေမှာ ကိုယ့်အတွက်မဟုတ်တဲ့  reactလေးတွေကို လိုက်ရှာကြည့်နေဖြစ်မယ်မထင်ဘူး
Last seen 1 min agoဆိုတဲ့ ရှိခဲ့ချိန်ပြစာကြောင်းလေးကိုမြင်ပြီး ရင်ခုန်နေဖြစ်မယ် မထင်ဘူး
ကိုယ်မတောင်းဘဲပို့ပေးထားတဲ့ ကိုယ့်ဂယ်လာရီထဲက မင်းပုံကလေးကို ခဏခဏပြုံးပြနေဖြစ်မယ်မထင်ဘူး
တစ်ကြိုးပြတ်နေတဲ့ ကိုယ့်ဂစ်တာလေးကို ဖွဖွကိုင်မိတိုင်း မင်းကို သတိရစိတ်နဲ့ မျက်ရည်ဝဲဖြစ်မယ် မထင်ဘူး
အရင်လို အသားမာတက်မနေတော့တဲ့ ကိုယ့်ဘယ်ဘက်လက်ချောင်းတွေကို ပြန်မြင်တိုင်း ကိုယ့်တယောက်ထဲအတွက်ဆိုပြခဲ့ဖူးတဲ့ မင်းသီချင်းသံကို ကြားယောင်နေလိမ့်မှာ မဟုတ်ဘူး
Jajacoဆိုတဲ့ တံဆိပ်လေးနဲ့အနီရောင်ကိုတွဲလျက်တွေ့မိတိုင်း ကိုယ့်ရင်ထဲနွေးသွားလိမ့်မယ် မထင်ဘူး
အစားအသောက်တွေကို မက်မက်မောမောစားမယ်ပြင်လိုက်တိုင်း ဝလာတော့မှာပဲဆိုတဲ့ စကားသံကို ကြားနေမိမှာ မဟုတ်ဘူး
မနက်မိုးလင်းတိုင်း ဟေ့အိပ်ပုတ်ထတော့ဆိုတဲ့ စကားသံထဲ ကိုယ်နာနာကျင်ကျင် ပြုံးနေဖြစ်မယ် မဟုတ်ဘူး
ကိုယ့်ညတွေဟာလည်း အခုထက် ပိုနက်မှောင်စရာအကြောင်းမရှိသလို...
ကိုယ့်မျက်ရည်တွေဟာလည်း ဒီထက်ပိုစိုစွတ်လေးလံစရာ အကြောင်းမရှိဘူး
မမြဲခြင်းတရားတွေကိုလည်း ဒီထက်ပို သိနိုင်ဖို့အကြောင်းမရှိဘူး
နံရံနဲ့ပြေးပြေးတိုက်ချင်နေတဲ့ စိတ်တွေကလည်း ကိုယ့်ဦးခေါင်းကို သယ်ဆောင်နိုင်လိမ့်မယ်မထင်ဘူး
ကိုယ်ပန်းချီဆွဲတဲ့အခါ ရေဆေးတွေကို မျက်ရည်နဲ့ဖျော်စပ်ဖြစ်မှာလည်း မဟုတ်တော့ဘူးပေါ့ကွယ်
လေးလံမှုသိပ်သည်းဆ များလွန်းတဲ့နေ့တွေထဲ
မင်းအပြုံးလေး မရမကလိုက်ဖမ်းနေရတဲ့အချိန်တွေထဲ
ကိုယ်တို့ မတွေ့ဖြစ်ခဲ့ကြရင်ဆိုတာကို စီးကရက်တလိပ်လိုဖွာရင်း နှလုံးသားထဲကနေ ပြန်ပြန်ရှိုက်ထုတ်ပစ်ရတယ်...


ချစ်ကြည်အေး
၀၂၀၆၂၀၁၉
ကိုယ်တို့ မတွေ့ဖြစ်ခဲ့ကြရင် ~

၃။

မှန်ထဲကမိန်းမဟာ အပြင်ဘက် ခုန်ထွက်လာခဲ့
တဝုန်းဝုန်းဖောက်ချလိုက်တဲ့စိတ်အဖူးတွေကနေ
ပွင့်လာလိုက်တာ စိတ်အနာတရတွေချည်း
ဖူးပွင့်လာသမျှ ပွေ့ပိုက်ပြီး အဝေးကို ငေးနေပုံက
ကြည့်နေပေမယ့် ဘာကိုမှမမြင်ရတဲ့အတိုင်း
ပြိုပြိုကျလာတဲ့ စိတ်လှိုင်းကစဥ့်ကလျားတွေကို လိုက်ကောက်ရလောက်အောင်လည်း ငါက သိပ်မရူးတော့ဘူး
ညှပ်ချပစ်လိုက်တဲ့ဆံပင်အတိုအစတွေကို သံယောဇဉ်လို့ ခေါ်ရင် ရလား
ဖြစ်ပြီးပျက်သွားတာလား မဖြစ်ခင်ကပဲ ပျက်သွားတာလား အဲဒီမိန်းမလက်ထဲမှာ....
အပျက်ပြီးအပျက်တွေပဲဆိုတဲ့ကရွတ်ခွေတခုက
မဆုံးနိုင်တော့တဲ့အသံတွေကိုပဲ repeatမုနဲ့ လည်ပတ်
ရပ်နေတဲ့ဒေါင်လိုက်အတိုင်းမှာ မိုးထားတဲ့ကောင်းကင်က နံရံတချပ်လိုဖိစီး
လေပြေအချပ်တွေက ဘေးဘက်လေးတန်မှာဆီးကာ
ပိတ်မိနေတဲ့ဗလာနယ်ထဲ အေးအေးလူလူလွတ်လမ်းမဲ့နေပုံများ
စိတ်အသေနွံ နက်လိုက်သမျှ
ဖရိုဖရဲပျက်ပျက်ကျ
ပျော်
လိုက်

တာ....


ခကအ
၀၈၀၅၂၀၁၉
အဲသည့်မိန်းမ ~

၎။

ဟာသတွေက မရယ်ရတော့တဲ့အခါ...
စိတ်အေးအေးထားပြီး မနက်ဖြန်အထိ ပျော်သလိုလိုနဲ့ ဆက်လျှောက်ရတယ်
စိတ်အကျိုးအပဲ့တွေက ဟိုနားတစ
ခန္ဓာကိုယ်ပေါ်ကခလုတ်တွေက ဘာတခုမှ အလုပ်မလုပ်တော့ဘူး ခက်တာက
ကိုယ်ဖြတ်ကူးမယ်ကြံတိုင်း အနီရောင်တွေချည်း ဖွာကျလာပြီး
ဖြည်ချလိုက်တဲ့စိတ်တွေက ခေါင်းထဲထိလွင့်လွင့်လာတာ
အိပ်မက်ထဲက စံပယ်ပန်းတွေဟာ ကိုယ့်ခြေရင်းမှာ သူ့ရနံ့တွေ ချွတ်ချထားခဲ့လေတော့
မနက်လင်းတဲ့အခါ ကိုယ့်မှာ အနက်ကြီးရူးခဲ့ရ...
လိုက်ရင်လည်း ဝေးနေဦးမှာမို့ ခြေစုံရပ်ပစ်ခဲ့ပါတယ်
နာစရာတွေကိုတော့ တရားနဲ့ဖြေတယ် ဘုရားနဲ့လည်း ဖြေတယ် နှလုံးသားထဲက လွမ်းစိတ်နဲ့လည်း ဖြေခဲ့ပါတယ်
သစ္စာတရားတွေနဲ့အကြိမ်ကြိမ်လွဲခဲ့ရတဲ့ကောင်ဟာ
ဒီဘဝလည်း ရင်ဘတ်ထဲမှာ ဆင်ခြင်တုံတရားတွေ ပါမလာခဲ့ပြန်ဘူး
အပင်ကလေးတပင်ကို မင်းနာမည်ပေးပြီး ရှင်သန်ဝေဆာလာအောင် အရိပ်တကြည့်ကြည့်ရှိနေရတာကလည်း ကိုယ့်ချစ်ခြင်းတရားပါပဲ
မရယ်ရတော့တဲ့ဟာသတွေထဲ ကိုယ့်ရင်ကွဲနာကိုကြည့်ကြည့်ပြီး ရယ်နေရတာတခုကတော့ အရယ်ရဆုံးပဲ
အနာကျင်ဆုံးသူ အကျယ်လောင်ဆုံးရယ်မောပါစေ...
ပျော်အောင်နေနေရရှာတယ်လို့ မင်းထင်မှာစိုးလို့ ရယ်သံတွေကို တိုးတိတ်သိမ်မွေ့လိုက်ရတယ်
သဲ့သဲ့ကလေးမှ....
မင်းဘက်က မကြားရတဲ့အထိ....

ခကအ
၁၆၀၆၂၀၁၉
ဟာသတွေက မရယ်ရတော့တဲ့အခါ...~

၅။

ကျွန်မငယ်စဉ်ကတော့
ပျော်ရွှင်မှုဆိုတာ
အဖေ အနားမှာရှိတဲ့အခါ
ကျွန်မမွေးနေ့အတွက် အိမ်နီးချင်းတွေကို ဝေဖို့ အဖေ ခေါက်ဆွဲကြော်တဲ့အခါ
ကျွန်မလွှတ်တင်လိုက်တဲ့စွန်ကလေး ကောင်းကင်မှာ လွတ်လပ်စွာ ပျံဝဲနေတဲ့အခါ
အဖေဝယ်ပေးတဲ့ ကွန်ပါဘူးအသစ်ကလေးကို အတန်းဖော်တွေကို ကြွားရတဲ့အခါ
အတန်းထဲမှာ ကျွန်မ အဆင့်တစ်ရတဲ့အခါ....
ဆီချက်နဲ့ဖာလူဒါကို လေဟာပြင်ဈေးမှာ အဖေနဲ့အတူ အဝ စားရတဲ့အခါ...
ကောင်ကလေးရဲ့မျက်ဝန်းတွေ ကျွန်မဆီ ရောက်လာတဲ့အခါ...
အဲ့သလောက် ရိုးရှင်းခဲ့ပါတယ်
လတ်တလော ကျွန်မရဲ့ ပျော်ရွှင်မှုဆိုတာ....
ကောင်းကင်ပြာပြာကို တမေ့တမော မော့ကြည့်နိုင်တဲ့အခါ...
လ မသာပေမယ် ကျွန်မမျက်စိထဲ ဝန်းဝိုင်းနေမြဲ လကို ကောင်းကင်မှာ မြင်နေရတဲ့အခါ
သူ ဘယ်တော့မှ ကျွန်မဆီ ပြန်မလာဘူးလို့ သိလိုက်ရတဲ့အခါ
ကျွန်မစိတ်နဲ့ ကျွန်မကိုယ် အရာရာကို မြင်နိုင်စွမ်းတဲ့အခါ
ကျွန်မနဲ့ နောက်ထပ်ကျွန်မတယောက်သာ ကျွန်မအတွက်ရှိတယ်လို့ သိလိုက်ရတဲ့အခါ...
ကျွန်မဟာ ဘယ်သူ့အတွက်မှ အရေးမကြီးဘူးလို့ သိလိုက်ရတဲ့အခါ
ကျွန်မနာမည်ဟာ အမေ့ခံစာရင်းထဲမှာလို့ သိလိုက်ရတဲ့အခါ...
ပျော်ရွှင်မှုဆိုတာ သင်သတ်မှတ်သမျှ အတိုင်းအတာစိတ်ကလေးတခုမျှသာပါပဲလို့ သိလိုက်ရတဲ့အခါ.....
ပျော်ရွှင်မှုဆိုတာ ဘာမှမဟုတ်တဲ့ မမြဲတဲ့အခိုက်အတန့်ကလေးဆိုတာ 
သိလိုက်ရတဲ့အခါ....



