Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

Monday, February 25, 2013

မြန်မာ့ဂန္ထဝင်ဂီတမိခင်ကြီး အန်တီမာမာအေးနှင့် ဂီတပဒေသာပွဲ




မာ မာေ အး ဆိုတာ...ဘယ်သူလဲ...ဆိုသည့် စင်ကာပူနေမြန်မာလူငယ်လေးများသို့....။

၂၀၀၀ ခုနှစ်ခန့်က ရန်ကုန် မြို့မကျောင်းလမ်းအမျိုးသားဇာတ်ရုံမှာ ဂန္ထ၀င်တေးများသီဆိုဖျော်ဖြေပွဲတွင် စန္ဒရားလှထွဋ်က အိပ်မပျော်သော ညများသီချင်း စတင်သီဆိုသောအခါ ကျနော့်ဘေးတွင်ထိုင်နေသော ကျနော့်ထက်နည်းနည်းကြီးသော အမကြီး၏ သမီးဖြစ်ဟန်တူသည့် အသက် ၂၀ကျော်အရွယ် ကလေးမက တိုးတိုးပြောလိုက်သည်။ (မေမေ...အဲဒီ ဦးလေးကြီးက ဟေမာနေ၀င်းသီချင်းကို ပြန်ဆိုနေတာပဲ )တဲ့။ အမေက ပြန်လည်ငေါက်ငန်းကာ ရှည်ရှည်ဝေးဝေး ရှင်းပြနေသည်ကိုကြား လိုက်ရသည်။ ထိုမိခင်မျိုးကို ချီးကျူး ကျေးဇူးတင်မိပါသည်။ သမီးက (ဒါဆို မျိုးကျော့မြိုင်ဆိုတဲ့ ရက်ပ်သီချင်းထဲက စဉ်းစားကာ နေရဦးမယ်ဆိုတဲ့ အန်တီကြီးပေါ့ )ဟု ပြန်ပြောကာ ဈေးတည့်သွားသံကိုလည်း အပြီးသတ် ကြားရသည်။ ဒါတောင်လွန်ခဲ့သော ၁၃ နှစ်က မြန်မာ့ဂီတကို နှစ်သက်လိုက်စားလှပါသော ကျနော်၏ အသက် ၂၀အရွယ် ကျနော့်သမီးသည်ပင်လျှင် ပြီးခဲ့သော မကြာသေးမီနှစ်များက(လာချင်ရင်အနီးလေး) သီချင်းကို ရန်ကုန်ကလာသော စတိတ်ရှိုးဗွီစီဒီတခုမှာ စကြားဖူးကာ အယ်ဆိုင်းဇီ၏ အသံဝဲ၀ဲ ဆတ်တောက်တောက်ဆိုဟန်ကို နှစ်ခြိုက်နေပုံရသဖြင့် မာမာအေး၏မူရင်းကို ရှာဖွေဖွင့်ပြရသည်။ ထိုနည်းတူ ရှင်ဖုန်းနှင့် ဂရေဟမ်၏ စတီရီယိုစတိုင်လ် (ဆည်းဆာ)ဟော့ရှော့ စုံတွဲတေးကိုလည်း မာမာအေး၏မူရင်း ဖွင့်ကာ နှိုင်းယှဉ်ခံစား ခိုင်းရသည်။ 

မူရင်းများကို ဖွင့်ပြတော့ မိန်းကလေးက စရမှာလား၊ ရောင်နောက်ဆံထုံးပါ၊ ချစ်အဓိပ္ပါယ်၊ သီတာရေစင်၊ အရိပ်ပမာ၊ ယုံရခက်ခက်၊ စဉ်းစားရဦးမယ်၊ မဆုံဆည်းလေသော အချစ်များ၊ မောင်ပေါက်ကျိုင်းလိုလူစား၊ စိန်နားကပ်ကြီးပန်ရမလို၊ ချစ်သော မောင်မောင် အစရှိသော များလှသည့်သီချင်းများ ကိုနားထောင်ပြီးနောက် ထိုခေတ်က မာမာအေး၏ (သံစဉ်ကမြန်မာပဲ ဆန်ဆန် ဗိုလ်ပဲဆန်ဆန် မြူးမြူး အေးအေး လွမ်းလွမ်း) ပညာပါလှသော အနုပညာမြောက်လှသော အဆိုနှင့် ထူးခြားသြဇာ ပြည့်စုံ သည့်အသံ ပရိယာယ်တို့ကို မချီးကျူးမနှစ်ခြိုက်ပဲ မနေနိုင်ဖြစ်သွားရ သည်။ ရေဗက်ကာဝင်း၏ (အချစ်ဆုံးမို့ပြောပြချင်ပါတယ်) စတီရီယိုစတိုင်လ် မာရေ ကြောရေ ဆိုဟန်ကိုလည်း ချိုသာနွဲ့ပြောင်းလှသော မူရင်းတက္ကသိုလ်လဲ့လဲ့၏ (၁၉၈၀-၉၀၀န်းကျင်) ရေဒီယိုဓါတ်ပြားေ တးနှင့် နှိုင်းယှဉ် ဖွင့်ပြလိုပေမဲ့ ရှာရခက်ခဲသဖြင့် လက်လျော့ထားရသည်။

တခါက စင်ကာပူ မင်္ဂလာဆောင်တခုမှာ ကျနော့်ကို အခန်းအနားမှူး လုပ်ဖို့အကူအညီတောင်းတော့ မြန်မာလိုလည်း ပွဲထွက်မည်ဖြစ်၍ ကျနော်က မာမာအေး၏ အခါတော် သီချင်းကို ဖွင့်ပေးရန်စီစဉ်ရာ မိခင်က သဘောတူပြီး သမီးက ခုခေတ်အဆိုတော်ကိုပဲသိသည်။ သုံးစေချင်သည်။ သားအမိ စကားအခြေ အတင်ပင်ဖြစ်ရသည်။ မကြာသေးမီက မင်္ဂလာဆောင်တခုမှာတော့ မင်္ဂလာစုံတွဲက မိဘများနှင့် ကျနော်၏ သဘောထားကို လုံးဝ လေးစားလက်ခံရာ ဒေါ်တင်တင်မြ၏ မူရင်း အခါတော် သီချင်းကို ဖွင့်ပေးခဲ့ရာ (လူကိုယ်တိုင်ဆိုသည်မဟုတ်သော်ငြား) အခန်းအနားမှာ အလွန်တရာ ကျက်သရေမင်္ဂလာရှိခဲ့သည်။ ပရိသတ် အားလုံး ထုတ်ပြောယူရသည်။

တခါ ကျနော့်သူငယ်ချင်းတယောက်၏သား (အသက် ၁၉နှစ်ခန့်) ကိုစကားစပ်၍ မေးကြည့်ရာ မေဆွိဆိုတဲ့အန်တီကြီးလား၊ နာမည်တော့ကြားဘူးတယ်။ ဘယ်သီချင်းတွေလဲ တော့မသိဘူး ဟုပြောဘူးပြန်သည်။


