ဟိုး အဝေးကြီးမှာ…
တောင်တန်းကြီးတွေ…၊ တိတိကျကျထပ်ပြောရရင် သူမ သိပ်ချစ်တဲ့ တောင်စဉ်တန်းကြီးတွေပေါ့။ အဝေးကြီးက မြင်ရချိန်မှာ အေးစက်စိမ်းညို့နေသလောက် အနီးကပ်စဉ်မှာ ပူလောင်ကြဲပါးလွန်းသလို…။ အဝေးကြီးက ကြည့်စဉ်မှာ သိပ်မဝေးတော့သလိုလိုနဲ့ အနားနီးလာလေ ခက်ခဲအလှမ်းဝေးသွားတဲ့ တောင်တန်းကြီးတွေ။ အနားရောက်ခဲ့စဉ်မှာ အပေါ်ကနေ စီးမိုးကြည့်နေတဲ့တောင်တန်းကြီးတွေက ညှို့ငင်နိုင်လွန်းတာနဲ့အတူ သူမကို မြေပြင်ပေါ်ပြားဝပ်စေခဲ့ပြန်တယ်လေ…။
မိုးကလေး မစို့မပို့ရွာတော့ တဖန်ပြန်လည်စိမ်းလန်းလာတဲ့တောင်တန်းကြီးတွေဟာ နှစ်သက်ချင်စရာ ကောင်းလာပြန်တယ်၊ ဒါပေမယ့် ဘာကိုမှန်းမသိ သူမ ထိပ်လန့်လို့နေတယ်။ ဟန်သိပ်ကြီးတဲ့တောင်တန်းကြီးတွေအနား အရောက်သွားဖို့ တခုခုက စီးကာနေပြန်ရော…။ သူမဟာ တောင်တန်းကြီးတွေအနားရောက်တိုင်း သေးဝပ်သိမ်ငယ်သွားတဲ့ ခံစားချက်တွေနဲ့ အကြိမ်ကြိမ်နာကျင်ရ၊ သဘာဝလည်းမတူကြပြန်တော့ မျက်နှာကိုသာခပ်လွှဲလွှဲထားကာ အဝေးကိုလျှောက်ရတာ…။ သူမမျက်ဝန်းတွေထဲမှာတော့ သိမ်းဆည်းထားခဲ့ရဲ့။ တောင်တန်းကြီးတွေ ဘယ်လိုစိမ်းညှို့နေဟန်၊ ဘယ်လိုထီးတည်းခက်မာနေဟန်၊ ဘယ်လိုသွေ့ခြောက်အေးစက်နေဟန်…၊ သူမကျောရိုးထဲကနေ စိမ့်ကနဲ နွေးသွားပြန်တယ်။ မရဲပါဘူးလေ…။ အဝေးမှာမြင်နေရတဲ့တောင်တန်းကြီးတွေကို အသံတိတ် စကားတွေလှမ်းပြောနေခဲ့မိတဲ့ရက်တွေ၊ အိပ်မက်တွေထဲ တောင်တန်းကြီးတွေအနောက် အပြေးလိုက်နေခဲ့မိတာတွေ၊ မောလှချည့်ကွယ်…။ ဘဝကတိုတောင်းသလောက် အလွမ်းသံသရာကဖြင့် ရှည်လျားပါရဲ့။
သူမနဲ့အတူတူ သူမအနားမှာရှိနေရင် ပျော်မှာလားဟင်…
ဒါဟာအမှန်ပဲဆိုပေမယ့် နာကျင်စေတယ်ဟုတ်လား…။ သူလည်း သူမအနား မပျော်နိုင်သလို၊ သူမကလည်း သူ့အနား နေမပျော်နိုင်တဲ့ ဘဝတွေ…။ နှလုံးသားမဲ့တဲ့တောင်တန်းကြီးတွေနဲ့ ချစ်ကျွမ်းဝင်မိတဲ့ လူမိန်းမတယောက်ဟာ ခြားနားလွန်းတဲ့ရှင်သန်မှုတွေထဲ တိုးတိတ်လွမ်းရဖို့သာ ဖြစ်လာတာ။ ဝေးလွန်းပါတယ် တောင်တန်းကြီးတွေရေ။ အနားကို ဘယ်တော့မှ သူမ ပြန်လာနိုင်မှာ မဟုတ်ပေမယ့်လည်း သူ ပျော်နေမယ်ဆိုတာ…။ သူမ ပျော်အောင်နေနေမယ်ဆိုတာ…။
အပူအပင်ဆိုတာ ဘဝမှာ မကြုံခဲ့ဖူးသူမို့ ဘယ်တော့မှ ရင့်ကျက်မလာတော့မယ့်စိတ်နှလုံးနဲ့သူမက ချစ်ခြင်းတရားနဲ့ကျမှ ရင့်ကျက်လို့လာခဲ့တာ။ ဒါဟာ ဝဋ်ကြွေးတခုပဲ၊ ဒါဟာ နာကျင်ဖို့သက်သက်မျှသာပဲဟုတ်လားဟင်…။