ချစ်ကြည်အေး
၀၉၀၂၀၁၉
ပျော်ရွှင်မှုဆိုတာ ~

Wednesday, May 29, 2019

သေခြင်းတရားနှင့်စပ်လျဉ်းသော ကိစ္စ ~

တွေ့နေကျမြင်ကွင်းတွေ၊ တွေ့နေကျလူတွေရှိတဲ့ လမ်းကလေးထဲ ခေါက်ပြန် လျှောက်နေမိပြန်တယ်။ ဘာမှမထူးဆန်းတဲ့ သစ်ပင်တွေ လူတွေ ကားတွေ ဒီရှုခင်းတွေ ဒီမျက်နှာတွေပါပဲ။ အိမ်ထဲကခွေးကလေးတွေ လမ်းလျှောက်ခေါ်ထုတ်လာတဲ့လူတွေလည်း တွေ့ရတယ်။ တခါတလေ စကူတာတွေ စက်ဘီးတွေ နောက်ကလာတဲ့အခါ အသံကြားတာနဲ့ သတိထားပြီး ဘေးကပ်ပေးရတာတော့ရှိတယ်။ မနက်ခင်းဆိုတော့ လူတွေမျက်နှာတွေဟာ လန်းလန်းဆန်းဆန်းရှိနေတုန်းလိုပဲ။ ဒါပေမယ့် မပြုံးကြဘူး။ စက်ရုပ်တွေလိုပဲ တောင့်တောင့်ကြီးသွားနေကြတာ။ ရေစီးရေလာအတွက်ဖောက်ထားတဲ့ မြောင်းကြီးရဲ့ဘေးရောက်တော့ လမ်းလျှောက်နေရင်းက ခဏရပ်ပြီး အောက်ဘက်ကို ငုံ့ကြည့်လိုက်မိတယ်။ မြောင်းကြီးထဲမှာ ရေသိပ်မရှိသေးဘူး။ ခါတိုင်းဆို ရေတွေတသွင်သွင်စီးနေတာကို တွေ့ရပြီး ဘူတာနဲ့နီးတဲ့ မြောင်းအထက်ဘက်ရောက်ရင် ဘာငါးမှန်းမသိတဲ့ ငါးကြီးတွေ တဖျတ်ဖျတ်လူးနေတာကို တွေ့ရတတ်တယ်။ အရင်ကဆို ငါးမျှားနေတဲ့လူတွေကို တွေ့ရသေးတယ်၊ ခုတော့ ငါးမဖမ်းရလို့ ဆိုင်းဘုတ်တပ်ပြီး ဒါဏ်ငွေရိုက်လိုက်တော့ မတွေ့ရတော့ဘူး။ မြောင်းကြီးရဲ့အနက်က ၄-၅မီတာလောက် ရှိမလားပဲ။ အပေါ်ကနေ ခုန်ချရင် ကျိုးပဲ့တာလောက်ပဲ ဖြစ်မယ် ထင်ပါရဲ့။ အောက်ဘက်ကိုတချက်ထပ်ငုံ့ကြည့်လိုက်ရင်းက ဘယ်လိုကြောင့် အဲသလိုအတွေးမျိုး ဝင်လာရတာပါလိမ့်လို့ တွေးမိတယ်။ တနေ့က Nနဲ့ ကိုယ် ပြောမိတဲ့အကြောင်းတွေ ခေါင်းထဲ ပြန်ရောက်လာတယ်။
N : ပျော်အောင်နေလေ ဒါမှ ဘဝကတန်မှာ
ကိုယ် : ပျော်နေပြီးပြီလေ တန်နေပါပြီ သွားမယ်ဆို သွားလို့ရပြီ
N : သေမှ မသေရဲတာ၊ သေနပ်လွယ်ရင်တော့ ကောင်းသား၊ တချက်ထဲပဲ၊ ကျန်တာတွေကျတော့ ကြောက်တယ်၊ ရေဆိုလည်း ၁၅မိနစ်လောက်မွန်းမလားပဲ
ကိုယ် : အင်း အသေမလှဘူး ပုပ်ပွပေါ်လာမှာ
N : သေပြီးရင် ရင်ဖွင့်စရာလည်း ရှိတော့မှာ မဟုတ်ဘူးနော်
ကိုယ် : သေပြီးမှ ရင်ဖွင့်စရာလား သေနပ်လိုချင်ရင် နောက်တခါ ကျိုက်ထီးရိုး ရောက်တဲ့အခါ ဝယ်ခဲ့လိုက်မယ်
N : လုပ်ပြီ၊ မသေချာဘူးလေ၊ ကိုယ်ချစ်တဲ့သူဆို သေပြီးလည်း လိုက်ကြည့်နေမိမှာ၊ တနည်းနည်းနဲ့ သူသိအောင်ပြမိဦးမှာ
ကိုယ် : အထပ်၂ဝလောက်က ခုန်ချရင်တော့ သေချာလောက်ပါတယ်
N : ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်မှာလေ မြင်ကြည့်ပေါ့ အဲလိုလည်း အပျက်မခံနိုင်ဘူး
ကိုယ် : တော်ပါတော့ လက်လျှော့လိုက်ပါတော့
N : သေဖို့စဉ်းစားရင် ဘယ်အင်္ကျီနဲ့သေရမလဲစဉ်းစားရတာနဲ့တင် ခေါင်းခြောက်လို့ ဆက်မစဉ်းစားနိုင်ဘူး (HaHa react ပေးမိ)
ကိုယ် : သေမနေပါနက်တော့ ဒါမှမဟုတ် အိပ်ဆေးအလုံး၅ဝလောက် ချပစ်လိုက်ရင်ရော
N : သေကာနီးမှ ကံက အကောင်းလွန်တာမျိုး၊ ဒါမှမဟုတ် အဆိုးလွန်တာမျိုးဖြစ်ပြီး မသေမရှင်ဖြစ်နေမှ သေကြောင်းကြံစည်မှုနဲ့ တရားအစွဲက ခံရဦးမယ် (HaHa react ပေးမိ)
N : ကြိုးဆွဲချဖို့ကလည်း ကြိုးချည်ဖို့ အရပ်က မမီပြန်ဘူး
ကိုယ် : မျက်ပြူး လျှာထွက် အသေမလှ မဟန်သေးပါဘူး
N : အိမ်ကလူတွေလည်း အလုပ်ရှုပ်ဦးမယ် ငါ့သမီးလေး ဘယ်သူများစိတ်ညစ်အောင် လုပ်သလဲဆိုပြီး
ကိုယ် : ကျန်ရစ်သူတွေ တိုင်ပတ်မှာ အမှုပတ်မှာပဲ
N : အဲ့ကျရင် ယူတို့အကုန်ပါပြီ၊ စကားပြောနေကျလူတွေ
ကိုယ် : အေးလေ၊ ယူလည်း အမှုတွဲထဲပါတယ်၊ အိုင်သေရင်…
ကိုယ် တွေးရင်းက ပြုံးမိတယ်။ လူတယောက် သေဖို့ဆိုတာ တွေးကြည့်တော့လည်း တကယ်မလွယ်တဲ့ကိစ္စ။ မိမိဆုံးဖြတ်ချက်ဖြင့် ဘဝကြီးထဲက ထွက်ခွာသွားသည် ဆိုတာမျိုးနဲ့ လောကကြီးကို အနိုင်ပိုင်းမယ်ဆိုတာမျိုး စိတ်ကူးကြည့်၊ တကယ်ပဲ အနိုင်ပိုင်းနိုင်တာလား၊ အရှုံးပေးသွားတာလားလို့ ခနိုးခနဲ့ သွားမမေးနဲ့၊ I don’t f***ing care ဆိုပြီး လက်ခလယ်ထောင်ပြလိုက်လိမ့်မယ်။ သိပ်နူးညံ့တယ် စိတ်ပိုင်းဆိုင်ရာ အမှုကိစ္စတွေ၊ လုံးဝအထိမခံနိုင်အောင် ကွဲလွယ်အက်လွယ် ပါးလျတယ်။
သေချင်တဲ့လူတယောက်ရဲ့စိတ်မှာ အင်မတန်မှောင်မည်းနေတဲ့ အမိုက်တိုက်ကြီး တတိုက်လုံး ရှိနေတယ်။ သိပ်လေးလံတယ်။ မရောက်ဖူးရင် မသိနိုင်ဘူး။ သိပ်အေးစိမ့်နက်မှောင်တယ်၊ သိပ်ပင်ပမ်းနာကျင်တယ်၊ အရာရာအဓိပ္ပါယ်မဲ့နေတဲ့ နေ့တွေညတွေရှိတယ်။ ဒီလိုအခြေအနေမျိုးထဲက မဖြစ်မနေ လွတ်မြောက်လိုသူဟာ ကျန်တာ ဘာမှတွေးနေမှာ မဟုတ်ဘူးဘဲ။ ကျန်တာတွေတွေးနေပြီဆို ဒါ သေချာတယ် တကယ်သေချင်စိတ် မရှိသေးလို့…။
တွေ့နေကျမြင်ကွင်းတွေ၊ တွေ့နေကျလူတွေရှိတဲ့ လမ်းကလေးထဲ ဘာမှမထူးဆန်းတဲ့ သစ်ပင်တွေ လူတွေ ကားတွေ ရှုခင်းတွေ မျက်နှာတွေကို ငေးရင်း ကိုယ် အိမ်ပြန်လာခဲ့လိုက်တယ်…။


ချစ်ကြည်အေး
၂၈၀၅၂၀၁၉
သေခြင်းတရားနှင့်စပ်လျဉ်းသော ကိစ္စ ~

Tuesday, May 28, 2019

တောင်တန်းကြီးတွေ....ဟိုးအဝေးမှာ...

ဟိုး အဝေးကြီးမှာ…
တောင်တန်းကြီးတွေ…၊ တိတိကျကျထပ်ပြောရရင် သူမ သိပ်ချစ်တဲ့ တောင်စဉ်တန်းကြီးတွေပေါ့။ အဝေးကြီးက မြင်ရချိန်မှာ အေးစက်စိမ်းညို့နေသလောက် အနီးကပ်စဉ်မှာ ပူလောင်ကြဲပါးလွန်းသလို…။ အဝေးကြီးက ကြည့်စဉ်မှာ သိပ်မဝေးတော့သလိုလိုနဲ့ အနားနီးလာလေ ခက်ခဲအလှမ်းဝေးသွားတဲ့ တောင်တန်းကြီးတွေ။ အနားရောက်ခဲ့စဉ်မှာ အပေါ်ကနေ စီးမိုးကြည့်နေတဲ့တောင်တန်းကြီးတွေက ညှို့ငင်နိုင်လွန်းတာနဲ့အတူ သူမကို မြေပြင်ပေါ်ပြားဝပ်စေခဲ့ပြန်တယ်လေ…။
မိုးကလေး မစို့မပို့ရွာတော့ တဖန်ပြန်လည်စိမ်းလန်းလာတဲ့တောင်တန်းကြီးတွေဟာ နှစ်သက်ချင်စရာ ကောင်းလာပြန်တယ်၊ ဒါပေမယ့် ဘာကိုမှန်းမသိ သူမ ထိပ်လန့်လို့နေတယ်။ ဟန်သိပ်ကြီးတဲ့တောင်တန်းကြီးတွေအနား အရောက်သွားဖို့ တခုခုက စီးကာနေပြန်ရော…။ သူမဟာ တောင်တန်းကြီးတွေအနားရောက်တိုင်း သေးဝပ်သိမ်ငယ်သွားတဲ့ ခံစားချက်တွေနဲ့ အကြိမ်ကြိမ်နာကျင်ရ၊ သဘာဝလည်းမတူကြပြန်တော့ မျက်နှာကိုသာခပ်လွှဲလွှဲထားကာ အဝေးကိုလျှောက်ရတာ…။ သူမမျက်ဝန်းတွေထဲမှာတော့ သိမ်းဆည်းထားခဲ့ရဲ့။ တောင်တန်းကြီးတွေ ဘယ်လိုစိမ်းညှို့နေဟန်၊ ဘယ်လိုထီးတည်းခက်မာနေဟန်၊ ဘယ်လိုသွေ့ခြောက်အေးစက်နေဟန်…၊ သူမကျောရိုးထဲကနေ စိမ့်ကနဲ နွေးသွားပြန်တယ်။ မရဲပါဘူးလေ…။ အဝေးမှာမြင်နေရတဲ့တောင်တန်းကြီးတွေကို အသံတိတ် စကားတွေလှမ်းပြောနေခဲ့မိတဲ့ရက်တွေ၊ အိပ်မက်တွေထဲ တောင်တန်းကြီးတွေအနောက် အပြေးလိုက်နေခဲ့မိတာတွေ၊ မောလှချည့်ကွယ်…။ ဘဝကတိုတောင်းသလောက် အလွမ်းသံသရာကဖြင့် ရှည်လျားပါရဲ့။
သူမနဲ့အတူတူ သူမအနားမှာရှိနေရင် ပျော်မှာလားဟင်…
ဒါဟာအမှန်ပဲဆိုပေမယ့် နာကျင်စေတယ်ဟုတ်လား…။ သူလည်း သူမအနား မပျော်နိုင်သလို၊ သူမကလည်း သူ့အနား နေမပျော်နိုင်တဲ့ ဘဝတွေ…။ နှလုံးသားမဲ့တဲ့တောင်တန်းကြီးတွေနဲ့ ချစ်ကျွမ်းဝင်မိတဲ့ လူမိန်းမတယောက်ဟာ ခြားနားလွန်းတဲ့ရှင်သန်မှုတွေထဲ တိုးတိတ်လွမ်းရဖို့သာ ဖြစ်လာတာ။ ဝေးလွန်းပါတယ် တောင်တန်းကြီးတွေရေ။ အနားကို ဘယ်တော့မှ သူမ ပြန်လာနိုင်မှာ မဟုတ်ပေမယ့်လည်း သူ ပျော်နေမယ်ဆိုတာ…။ သူမ ပျော်အောင်နေနေမယ်ဆိုတာ…။
အပူအပင်ဆိုတာ ဘဝမှာ မကြုံခဲ့ဖူးသူမို့ ဘယ်တော့မှ ရင့်ကျက်မလာတော့မယ့်စိတ်နှလုံးနဲ့သူမက ချစ်ခြင်းတရားနဲ့ကျမှ ရင့်ကျက်လို့လာခဲ့တာ။ ဒါဟာ ဝဋ်ကြွေးတခုပဲ၊ ဒါဟာ နာကျင်ဖို့သက်သက်မျှသာပဲဟုတ်လားဟင်…။ 
ဘဝမှာ ဘာကိုမှ တမ်းတမ်းတတမက်မောမက်မော မလိုချင်ခဲ့သူဟာ တိမ်တွေကဖြင့် ဝေးလွန်းတယ်ဆိုတာလောက်တော့ သိခဲ့သားပဲ။ အရင်တုန်းက…ဆိုတာ တနေရာရာမှာ လွှတ်ချ ကျန်ရစ်ခဲ့ပြီ။ ဘယ်လောက်များ ဝေးသွားကြတာလဲဆိုရင် သံသရာတခုစာလို့ သူမက ဖြေမယ်။ ဘယ်တော့မှ နောက်ထပ်…ဆိုတဲ့စကားမျိုးကြားရရင် သူမက မျက်ရည်ဝဲချင်နေတုန်းပဲ။ တကယ်လို့များ တောင်တန်းကြီးတွေအနား အမှတ်မထင်ရောက်သွားခဲ့ရင်ရော…၊ အတွေးနဲ့တင် သူမ ရူးတော့မလိုပဲ။ တောင်တန်းကြီးတွေရဲ့ရင်ခွင်မှာ သူမသိမ်းဆည်းထားခဲ့သမျှ မျက်ရည်တွေနဲ့ ပါးအပ် သွန်ချမိမလားရယ်…၊ ပြီးတော့ သူမ စိတ်ဒဏ်ရာ…၊ စိတ်အကျ၊ သူမကိုယ်တိုင် မမှန်းဆနိုင်အောင် အတက်အကျမြန်ဆန်လွန်းလို့ အပိုင်းပိုင်းကြေမွခဲ့ရတဲ့ သူမစိတ်တွေ၊ ခဏခဏ သေရာပါသွားတဲ့ အမာရွတ်တွေရဲ့ ထူထဲနက်နဲမှုအတိုင်းအဆကို သူသာနားထောင်မယ်ဆို ပြောပြချင်ပါရဲ့။ ဟင့်အင်း…သူမဟာ အခုကို စိတ်နဲ့ကိုယ် တခြားစီ လွတ်ထွက်သွားမတတ်ပါပဲ။ သေချာတာတခုကတော့ နာကျင်မှုပဲ… ဘယ်လမ်းကိုရွေးရွေး အနာတရဖြစ်မယ့်လမ်းတွေထဲက ပြေးမလွတ်တော့တာကိုလည်း  သိထားပြီးသားကို…။ အယ်လ်ဘမ်ထဲမှာ သိမ်းထားခဲ့တဲ့ တောင်တန်းကြီးတွေရဲ့ပုံရိပ်တွေ…ဘယ်အချိန်ကြည့်ကြည့် ပြုံးနေမိတဲ့အချိန်တွေထဲ သူမ ပြန်လည်သက်ဝင်နေမိတာ၊ နာကျင်ရတာက သပ်သပ် နွေးထွေးနေမိတာက သပ်သပ်။ အဲဒီတုန်းကတော့ တောင်တန်းကြီးတွေမှာ လျို့ဝှက်မှုတွေအပြည့်၊ မာယာအပြည့်ဆိုတာ သူမ ဘယ်သိနိုင်မှာလဲလေ။ သူမအတွက်တော့ ခုထိ အဖြူထည်ကလေးအတိုင်း ရှိနေပေးပါ၊ ရိုးသားနေပေးပါ တောင်တန်းကြီးတွေရယ်…။ သူမ တန်ဘိုးထားချင်လို့၊  သိပ်မြတ်နိုးရလို့ပါ…။ သတိထားမိမလားဟင်၊ သူမ ကမ္ဘာပျက်နာကျင်ရလေလေ သူမရယ်သံတွေက ပိုမိုကျယ်လောင်လာလေလေ…၊ ဒီနေ့စွဲတွေထဲ ရဲရင့်ဟန်ဆောင်ရင်းက  ခဏခဏပျက်ကျနေခဲ့ရပုံတွေ…။ သူမ ပြိုလဲကျရသမျှ တောင်တန်းကြီးတွေဘက်မှာ ပျော်ရွှင်အနိုင်ရနေမယ်ဆိုလည်း ပျော်ပါစေလို့သာ ကျေနပ်ပေးချင်သေးရဲ့…။ သူမကျဆုံးမှုဆတူအတိုင်း ပျော်ပါစေကွယ်…၊ သူမ ပြုံးတိုင်း ပျော်နေတယ်လို့ မြင်ပေးလှည့်ပါ၊ (အနည်းဆုံးတော့) ဟန်ဆောင်ကောင်းချင်လှရဲ့လေ…