  
(မျက်လုံးချင်းစကားပြောနေပြီ)ကို ၁၉၇၀ခန့်က မောင်သိန်းဝင်း၏ ချိုသာရွှင်လန်း မြန်မာယောက်ျားဆန်လှသော မူရင်းရုပ်ရှင်သီချင်းအစား အယ်လ်လွန်းဝါ ဆိုတာကိုသာ ကြားဘူးကြ အသိများကြတော့သည်။ (ယခုဆောင်းပါးနှင့်အတူတင်ထားသော ဓါတ်ပုံထဲက ဦးထုပ်နှင့် အန်ကယ်ကြီးမှာ ဦးသိန်းဝင်းဖြစ်ပါသည်။) ချစ်တယ် (အဘိုးကလည်း အဘွားကို ချစ်တယ်ပြောမှာပဲ....) ဆိုလျှင် ဇော်ပိုင် သီချင်းဟုထင်ကြသည်.။ သုမောင်ဆိုတာမကြားဘူးကြ။ အောင်ရင်က ရေဒီယိုတေး အတော်များများကို ပြန်ဆိုချလိုက်သဖြင့် လူငယ်တွေသိသွားကြသည်ကိုတော့ ၀မ်းသာရသည်။ အခြား ပြန်ဆိုကြသည့် မေဆွိ မေရွက်ဝါ နီနီဝင်းရွှေ ကော်နီ စိုးစန္ဒာထွန်း ပိုးအိစံ ပန်းအိဖြူ ဗညားဟန် ရန်အောင် လွှမ်းမိုး ဖိုးသောကြာတို့နှင့် ထုတ်လုပ်သူများကိုလည်းသည့်အတွက်ကျေးဇူးတင် ရပါသေးသည်။ ဘယ်သူဆိုဆို မူရင်းကိုမှီမှီ မမှီမှီ အရင်ခေတ်ကတေးများ၏ လှပလေးနက်သော စာသားသံစဉ်များကို လူငယ်တွေခံစားခွင့်ရစေသည်မို့ပင်။

သည်တော့....။ ခေတ်ကပြောင်းလာခဲ့ပြီ။ ခုချိန် အသက် ၂၀-၃၀ လူငယ်များ ပြန်ဆိုတေးများကိုသာ ကြားဘူးကြသည်။ ပြန်ဆိုတေးများကို ကြိုက်နေကြသေးသည်ကိုပင် ၀မ်းသာရသေးသည်။ မူရင်း တေးများ မူရင်းအဆိုတော်များကို မသိကြသည်ကို အပြစ်ပြောမရ။ သို့သော် ဂီတချစ်သူမြန်မာ လူငယ်မှန်လျှင် အားလုံးကိုမသိသော်မှ တချိန်ကကြော် ကြားခဲ့သော မြန်မာအဆိုတော်များ နှင့် သူတို့၏တေး၃-၄ပုဒ်စီကိုတော့သိသင့်ပါသည်။ ရှင်ဘုရင်များ အဆက်ဆက်လက်ထက်များက ထူးမခြားနား ချစ်သမျှကို မန်းတောင်လက်ျာ ဝေဇယန္တာ မြမန်းဂီရိသေလာတောင် စိန်ခြူးကြာညောင် အစရှိသော ကြိုး ဘွဲ့ ပတ်ပျိုး ယိုးဒယား ရှေးသီချင်း ကြီးများ။ နယ်ချဲ့လက်အောက်ရောက်နေသာ (၁၈၈၅-၁၉၄၈ အတွင်း) ပြည်လှဖေ ဥသြဘသောင် မေရှင် မေမြင့် ဒေါ်ကြည်အောင် စိန်ပါတီ လေဘာတီမမြရင် စသော နာမည်ကျော် မြန်မာ အဆိုတော်ကြီးများ၏ (ဇာတိမာန် နဂါးနီ ရှင်သီဝလိ မြန်မာ့ခေတ် ရွှေစပယ်ရုံ ချစ်မိုးစွေ ချစ်ရေစင် ရွှေတံငါ ရှေးကုသိုလ် ရွှေပြည်တန် ဘုန်းမောင့်သက်လှယ် ရှေးရေစက် မိုးဒေ၀ါ ရာသီတော်ဦး မြတ်ပန်းခွေ ချစ်ရောင်ခြည်) အစရှိသောတေးများ။ 

လွတ်လပ်ရေးရပြီးနောက် ဆိုရှယ်လစ်ခေတ်မရောက်ခင် (၁၉၄၈-၁၉၆၂) မန္တလေးမြို့မ တူရီယာအဖွဲ့နှင့် မြို့မငြိမ်းတို့ကို အခြေခံလျက် ကြော်ကြား လာသော တေးများက ကိုအံ့ကြီး ၀င်းဦးတို့စခဲ့သော ကသစ်ပန်း တိမ်လွှာ မို့မို့လွင် ရေချိုးဆိပ် ရန်ကုန်သူ စသောတေးများ၊ (၁၉၆၂-၂၀၀၀) အတွင်း ကြော်ကြားခဲ့သော ၀င်းဦး (မောင်တို့ချယ်ရီမြေ-ပိတောက်ရိပ်ဝယ်-မမမိုး-မင်္ဂလာဆုတောင်း-)။ တင်တင်မြ(ယောဆရာကြီး-ပင်တိုင်စံ-တကျော့နှစ်ကျော့တေးကိုသီ)။ မာမာအေး(ပိတောက်လမ်း-တရေးချစ်ခွင့်မြင်ရနိုး-ဆည်းဆာ-မေ့ကွက်ကိုရှာ - မောင့်အချစ်မြား)။ ချိုပြုံး (တမာလမ်းကိုပြန်ခဲ့ပါ-တက္ကသိုလ်ကျောင်းကငွေလမင်း) ညွန့်ဝင်း (ရွှင်လန်းချမ်းမြေ့ပါစေ-အချော့တော်) စန္ဒရားလှထွတ် (တိမ်တမာန်-အိပ်မပျော်သောညများ-တပြည်သူ မရွှေထား- အလှသစ္စာတရား) စန္ဒရားချစ်ဆွေ (ချစ်အားငယ်ရသူမယ် -ချစ်သူဝေးဝေးသွားပါနဲ့လား -ချောကလျာ)။ စသဖြင့်....။ များစွာရှိပါသည်။

တချိန်က(၁၉၈၀-၂၀၀၀)စတင်နာမည်ကျော်ခဲ့သည့် မြန်မာသံမဟုတ်သော အဆိုတော်များသည်လည်း တဦးချင်း၏ အရည်အချင်း စန်းကိုလိုက်ပြီး သက်တမ်း၁၀-၁၅-၂၀ နှစ်မက ရှည်ကြာတတ်ကြသည်မို့ ယနေ့ခေတ် ဖြူဖြူကျော်သိန်း-၀ိုင်းစုခိုင်သိန်း-ချမ်းချမ်း-ငယ်ငယ်-ဆုံသင်းပါ-ဂျင်းနီ-ဇော်ပိုင်-ရသ- ကျားပေါက်-စိုင်းစိုင်း-အာဇာနည်-ဆိုတေး- အောင်လ စသူတို့ကြားဝယ် တစ်စင်ထဲ အတူနွှဲနေနိုင်ကြ သေးသော နွဲ့ယဉ်ဝင်း-ချိုပြုံး-မေခလာ-ကိုင်ဇာ-တူးတူး-ဘိုဘိုဟန်-ခိုင်ထူး-စိုးပိုင်-ချစ်ကောင်း-ဇော်ဝင်းထွဋ်- စိန်ဝင်းထွန်း-သန်းနိုင်-သိန်းတန် တို့လို အဆိုတော်များရှိကြ သလို မြန်မာသံလိုင်းတွင်လည်း ခုနောက်ပိုင်း အလင်္ကာဝတ်ရည်စသော ၀ိုင်းအသစ်များ တည်ထောင်လာ မှုကြောင့် ကာလရှည်ကြာနာမည်ရ အဆိုတော်ကြီးများ နေရာရလာပြန်သည်။ (ကိုမင်းနောင် မောင်မောင်ကြီး ရီရီသန့် ထား ဖြူသီ ခင်ညွန့်ရည် သန်းမြတ်စိုး စသဖြင့်) ။ သို့သော် သူတို့သည်လည်း မြန်မာသံတေးစစ်များကိုကြိုက် နှစ်သက်သော အသက်အရွယ် ( ၄၅ မှ ၇၀ အတွင်း) အများစုရှိကြသော ပြည်တွင်း ပရိသတ် ထဲမှာသာဖြစ်သည်။ အချို့က မြန်မာနိုင်ငံတွင်း နေသော်ငြား အဆိုအရည်အချင်း ပြည့်ဝမြင့်မား လှ သော်ငြား အကြောင်းကြောင်းကြောင့် အနုပညာစင်မြင့် များနှင့် ဝေးနေခဲ့ကြသည်။
 