ဘဝမှာ ဘာကိုမှ တမ်းတမ်းတတမက်မောမက်မော မလိုချင်ခဲ့သူဟာ တိမ်တွေကဖြင့် ဝေးလွန်းတယ်ဆိုတာလောက်တော့ သိခဲ့သားပဲ။ အရင်တုန်းက…ဆိုတာ တနေရာရာမှာ လွှတ်ချ ကျန်ရစ်ခဲ့ပြီ။ ဘယ်လောက်များ ဝေးသွားကြတာလဲဆိုရင် သံသရာတခုစာလို့ သူမက ဖြေမယ်။ ဘယ်တော့မှ နောက်ထပ်…ဆိုတဲ့စကားမျိုးကြားရရင် သူမက မျက်ရည်ဝဲချင်နေတုန်းပဲ။ တကယ်လို့များ တောင်တန်းကြီးတွေအနား အမှတ်မထင်ရောက်သွားခဲ့ရင်ရော…၊ အတွေးနဲ့တင် သူမ ရူးတော့မလိုပဲ။ တောင်တန်းကြီးတွေရဲ့ရင်ခွင်မှာ သူမသိမ်းဆည်းထားခဲ့သမျှ မျက်ရည်တွေနဲ့ ပါးအပ် သွန်ချမိမလားရယ်…၊ ပြီးတော့ သူမ စိတ်ဒဏ်ရာ…၊ စိတ်အကျ၊ သူမကိုယ်တိုင် မမှန်းဆနိုင်အောင် အတက်အကျမြန်ဆန်လွန်းလို့ အပိုင်းပိုင်းကြေမွခဲ့ရတဲ့ သူမစိတ်တွေ၊ ခဏခဏ သေရာပါသွားတဲ့ အမာရွတ်တွေရဲ့ ထူထဲနက်နဲမှုအတိုင်းအဆကို သူသာနားထောင်မယ်ဆို ပြောပြချင်ပါရဲ့။ ဟင့်အင်း…သူမဟာ အခုကို စိတ်နဲ့ကိုယ် တခြားစီ လွတ်ထွက်သွားမတတ်ပါပဲ။ သေချာတာတခုကတော့ နာကျင်မှုပဲ… ဘယ်လမ်းကိုရွေးရွေး အနာတရဖြစ်မယ့်လမ်းတွေထဲက ပြေးမလွတ်တော့တာကိုလည်း သိထားပြီးသားကို…။ အယ်လ်ဘမ်ထဲမှာ သိမ်းထားခဲ့တဲ့ တောင်တန်းကြီးတွေရဲ့ပုံရိပ်တွေ…ဘယ်အချိန်ကြည့်ကြည့် ပြုံးနေမိတဲ့အချိန်တွေထဲ သူမ ပြန်လည်သက်ဝင်နေမိတာ၊ နာကျင်ရတာက သပ်သပ် နွေးထွေးနေမိတာက သပ်သပ်။ အဲဒီတုန်းကတော့ တောင်တန်းကြီးတွေမှာ လျို့ဝှက်မှုတွေအပြည့်၊ မာယာအပြည့်ဆိုတာ သူမ ဘယ်သိနိုင်မှာလဲလေ။ သူမအတွက်တော့ ခုထိ အဖြူထည်ကလေးအတိုင်း ရှိနေပေးပါ၊ ရိုးသားနေပေးပါ တောင်တန်းကြီးတွေရယ်…။ သူမ တန်ဘိုးထားချင်လို့၊ သိပ်မြတ်နိုးရလို့ပါ…။ သတိထားမိမလားဟင်၊ သူမ ကမ္ဘာပျက်နာကျင်ရလေလေ သူမရယ်သံတွေက ပိုမိုကျယ်လောင်လာလေလေ…၊ ဒီနေ့စွဲတွေထဲ ရဲရင့်ဟန်ဆောင်ရင်းက ခဏခဏပျက်ကျနေခဲ့ရပုံတွေ…။ သူမ ပြိုလဲကျရသမျှ တောင်တန်းကြီးတွေဘက်မှာ ပျော်ရွှင်အနိုင်ရနေမယ်ဆိုလည်း ပျော်ပါစေလို့သာ ကျေနပ်ပေးချင်သေးရဲ့…။ သူမကျဆုံးမှုဆတူအတိုင်း ပျော်ပါစေကွယ်…၊ သူမ ပြုံးတိုင်း ပျော်နေတယ်လို့ မြင်ပေးလှည့်ပါ၊ (အနည်းဆုံးတော့) ဟန်ဆောင်ကောင်းချင်လှရဲ့လေ…
ချစ်ကြည်အေး
၁၉ဝ၅၂ဝ၁၉
တောင်တန်းကြီးတွေအတွက် သတိတရ ခံစားရေးဖွဲ့ ~
ဇွဲကပင် ~
ဇဇွဲ❤
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်