ချစ်ကြည်အေး
၁၉ဝ၅၂ဝ၁၉
တောင်တန်းကြီးတွေအတွက် သတိတရ ခံစားရေးဖွဲ့ ~
ဇွဲကပင် ~
ဇဇွဲ❤

Sunday, May 12, 2019

Touch Pool

ဘလော့ဂ်ဂါတွေစုပေါင်းရေးသားထားကြတဲ့ Feeling-92စာအုပ်ထဲမှာ ကျွန်မရေးဖြစ်ခဲ့တဲ့ စာမူပါ။ စာအသစ်မတင်နိုင်သေးခင်မှာ ဖတ်ကြည့်ကြပါဦးရှင့်....
Touch Pool
=========


လူတန်းရှည်ကြီးထဲမှာ ဒီလောက်အကြာကြီးတန်းစီလာခဲ့ပြီး လက်ကလေးမှ ရေမစိုလိုက်ရဘဲ ပြန်ထွက်သွားခဲ့သူ ကျွန်မတယောက်ပဲ ရှိမယ်ထင်ပါရဲ့။ ငါးကန်နောက်က တာဝန်ရှိတဲ့ကလေးမလေးတွေရဲ့ ဘယ်လိုပါလိမ့်ဆိုတဲ့အကြည့်ကို ပြုံးရုံကလေးသာ ပြုံးပြလိုက်နိုင်တယ်။
တကယ်လို့များ အဲဒီအဖြစ်အပျက်သာ ကျွန်မရှေ့မှာ မဖြစ်ခဲ့ရင်….၊
ကျွန်မဟာ မသိခြင်းတွေနဲ့အေးဆေးသက်သာနေမယ့် လူအုပ်ကြီးထဲက လူတယောက်ပဲ ဖြစ်ကောင်းဖြစ်မယ်ထင်ပါရဲ့။ 
(၁)
ကြယ်ငါးတွေ အသက်ရှူကြသလား…
ငါးပြတိုက်ကြီးထဲကို ပထမဦးဆုံးအကြိမ်လာလည်ဖြစ်ခဲ့တုန်းက Touch Poolထဲက ကြယ်ငါးတွေကို အဝေးကလှမ်းအမြင်မှာ ကျွန်မတွေးမိခဲ့ဖူးတာ။
ထပ်တွေးနေမိပြန်တယ်၊ ကြယ်ငါးတွေ အသက်ရှူကြရဲ့လား…၊ ကြယ်ငါးတွေ ခံစားတတ်ကြသလား….။ ပကတိငြိမ်သက်လွန်းတော့ အမြင်မှာ သက်မဲ့အရုပ်တရုပ်လိုပဲ။
အဲဒီတုန်းကပေါ့။ ခဏကလေးရယ်…၊ Touch Poolဆိုတဲ့ ဆိုင်းဘုတ်နဲ့ သူ့ဘေးနားက ငါးကန်ရှည်မျောမျောနံဘေးကိုရောက်ဖို့ လူတန်းရှည်ကြီးရဲ့အနောက်မှာ စိတ်လက်ရှည်ရှည် စီတန်းခဲ့ရသမျှ တကယ့်တကယ်အနားလည်းရောက်ရော ဖျတ်ကနဲထိရုံသာ လက်နဲ့ထိကြည့်အပြီး ခြေထောက်တွေကဖြင့် ရှေ့ကို ဆက်လျှောက်ပေးရတယ်။ ကျွန်မအနောက်က လူတန်းရှည်ကြီးကို အလှည့်ပေးဖို့ ကျွန်မက ရှေ့ဆက်လျှောက်ပေးခဲ့ရတယ်လေ။ 
ခဏကလေးပဲ၊ ကျွန်မလက်တဘက်ကို ရေထဲနှစ်လို့ ထိကြည့်လိုက်ရချိန်ကလေး၊ အဲဒီခဏကလေးကို ကျွန်မ ရင်ခုန်ခဲ့ရတယ်။ နောက်တနေ့ရောက်တော့ ကြယ်ငါးတွေကို ကျွန်မ မေ့သွားခဲ့တယ် ထင်တာပါပဲ။ 
(၁.၁)
Touch Poolလို့ခေါ်တဲ့ ငါးကန်ရှည်မျောမျောထဲမှာ အပေါ်ဘက်ကို တဖွားဖွားလွင့်နေတဲ့ ကျောက်ခက်စိမ်းစိမ်းတွေ၊ ကျောက်စိုင်တန်းတွေအပြင် ငါးရောင်စုံသေးသေးကလေးတွေလည်း ရှိရဲ့၊ သူတို့ကိုတော့ ထိဖို့ မလွယ်လှဘူး၊ သူတို့က သိပ်လှစ်တာပဲ၊ ဟို ဒီကူးခတ်နေကြလို့….။
Touch Poolထဲက ကျောက်စိုင်တန်းတွေပေါ်မှာ ကြယ်တွေကြွေကျနေကြသလို၊ ဒါပေမယ့် ပကတိအငြိမ်အသက် အချပ်လိုက်ကပ်နေတဲ့ ကြယ်ငါးတွေကို လေး ငါး ခြောက်ကောင်လောက် ခပ်ကြဲကြဲတွေ့လိုက်ရတယ်။ တချို့ကြယ်ငါးတွေက လက်လှမ်းလို့ မမီနိုင်တဲ့နေရာမှာ၊ လက်လှမ်းမီနိုင်တာဆိုလို့ အကြီးနှစ်ကောင်ရယ်၊ အလတ်စားနှစ်ကောင်ရယ်…၊ ဒါပဲ။ 
ကြယ်ငါးတွေဆိုပေမယ့်လည်း အသွေးအရောင်၊ ပုံစံ၊ အရွယ်အစားတွေက တကောင်နဲ့တကောင် မတူကြပြန်ဘူး။ မျိုးစိတ်နာမည်တွေ ကွဲပြားကြသလို အလေ့အထတွေလည်း ကွဲပြားကြတယ်။
ကြယ်ငါးအများစုမှာ လက်ချောင်းတွေလို့ဆိုနိုင်တဲ့ ဘေးပတ်ပတ်လည်ကိုဖြာထွက်နေတဲ့ လက်တံ ငါးချောင်းတိတိ ရှိတယ်။ အတိအကျဆိုရရင် ညာဘက်မှာ နှစ်ချောင်း၊ ဘယ်ဘက်မှာ နှစ်ချောင်းနဲ့ ရှေ့တည့်တည့်ဆီမှာ တချောင်းပေါ့။ တချို့ကြယ်ငါးအမျိုးအစားတွေမှာတော့ ငါးချောင်းထက်ပိုတဲ့လက်တံတွေ ရှိကြတယ်။ လက်တံပေါင်းလေးဆယ်ကျော်တဲ့ ကြယ်ငါးတောင်မှ ရှိသေးတယ်။ အလယ်ဗဟိုစက်ဝိုင်းကတော့ ကိုယ်ထည်ပေါ့၊ အဲဒီကိုယ်ထည်အောက် တည့်တည့်မှာ ပါးစပ်ရှိတယ်လို့ဆိုကြတယ်။
ကြယ်ငါးတွေမှာ နှလုံးသား မရှိကြဘူး…၊ ပြီးတော့ ဦးနှောက်လည်း မရှိကြဘူး၊
မျက်စိလည်း မရှိကြပေမယ့် တချို့ကြယ်ငါးတွေဟာ သူတို့လက်တံကတဆင့် အလင်းကို ခံစားနိုင်စွမ်းရှိကြတယ်။ ဒါဆိုရင်ဖြင့် ထိခွင့်ရှိရင်တောင် ကြယ်ငါးတွေရဲ့လက်တံကို မထိတာက ပိုကောင်းမလားဟင်….။
ကြယ်ငါးတွေမှာ နှလုံးသားမရှိကြဘူးတဲ့၊ ဆိုတော့ ကြယ်ငါးတွေဟာ မချစ်တတ်ကြဘူးလား။ ကြယ်ငါးတွေဟာ ပျမ်းမျှအားဖြင့် အသက် (၂)နှစ်မှာ အရွယ်ရောက်ကြပြီ၊ မျိုးပွားနိုင်ကြပြီလို့ ဆိုတယ်။ ကြယ်ငါးကလေးတွေကို ကြယ်ငါးမေမေနဲ့ ကြယ်ငါးဖေဖေက မွေးဖွားလိုက်တယ်ဆိုတာထက် ပြန်လည်ထုတ်လုပ်မှု (reproduce) လုပ်တယ်လို့ သုံးကြတယ်။
ကြယ်ငါးတွေမျိုးပွားပုံကဖြင့် တကယ်အံ့သြစရာ၊ မျိုးစိတ်တခုနဲ့တခု မျိုးပွားပုံချင်းလည်း မတူကြပြန်ဘူးတဲ့။ ကြယ်ငါးတွေရဲ့မျိုးပွားအင်္ဂါဟာ ပုံမှန်အခြေအနေမှာ သိသာထင်ရှားခြင်းမရှိဘဲ ဥချတော့မယ်ဆိုတဲ့အချိန်ကျမှသာ အထီး အမ လိင်ကွဲပြားသွားကြတယ်။ လက်တံတွေချင်း ယှက်လို့ဖြစ်စေ၊ တကောင်စီက ကိုယ်တခြမ်းစီပေါင်းပြီး နောက်တကောင် အသစ်ဖြစ်လာတာမျိုးဖြစ်စေ၊ အမမျိုးဥနဲ့ အထီးသုတ်သွေးဟာ ရေထဲမှာ ပေါင်းဆုံကြပြီးတော့ဖြစ်စေ မျိုးပွားလေ့ရှိကြတယ်။ မထူးဆန်းဘူးလား…။
ထောင်နဲ့ချီရှိတဲ့ကြယ်ငါးမျိုးကွဲတွေထဲမှာ ပျမ်းမျှသက်တမ်းအားဖြင့် (၃၅)နှစ်ကြာတဲ့အထိ အသက်ရှင်နေနိုင်ကြတဲ့ ကြယ်ငါးတွေတောင်မှ ရှိကြသတဲ့။
လူတန်းရှည်ကြီးထဲ အလိုက်သင့်တန်းစီ ရွေ့လျားလိုက်ပါနေရင်း ကြယ်ငါးတွေအကြောင်း အင်တာနက်ထဲမှာ ရှာဖွေဖတ်နေလိုက်မိတယ်။ ရှေ့မှာ သိပ်မလိုတော့ဘူး။
ကျွန်မအလှည့်ရောက်တဲ့အခါ ကြယ်ငါးတကောင်ရဲ့ ဘယ်နေရာကို ထိကြည့်လိုက်ရင် ကောင်းမလဲဟင်….။ အရင်အခေါက်တွေတုန်းကရော ကြယ်ငါးတွေရဲ့ဘယ်နေရာကိုများ ကျွန်မ ထိကြည့်မိခဲ့တာပါလိမ့်။ မေ့ပြီ၊ ကျွန်မ တကယ်ကို မေ့သွားခဲ့ပြီ၊ ထိပြီးတော့လည်း လွယ်လွယ်မေ့ထားပစ်ခဲ့လိုက်တာပါပဲ…။
(၁.၂)
ကျွန်မအတွက် ငါးပြတိုက်ကြီးထဲမှာ ကြယ်ငါးတွေရှိတဲ့ Touch Pool ပြီးရင် ဒုတိယစိတ်အဝင်စားဆုံးက သမုဒ္ဒရာဟင်းလင်းပြင် (Open Ocean)လို့ နာမည်ပေးထားတဲ့ ဧရာမငါးကြည့်ကန်ကြီးပဲ။ သူ့အခန်းက အမှောင်များတဲ့အခန်း၊ လျှောက်လမ်းသွယ်တပြေးလုံး အမှောင်များများ အနက်ရင့်ရင့်အဆုံးမှာမှ ကြည်လဲ့လင်းဖွေးနေတဲ့ငါးကြည့်ကန်ဟာ ကူးခတ်လှုပ်ရှားသက်ဝင်နေကာ….၊ အကြည့်တွေအားလုံးရဲ့ လားရာဖြစ်တယ်။
သူ့အခန်းထဲဝင်လိုက်တာနဲ့ ဟာကနဲ ကြေနပ်ပျော်ရွှင်သွားစေတယ်။ မျက်နှာတွေတောင် ပြုံးမြလာလို့ရယ်။ ဒီလောက်ကြီးမားတဲ့ မှန်ဘီလူးပါ မှန်ချပ်အကြီးကြီး တဆက်တည်းရဖို့ဆိုတာ ဘယ်လောက်များ ခက်ခဲလိုက်မလဲ၊ ဘယ်လောက်များ တန်ဘိုးကြီးလိမ့်မလဲ။ အဲဒီအထဲမှာ အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်။
ငါးအကြီးကြီးတွေရဲ့တကောင်ချင်း တလူးလူးတလွင့်လွင့် ကူးခတ်သွားလာနေပုံ၊ ငါးသေးသေးကလေးတွေရဲ့ အုပ်စုလိုက် ဝေါကနဲ ကူးခတ်ဖြတ်ပြေးသွားပုံတွေဟာ ဧရာမမှန်ဘီလူးချပ်ကြီးရဲ့ ဘယ်ကနေ ညာ၊ ညာကနေ ဘယ် လူးလာခေါက်တုံ…၊ သိပ်ကြည့်လို့ကောင်းတာပဲ။ သမုဒ္ဒရာဟင်းလင်းပြင်ထဲ ကျွန်မ စိတ်ရောကိုယ်ပါနစ်မြုတ်လို့ မကြည်လင်သမျှအရာရာကို မေ့လျော့လို့နေနိုင်တော့တယ်။
သမုဒ္ဒရာဟင်းလင်းပြင်ပြီးရင် ကျွန်မအာရုံကို တတိယဖမ်းစားနိုင်ဆုံးက Jellyfishလို့ခေါ်တဲ့ ဂျယ်လီငါးတွေပဲ။ ရေထဲမှာကူးခတ်နေပုံကိုက လူးလူးလွန့်လွန့်ကူးခတ်နေကြတာမျိုးမဟုတ်ဘဲ အထက်အောက် တဖွားဖွားတဆစ်ဆစ် လဲ့ဖြာမျောရွေ့နေကြပုံမျိုး…။ သိပ်လှတာပဲ၊ သိပ်လွတ်လပ်မှာပဲ၊ အနှောင်အတွယ်မဲ့ တလွင့်လွင့်ပေါ့ပါးနေပုံဟာ ကျွန်မစိတ်နှလုံးကို ကူးလူးချိတ်ဆက်တယ်။ ဂျယ်လီငါးတွေလို ကျွန်မ မျောလွင့်နေချင်တယ်….၊ ဦးတည်ရာမဲ့လေ။