မာမာအေးက မြန်မာ့နိုင်ငံရေး ကို လေ့လာမှတ်သားသူ လူငယ်အများသိသည့်အတိုင်း ၁၉၈၈ တွင် ပြည်လုံးကျွတ်ဆန္ဒပြ အုံကြွမှုကြီးတွင် ပြည်သူဘက်က အနုပညာရှင်များ ပါဝင် ရပ်တည်ပတ်သက် ခဲ့ရာ ကစပြီး (ပြည်သူဘက်က မရပ်တည်ခဲ့သူများက နိုင်ငံပိုင် ရေဒီယို တီဗွီများတွင် နှစ် ၂၀ ကျော်အကြော့သားသီဆိုသရုပ်ဆောင်ကြ အခွင့်အရေးတွေရနေခဲ့ကြချိန်မှာ) ပြည်ပတို့ (အမေရိ ကသို့) ထွက်ခွာသွားရကာ တဦးတည်း ဘ၀ကိုရပ်တည်နေခဲ့သော (ယခုအခါ ၇၀ နှစ်ရှိနေပြီဖြစ်သော) အဆိုတော်ကြီး ဖြစ်ပေသည်။

ဒီမိုကရေစီိ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်နှင့် အတူ ခေတ်တွေပြောင်းလာ၍ သမတဦးသိန်းစိန်၏ ခွင့်ပြုမှုဖြင့် ပြည်တော်ပြန် လည်ပတ်လာသူဖြစ်သည်။ အရွယ်ကောင်းချိန် အသက် ၅၀ ကျော်ကစပြီး မြန်မာပရိသတ်နှင့် နှစ် ၂၀ကျော်ကင်း ကွာနေခဲ့ရသဖြင့် ၁၉၈၀ တ၀ိုက်မွေးသော ကလေးများ မာမာအေးသီချင်း များ နားထောင်မိရန် ကြိုက်နှစ်သက်ရန် အခွင့်အရေး နည်းပါးခဲ့ပေသည်။ သို့ရာတွင် မြန်မာသီချင်းတွင် ဘယ်သူမှ တုနှိုင်းမမှီသော သူ့အသံ သူ့ဟန်နှင့် သူ့ရပ်တည်ချက်တွေကို ယူကျုမှာ မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လို ဖြစ်ဖြစ် နာမည်ရိုက်ထည့်ကာ လေးငါးပုဒ်နားထောင်ယုံမျှနှင့် သိကြမည်ဖြစ်သည်။ သူသည် နှလုံးခွဲထားရ သောကြောင့် အသံကို ထိန်းချုပ်နေရသော်ငြား သူများတကာ ထက်သာနေသေးသော နားဆင်သူ နားဝင်ပီယံ အရသာရှိစေသော အသံနှင့်အဆိုများက ပူပူနွေးနွေး ရန်ကုန်ပွဲနှစ်ပွဲက သက်သေခံနေပါသည်။

မြန်မာ့ဂီတမိခင်ကြီး ဒေါ်မာမာအေး ရန်ကုန်မှစင်ကာပူသို့မပြန်မီ သူ့အား ကန်တော့သောအားဖြင့် ဂုဏ်ပြုသောအားဖြင့် ဂါရ၀ပြုသောအားဖြင့် စင်ကာပူနေ မြန်မာ့ဂီတချစ်သူတစုတို့ ဖိတ်ကြားစီစဉ် ထားသော မာမာအေးဂီတပဒေသာပွဲကို မတ်လ ၃ ရက် (ခရေတာ ဧရာ ဇာတ်ရုံကြီး)မှာ ကြွရောက် အားပေးခြင်းဖြင့် စင်ကာပူက မြန်မာတွေ မြန်မာ့ဂီတကို မာမာအေးတေးများကို ချစ်မြတ်နိုးကြောင်း ပြသ ကြစေချင်ပါသည်။ စင်ကာပူနေ လူငယ်လေးများ မာမာအေးကို မသိ မကြိုက်ကြနှိုင်သော်လည်း မိမိတို့၏ မိဘများကို ပြောပြကာ မာမာအေးဂီတ ပဒေသာပွဲကို ပြသစေချင်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ 

အောက်ပါလင့်ခ်မှာ အသေးစိတ် ကြည့်ရှုသိရှိသိနိုင်ပါသည်။ 

ဒီဆောင်းပါးလေးကို ရေးသားသူက ကျွန်မမိတ်ဆွေ ကိုအောင်ခိုင် ခေါ် အဆိုတော် ကိုမင်းအောင်ခိုင်ပဲ ဖြစ်ပါတယ်။ သူ့ဖေ့စ်ဘုတ်မှာ ရေးထားတဲ့ ဒီဆောင်းပါးလေးကို ကျွန်မက သူ့ဆီမှာ ခွင့်တောင်းပြီး ယူလာခဲ့တာပါ။ ခုလာမဲ့ မတ်လ ၃ရက်နေ့ စင်္ကာပူမှာ ပြုလုပ်မဲ့ အန်တီဒေါ်မာမာအေးပွဲ အကြောင်း  မသိလို့ မကြည့်လိုက်ရသူများ မရှိကြရလေအောင်ပါရှင်။ 

အန်တီဒေါ်မာမာအေးနဲ့အတူ တစ်ခြားသော အနုပညာရှင်များစွာ ပါဝင်ဖြေဖျော်ကြမဲ့ ဒီဂီတပဒေသာပွဲလေးအတွက်  လက်မှတ်မဝယ်ရသေးသူများ အချိန်မီပါသေးတယ်ရှင့်။ အမြန်ဆုံး သွားရောက်အားပေး ဝယ်ယူကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။



Monday, January 7, 2013

"လွတ်လပ်ခြင်းရဲ့ ရသ" စာပေဟောပြောပွဲ


ကျွန်မတို့ ရသအလင်းဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မယ့် "လွတ်လပ်ခြင်းရဲ့ ရသ-Aesthetic of Freedom" ဆိုတဲ့ စာပေဟောပြောပွဲလေး တစ်ပွဲကို စကာင်္ာပူက ချစ်မိတ်ဆွေများ မကြာခင်မှာ နားဆင်ခံစားခွင့် ရကြပါတော့မယ်။ 

စာရေးဆရာ ဒါရိုက်တာ ဆရာဦးဝင်းဖေ၊ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ သုံးယောက် ဟောပြောကြမဲ့ ဒီပွဲလေးကို ရသအလင်းဖောင်ဒေးရှင်း ရံပုံငွေပွဲအဖြစ် ရည်ရွယ်စီစဉ်ခဲ့တာပါ။ အဲဒါကြောင့် စင်္ကာပူက ချစ်မိတ်ဆွေများအနေနဲ့ လက်မှတ်လေးတွေ ဝယ်ယူအားပေးခြင်းဖြင့် ကျွန်မတို့နဲ့အတူ လာရောက်နားဆင် ခံစားနိုင်ကြသလို ပွဲမှရရှိငွေတွေကို မြန်မာပြည်တွင်းမှ စာပေအနုပညာရှင်များရဲ့ ကျန်းမာရေး   စောင့်ရှောက်မှုအတွက် သုံးမှာ ဖြစ်တာမို့ အလှူရှင်တွေအဖြစ်နဲ့လည်း ကုသိုလ်ပါဝင်ခွင့် ရကြဦးမှာ ဖြစ်ပါတယ်ရှင်။ 