အဲဒီသုံးနေရာမှာ ကျွန်မစိတ်အဝင်စားဆုံးကတော့ အခု ကျွန်မတန်းစီနေတဲ့ Touch Poolပဲပေါ့။ Touch Poolထဲမှာ လူအများစု ထိကိုင်ကြည့်လို့ရတဲ့ Starfish-ကြယ်ငါးတွေရှိတယ်။ ကြယ်ငါးတွေကို ကျွန်မစိတ်ဝင်စားရတာက သူတို့ဟာ ဟိတ်ဟန်ကြီးတယ်၊ ဘာကိုမှထီမထင်ဟန် အေးစက်ငြိမ်သက်တယ်။ နောက် သူတို့မှာ နှလုံးသားမရှိတာ၊ အချစ်မရှိတာ၊ ကျောက်ရုပ်ကျောက်သားဆန်တာ….၊ ကျွန်မ နှစ်သက်ရလွန်းတယ်။ သူတို့မှာ ဦးနှောက်မရှိကြတာကလွဲလို့ပေါ့။ ဦးနှောက်မရှိတော့ တွေးဆချင့်ချိန်နေဖို့ မလိုတော့ပြန်ဘူးပေါ့၊ ဒါလည်း တမျိုးတော့အေးတာပဲလို့ နှစ်သက်ချင်မိပြန်တယ်။ ဦးနှောက်မရှိတော့ တိုးတက်ရာတိုးတက်ကြောင်းလည်း မရှိဘူးပေါ့၊ ကြယ်ငါးတွေက တိုးတက်ဖို့လိုလို့လား၊ အင်း…ဦးနှောက်ရှိတိုင်းရော တိုးတက်စည်ပင်ကြလို့လား။ ဘာပဲဖြစ်ဖြစ် ကြယ်ငါးတွေကို နှစ်သက်တာကတော့ လျော့မသွားဘူး။ ချစ်လျင်အကျိုးလို့ ဆိုတယ်ဟုတ်လား။
Starfish Storyလို့ အင်တာနက်မှာ ရှာလိုက်ရင်ပဲ ကြယ်ငါးတွေအကြောင်း ကျလာလိုက်တာ အများကြီး။ ကျွန်မတို့ ကြားဖူးနေကျအပြင် နည်းနည်းလေးတွေစီကွဲပြားသွားတဲ့ ဆင်တူမူကွဲ ကြယ်ငါးကောက်သူများအကြောင်းတွေပေါ့။ Loren Eiseleyရဲ့ “I made the difference for that one” ဆိုတဲ့စကားနဲ့ အဆုံးသတ်ထားတဲ့ ကြယ်ငါးကောက်သူအကြောင်းလေ။ လူသားဆန်မှုပြယုဂ်အနေနဲ့ လူတိုင်းရင်ကို ထိခတ်စေခဲ့တဲ့စာပေါ့။ ဖတ်ဖူးကြမှာပါ။
လူတန်းကြီးဟာ စည်းသားထားတဲ့ကြိုးလမ်းကြောင်းအတိုင်း တရွေ့ရွေ့ရှေ့တိုးနေကြတယ်။ ကျွန်မရှေ့မှာ လူ သိပ်မကျန်တော့ဘူး၊ မကြာခင် ကျွန်မအလှည့်ရောက်လာတော့မှာ…။
ရေထဲကိုနှစ်ပြီး ထိလိုက်မယ့်လက်ဟာ သံထည်တွေနဲ့လုပ်ထားတဲ့ အဆင်တန်ဆာတွေ ဝတ်ဆင်ထားခြင်း မရှိရဘူး၊ လက်စွပ်၊ လက်ကောက်၊ နာရီ ဘာမှဝတ်ဆင်မထားတဲ့ လက်ဗလာနှင့်သာ ထိကိုင်ပါရန်၊ အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ မည်သည့်အရာမဆို ကန်ထဲပြုတ်မကျစေဖို့ သတိကြီးစွာထားပါရန်လည်း ရေးသားထားတယ်။ ပြီးတော့ ရေထဲက သူတို့တွေကို ညင်ညင်သာသာထိတွေ့မှုပြုကြဖို့၊ အဲသလို သတိပေးစာတွေ ရေးကပ်ထားတယ်။
စာတန်းတွေကို တခုချင်းစီ အခေါက်ခေါက်ဖတ်ပြီး ရင်တခုန်ခုန်နဲ့၊ ဘယ်တကောင်ကိုများ၊ ဘယ်နေရာကိုများ ထိကြည့်လိုက်ရရင်ကောင်းမလဲ စဉ်းစားတယ်။ ဒီတကြိမ်ဆိုရင်ဖြင့် ငါးပြတိုက်ကို ကျွန်မ အလည်ရောက်တာ လေးကြိမ်ထက်မနည်းရှိခဲ့ပြီ။ ကြယ်ငါးတွေကို ထိကြည့်ခဲ့ဖူးတာလည်း လေးကြိမ်ထက်မနည်းပေါ့။ ဒါနဲ့တောင် ကြယ်ငါးတွေကိုထိဖို့ရာ ကျွန်မအတွက် ရင်ခုန်စွာ ထူးဆန်းနေတုန်း၊ ဆွဲဆောင်နိုင်နေတုန်း။
နောက်ဆုံးတော့ ရှည်မျောမျောကန်ရဲ့အဆုံးနားက အကြီးဆုံးကောင်ကို ထိကြည့်မယ်လို့ တွေးထားလိုက်တယ်။
ကျွန်မရှေ့မှာ ဆယ့်နှစ်နှစ်သားအရွယ် ကောင်ကလေးတယောက်သာရှိတော့တယ်။ ကောင်ကလေးက ညာဘက်လက်မှာ နာရီပတ်ထားတာမို့ ဘယ်ဘက်လက်နဲ့ ထိဖို့ပြင်တယ်။ ကြည့်ရတာ ဘယ်လက်နဲ့ အကျင့်မရှိတာလား၊ ဘယ်နေရာကို ထိကြည့်ရမယ် မသိတာလား၊ ကိုင်ကြည့်ရမှာ ကြောက်တဲ့ပုံတော့လည်း မတွေ့ရပါဘူး။ သူက သူ့ဘယ်ဘက်လက်ကို ရေထဲ စွပ်ကနဲနှစ်ပြီး ကြယ်ငါးရဲ့ အလယ်ဗဟိုစက်ဝိုင်းပုံ ကိုယ်ထည်နေရာကို ထိလိုက်တယ်။ လက်ဆ မတတ်လို့ထင်ပါရဲ့၊ ခပ်သာသာလေးထိရမယ့်အစား အရှိန်လွန်ပြီး ခပ်ဖိဖိထိကိုင်လိုက်မိပုံပါပဲ။ ငါးကန်နောက်က တာဝန်ရှိသူမိန်းကလေးရဲ့မျက်နှာမှာ အရောင်လေးတမျိုး ဖြတ်ပြေးသွားတာ တွေ့လိုက်ရတယ်။
Excuse me !
ကျွန်မအလှည့်ရောက်ကာမှ တာဝန်ရှိသူမိန်းကလေးက လက်ပြတားလိုက်တယ်။ ပြီးတော့ ခုနကကောင်ကလေး ခပ်ဖိဖိထိကိုင်သွားတဲ့ကြယ်ငါးကို လက်ဖဝါးထဲ ခပ်သာသာကလေး ထည့်ကိုင်ပြီး နေရာရွှေ့လိုက်တယ်။ ဘယ်သူမှ လက်လှမ်းမမီနိုင်မယ့် အနောက်တနေရာမှာ နေရာရွှေ့ထားလိုက်တာ။ သူ့နေရာမှာ ဟိုးအနောက်က ကြယ်ငါးခပ်လတ်လတ်တကောင်ကို ပြန်ချပေးတယ်။ နေရာချင်း လဲလိုက်တာပေါ့။
ကျွန်မစိတ်ထဲမှာ လက်ကနဲ အတွေးတချက်လင်းသွားတယ်။ တချို့ကြယ်ငါးတွေကို လက်လှမ်းမမီနိုင်တဲ့နေရာမှာ ထားထားခြင်းဟာ အလှည့်ကျလဲလှယ် အထိခံကြရဖို့များလား ဆိုတာပါပဲ။
ကြယ်ငါးတွေရဲ့အထိခံနိုင်စွမ်းမှာ အတိုင်းအတာ အကန့်အသတ်တခုရှိနေတာလား…။
ကြယ်ငါးတွေ နာကျင်တတ်သလား၊ ကြယ်ငါးတွေ ခံစားတတ်ကြသလား….
ကျွန်မ ဘာလို့များ မတွေးမိခဲ့ပါလိမ့်။ ကြယ်ငါးတွေဟာ အေးစက်ငြိမ်သက်ပေမယ့် ကျောက်ရုပ်မှ မဟုတ်တာ…။ အသက်မဲ့တဲ့ ကြေးရုပ်ကြီးတွေတောင် ထိကိုင်ခံရပါများတော့ ပဲ့ရွဲ့ချိုင့်ခွက်ဝင်သွားတတ်ကြသေးတာ…
ကြယ်ငါးတွေက အသံမဲ့သက်ရှိတွေ၊ သူတို့ကို ကျွန်မတို့ မကြားနိုင်ကြဘူးလား…..။
အိုခေ ရပြီတဲ့…။ တာဝန်ရှိတဲ့မိန်းကလေးက ပြောတယ်။
ဟင့်အင်း…။
ကျွန်မလက်ကို ရေတစက်မှ မထိလိုက်ဘဲ တန်းစီနေတဲ့လူတန်းကြီးထဲက ထွက်လာခဲ့လိုက်တယ်။
(၁.၃)
Touch Poolကအထွက် လမ်းသွယ်ကျဉ်းကျဉ်းကလေးဟာ မှောင်လဲ့လဲ့ကလေးသာ လင်းတာ။ လမ်းသွယ်ကလေးထဲ နံရံတဘက်ကိုမီပြီး ထိုင်ချလိုက်မိတယ်။
ကျွန်မလက်နဲ့ထိပြီးတဲ့အခါ….
ကျွန်မနောက်က လူတယောက်လက်နဲ့ထိ…
နောက်ထပ်အနောက်က လူတယောက်လက်နဲ့ထိ…
နောက်ထပ်အနောက်က လူတယောက်လက်နဲ့…ထပ်ထိ…။ ထပ် ထိ…။ အထိခံလိုက်ရတိုင်းမှာ ကြယ်ငါးတွေ မနာကြဘူးလား၊ တယောက်လည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ်တဲ့၊ လက်အချိန်အဆတွေ မတူကြတဲ့… လူတန်းရှည်ကြီးလေ။ 
လူတွေကရော ဘာကြောင့် ထိကြည့်နေကြတာလဲ…။
ထိလို့ရလို့… ထိခွင့်ရှိလို့….
ထိကြည့်ဖို့ အခွင့်အရေးလွယ်လွယ်ရလို့….။
တော်ကြပါတော့၊ ကြယ်ငါးတွေကို မထိကြပါနဲ့တော့၊ ထိပါများလာတဲ့အခါ သူတို့ နာကျင်တတ်ကြမှာ…။ သူတို့မှာလည်း သူတို့စိတ်နဲ့ သူတို့ကိုယ်နဲ့…သူတို့ခံစားတတ်ကြတယ်။
ကျွန်မကိုယ်တိုင်ဟာ ကြယ်ငါးတကောင်…
ကြယ်ငါးတကောင်ဟာ ကျွန်မကိုယ်တိုင်ဖြစ်သွားတဲ့ အခိုက်အတန့်…။
ကျွန်မတို့အတွက်ရော လက်တွေရဲ့အတွေ့တွေနဲ့ ထိခံရဖို့မဆိုပါနဲ့ဦး၊ လူတွေရဲ့မျက်ဝန်းတွေနဲ့ စေ့စေ့ကြည့်ခံရတာများလာရင်တောင် မနှစ်သက်နိုင်စရာဟုတ်လား။ 
တန်းစီနေစဉ်ဖတ်မိတဲ့အထဲ ကြယ်ငါးတချို့မှာ အဆိပ်ရှိတဲ့အကြောင်း ဖတ်လိုက်ရသေးတာ။ တချို့သောကြယ်ငါးတွေရဲ့ လက်တံပေါ်က ဆူးချွန်ကလေးတွေမှာ အဆိပ်ရည်ရှိကြတယ်။ တချို့သောကြယ်ငါးတွေမှာတော့ အဆိပ်ရည် မရှိကြဘူး။ Touch Poolထဲက ကြယ်ငါးတွေကတော့ အဆိပ်မဲ့ကြယ်ငါးတွေပဲပေါ့။ အဆိပ်မရှိလို့သာ အထိခံကြရတာ၊ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့၊ မာနမဲ့တဲ့၊ ထိသမျှငြိမ်ခံနေကြရမယ့် ကြယ်ငါးတွေရယ်လေ။ ကြယ်ငါးတွေဟာ ကြယ်ငါးဆန်ပြီး ကျွန်မတို့လူသားတွေက လူသားမှဆန်ကြရဲ့လား။
လွယ်လွယ်ထိကြည့်ခွင့်ရလို့ အပျော်သက်သက်ထိတွေ့ချင်သူဟာ သူ့ဆန္ဒပြည့်ပြီဆိုရုံ၊ ကျေနပ်စွာ ထွက်ခွာသွားရုံပါပဲ။ သူ ကျောခိုင်းလိုက်တာနဲ့ အထိခံနာကျင်ရသူ ဘယ်လိုကျန်နေရစ်ခဲ့မယ်ဆိုတာ…၊ ဘယ်တော့မှ စာနာတွေးကြည့်နေလိမ့်မယ် မဟုတ်ဘူး။ သိပ်သေချာတာပေါ့…။
ငါးပြတိုက်ကြီးဆီကို နောက်တကြိမ်လာဖြစ်ခဲ့ရင် သမုဒ္ဒရာဟင်းလင်းပြင်ရယ်၊ ဂျယ်လီငါးတွေဆီရယ်ကို အလည်သွားမယ်။ ကြယ်ငါးတွေကိုထိကြည့်ဖို့ Touch Poolကို ကျွန်မ ဘယ်တော့မှ သွားဖြစ်မှာ မဟုတ်တော့ဘူး။
(၁.၄)
ကြယ်ငါးတွေ ခံစားနာကျင်တတ်သလား…..။
အဲဒီမေးခွန်းရဲ့အဖြေကို ကျွန်မ မသိချင်တော့ဘူး။
တခါတရံ ဘဝမှာ မသိခြင်း(အမှောင်)ကြောင့် လူကို အေးဆေးသက်သာစေပြီး၊ သိခြင်း(အလင်း)တွေကြောင့် လှုပ်ခတ်နာကျင် ခံစားရတတ်တယ်။ သိခြင်းရဲ့ လင်းချင်းမှုအမှန်တရားဟာ ခါတရံမှာ ခါးသက်လွန်းလှရဲ့…။
သိခြင်းကြောင့် ခြေလှမ်းတွေကို နာနာကျင်ကျင် နောက်ဆုတ်လိုက်သူရယ်…
မသိခြင်းကြောင့် လူအုပ်ကြီးထဲမှာ အေးအေးသက်သာတန်းစီနေဦးမယ့် လူသားဆန်သူတွေရယ်…
ကြယ်ငါးဆန်စွာ အထိခံကြရမယ့် အဆိပ်မဲ့သူတွေရယ်။
ဘာကိုမှ ကျွန်မ မသိချင်တာ့ဘူး။
အေးအေးလူလူပဲ၊ ကိုယ်ချင်းစာတရားဆိုတဲ့ စာအုပ်တအုပ် ဖွင့်ဖတ်နေလိုက်တယ်။


“Touch Pool”
ချစ်ကြည်အေး

Tuesday, April 2, 2019

စာဖတ်တဲ့အခါ ဘယ်လိုအကျင့်တွေနဲ့ ဘယ်လိုတွေ ဖတ်တတ်ကြသလဲ

စာတွေ ဘယ်လိုဖတ်နေကြလဲမေးရင်
ဒီလိုပဲဖတ်တာပေါ့ ဘယ်လိုများဖတ်ရဦးမှာလဲ ပြောကြမယ်ထင်ပါတယ်။
အင်း ပြန်ဖြေကြည့်ပါဦးလားလို့ ပြောချင်တယ်။
တကယ်တော့ လူတွေ စာဖတ်ကြတယ်။ တယောက်နဲ့တယောက် စာဖတ်လေ့ရှိပုံချင်းတော့ မတူနိုင်ကြပါဘူး။ ဘယ်လိုတွေ ကွာခြားကြပါလိမ့်လို့ ကြည့်မိတော့ စာဖတ်ကျင့်တွေဟာ ၉ မျိုးလောက်ကို ရှိတယ်ဆိုတာ တွေ့ရတယ်။
၁။ စာဖတ်နေတုန်းမှာ ပါးစပ်ကပါ အသံတိတ်လိုက်ရွတ်နေတတ်သူ
ဒါဟာ ကလေးတုန်းကတည်းက စာလုံးတွေကို အသံထွက်ဖတ်ဖို့ ကြိုးစားရာက ကြီးတဲ့အထိ အကျင့်ပါသွားဟန် တူပါသတဲ့။ စာဖတ်နှုန်းကို နှေးစေတာမို့ ဒါဟာ ဖျောက်သင့်တဲ့အကျင့်တခုဖြစ်တယ်လို့ဆိုတယ်။ ဘယ်လိုဖျောက်ရမှာလဲဆိုတော့ စာဖတ်နေစဉ်မှာ လက်မဖြစ်ဖြစ် လက်ညှိုးဖြစ်ဖြစ် တချောင်းချောင်းကို သင့်နှုတ်ခမ်းလေးပေါ် ဖိကပ်ထားကြည့်ပါ ဒါမှမဟုတ် လည်ချောင်းပေါ်မှာရှိတဲ့အသံအိမ်ပေါ်ကို လက်ချောင်းကလေးတွေ အသာတင်ထားကြည့်လိုက်ပါတဲ့။ 
၂။ နောက်ဆုံးစာမျက်နှာကို အရင်ဆုံးလှန်ဖတ်တတ်သူ
ဇာတ်လမ်းအရသာ ပျက်စေတာပေါ့။ ဒါပေမယ့်လည်း ကြိုက်တဲ့သူအတွက်တော့ ဆက်ဖတ်ဖို့တွန်းအားတခုတောင် ဖြစ်စေတယ်ဆိုပဲ။ တချို့က အဆုံးမှာ မင်းသားမင်းသမီး ပေါင်းရတဲ့ဇာတ်မှ ဖတ်မယ်တို့ဘာတို့ ရှိကြတယ်ဟုတ်လား (ဒါကတော့ အန်တီချစ် မှန်းကြည့်တာပေါ့နော်)။ ဒီအကျင့်ကတော့ ဘာပြဿနာမှ မရှိပါဘူး၊ မင်းဖာသာမင်း ဇာတ်လမ်းကြိုသိရင် သိနေပါစေ၊ ကျန်တဲ့သူတွေကို လိုက်မပြောရင်ပြီးတာပါပဲ တဲ့။ ရှူး တိုးတိုးလေးနေပါပေါ့နော်…
၃။ မဖတ်ခင် စာအုပ်အနံ့ကို အရင်ဆုံးနမ်းကြည့်တတ်သူ
Having your nose in a book လို့ ခေါ်ကြတာပေါ့။ စာအုပ်နံ့ကို ကြိုက်ကိုကြိုက်ကြတာမျိုးများ ဖြစ်မလား၊ စာအုပ်တအုပ်ဟာ အဟောင်းဖြစ်လေလေ သူ့မှာ မှိုနံ့၊ ပရုတ်လုံးနံ့၊ စီးကရက်နံ့၊ တခုခုပေါ့လေ အဲလိုအနံ့တွေ စွဲကပ်နေနိုင်တာပေါ့နော်၊ ထည့်ထားတဲ့ဘီရိုက သစ်သားနံ့တောင် စွဲချင်စွဲနေနိုင်ပါသေး။ အင်း…တကယ်တော့ စာအုပ်တအုပ်မှာ စာရွက်နဲ့ မင် ပေါင်းစပ်လိုက်တဲ့အခါ ဒြပ်ပြုမှုတွေဟာ ဒြပ်ပေါင်း ၁၅မျိုးလောက် ပေါင်းထားတဲ့အနံ့မျိုးတောင် ဖြစ်နေနိုင်ပါတယ်တဲ့ Oops…..
၎။ အစကလေး ဟိုလှန်ဒီလှန်နဲ့ အဆုံးထိမဖတ်တဲ့သူ
တခြားဖတ်စရာတွေ ကြည့်စရာတွေ သိပ်များသူ၊ ဒါမှမဟုတ် စာအုပ်တအုပ်ဆုံးအောင် အချိန်မပေးနိုင်သူ အလုပ်သိပ်များသူကြီးများ ဖြစ်နေနိုင်မလား။ သေချာတာကတော့ ဒါဟာ online reading behaviors ကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ Dr. Gottliebဆိုသူကြီးက အိုးစွတ်ခွက်စွတ် ပြောလိုက်ပါသတဲ့တော်။ ဖြစ်တော့ဖြစ်နိုင်သားပဲ၊ အွန်လိုင်းမှာ ဖတ်ကြတယ်ဆိုတာ စာတိုပေစကလေးတွေ၊ ဟိုစပ်စပ်ဒီစပ်စပ်ကလေးတွေက အများသားကိုး၊ ဒီ link ကလေးတခုဖတ်လို့မှ မပြီးခင် နောက် link တခုက ဒုန်းကနဲတက်ချလာတတ်တာမျိုးလည်း ရှိတတ်တာ၊ ဆိုတော့ကာ ဒေါက်တာ ဂေါ့တလစ်ကြီး အထက်မှာ ပြောခဲ့သလိုပဲ ဖြစ်မှာပါလေ…။
၅။ ဝါကျတိုင်းကို လက်ညှိုးကလေးနဲ့ ထောက်ထောက်ပြီး ဖတ်တတ်သူ
တချို့များကျတော့ တကြောင်းချင်းစီကို လက်ကလေးထောက်ထောက်ပြီး ဖတ်တတ်ကြတာကလား။ မျက်လုံးနဲ့ စာကြောင်းတွေက ခဏခဏ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ ဖတ်နေတဲ့စာကြောင်းတွေ ဘယ်ရောက်သွားပါလိမ့် ပြန်ပြန်ရှာမနေနိုင်ဘူး ဟုတ်လား။ ဒါပေမယ့် စာဖတ်နှုန်းမြန်ချင်ရင် ဒီအကျင့်ကိုလည်း ဖျောက်လိုက်ပါတဲ့ နော်။ အန်တီချစ်တို့လည်း ဒီအထဲပါတာပေါ့။ အို မဖျောက်နိုင်ပါဘူး၊ ဖတ်လက်စစာကြောင်းတွေ ပျောက်ပျောက်သွားတော့ ဘယ်သူလာရှာပေးတာလိုက်လို့…
၆။ စာအုပ်တွေအများကြီးကို တကြိမ်တည်းမှာ ဖတ်နေတတ်သူ
လာပြန်ပြီ။ ဒါလည်း အန်တီချစ်ကို ပြောနေသလိုပါပဲ။ စာအုပ်တအုပ်ကို ဖတ်နေရင်းက စိတ်ထဲသိပ်မရောက်တော့ဘူးဆိုရင် ဘေးချပြီး နောက်တအုပ်ပြောင်း၊ ဟော နောက်တအုပ်ထပ်ပြောင်း၊ ထပ်ပြောင်းနဲ့ ဖတ်တတ်သူများ ရှိရင် လက်ညှိုးထောင်ပါ။ ဟုတ်ကဲ့ ရှေ့ကိုခြေနှစ်လှမ်းတိုး၊ အန်တီချစ်ဘေးမှာ ရပ်ပါ 😁 ဒီလိုဖတ်တဲ့သူတွေကို အင်္ဂလိပ်ဝေါဟာရနဲ့ အခေါ်အဝေါ်တခုရှိတယ်မှတ်တယ်။ အရင်က မှတ်ဖူးပြီး အခုတော့ အစဖော်မရတော့ဘူး။ ဂျပန်လိုအခေါ်အဝေါ်တော့ ရှိပါတယ်။ Tsundokuတဲ့၊ စာအုပ်တွေ တအုပ်ထက်မက တချိန်ထဲမှာ ဖတ်တတ်သူ ဒါမှမဟုတ် မဖတ်ဘဲ စိတ်ကြေနပ်မှုအတွက် ဝယ်ယူပြီး စာအုပ်စင်ဝိတ်တက်အောင် ပြုလုပ်တတ်သူကို ခေါ်ပါသတဲ့….၊ ဟူးး…..🙄
၇။ ရုပ်ရှင်ကားမကြည့်ခင် စာအုပ်အရင်ဖတ်ထားတတ်သူ
Goodreads.comက စစ်တမ်းကောက်ချက်အရ စာဖတ်သူတွေရဲ့ ၄၄%ဟာ ရုပ်ရှင်မကြည့်ခင် စာအုပ်ကို အရင်ရှာဖတ်ထားနှင့်သူများ ဖြစ်ပါသတဲ့ရှင်။ အနည်းဆုံးတော့ ရုပ်ရှင်ရုံထဲကျ သူများရယ်သလို လိုက်ရယ်နိုင်သူများ ဖြစ်နိုင်ကြတာပေါ့နော်။
၈။ စာအုပ်ထဲရေးထားတဲ့အထဲက အသံထွက်ဖို့ခက်ခဲလှတဲ့ လူနာမည်တွေ နေရာတွေကို အလွတ်ကျက်သလို သေချာစေ့ငုတတ်သူ
အဲလိုလူတွေလည်း ရှိသေးတယ်လို့ မှတ်သားရတယ်။ အန်တီချစ်ဆို အသံမထွက်တတ်ရင် ကျော်ချလိုက်တာပဲ 🙄🙄
ဒါမှမဟုတ်လည်း ထိပ်ဆုံးက စာလုံးလေးပဲ မှတ်ထားလိုက်တာပေါ့။ ဥပမာ Mr. LeastHandsome ဆို Mr. L လို့ မှတ်လိုက်တာပေါ့၊ လွယ်လွယ်ကလေး…
၉။ မဂ္ဂဇင်းတွေကို အနောက်ကနေ အရှေ့၊ အလယ်ကနေ အနောက်၊ အလယ်ကနေ အရှေ့ မူးလောက်အောင် လှန်လှောဖတ်တတ်သူ
ဒါကတော့ မစ်စတာမျောက်မူးလဲတွေ ဖတ်တတ်တဲ့စတိုင်ပေါ့ (စာရေးသူကတော့ အဲလိုဘယ်ပြောမလဲ၊ အန်တီချစ်ပြောတာ 😬)
အဲလိုလူတွေလည်းရှိတယ်ပေါ့နော်။ မဂ္ဂဇင်းဆိုတော့လည်း ဖတ်ရတာ လွတ်လပ်တယ်လေ၊ ဘယ်ကနေ စဖတ်ဖတ်မထူးဘူးဟုတ်လား၊ တခုပဲ ကိုယ်ဖတ်ပြီးသားတော့ ကိုယ်မှတ်မိဖို့လိုတယ်။ 
ကဲ ဒါပါပဲ။ အဲဒီ ၉ မျိုးထဲ အန်တီချစ်နဲ့ အကျုံးဝင်တာက ၅ နဲ့ ၆
ဘယ်သူတွေက ဘယ်နံပါတ်တွေပါလိမ့်နော်….