ခမ်းမအခက်အခဲကြောင့် Republic Polytechnic, Agora Hall 1-2 မှာ ကျင်းပဖို့ ဖြစ်လာတဲ့အတွက် ထိုင်ခုံရောင်းနိုင်အား နည်းသွားပါတယ်။ ဒါကြောင့် လက်မှတ်များကို ကြိုတင်ဝယ်ယူမှ စိတ်ချရပါမယ်ဆိုတာရယ်၊ ဆရာတွေနဲ့ ပရိသတ် မေးဖြေ-ဆွေးနွေး ကဏ္ဍလေးလည်းပါဝင်မှာမို့ လက်မလွှတ်သင့်တဲ့ ပွဲလေးတစ်ပွဲ ဖြစ်တဲ့အကြောင်းလည်း ပြောချင်ပါသေးတယ်။  


လွတ်လပ်ခြင်းကို လူတိုင်း နှစ်သက်ကြပါတယ်။ ကျွန်မတို့ တကယ်ပဲ ကိုယ်ရော စိတ်ပါ လွတ်လပ်ကြပြီလား။ လွတ်လပ်ခြင်းရဲ့ ရသဟာ လူတိုင်းအတွက် ဘယ်လိုခံစားမှုတွေကိုများ ပေးစွမ်းနိုင်ပါမလဲ။ ဟောပြောမယ့် ဆရာသုံးယောက်ဟာ အနုပညာရှင်တွေအနေနဲ့ လွတ်လပ်ခြင်း ရသအပေါ် အမြင်အတွေး ခံစားချက်လေးတွေကို ဘယ်လိုများ ပုံဖော်ဟောပြောကြမှာလဲ။ သူတို့ဖြတ်သန်းလာခဲ့ကြရတဲ့ ဘဝထဲက သူတို့မြည်းစမ်းခဲ့ရတဲ့ လွတ်လပ်ခြင်းရသဟာ ဘယ်လိုများလဲ။ ကျွန်မတို့ မိတ်ဆွေတို့ ရင်ထဲက ခံစား နားလည်မှုတွေနဲ့ ထပ်တူရော ကျနေနိုင်မှာလား။ ကြိုတင်စဉ်းစားရင်း ရင်ခုန်နေမိပါတယ်။ 

အဲဒီနေ့မှာတော့ ဆရာတွေ ပြောမယ့်စကား၊ သူတို့ရင်ထဲက လွှင့်ထုတ်မယ့် အသံလှိုင်းတွေဟာ ကျွန်မတို့ မိတ်ဆွေတို့ ရင်ထဲက ဖမ်းယူနားထောင်မယ့် အသံလှိုင်းတွေနဲ့ ဘယ်လိုများ ချိတ်ဆက်မိကြမှာလဲဆိုတာ ကျွန်မတို့ စောင့်မျှော်နားထောင်ရမယ့် ပွဲတစ်ပွဲ ပါပဲ။ 

ပွဲနေ့ - ၂၀-၀၁-၂၀၁၃ (တနင်္ဂနွေနေ့) 
ပွဲချိန် - ၁၃:၀၀- ၁၉:၀၀
နေရာ - Agora Hall 1-2, Republic Polytechnic 
လက်မှတ်ဈေး - S$15 , S$20 
လက်မှတ်ရောင်းချရာ နေရာ - ရနံ့သစ် ၊ မြနန်းနွယ် (ပန်နီစူလာ ပလာဇာ) 

ကဲ မိတ်ဆွေတို့ မပြောမရှိကြပါနဲ့နော်... အဲဒီနေ့မှာ ကျွန်မတို့ လက်ချင်းချိတ်ဆက်ပြီး လွတ်လပ်ခြင်းရဲ့ ရသတွေကို အတူခံစားကြည့်ကြပါစို့လားရှင်.... 


နောက်ဆက်တွဲ  

လွတ်လပ်ခြင်းရဲ့ ရသ စာပေဟောပြောပွဲအတွက် ကျွန်မတို့ရဲ့ မိန်းစပွန်ဆာဖြစ်တဲ့ MAI မြန်မာလေကြောင်းလိုင်းမှ စင်ကာပူ-ရန်ကုန်-စင်္ကာပူ-လက်မှတ် (၃) စောင်၊ စင်္ကာပူ-ဘန်ကောက်-စင်္ကာပူ-လက်မှတ် (၅)စောင်ကို ပွဲနေ့မှာ ကံစမ်းမဲဖေါက်ပေးမယ့်အပြင် ဇန်န၀ါရီလ(၂၁)ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်အထိ (တရုတ်နှစ်ကူးပိတ်ရက် ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ မပါ) အတွက် လက်မှတ် တစ်စောင်ကို ၅ကီလို အပိုဆောင်းပေးမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။


 

Monday, October 1, 2012

ရုပ်သေးပွဲ သွားကြရအောင်


ကျွန်မငယ်ငယ်က ရုပ်သေးပွဲတွေ ကြည့်ခဲ့ဖူးပါတယ်။ ကလေးပီပီ လှတဲ့အရုပ်တွေကို ပိုကြိုက်ခဲ့တာပေါ့။ မင်းသား မင်းသမီးရုပ် ဇော်ဂျီ ရှင်ဘုရင် အပျိုတော် သူငယ်တော်ရုပ် အဲသလိုအရုပ်တွေကို သဘောတကျ အားပေးခဲ့တာ။ သူတို့က ဖြူဖြူဖွေးဖွေး လှလှပပလေးတွေကိုး။  ဟိုးအရင်က များသောအားဖြင့်တော့ ဘုရားပွဲတွေမှာ ရုပ်သေးပွဲထည့်တတ်တယ်။ ခုတော့ ဇာတ်ပွဲတွေတောင် တော်တော်လေး ကျဲပါးလာခဲ့ပြီ။ ရုပ်သေးဆိုတာ ဘာမှန်းမသိတဲ့ ကလေးတွေ အများကြီး ရှိခဲ့ပြီ။ ထိုင်းရုပ်သေးလို တုတ်ထိုးအရုပ်တွေကို နောက်ခံပိတ်ကားပေါ် မီးထိုးပြီး ပြတဲ့ ရုပ်သေးလောက် သိကြတော့တာ။ ကျွန်မ ကိုယ်တိုင်လည်း အရင်က ကြည့်ခဲ့ဖူးတဲ့ ရုပ်သေးကို ပြန်မြင်ယောင်ကြည့်တဲ့အခါ ခပ်ရေးရေးလောက် မှတ်မိနိုင်တော့တယ်။

တော်တော်လေးကြာခဲ့ပါပြီ။ CNA မှာ မန္တလေးက ရုပ်သေးပညာရှင် ဒေါ်မမနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း ကြည့်လိုက်ရသေးတယ်။ အဲဒီတုန်းက အိမ်ကလူ မန္တလေးသားကြီး လက်ခမောင်းထခတ်သံတောင် ကြားလိုက်ရသေး။ သူက ရုပ်သေးအတွက်ရော ဒေါ်မမနိုင်အတွက်ရော မန္တလေးအတွက်ရော ပျော်နေခဲ့တာလေ။ ကျွန်မလည်း ကျွန်မတို့ မြန်မာ့ရုပ်သေးအတွက် ဂုဏ်ယူမိပါတယ်။ ဒီထက်မကလည်း တိုးတက်လာစေချင်ပါတယ်။

ရုပ်သေးပညာက တကယ်ကို နက်နဲလွန်းတာ။ မြန်မာ့ရုပ်သေး အရုပ်ပေါင်း ၂၈ရုပ်မှာ မင်းသမီးရုပ်ကို ယမနေသား၊ မင်းသားရုပ် ဘုရင်ရုပ်တွေကို ဧကရာဇ်သားနဲ့ ပြုလုပ်ရတယ်၊ ကျန်တဲ့အရုပ်တွေကိုလည်း သက်ဆိုင်ရာ သတ်မှတ်ထားတဲ့အသားတွေနဲ့ ထုလုပ်ရသတဲ့။ အရုပ်တွေရဲ့ အရွယ်က ၁၃လက်မကနေ လက်မ ၂၀အထိဖြစ်ပြီး အရုပ်တိုင်းကို ကိုယ်အင်္ဂါစုံလင်အောင် ထုလုပ်ကြရပါတယ်။ အရုပ်တစ်ရုပ်ဖြစ်ဖို့ အနည်းဆုံး ရက်နှစ်ဆယ်ကနေ တစ်လအထိ အချိန်ယူထုလုပ်ကြရပါသတဲ့။ အရုပ်တွေကို အသားထုထားတာရဲ့အပေါ်မှာ ကိုယ်လုံးနဲ့ မျက်နှာအလှအပအတွက် ဆေးခြယ်၊ ရွှေချည်ငွေချည် စီးကွင့်တွေထိုးထားတဲ့ အ၀တ်အစားတွေကို သက်ဆိုင်ရာဇာတ်ရုပ်အလိုက် ဆင်မြန်းပေးပြီးချိန်မှာတော့ သိတ်ကို လှပ၀င့်ကြွားတဲ့ ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ အရုပ်လှလှတွေ ရပြီပေါ့ရှင်။

မင်းသားရုပ်အတွက် ကြိုး ၉ကြိုးဆွဲရပြီး အဲဒါတွေက ဦးခေါင်းမှာ နှစ်ကြိုး၊ ပခုံးမှာ နှစ်ကြိုး၊ ခါးမှာ တစ်ကြိုး၊ လက်မောင်းမှာ နှစ်ကြိုးနဲ့ လက်ဖျားမှာ နှစ်ကြိုး ပေါင်း ၉ကြိုးဆွဲရပါတယ်။ အပျိုတော်အရုပ်ဆိုရင် ကြိုးပေါင်း ၆၀ထိတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြိုးဆွဲသိတ်ကောင်းတဲ့ ပညာရှင်တွေဆွဲတဲ့အခါ အရုပ်ဟာ ခေါင်းကလေးတဆတ်ဆတ်၊ လက်ဖျားကလေး တခါခါ၊ ခြေကလေး တခတ်ခတ်နဲ့ အသက်ဝင်နေသလို အင်မတန် ကြည့်ကောင်းပါတယ်။ ရုပ်သေးမှာ ကြိုးဆွဲတာအပြင် မင်းသားမင်းသမီးအသံနောက်ခံအဆိုနဲ့ ဆိုင်းတို့ကလည်း အဓိကနေရာက ပါဝင်နေပြန်ပါတယ်။ ဒါတွေအားလုံး ပြီးစီးပြည့်စုံတဲ့အခါမှာတော့ ကျွန်မတို့တတွေ သိတ်ကြိုက်တဲ့ ရုပ်သေးပွဲတစ်ပွဲဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီ ဆိုရတော့မှာပါ။

ဒါတောင် ရုပ်သေးစင် ထိုးတာက အစ၊ ဘယ်အရုပ်ကဖြင့် စင်ရဲ့ ဘယ်ဘက်၊ ဘယ်အရုပ်ကဖြင့် စင်ရဲ့ ညာဘက်က ထွက်ရမယ် အဲသလို အရုပ်ထွက်ဖို့တောင် စည်းကမ်းတွေ ရှိပါသေးသတဲ့။ အင်မတန် စည်းကမ်းကလနားကြီးတဲ့ မြန်မာ့ရုပ်သေးပါပဲ။

အခု ကျွန်မတို့ စင်္ကာပူမှာ အဲသလို ရုပ်သေးပွဲမျိုးကြည့်ကြရဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။ Artsolute asia က စီစဉ်တဲ့ Singapore ASEAN Puppet Festival 2012 မှာ တစ်ခြားသော အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ မြန်မာပြည်က ထွေးဦးမြန်မာ ရုပ်သေး အဖွဲ့ ပါဝင်ကပြခွင့် ရခဲ့တာမို့ပါ။ ၂၀၁၂ အာဆီယံ ရုပ်သေးပြပွဲကို စန်တိုစာမှာ နိုဝင်ဘာ ၂ရက်နေ့ကနေ ၁၀ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ ပါဝင်မဲ့ နိုင်ငံတွေက ထိုင်း၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဗေ္ဗာဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နာမ် နဲ့ အိမ်ရှင် စင်္ကာပူနိုင်ငံတို့ပါပဲ။ (ပြောရင်း ပြောရင်းနဲ့ သတင်းကြေငြာသူလိုလို အသံကြီး ဖြစ်သွားတယ်၊ ပြန်လျှော့ဦးမှး)

ဒီလိုရှင်၊ ခက်နေတာက organizeလုပ်တဲ့ အဖွဲ့က ရုပ်သေးပွဲမှာ ပါဝင်မဲ့ နိုင်ငံတွေကို ဖိတ်ခေါ်စီစဉ်ခဲ့တာဖြစ်ပေမဲ့ သူတို့က နေစားရိတ်၊ စားစရိတ်ပဲ တာဝန်ယူမှာ ဖြစ်ပြီး ခရီးစရိတ်နဲ့ အသေးသုံးဗာယီရတွေကို ကိုယ့်စားရိတ်နဲ့ ကိုယ်ဆိုပြီး ခေါ်ခဲ့တာပါ။ အဲဒီမှာ တစ်ခြားနိုင်ငံတွေအတွက်တော့ မပြောတတ်ပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံက အဖွဲ့အတွက်တော့ အတော်လေး စဉ်းစားစရာ ဖြစ်သွားခဲ့ပါတယ်။

ရုပ်သေးပွဲတစ်ပွဲမှာ ပါဝင်တင်ဆက်မဲ့ လူအင်အားက အကျဉ်းချုံးရင် ၃-၄ ယောက်နဲ့ ပြီးကောင်း ပြီးနိုင်ပေမဲ့ ကျကျနနတင်ဆက်ချင်လို့ မြန်မာ့ဆိုင်းဝိုင်းနဲ့ဘာနဲ့ စီစဉ်ချင်တဲ့ အခါဆို ၈ယောက် ၉ယောက် ဖြစ်သွားနိုင်တယ် မဟုတ်လားရှင်။ ပြီးတော့ ကျွန်မတို့ မြန်မာပြည်က ရုပ်သေးပညာရှင်တွေရဲ့ ငွေကြေးအခက်အခဲ အခြေအနေ။ ဒါကိုလည်း ထည့်တွက်ကြရမှာ။ ကျွန်မသိရသလောက်တော့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့က ဦးထွေးရဲ့ အဆိုအရ MAIကိုရော စင်္ကာပူလေကြောင်း ကိုရော လေယာဉ်လက်မှတ် စပွန်ဆာတောင်းခံထားတယ်လို့ သိရတယ်။ ခုထိတော့ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။