စာကိုး
(9) Wired reading habits by Jessica Cassity ရဲ့ ဆောင်းပါးလေးကို သင့်လျော်သလို ပြန်ရေးထားတာပါ။


ချစ်ကြည်အေး
၃၁ဝ၃၂ဝ၁၉

Friday, March 15, 2019

"ကျွန်မရဲ့လမ်း ဘဝရဲ့လမ်းများ"

ကလေးငယ်ငယ် လမ်းလျှောက်တတ်ကာစအရွယ် ယိုင်ထိုးယိုင်ထိုးကတည်းက လမ်းတွေ စမ်းလျှောက်ခဲ့တယ်။ အဖေအမေတွေက ရပ်နိုင်ပေ့ ရပ်နိုင်ပေ့လို့ အားပေးရင်း လဲသွားမှာစိုးစိတ်နဲ့ ဘေးကနေထိန်းကျောင်းရင်းပေါ့။ ကျွန်မက ငယ်ငယ်ကလေးထဲက လမ်းလျှောက်မြန်တယ်လို့ အမေကပြောတယ်။ လမ်းလျှောက်တာမဟုတ်ဘဲ အပြေးတပိုင်း ဆတ်တောက်ဆတ်တောက်လျှောက်တာတဲ့လေ။ ဘေးကကြည့်နေသူတွေမှာ လဲတော့မလား လဲတော့မလားနဲ့ ရင်တထိတ်ထိတ်ကြည့်နေကြရသတဲ့။ လှေကားအဆင်းအတက်မှာတောင် ကျွန်မက ပြေးဆင်းပြေးတက်လေ့ရှိပါသတဲ့။
အဲသလို အမြဲပြေးပြေးလွှားလွှားလျှောက်ရာက မတော်တဆလဲကျတဲ့အခါတွေမှာ ကျွန်မက မငိုဘူးဆိုပဲ။ လူးလဲထပြီး ဘေးဘီကြည့်၊ ပြန်လျှောက်တတ်တယ်တဲ့လေ။ မပြေတဲ့တချို့လမ်းတွေမှာ အဖေက ချီမယ်ဆိုလည်း ကျွန်မက အဖေ့လက်ပေါ်က လျှောဆင်းချလို့ ကိုယ့်ဘာသာ လမ်းပေါ်ခြေချလျှောက်ချင်သူဖြစ်တယ်။ ကျွန်မလက်ကိုဆွဲထားတဲ့ အဖေ့ရဲ့လက်ထဲကနေ မကြာခဏ ရုန်းထွက်ပြီး လျှောက်တတ်သူလည်း ဖြစ်သတဲ့။ အဖေက အဲ့ဒီတုန်းကတည်းက ကြိုပြောခဲ့တယ်။ ကျွန်မဟာ ခေါင်းမာမယ်၊ တဇွတ်ထိုးဆန်မယ်၊ ဆုံးဖြတ်ချက်အချ မြန်မယ်၊ ကိုယ်ဖြစ်ကိုယ်ခံစိတ်ရှိမယ်တဲ့လေ။
ကလေးတုန်းကတော့ ကျွန်မလျှောက်ခဲ့တဲ့လမ်းတွေဟာ အိမ်တွင်းကြမ်းပြင်နဲ့ အိမ်ပေါ်ထပ်တက်တဲ့ လှေကားလောက်ပဲရှိခဲ့ရာက မူကြိုတက်ရတဲ့အရွယ်ရောက်တော့ ကျောင်းဝင်းထဲ၊ စာသင်ခန်းထဲအပြင် သူငယ်ချင်းတွေနဲ့ပြေးလွှားကစားရတဲ့ ကျောင်းဝင်းထဲက ကစားကွင်းထဲတွေအထိ ကျွန်မ ဒေါင်းဒေါင်းပြေးလျှောက်ခဲ့ပြန်တယ်။ ဒီလိုပဲ လဲရင် ပြန်ထ၊ ပြန်လျှောက်နဲ့ပေါ့။ ခြေလှမ်းတွေ မခိုင်မာသေးပေမဲ့ လဲအကျတွေဟာ ညင်သာနေခဲ့တယ်။ ဘေးကင်းတဲ့အလဲအထတွေသာ ဖြစ်ခဲ့တယ်။
တဖြည်းဖြည်း ကျွန်မခြေလှမ်းတွေခိုင်လို့ အတန်းကျောင်းတက်ရတဲ့အခါ ကိုယ့်ခြေလှမ်းတွေကို ကိုယ် ယုံကြည်မှုရှိလာတယ်။ လဲမကျတော့ဘူးလို့ယုံကြည်တဲ့ ခြေလှမ်းတွေနဲ့ ရဲရဲဝံ့ဝံ့လှမ်းလို့…။ ကျွန်မခြေလှမ်းတွေကတော့ ခပ်မြန်မြန်လျှောက်တတ်နေဆဲပဲ။ လမ်းတွေဟာလည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်း ရေတွက်လို့ရတဲ့ အလွတ်ရနေတဲ့လမ်းမတွေပါပဲ။ လဲကျလည်း အန္တရာယ်မများလှတဲ့လမ်းတွေမှာ ခြေချော်ကျခဲ့ရင်တောင် အကျညင်သာခဲ့တာပေါ့။ အလွယ်တကူ မေ့ပျောက်လွယ်ခဲ့တာပေါ့။
အရွယ်လေးရလာတဲ့အခါ ကျွန်မရဲ့လမ်းတွေဟာ အရင်ကလောက် မရိုးတော့ဘူး။ အကွေ့အကောက်တွေ များလာတယ်။ အနိမ့်အမြင့်အတက်အဆင်းတွေ များလာတယ်။ ရှေ့မှာ ဘယ်လိုလမ်းမျိုးရှိမယ်ဆိုတာ ခန့်မှန်းရခက်လာတယ်။ လမ်းခွဲတွေ လမ်းသွယ်တွေ ရှုပ်ထွေးလာတယ်။ ခပ်ပြေပြေလမ်းတွေ၊ ခပ်စောက်စောက်လမ်းတွေ….လမ်းလိမ်လမ်းကောက်တွေနဲ့ ကျွန်မဟာ အတော်လေးအထာမကျဖြစ်လို့။ 
ကျွန်မက ခပ်ရိုးရိုးအတွေးနဲ့၊ ခပ်ရိုးရိုးခြေလှမ်းနဲ့….။ လမ်းတွေက လိမ်ကောက်ပုံနဲ့…..ဘယ်လိုမှ သဟဇာတ မဖြစ်လိုက်ပုံ။ ဒီလမ်းကထွက်လို့မှ ဒီခရီး မရောက်၊ ဒီလမ်းမပေါက်တဲ့အခါတွေလည်း ရှိရဲ့။ ရှေ့မှာတော့ ခပ်ပြေပြေလို့ မြင်နေပါရက်နဲ့ ဗြုန်းကနဲ ခပ်စောက်စောက် အနိမ့်အဆင်းတွေ၊ လမ်းရိုးကြီးလို့ ထင်လိုက်ပါရက်နဲ့ လျှောက်မိတော့မှ ခပ်မတ်မတ်လမ်းတွေ ဘွားကနဲအတွေ့မှာ ကျွန်မ ခြေကုန်လက်ပမ်း ကျခဲ့ရပြန်တယ်။ တင်ကြိုမမြင်နိုင်တဲ့ လမ်းအလျှောတွေမှာ ဟန်ချက်ပျက်တဲ့အခါ ကျွန်မကိုယ်တိုင် ထူထဖို့ အားပြန်ယူရတဲ့အခါတွေလည်း ရှိခဲ့ပါရဲ့။ အနာတရတွေဟာ ထင်သလောက် မသိမ်မွေ့တော့ဘူး။ ခက်ရှလာပြီ။ ဘယ်လိုမှ ပြန်လှည့်လို့မရတဲ့ လမ်းမှားတွေ လျှောက်မိတဲ့အခါ မှားမှန်းသိသိနဲ့ ဆက်လျှောက်နေရတဲ့ တစ်လမ်းသွားတွေပေါ်မှာ ဘဝက ဒဏ်ရာတွေနက်လာခဲ့ပြီ။
ငယ်ငယ်ကလို ကျွန်မဘေးမှာ အဖေရှိမနေတော့ဘူး။ လဲတော့မလား လဲတော့မလားလို့ စိုးစိတ်တွေနဲ့ ဖေးမပေးမယ့်လက်တွေ မရှိကြတော့ဘူး။ လဲကျလို့မှ ဝိုင်းဝန်းထူမ မပေးတတ်ကြတော့တဲ့ အခါတွေထဲ ကိုယ်တိုင်ထူမတ်ရတဲ့အကြိမ်ကြိမ်တွေအတွက် အားအင်တွေမဲ့လို့။ ရောထိုင်နေလို့လည်း မပြီးတော့တဲ့ ခြေချော်လက်ချော်မှုတွေမှာ ကိုယ်တိုင်သာအားကိုးရာ မဟုတ်လား။ ဒီလမ်းဒီခရီး မနီးလည်းဘဲ ကိုယ်တိုင်ရွေးချယ်လျှောက်ခဲ့တဲ့လမ်းတွေအတွက် ဘယ်သူမပြု မိမိမှုပါပဲ။ လမ်းတွေရှိနေသရွေ့ ခြေလှမ်းတွေ သယ်နိုင်နေသေးသရွေ့ ဆက်လျှောက်နေရဦးမှာ။
ဆုံးဖြတ်ချက်မြန်တဲ့ကျွန်မဟာ ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ လမ်းမှားတစ်ခုအတွက် နောင်တဆိုတာထက် လမ်းမှန်ပေါ် ဘယ်လိုပြန်တက်ရမယ်ဆိုတာသာ ကျွန်မအတွက် ကူကယ်ရာ။ လျှောက်ချင်ခဲ့တဲ့ လမ်း၊ ရောက်ချင်ခဲ့တဲ့ခရီးတွေအတွက် အတ်ာကြာကြာ ယုံယုံကြည်ကြည်လျှောက်ခဲ့ပြီးမှ လမ်းမှားမှန်းသိလို့ ဂငယ်ကွေ့ တစ်ချက်တည်းအကွေ့မှာ ထိခိုက်မိတဲ့အခါတွေအတွက် ကျွန်မ ရင်နာတတ်ခဲ့ရပြီ။ လျှောက်လာခဲ့ရတဲ့ အချိန်တွေ၊ ရင်းနှီးခဲ့ရမှုတွေ၊ လမ်းကလေးအပေါ် ခြေချခဲ့ဖူးတဲ့ ခြေရာတွေအတွက်။ ရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြိုအလဲမှာ အစကနေ ပြန်စရတော့မယ်ဆိုတဲ့အသိအတွက်။ ဘေးတဘက်တချက်ဝဲယာ လမ်းမှန်လို့ထင်ရတဲ့လမ်းပေါ်က လူတွေရဲ့ အကြည့်တွေ၊ အဲဒီအကြည့်တွေထဲမှာ အထင်အမြင်သေးမှုတွေ၊ သရော်မော်ကားအပြုံးတွေ၊ ရှေ့တင်မှာပဲ စိုက်ချလိုက်မယ့် ဓါးချက်တွေ၊ စကားတင်းဆို လှောင်ပြောင်ရယ်သံတွေ....။ နင့်ကနဲ စူးနေအောင်ခံခဲ့ရတဲ့ ထိုးစိုက်မှုတွေနဲ့ ဘဝဟာမွမွကြေလို့။
တခါတလေတော့လည်း မလျှောက်ဖြစ်ခဲ့ရင်ကောင်းမှာလို့ တွေးဖြစ်စေခဲ့တဲ့ လမ်းတွေအပေါ် မှတ်မှတ်ထင်ထင်နင်းလျှောက်ခဲ့မှုအတွက် ကျွန်မ ဝမ်းနည်းထိခိုက်ရပြန်တယ်။ ပြန်လှည့်ကြည့်လိုက်တိုင်း ထိထိခိုက်ခိုက်ခံစားရတဲ့ လမ်းတွေပေါ့။ ဟုတ်တယ်၊ တချို့လမ်းတွေဟာ ရပ်ကြည့်နေဖို့ပဲ၊ ခပ်လှမ်းလှမ်းကနေ လက်ပိုက် ရပ်ကြည့်နေဖို့ပဲ၊ လျှောက်လှမ်းဖို့ မရည်ရွယ်သင့်ဘူး။ လမ်းအဆုံးမှာ လွင့်ဝေးနေတဲ့ မတ်စောက်နေတဲ့ ကမ်းပါးတစ်ခုသာ ကြိုနေမယ့်လမ်းမျိုးပေါ့။ အနာတရတွေသိပ်များမယ့်လမ်းမျိုးပေါ့။ ဒဏ်ရာနက်နက်တွေအတွက် လွယ်လွယ်ကူကူ မေ့ပျောက်နိုင်တော့မှာ မဟုတ်တဲ့ လမ်းမျိုးတွေပေါ့။
ကျွန်မတို့ လမ်းတွေလျှောက်တိုင်း လျှောက်တိုင်းမှာ လမ်းအဆုံးကိုရောက်ဖို့ ရည်ရွယ်တာလား၊ လမ်းအဆုံးမှာ တခုခုရှိနေမယ်လို့ သိနေကြလို့လား။ ဒါမှမဟုတ် လမ်းအဆုံးရောက်ပြီးတိုင်း ရွာတွေ့မယ်လို့ မျှော်လင့်ချက်ထားတတ်ကြလို့လား။ ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့ ကျွန်မတို့ လမ်းတွေကို လျှောက်ခဲ့ကြသလဲ။ ခရီးရောက်ဖို့သက်သက်မျှသာပဲလား၊ ဂုဏ်သိက္ခာတွေ၊ အောင်မြင်မှုတွေအတွက်လည်း ပါမှာပေါ့။ ခက်ခဲတဲ့လမ်းတွေအပေါ် ဖြတ်ကျော်နင်းလျှောက်ပြီးတိုင်း ရလာတဲ့ စိတ်ကျေနပ်မှုတွေလည်းပါမှာပါပဲ။ လမ်းအဆုံးမှာ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေကို အရောင်လက်လက်ထအောင် တင်ပေးလိုက်တတ်တဲ့လမ်းတွေရှိသလို၊ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေ ကိုယ်ကျင့်တရားတွေကို စတေးလိုက်ရတဲ့ လမ်းတွေလည်း ရှိပါရဲ့။
လမ်းတွေကို ခြေဖဝါးအပြားလိုက်ချလို့ နင်းလျှောက်သူတွေ ရှိမယ်။ ငွေကြေးနဲ့ နင်းလျှောက်ကျော်ဖြတ် သူတွေ ရှိမယ်။ ဦးနှောက်ကိုသုံးပြီး လျှောက်သူတွေ ရှိမယ်။ နှလုံးသားကိုခင်းပြီး လျှောက်သူတွေလည်း ရှိကောင်းရှိမယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ရိုးသားစွာလျှောက်လှမ်းတတ်ဖို့တော့ လိုအပ်လိမ့်မယ်။ မှန်ရင်လည်း ရိုးရိုးသားသား၊ မှားရင်လည်း ရိုးရိုးသားသားဖြစ်ဖို့ပေါ့....။
ကျွန်မ မှတ်မိနေပါသေးတယ်။ အဖေ ကျွန်မကို ကြိုတင်ဟောချက်ထုတ်ခဲ့တာတွေ။
ခေါင်းမာမယ်တဲ့…၊ ဟုတ်တယ်။ ကျွန်မက ကိုယ်မှန်တယ်လို့ ဆုံးဖြတ်တဲ့လမ်းအတွက် ခြေလှမ်းတွေကို အဲဒီလမ်းပေါ် ချကို ချလိုက်ရမှ။ တဇွတ်ထိုးဆန်မယ်တဲ့….၊ ဟုတ်တယ်။ ကျွန်မက ကိုယ်လျှောက်ချင်တဲ့ လမ်းအတွက် ဘယ်သူတားတား ဇွတ်ရှေ့ဆက်တိုးတတ်တယ်။ ဆုံးဖြတ်ချက်အချ မြန်မယ်တဲ့၊ ဟုတ်တယ်။ လောကပရိယာယ်မကြွယ်ဝတဲ့ ကျွန်မဟာ အရာရာကို အတည့်ပဲ မြင်တတ်တယ်။ လမ်းတွေ့တာနဲ့ လုပ်မယ်၊ လျှောက်မယ်လို့ လမ်းအဆုံးကိုမမျှော်ဘဲ အလျင်စလို ဆုံးဖြတ်ချက် ချတတ်တယ်။ ကျွန်မက စိတ်ခံစားမှုကို ရှေ့တန်းတင်လွန်းသူလေ။ ကိုယ်ဖြစ် ကိုယ်ခံစိတ်ရှိမယ်၊ ဒါလည်းပဲ မှန်တယ်။ လမ်းမှားဖြစ်စေ လမ်းမှန်ဖြစ်စေ ကိုယ်လုပ်ခဲ့တဲ့ အရာရာတိုင်းအတွက် ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ယူဆပြီး ရဲရဲရင်ဆိုင်ပစ်တတ်တယ်။
ကျွန်မအပေါ် အဖေကြိုတင်ပြောခဲ့တာတွေအားလုံး မှန်ခဲ့တယ်။ တစ်ခုပဲ…။ ဟိုအရင်ငယ်စဉ်ကလို လဲကျတဲ့အခါ လူးလဲထူထရင်း ဆက်လျှောက်တတ်တာတော့ မှန်ပါရဲ့။ ဘယ်လောက်နာနာ ငါ့သမီးက မငိုတတ်ဘူးဆိုတာကတော့ လွဲခဲ့ပြီ။ လဲကျမှုတွေအတွက် ပြန်လည်ထူမတ်ရင်း သိပ်နာကျင်လွန်းတဲ့အခါတွေမှာ အသံမဲ့ညည်းတွားတတ်ပြီ၊ ကျွန်မ မျက်ရည်ကျတတ်ပြီလို့ ကျွန်မ အဖေ့ကို ပြောပြချင်လိုက်တာ။
ချိုချက်မကင်းနိုင်တဲ့ နွားသိုးတစ်ကောင်မဟုတ်လေတော့ ထိရှရာတွေအတွက် ကြံဖန် ဂုဏ်မယူနိုင်တော့ဘူး။ ကျွန်မ နာကျင်တတ်ခဲ့ပြီ။ အမှားဟာ ဂုဏ်ယူစရာမှ မဟုတ်တာဘဲလေ။ ဒါပေမဲ့ အမှန်ကို ညွှန်ဖို့ လမ်းပြမြေပုံတစ်ချပ်လို့ ကျွန်မနားလည်တယ်။
ကျွန်မအတွက်တော့ လမ်းတွေဟာ လျှို့ဝှက်လွန်းတယ်၊ နက်နဲလွန်းတယ်၊ မာယာများလွန်းတယ်။ အတွန်းအတိုက်တွေ ပေါများတယ်။ အဆင်းဘီးတပ်တဲ့လမ်းတွေလို လျှောကနဲအောက်ရောက်သွားနိုင်တဲ့ လမ်းတွေလည်း ရှိတယ်။ အမြင့်ရောက်ဖို့ ကွေ့ကာပတ်ကာ တက်ရတဲ့လမ်းတွေ ရှိတယ်။ တချက်ချော်တာနဲ့ လွင့်ကနဲကျသွားမယ့်လမ်းတွေ။ လမ်းတွေမှာ မျက်လုံးတွေ ရှိတယ်။ နားတွေ ရှိတယ်။ အမြင်အကြားနဲ့ လမ်းတွေ…၊ အထူအပါး ခြားနားတဲ့လမ်းတွေ….။ မချစ်သော်လည်းအောင့်ကာ မသေမချင်း ရှေ့ဆက်လျှောက်လှမ်းရတော့မယ့်လမ်းတွေ…။
ဘဝဟာ တိုတိုလေးပါ။ လမ်းတွေကတော့ ရှည်လျားလွန်းလှတယ်။ မဆုံးနိုင်တဲ့ လမ်းတွေပေါ့။
မဆုံးနိုင်တဲ့လမ်းတွေအပေါ် ကျွန်မတို့ လျှောက်မြဲ ဆက်လျှောက်နေကြရဦးမှာပဲ။ လမ်းသွယ်တွေ လမ်းခွဲတွေရောက်တဲ့အခါတိုင်း ဘယ်လမ်းလိုက်မလဲ ရွေးရတာကိုက လူ့ဘဝရဲ့ အားစမ်းမှုတစ်ခုပေပဲလား။ လမ်းမှန်တစ်ခုလျှောက်မိလို့ အဆုံးရောက်တိုင်း စိုက်ထူခဲ့တဲ့အလံတွေ ရှိကောင်းရှိမှာဖြစ်သလို၊ လမ်းမှားတစ်ခုပေါ်လျှောက်လို့ လမ်းဆုံးတိုင်တဲ့အခါတိုင်း ကိုယ့်ကျရှုံးမှုကို ကိုယ်တိုင်ဝန်ခံတတ်ဖို့လည်း လိုသေးတာ။ အမှားကို ရွှေချပြီး ဘောင်သွင်းထားနိုင်ရင်တော့ တစ်နေ့ လမ်းမှန်ရောက်တဲ့အခါ ပြုံးပြုံးကြီး အရသာခံ
ပြန်ကြည့်နိုင်မှာပဲပေါ့။
လာစမ်းပါစေလေ….။ ဟိုးရှေ့က လမ်းတွေ၊ လမ်းသွယ်တွေ၊ လမ်းပြိုင်တွေ၊ လမ်းခွဲတွေ….။ ဒဏ်ရာတွေဘယ်လောက် နက်နက်ပေးဦးမလဲ…..။ ပြီးခဲ့တဲ့လမ်းတွေနဲ့မတူတဲ့ အသစ်အသစ်သော မာယာတွေကို ရင်ဆိုင်ဖို့ ခွန်အားအသစ်တွေ တဖန်မွေးမြူရင်းပေါ့….။ 
ကျွန်မတို့အားလုံး လမ်းတွေ ဆက်လျှောက်နေကြရဦးမှာပါလေ....