ဒီပွဲကို ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့နဲ့အတူ မြန်မာ့ဆိုင်းပညာရှင် ရွာစားကျော် စိန်မွတ္တားတို့အဖွဲ့ပါ အားဖြည့်တက်ရောက်ကြမှာပါ။ ဆိုင်းပညာရှင်၊ အဆိုတော်၊ ကြိုးတော်ဆွဲ စုစုပေါင်း ၁၅ယောက်တက်ရောက်ကြမယ်လို့ သိရပါတယ်။ ရုပ်သေးပညာရှင်တွေရော၊ ဆိုင်းပညာရှင်တွေကပါ အိတ်စိုက်လုပ်ကြမယ်ကွာလို့ ဆိုပြီး လာရမဲ့ ပွဲဖြစ်တဲ့အတွက် ပညာရှင်တွေရဲ့ စိတ်ထားတွေကို လေးစားမိပါတယ်။

အဲဒီလို လေးစားမိတာနဲ့အတူ စင်္ကာပူမှာရှိနေတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေကရော ဘယ်လို ပါဝင်ပံ့ပိုးပေးနိုင် မလဲလို့ တွေးမိတဲ့အတွက် ကျွန်မ ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ ဖြစ်ချင်တော့ နိုဝင်ဘာမှာ တစ်ခြားပွဲတွေ ရှိနေ၊ စီစဉ်ပြီးသား ဖြစ်နေတဲ့အတွက် ပွဲစီစဉ်သူတွေက နောက်တစ်ပွဲ ထပ်စီစဉ်ဖို့ လက်တွန့်စဉ်းစားနေကြတာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ တစ်ယောက်ချင်းစီ မကူနိုင်ရင်တောင် ကျွန်မတို့ အများအားနဲ့ စုပေါင်း ကူညီကြမယ်ဆိုရင် အတန်အသင့် ရွေ့လျားစေတဲ့ အင်အားလေးတစ်ရပ်တော့ ဖြစ်လာနိုင်မှာပါ။ အဲဒီအင်အားလေးနဲ့ ပညာရှင်တွေကို ကျွန်မတို့ တတ်နိုင်သလောက် ကူကြရအောင်ပါ။ ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်လို့ ဆိုတယ် မဟုတ်လားရှင်။

ကျွန်မဆီမှာတော့ စင်္ကာပူက ထည့်ဝင်လိုတဲ့ စေတနာရှင်တွေဆီကပဲ ကောက်ခံပါမယ်။ ကျွန်မ အကောင့်နံပါတ်က 029-8-030146 DBS Saving Plus ပါ။ ခုလောလောဆယ်တော့ ကျွန်မက စင်္ကာပူဒေါ်လာ ၁၀၀နဲ့ ကိုဘိုဘိုဝင်း (ရနံ့သစ် စားသောက်ဆိုင်)က ၁၀၀၊ စုစုပေါင်း ၂၀၀ ရထားပါပြီ။ တစ်ခြားနိုင်ငံက ပါဝင်ကူညီချင်တယ်ဆိုရင်တော့ ကျွန်မ တတ်နိုင်သလောက် ဦးထွေးဦးတို့အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပေးပါမယ်။

မြန်မာအဖွဲ့ရဲ့ အစီအစဉ်က 

နိုဝင်ဘာ ၈ရက်နေ့ (ကြာသပတေးနေ့)
ည ၈နာရီ - ၉နာရီ
နေရာ- Papermoon@Malay Heritage Centre

နိုဝင်ဘာ ၁၀ရက်နေ့ (စနေနေ့)
နေ့လည် ၂နာရီ - ၄နာရီ
နေရာ- Open House, Exhibition

**အဲဒီရက်တွေကို ကလန်ဒါမှာ အသေအချာလေး ရေးမှတ်ထားပြီး သွားရောက်အားပေးကြစေချင်ပါတယ်။

ကောက်ခံရရှိငွေတွေကို ကျွန်မ စာရင်းအတိအကျ အသေအချာ update လုပ်ပေးသွားပါမယ်။ ငွေလွှဲပြီးတဲ့အခါ ကျွန်မကို (၉၀၀၃၃၈၀၄) မက်ဆေ့ခ်ျလေး ပို့ပေးကြစေချင်ပါတယ်။ စာရင်းကို ကျွန်မဘလော့ဂ်ဆိုက်ဘားမှာ တင်ပေးသွားပါမယ်။ စေတနာရှင်များ နည်းများမဆို ၀ိုင်းဝန်းလိုက်ကြပါဦးစို့လားရှင်။





ဓါတ်ပုံကို ဦးထွေးဦးဆီက ယူပါတယ်ရှင်...

Monday, August 6, 2012

Natas Travel Fair Aug-2012

"Natas Travel Fair လုပ်ရင် ပြောပါဦးနော် အစ်မ" လို့ မှာထားတဲ့ ညီမလေးတွေအတွက် ဒီပိုစ့်ကိုရေးပါတယ်။ မမှာထားတဲ့သူတွေလည်း လမ်းကြုံရင် ဖတ်သွားပါ။   ခရီးသွားရတာကို နှစ်သက်တဲ့သူတွေလည်း ဖတ်သွားပါ။ ကျွန်မကိုယ်တိုင် အတွက်လည်း ပိုစ့်တစ်ပုဒ်ရတာမို့ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်း)

 
Natas ခရီးသွား ဈေးရောင်းပွဲက တစ်နှစ်မှာ ဖေဖော်ဝါရီနဲ့ သြဂတ်စ် နှစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်။ Natas ဆိုတာက National Association of Travel Agents Singapore ရဲ့ အတိုကောက်ပါ။ ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်တဲ့ ဇွန်လနဲ့ ဒီဇင်ဘာလတွေမှာ မိသားစုအပန်းဖြေခရီး ထွက်လိုသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ခရီးတစ်ခုသွားဖို့က အနည်းဆုံး ၃-၄လလောက် (မိသားစုနဲ့ဆိုရင်) ကြိုတင်ပြင်ဆင်ရတာမို့ စီစဉ်ချိန်က ကွက်တိလောက်ပါပဲ။ ကျွန်မတို့လို မိသားစုမဟုတ်တဲ့ ဇနီးမောင်နှံတောင်မှ ခွင့်ရက်ညှိရခက်တာမို့ ကလေးတွေ ကျောင်းပိတ်ရက်နဲ့ မိဘတွေအလုပ်ခွင့်ရက်ပါ ညှိရမယ်ဆိုတော့ အတော်လေးကြိုတင်စီစဉ်မှ ဖြစ်မှာပါ။

နေရာကတော့ နှစ်စဉ်လုပ်နေကျ Expo Hall မှာပါပဲ။ နေ့ရက်နဲ့ အချိန်တွေလည်း သေချာမှတ်ပါ။

Natas Travel Fair 2012
24-26 August
Singapore Expo, Hall 3B, Hall 4 and Hall 5
10am – 9.30pm
ဝင်ခက ၄ဒေါ်လာပေးရမယ်၊ ၁၂နှစ်အောက်အတွက်တော့ ၀င်ကြေးပေးစရာမလိုပါဘူး။ (ကိုယ့်ကိုယ်ကို ၁၂နှစ်အောက်လို့ သက်သေပြနိုင်ရင်တော့ ဖရီးပေါ့လေ)

ပြီးခဲ့တဲ့ ၂လပိုင်းတုန်းက ရေးခဲ့တဲ့ Natas Travel Fair မှာ မသွားခင် ကြိုတင်ပြင်ဆင်စရာလေးတွေ ရေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

 http://www.goingplaces.sg/natas-fair/
 http://www.natastravelfair.travel/front.php

စာကြွင်း-စာမရေးဖြစ်တဲ့ အကြောင်းရင်းး)

ပြောရရင် ခုတစ်လော အာရုံကျနေတာက ဓါတ်ပုံရိုက်ဖို့ပဲ ဖြစ်နေတယ်။ ဘာတွေ့တွေ့ ရိုက်မယ်ဆိုတာကြီးပဲ။ ပြီးရင် အိမ်ရောက်တာနဲ့ ဘယ်နေရာက ဘယ်လိုဖြတ်လိုက်ရင် ပိုလှလာမလဲ၊ ဘာရောင်လေး ပြောင်းလိုက်ရင် ပိုကြွသွားမလဲ၊ ဘယ်နေရာလေး ဖျောက်ထားရင် ကောင်းမလဲ... ဒါပဲ ခေါင်းထဲရှိနေတယ်။ အရင်က ပုံတွေရိုက်ပြီးရင် ပြင်တာကို သိတ်သဘောမကျလှပေမဲ့ ခုတော့ ပြင်ထားတာလေးတွေ ကြိုက်နေမိပြန်တယ်။ တခါတလေ သဘာဝမကျတဲ့ အရောင်ခပ်ဆန်းဆန်းတွေတောင် ပိုလှတယ် ထင်နေမိသေးတာ။ လူ့စိတ်များ ပြောပါတယ်...၊ ပြောင်းလဲတတ်ပုံများနော်....။

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး ကျန်းမာရေး ကောင်းပါစေ....



Sunday, June 17, 2012

ဗြဟ္မစိုရ်ခြေလှမ်း လှမ်းကြသူများ



ကျွန်မတို့အားလုံး ဟိုးငယ်စဉ်ကလေးဘ၀ လမ်းလျှောက်တတ်စကတည်းက ခုချိန်ထိ ခြေလှမ်းတွေ အများကြီး လျှောက်လှမ်းခဲ့ကြဖူးပါတယ်။ ဘ၀မှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ယုံကြည်ချက်တွေ ကွဲပြား၊ ရပ်တည်ချက်တွေ မတူကြတဲ့အခါ လျှောက်ဖြစ်ကြတဲ့ ခြေလှမ်းတွေ အသီးသီးဟာလည်း တူကြမယ် မဟုတ်ပေဘူးပေါ့။ အဲဒီလို ခြေလှမ်းတွေရဲ့ လားရာမတူတာနဲ့အမျှ ပန်းတိုင်တွေ ကွဲပြားသွားကြတာ အံ့သြစရာမဟုတ်ဘူးလို့ သဘာဝကျကျ လက်ခံထားမိပြန် ပါတယ်။

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးကို ကျွန်မတို့အားလုံး သိထားကြပါတယ်။ သိပေမဲ့လည်း လက်ကိုင်ကျင့်သုံးဖို့တော့ ခက်ကောင်းခက်နေပါလိမ့်ဦးမယ်။

ဒီလို ခက်ခဲတဲ့လမ်းကိုမှ ရွေးချယ် လျှောက်လှမ်းနိုင်စွမ်းသူတွေကိုတော့ဖြင့် လေးစားအားကျလို့ မဆုံးတော့ ပါဘူး။ 

ကျွန်မတို့ ချစ်ခင်ခဲ့ရဖူးတဲ့ မင်းသား(ဦး)ကျော်သူ၊ သူ့ဇနီး(ဒေါ်)မြင့်မြင့်ခင်ဖေ ခေါ် ရွှေဇီးကွက်နဲ့ အဆိုတော် သီချင်းရေးသူ ဆရာဝန် (ကို)ဆောင်းဦးလှိုင်တို့ရဲ့ လူမှုရေးစွမ်းဆောင်မှုတွေကို ကြားသိပြီး ဖြစ်ကြမှာပါ။ သူတို့တွေရဲ့ ယုံကြည်ချက်ပေါ်မှာ စွဲစွဲမြဲမြဲလျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေအကြောင်းကို ကျွန်မတို့နဲ့အတူ မျှဝေခံစားဖို့ သူတို့ သုံးယောက် စင်္ကာပူကို လာရောက်ကြပါတော့မယ်။

အစီအစဉ်က….

ဇူလိုင်လ ၁၅ ရက်
ညနေ ၃နာရီမှ ၈နာရီ
Jurong East Sports & Cultural Centre

လက်မှတ်တွေကို ရနံ့သစ် B1-07 ၊ သပြေနု 02-55 - ပန်နီစူလာ ပလာဇာမှာ ၀ယ်ယူအားပေး နိုင်ကြပြီး လက်မှတ်ဈေးနှုန်းတွေက ၂၀ နဲ့ ၂၅ ဒေါ်လာပါ။ 

ပွဲအကြောင်းအသေးစိတ် ဆက်သွယ် မေးမြန်းချင်တယ်ဆိုရင်တော့ ၈၁၆၁ ၂၂၄၄၊ ၉၈၀၀ ၄၁၁၈၊ ၉၁၈၆ ၉၁၄၀၊ ၉၁၀၁ ၆၄၆၄ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒီအစီအစဉ်မှာ သူတို့ သုံးယောက်နဲ့အတူ ဥက္ကာဦးသာရဲ့ သံစဉ်တေးသွားတွေကိုလည်း နားဆင် ကြရဦးမှာပါ။

ဒီပွဲမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဦးကျော်သူရဲ့….

-အနုပညာရှင်ဘ၀မှသည် နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌဘ၀ ဖြတ်သန်းမှုပုံရိပ်များ (အမေး အဖြေ)

ဒေါ်မြင့်မြင့်ခင်ဖေ ခေါ် ရွှေဇီးကွက်ရဲ့….

-လူသားအကျိုး၊ လူသားဝါဒ၊ အရပ်သားလူ့အဖွဲ့အစည်း
-နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အနာဂတ်

(ကို)ဆောင်းဦးလှိုင်ရဲ့….

-၈၈နောက်ပိုင်း ဂီတသမားတစ်ယောက်၏ ဂီတ၊ လူမှုကွန်ယက်၊ နိုင်ငံ့အရေး

ပြီးတော့ နာရေးကူညီမှုအသင်းရဲ့ Group Song ဖြစ်တဲ့ "ခွဲမရတဲ့ တွဲလက်များ"ဆိုတဲ့ သီချင်းကို သံပြိုင် သီဆိုကြပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြမှာ ဖြစ်ပါတယ်။

မိတ်ဆွေအားလုံးကို ဒီပွဲလေးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပူးပေါင်း ပါဝင်ရင်း ဗြဟ္မစိုရ်ခြေလှမ်းတွေ အတူလှမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်…။ 

"Be part of us"


Wednesday, February 15, 2012

Natas Travel Fair 2012

မပြောမရှိကြပါနဲ့ရှင်...
ခရီးသွားရတာကို နှစ်သက်တဲ့ ကျွန်မတို့လို လူတွေ တစ်နှစ် တစ်နှစ်စောင့်ကြရတဲ့ Natas Travel Fair 2012 အချိန်ရောက်လာပြန်ပါပြီ။ ၀င်ကြေးက (၁၂နှစ်နဲ့ အထက်) တစ်ယောက် S$4.00 ပါတဲ့။


What: One of the most sought after travel fairs in Singapore
When: 24 to 26 February 2012 (Friday – Sunday)
Where: Halls 4 and 5, Singapore Expo

လင့်ခ်ကတော့ ဒီမှာပါ။

Tipsလေးတွေ ပေးပါရစေ။

၁) ဘယ်နိုင်ငံကို သွားချင်တယ်ဆိုတာ ကြိုတင် စဉ်းစားသွားပါ။ 

ဟိုသွားရကောင်းနိုး၊ ဒီသွားရကောင်းနိုး ရွေးချိန် မရှိပါ၊ အထဲရောက်မှ ဈေးသက်သာတဲ့ နေရာတိုင်း သွားချင်တဲ့ရောဂါ  ကောက်ကာငင်ကာ ရတတ်ပါတယ်။

၂) တတ်နိုင်သမျှ စောရောက်အောင်သွားပါ။ 

တန်းကြီးက အရှည်ကြီး၊ စိတ်ရှည်ရှည်ထားပါ။

၃) တစ်ယောက် ၄ကျပ်မို့ ပြန်အမ်းစရာမလိုအောင် တစ်ယောက်ကို ၂ကျပ်တန် ၂ရွက်စီ အတိအကျ ဆောင်သွားပါ။ 

စုဘူးဖောက်သွားသူများ ကျပ်စေ့ ၄စေ့လည်း ရပါတယ်တဲ့...