ချစ်ကြည်အေး
(ဘယ်အချိန်ပြန်ဖတ်ဖတ် ကျွန်မကို မျက်ရည်ကျစေတဲ့၊ အရင်ကရေးခဲ့ဖူးတဲ့ အက်ဆေးလေးတပုဒ်ပါ။ မကြာခင်လာမယ့် ကျွန်မမွေးနေ့အတွက် အဖေ့ကို လွမ်းလွမ်းဆွတ်ဆွတ်သတိရနေရင်း အမှတ်တရ ပြန်တင်လိုက်ပါတယ်)
၁၅ မတ်လ၊ ၂ဝ၁၉ 


Thursday, February 21, 2019

Kill the ANTs

ကျွန်မတို့တွေဟာ လက်ရှိမှာ အင်မတန်နေခဲကြတယ်။ အတိတ်မှာဖြစ်စေ၊ မနက်ဖြန်တွေကျရင်ဆိုတာမှာ ဖြစ်စေ အေးခဲနေတတ်ကြတာ၊ လှုပ်ခတ်နေတတ်ကြတာ များပါတယ်။ ဘယ်ကာလမှာနေတာပဲဖြစ်စေ ကိုယ့်စိတ်ကို ကြည်လင် ပေါ့ပါးစေမယ့် အရိပ်အောက်မှာ နေတတ်ဖို့တော့ လိုတာပေါ့။ တနေ့က ညီမလေးတယောက်နဲ့ ဖုန်းပြောဖြစ်ရင်း စိတ်မပျော်နေတဲ့သူ့ကို အားပေးဖြစ်တယ်။ သူ့ကိုပြောပြဖြစ်တာတွေ ပြန်ရေးချင်လာလို့၊ ပြီးတော့ သူ့လိုပဲ တခြားစိတ်မပျော်သူတွေ ရှိနေရင် ဆေးများတိုးဦးမလားဆိုတဲ့ စိတ်ကလေးနဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ သေချာတာကတော့ စိတ်ဟာ အင်မတန်ဆန်းကြယ်တယ်။ စိတ်ဟာ အောက်ဆုံးထိထိုးဆင်းပြီးရင် တော်တော်နဲ့ အထက်ကို ပြန်တက်မလာနိုင်တော့ဘူး။ ဘယ်လိုစာတွေပဲဖတ်ဖတ်၊ အကြံပေးစကားတွေပဲ နားထောင်ထောင်၊ သိကြားမင်းလည်း မကယ်နိုင်ဘဲ ကိုယ့်စိတ်ကို မြှင့်တင်နိုင်မယ့်သူဟာ နောက်ဆုံးမှာတော့ ကိုယ်ကိုယ်တိုင်ဆိုတာကို အရင်ဆုံး သိထားပေးပါ။
များသောအားဖြင့် မပျော်ရွှင်နိုင်သူတွေဟာ နာကျည်းစိတ်တွေအခြေခံထားတဲ့ မွန်းကြပ်နေတဲ့အတွေးတွေထဲ တလည်လည်လှောင်ပိတ်နေတတ်ကြတယ်။ ဘာကြောင့် နာကျင်ရသလဲ၊ ဘာကြောင့် မပျော်ရွှင်ရသလဲ။ ကိုယ်တိုင်မွေးမြူထားတဲ့ အပျက်သဘောဆောင်တာများနေတဲ့ အတွေးတွေကြောင့်ပါပဲ။
Kill the ANTs ဆိုတဲ့ အသုံးအနှုန်းကို တချို့တွေ ကြားဖူးကြပါလိမ့်မယ်။

ANTs - Automatic Negative Thoughts

အမြဲလိုလို တဝဲလည်လည် တွေး တွေးမိနေတတ်တဲ့ အပျက်သဘောဆောင်တဲ့ အနက်ရောင် အတွေးတွေကို ဖယ်ရှားသတ်ဖြတ်ပစ်ပါ လို့ ဆိုလိုတာပါပဲ။ ဒါကို Dr. Daniel Amenက လက်တွေ့နဲ့ယှဉ်ထိုး စဉ်းစားပြီးမှ သုံးနှုန်းခဲ့တာ ဖြစ်တယ်။ တနေ့ သူ့မီးဖိုချောင်မှာ ပုရွက်ဆိတ်တွေ ထောင်နဲ့ချီ အုံခဲနေတာတွေကို သူ ရှင်းပစ်ရတယ်။ အဲဒီကနေ သူ့မှာ အတွေးတစရသွားခဲ့တယ်။ ANT ဆိုတဲ့ စာလုံးတွေရဲ့ အရှည်ကို သူက Automatic Negative Thoughts လို့ ယူလိုက်တယ်။ ANT တွေရဲ့ စုရုံးသောင်းကျန်းမှုကို ခံရတဲ့ သူ့မီးဖိုချောင်လိုပဲ သူ့လူနာတွေဟာ Automatic Negative Thoughts ဆိုတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေရဲ့ ချေမှုန်းသတ်ဖြတ်မှုကို ခံနေကြရတယ်။ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့စိတ်တွေ ဖြစ်နေကြတယ်၊ စိတ်ဓါတ်ဟာ ဟိုးအောက်ခြေအထိ ကျဆင်းကာ နာလန်မထူနိုင်အောင် ဖြစ်နေကြတယ်၊ လူမှုရေး စီးပွားရေး နေရာတိုင်းမှာ ဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရတယ်။ ဒါကြောင့် သူဟာ Kill the ANTs ဆိုတဲ့ စကားကို သုံးပြီး သူ့ရဲ့မပျော်ရွှင်သော စိတ်ဖိစီးခံလူနာတွေကို ကုသခဲ့ရတယ်။ 
ANTs လို့ အတိုကောက်ခေါ်တဲ့ Automatic Negative Thoughts ရဲ့ ဆိုးကျိုးဟာ ဘယ်အထိ တာသွားသလဲ ကြည့်ကြရအောင်။
ကျွန်မတို့ ဦးနှောက်မှာ Frontal lobe နဲ့ Temporal lobe ဆိုတာ ရှိပါတယ်။ နဖူးရဲ့အနောက်ဘက်ဦးခေါင်းခွံနဲ့ကပ်လျက် တကြောလုံးဟာ Frontal lobe ဖြစ်ပြီး သူ့အနောက် အောက်ခြေဘက်နားမှာ Temporal lobe ရှိပါတယ်။
အပျက်သဘောဆောင်တဲ့ အတွေးတစ တွေးမိပြီဆိုတာနဲ့ သူတို့ ၂ခုဆီက chemicalတမျိုး ထွက်လာစေပါတယ်။ အဲဒီ chemicalဟာ သက်ရောက်မှုတွေ အများကြီးဖြစ်စေတယ်၊ ဝမ်းနည်းလာမယ်၊ မျက်ရည်ကျမယ်၊ နာကျင်လာမယ်၊ လက်တွေတုန်လာမယ်၊ လက်ဖျားတွေ အေးလာမယ်၊ ကြွက်သားတွေကို တောင့်တင်းလာစေတယ်၊ နှလုံးခုန်မြန်လာမယ် စတဲ့ တုန့်ပြန်မှုတွေကို ခံစားရစေတယ်။ ဦးနှောက်တခုလုံးမှာ သူတို့ ၂ခုရဲ့တာဝန်ဟာ emotional expression -ခံစားမှုတွေကို ခံစားစေတဲ့ အလုပ်ကို လုပ်ကြတယ်။ ပြီးတော့ ဦးနှောက်ဟာ ဒါကို ပရိုဂရမ်တခုလို မှတ်ထားလိုက်တော့တယ်။ နောက်အခါတိုင်းတွေမှာလည်း ဒီလိုပဲ ဆင်တူအတွေးတွေ တွေးမိတဲ့အခါ ဦးနှောက်ဟာ ဒီလိုပဲ တုန့်ပြန်တယ်။ ပြောရရင် ကိုယ့်အတွေးနဲ့ကိုယ် “နာကျင်စေတဲ့ သံသရာစက်ဝိုင်းတခု”ရဲ့ဖြစ်စဉ်စဆုံးကို ဦးနှောက်က record ယူထားလိုက်တာမျိုးပါပဲ။ 
ဒါကို ကျွန်မတို့ နားလည်သဘောပေါက်ဖို့ပဲ လိုတာပါ။ ဒါကို နားလည်သဘောပေါက်ပြီဆိုတာနဲ့ တခြားပိုမိုကောင်းမွန်တဲ့အတွေးတွေကို တွေးမယ်၊ ပျော်ရွှင်နေတဲ့အချိန်မှာ ဦးနှောက်ကထုတ်ပေးတဲ့ ကွဲပြားတဲ့ chemical နောက်တမျိုးကိုပဲ ထုတ်လွှတ်စေမယ်၊ “ပျော်စရာကောင်းတဲ့ တက်ကြွလန်းဆန်းစေတဲ့ သံသရာစက်ဝိုင်းတခု”ကိုသာ ဦးနှောက်ထဲ ပရိုဂရမ်သွင်းစေတော့မှာပေါ့၊ ဟုတ်တယ်နော်။
ကျွန်မတို့ လေ့ကျင့်ယူရပါမယ်။ ပြောထားခဲ့သလိုပါပဲ၊ အပျက်သဘောဆောင်ပြီး ကိုယ့်ကို ထိခိုက်နာကျင်စေမယ့်အတွေးတွေ တွေးမိတာနဲ့ ရေဒီယိုလိုင်းပြောင်းသလို ချက်ချင်း လိုင်းပြောင်းချပစ်လိုက်ပါ။ ဖီးလ်မနေပါနဲ့ အချိန်အကုန်မခံပါနဲ့။ တခြားအဓိပ္ပါယ်ရှိတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ အဲတာတွေကို ပြောင်းလဲလုပ်ဆောင်တတ်တဲ့ အကျင့် လုပ်ပေးပါ။ နောက်တခုက NOT to do list ချရေးပါ၊ To do list မဟုတ်ပါဘူး၊ NOT to do listပါ။ ချရေးထားတဲ့အတိုင်း တနေ့တာ ဒါတွေကို ငါ လုံးဝမလုပ်ဘူးဆိုတဲ့ စိတ်နဲ့ နေပါ။ ကိုယ့်အတွက် အကျိုးမရှိမယ့် အလုပ်တွေကို ရှောင်နိုင်ပြီဆိုရင် အတော်လေး ကောင်းနေပါပြီ။ 
ကျွန်မ ပြောချင်တာ ဒါပါပဲ၊ ANTs ကို ချေမှုန်းရှင်းလင်းပါ။
NOT to do list အတိုင်း မလုပ်ဘူးဆိုတာတွေကို လှည့်တောင်မကြည့်မိပါစေနဲ့။
နောက်ဆုံးတခုပြောချင်တာက အလေ့အကျင့်တခု ခိုင်မာဖို့၊ ဦးနှောက်ထဲမှာ မှတ်သားဖို့ (rewire brain လို့ ခေါ်ပါတယ်) အနည်းဆုံး ၂လခွဲကနေ ၃လ ကြာပါတယ်။ နာကျင်စရာတွေ ချထားပစ်ခဲ့ပါ။ အလေ့အကျင့်ကောင်းတွေ ပျော်စရာအတွေးတွေနဲ့ ဦးနှောက်ကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပြန်လည်တည်ဆောက်ကြပါ။ လူ့ဘဝတိုတိုကလေးဟာ နေပျော်ဖို့သာ ကောင်းတာ ဟုတ်လား...
Remember, your brain is how you reshape and rewire !


အားလုံးပဲ အဆင်ပြေကြပါစေ….
ချစ်ခင်စွာ
ချစ်ကြည်အေး
၂၁၀၂၂၀၁၉ 

Reading list :

Tuesday, February 12, 2019

လူတယောက်ရဲ့ စရိုက်လက္ခဏာအစပျိုးခြင်း



လူတယောက်ရဲ့ စရိုက်လက္ခဏာအစပျိုးခြင်း ~

လူတယောက်ရဲ့ Personality လို့ ဆိုလိုက်ရင် ကျွန်မအတွက်တော့ ခဏအတွင်းမှာ မြင်လိုက်ရတဲ့ အပေါ်ယံအသွင်အပြင် စမတ်ကျသေသပ်မှုနဲ့ အတန်ကြာပေါင်းကြည့်မှ သိရမယ့် (မျက်စိနဲ့မမြင်နိုင်တဲ့) ပင်ကိုယ်အတွင်းစရိုက် အဲဒီနှစ်ခုပေါင်းထားတယ်လို့ နားလည်မိပါတယ်။ မွေးစကနေ သေဆုံးတဲ့အထိ လူတယောက်ရဲ့ဖြစ်တည်မှု စရိုက် ဗီဇဆိုတာတွေကို ဟိုးရှေးပဝေသဏီကတည်းက အတွေးအခေါ်ပညာရှင်တွေ၊ စိတ်ပညာရှင်တွေ၊ တခြားသော ပညာရှင်ပေါင်းများစွာက ရှုထောင့်များစွာကနေ ဆင်ခြင်သုံးသပ်၊ လေ့လာ သုတေသနပြုခဲ့ကြပြီးလည်း ဖြစ်တယ်။ အဲဒီအထဲကမှ Sigmund Freudရဲ့ သီအိုရီကို နည်းနည်းလေးဆွဲထုတ်ပြီး ပြောပြချင်ပါတယ်။
Sigmund Freud ရဲ့ လူတယောက်ရဲ့စရိုက်လက္ခဏာ ကြီးထွားရှင်သန်လာပုံကို စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်ကနေ ချဉ်းကပ်တဲ့ သီအိုရီအရ လူတယောက်ရဲ့ Personality မှာ အပိုင်း ၃ပိုင်းပါဝင်တယ်လို့ ဆိုခဲ့တယ်။ 
Personality = The Id + Ego + Superego လို့ ပြောခဲ့ပါတယ်။


Personalityကို Freudက ရေခဲတောင်ကြီးတွေနဲ့ ခိုင်းနှိုင်းပြခဲ့တယ်။ ရေပေါ်ပေါ်နေတဲ့ ရေခဲတောင်ထိပ်ဖျားပိုင်းအနည်းငယ်ကလေးဟာ သိစိတ်ကို ဖော်ညွှန်းတာဖြစ်ပြီး ရေအောက်မှာ ကျန်နေတဲ့ ဧရိယာကြီးမားလှတဲ့ ရေခဲတောင်အခြေဟာ မသိစိတ်ဖြစ်တယ်လို့ သူက ဆိုတယ်။ အဲဒီအောက်ခြေပိုင်းဟာ ပုန်းခိုနေတဲ့ စိတ်ဆန္ဒတွေ၊ လိုချင်တပ်မက်မှုတွေ၊ အတွေးစိတ်ကူးတွေနဲ့ အမှတ်ရအောက်မေ့ဖွယ်တွေ သိုသိပ်သိမ်းဆည်းထားရာလို့ ဆိုတယ်။ အဲဒီနေရာဟာ The Id အခြေချရာ နေရာဖြစ်တယ်လို့လည်း ပြောခဲ့တယ်။
The Id ရဲ့အလုပ်က လူတယောက်ရဲ့အခြေခံလိုအပ်ချက်တွေ၊ လိုချင်စိတ်တွေကို ဖြည့်ဆည်းရယူလိုက်ဖို့ မသိစိတ်ရဲ့စွမ်းအားကနေ လှုံ့ဆော်ရာနေရာဖြစ်တယ်။ Id ဟာ လူတယောက်မှာ ဖွားဘက်တော်အဖြစ် မွေးစကတည်းက အတူပါလာတဲ့ အဦးဆုံး စရိုက်လက္ခဏာအစိတ်အပိုင်းတခုဖြစ်ပြီး မသိစိတ်တခုအဖြစ် ကိန်းနေတာပါ။ အခြား နှစ်ခုဖြစ်တဲ့ The ego နဲ့ The superego မဖွံ့ဖြိုးခင်မှာ ကလေးတယောက်ရဲ့ လိုအပ်သမျှကို Idကပဲ ဦးဆောင် တောင်းဆိုသွားတာပါပဲ။ Idဟာ Pleasure principle ချမ်းသာမူအဓိက ဥပဒေသနဲ့ နေတယ်။ နေပျော်မှုကို လိုလားတယ်။ သက်တောင့်သက်သာဖြစ်မှုကို မက်မောတယ်။ လိုတရဖြစ်ချင်စိတ်နဲ့နေတယ်။ လူတယောက်ရဲ့ငယ်ဘဝမှာ Id ရဲ့တောင်းဆိုမှုနဲ့ပဲ မသိစိတ်ဦးဆောင်ကာ အရာရာလိုအပ်သမျှ တတ်နိုင်တဲ့နည်းနဲ့ တောင်းဆိုခဲ့တာတွေချည်းပဲဖြစ်တယ်လို့ ဆိုတယ်။ 
Idဟာ Primary Process ပေါ်မှာ အခြေခံပြီး ယာယီလိုချင်စိတ်တွေကို ဖြေသိမ့်တယ်။ ရေဆာနေတဲ့လူဟာ ချက်ချင်းရေမသောက်နိုင်သေးတဲ့အခိုက်အတန့်မှာ ရေအေးအေးဖြည့်ထားပြီး ဘေးပတ်လည်မှာ ရေတွေသီးနေတဲ့ ဖန်ခွက်တခွက်ကို စိတ်ထဲမြင်ယောင်ကာ တံတွေးမျိုချနေတတ်တာမျိုးပါပဲ။ Freudက IDကို "dark, inaccessible part of our personality" လို့ ဖွင့်ဆိုသတ်မှတ်ခဲ့သလို လူတယောက်ချင်းစီရဲ့ IDဟာ ခြေရာခံဖို့ အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုခဲ့တယ်။
မွေးစ ကလေးငယ်တယောက်နဲ့ မိဘတို့အကြား ခံစားဆက်သွယ်မှုစတင်ချိန်မှာပဲ ID ဟာ စတင်အလုပ်လုပ်ပါတော့တယ်။ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ မိဘတွေ၊ မိသားစုတွေဆီကနေ အမူအကျင့်၊ ယုံကြည်မှု၊ စိတ်နေသဘောထား၊ အပြောအဆို အနေအထိုင် စတာတွေအားလုံးကို ရယူနိုင်သမျှ၊ ရယူချင်သမျှ ရယူကာ သူ့အပိုင်အဖြစ် ယူပါတယ်။ အားလုံးဆီက စုပေါင်းစပ်ပေါင်းတွေကို “သူ” လို့ လုပ်လိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ မောင်ဖြူကို မောင်ဖြူ ၊ မောင်နီကို မောင်နီ ဖြစ်စေခြင်းရဲ့ အစပျိုးခြင်းလို့ ဆိုနိုင်ပါတယ်။ 
နောက်တဆင့်အနေနဲ့ ကလေးငယ်မှာ The egoအစပျိုးခြင်းကို ပြောပါမယ်။ 
အမြဲ လိုတရနေတဲ့ကလေးတယောက်ဟာ သူ လိုချင်တာကို မရရင်ဖြစ်စေ၊ သူရဲ့ကြည့်မှန်တချပ်လို တွယ်တာရတဲ့မိဘတွေနဲ့ ခွဲခွာရရင်ဖြစ်စေ ego စတင်သက်ဝင်လာပါတော့တယ်။ ကြီးပြင်းမှုရဲ့သဘောမှာ ခွဲခွာကျန်ရစ်ရခြင်းလည်း ပါတယ် ဟုတ်လား၊ ကြီးပြင်းလာတာနဲ့အမျှ ကလေးဟာ ကလေးထိန်းကျောင်းပို့ခံရမယ်၊ ကျောင်းသွားရတော့မယ်ပေါ့။ ဒီနေရာမှာ ကလေးဟာ တချိန်လုံးအတူနေနေကျ မိဘနဲ့ ခွဲရပြီ။ ဒါဟာ The IDနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ အမြဲတစေ ချမ်းသာနေရတဲ့ကလေး၊ လိုတရနေတဲ့ကလေးဟာ သူ မလိုချင်တဲ့ ခွဲခွာရမှုကို ဆန့်ကျင်ဖို့ egoရဲ့လှုံ့ဆော်မှုနောက် လိုက်ရပါတော့တယ်။ အဲဒီအချိန်ဟာ မိမိကိုယ်ကို ချစ်တတ်ခြင်းဆိုတဲ့ Narcissism ပါ တပါတည်း အားကောင်းစပြုလာချိန်ပေါ့။
နောက်တဆင့်မှာတော့ ကလေးဟာ ကြီးပြင်းလာတာနဲ့အမျှ လူတယောက်ရဲ့ အရည်အချင်း၊ အဆင့်အတန်း ဒါတွေကို တခြားသူတွေဆီမှာ တွေ့လာ၊ သဘောပေါက်လာရပြီး သူ့ရဲ့ကြီးပြင်းလာရမှုအနေအထား အခြေအနေတွေနဲ့ကိုက်ညီစွာ သဘောထားတူမျှသူတွေနဲ့ အုပ်စုဖွဲ့တတ်လာတဲ့ အဆင့်ပါပဲ။
တချိန်တည်းမှာပဲ Superego ဟာ စတင်နိုးကြားလာတယ်။ မိဘနဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝန်းတွေက ညွှန်ပြတဲ့ ပြဌာန်းချက်တွေ၊ တားမြစ်ကန့်သတ်ချက်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ ကျင့်ဝတ်တွေရဲ့ စည်းမျဉ်း ထိန်းချုပ်မှုတွေနဲ့ အရာရာကိုယ့်သဘောဆောင်နေတဲ့ The ID ထိပ်တိုက်အတွေ့မှာ Superegoဟာ မီးထပွင့်သလို ရုပ်လုံးပေါ်လာတော့တာပဲဖြစ်တယ်။ 
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ The ID ကနေမှ ego နဲ့ superego တွေ ရင့်သန်လာရတယ်။ အဲဒီ သုံးခုပေါင်းစည်းခြင်းဟာ လူတယောက်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်တယ်လို့ ဆိုနိုင်ပြီး၊ ရေခဲတောင်ရဲ့ ရေအောက်ထဲက တောင်ခြေအကြီးကြီးလို မှန်းဆရခက်တဲ့ မသိစိတ်တွေရဲ့ကြီးစိုးမှုများလွန်းတဲ့ လူတယောက်ရဲ့ စရိုက် ဖြစ်တည်မှုတွေကို အခြားတယောက်ကသိနိုင်ဖို့ဆိုတာ…..။


ချစ်ကြည်အေး

#SigmundFreud'sTheory~

Reading list: 
  • Id, Ego and Superego By Saul McLeod
  • Freud's Theory of the Id in Psychology 
  • What Are the Id, Ego, and Superego? By Kendra Cherry

ImageCrd:  Simplypsychology.org

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...