၎) ပေးသမျှယူပါ။ 

အ၀မှာ အိတ်ကြီးတစ်လုံးကောက်လွယ်ပြီး အလကားဝေပေးတဲ့ ဘောလ်ပန်၊ မှတ်စုပက်ဒ်၊ သကြားလုံး ပေးသမျှ အိတ်ထဲသာ ကောက်ထည့်ခဲ့ပါ၊ အရင်းကြေတာပေါ့။

၅) ခြေတိုအောင် လျှောက်ပါ။ 

ဧဂျင့်တစ်ခုနဲ့ တစ်ခု ရွေးချယ်နှိုင်းယှဉ်ပါ။ ဈေးပြိုင်တွေများတာမို့  အသေအချာ စဉ်းစားရွေးချယ်ပါ။
တစ်ခု သတိပြုရမှာက ဈေးပေါတိုင်းလည်း မကောင်းဘူး ဆိုတာပါ၊ နေရမဲ့ ဟိုတယ်ရဲ့ စတားအရေအတွက်၊ စီးရမဲ့ လေကြောင်းလိုင်း၊ Package tourနဲ့ ဂရု(ပ်)နဲ့ သွားမယ်ဆို itinerary ကို သေချာဖတ်ပါ။ နာမည်ကြီး ဧဂျင့်တွေက ဈေးနည်းနည်း ပိုပေးရတတ်ပေမဲ့ ပို စိတ်ချရပါတယ်။ ၀န်ဆောင်မှု ပိုကောင်းပါတယ်။

ကိုင်း ဒီလောက်ပြင်ဆင်သွားရင် မဆိုးပါဘူး။ အဆင်ပြေကြပါစေ...


Friday, January 6, 2012

ရုန်းကန်ရှင်သန်နေသော အလှတရားတစ်ခု ဖူးပွင့်လာခြင်း



ကျွန်မတို့ ရသအလင်းက ဦးစီးကျင်းပမဲ့ "Surviving Beauty - ရုန်းကန်ရှင်သန်နေသော အလှတရား" ဆိုတဲ့ ရုပ်ရှင်နှင့် အနုပညာပြပွဲလေးတစ်ပွဲ ဒီလ-၂၁ရက်နေ့ (စနေနေ့)မှာ ရှိပါတယ်။

ပါဝင်ကြမဲ့သူတွေက လူရွှင်တော်/ ဒါရိုက်တာ (ကို) ဇာဂနာနဲ့ ဒါရိုက်တာ(ကို)မင်းထင်ကိုကိုကြီးတို့ပါပဲ။
ဆရာတွေပေးနိုင်မဲ့ အချိန်တွေမှာ တက်သုတ်ရိုက် စီစဉ်ရတာမို့ အနီးကပ်မှပဲ ပွဲအတွက် သေချာမှူတွေနဲ့ ခုလို အသိပေးနိုင်ရပါတယ်။

ဇာဂနာက လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်ပြသသွားတဲ့ ကားတစ်ချို့ရယ်၊ ဘာဘာညာညာ ဇာဂနာဆိုတဲ့ ဇာဂနာ ပြောသမျှ အစီအစဉ်ရယ်ကို တင်ဆက်မှာ ဖြစ်ပြီး၊ မင်းထင်ကိုကိုကြီးကတော့ သူ့ရဲ့ ဟစ်ကားတစ်ကားဖြစ်တဲ့ အင်းသီးရယ်၊ သူ့ရဲ့ ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ကို ပြောကြားမှာ ဖြစ်ပါတယ်။

အချိန်ကတော့ နေ့လည် ၂နာရီက ၆နာရီပါ။ ပွဲကျင်းပပြုလုပ်မဲ့ နေရာက...
30-A Kreta Ayer Road
Kreta Ayer People's Theatre မှာပါ။

လက်မှတ်တွေကို S$15, S$20 နဲ့ S$25 လို့ ဈေးနှူန်းသတ်မှတ်ထားပါတယ်။ လက်မှတ်ရောင်းဌာနတွေက ရနံ့သစ်B1-087နဲ့ မြနန်းနွယ်02-41 (ပန်နီဆူလာ ပလာဇာ) တွေမှာပါ။ စနေ-တနင်္ဂနွေ ၁၂-၈နာရီထိ ရောင်းချပေးမှာဖြစ်ပြီး တနင်္လာ-သောကြာ ကိုတော့ ညနေ ၇နာရီကနေ ၉နာရီထိ ရောင်းချပေးသွားပါမယ်။ ၇ရက်နေ့ စနေနေ့က စတင်ပြီး ၀ယ်ယူ အားပေးနိုင်ကြပါပြီ။

ပွဲက ရရှိလာမဲ့ အကျိုးအမြတ်ပေါ်မူတည်ပြီး ရသအလင်းဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေအပြင် မြန်မာပြည်တွင်းမှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို လက်ထိလက်ရောက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ နောက်ဆက် တွဲ အလှူသတင်းတွေကိုတော့ မီဒီယာတွေကတစ်ဆင့် အလှူရှင်တွေ သာဓုအနုမောဒနာခေါ်ဆိုနိုင်ဖို့ ရှင်းရှင်း လင်းလင်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

***လက်မှတ်အရောင်းအတွက် ကူညီ ရောင်းချပေးလိုသူ လုပ်အားအလှူရှင် မောင်နှမများ ချစ်ကြည်အေး-၉၀၀၃၃ ၈၀၄ ကို ဆက်သွယ် စာရင်းပေးနိုင်ကြပါတယ်။

မိတ်ဆွေများ အားလုံးပဲ အဲဒီနေ့မှာ တွေ့ကြဖို့ မျှော်လင့်ပါတယ်ရှင်း)


Monday, October 10, 2011

မိခင်ဧရာဝတီအတွက် စာပေဟောပြောပွဲ

ကျွန်မတို့ အားလုံး မြတ်နိုးကြတဲ့ "ဧရာဝတီ"၊ ဘိုးဘွားပိုင်စစ်စစ် မြစ်တစ်စင်း၊ သမိုင်းအဆက်ဆက် လူသားတွေရဲ့အကျိုး သယ်ပိုးခဲ့တဲ့ "ဧရာဝတီ"၊ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၈မိုင်အကွာ မေခ (အင်မိုင်ခ)နဲ့ မလိခတို့ ပေါင်းဆုံရာ မြစ်ဆုံအလှ၊ အဲဒီအလှ တစ်ခုတည်းနဲ့တင် နိုင်ငံကျက်သရေ တစ်ပါးဖြစ် တဲ့ "ဧရာဝတီ"၊ ကီလိုမီတာ ၁၅၅၀ အလျားရှည်တဲ့ မြန်မာ တစ်မျိုးသားလုံးပိုင် "ဧရာဝတီ"၊ အခမ်းနား ဆုံးသော သက်ရှိသမိုင်းတစ်စောင် မိခင် "ဧရာဝတီ"...

အားလုံး သိပြီးကြတဲ့အတိုင်း ဧရာဝတီမြစ်ကြီးရဲ့ မွေးဖွားရာအစဖြစ်တဲ့ မြစ်ဆုံမှာ ဆောက်လုပ်မဲ့ ရေကာတာ တည်ဆောက်မှု စီမံကိန်းကြီးဟာ ကျွန်မတို့ နိုင်ငံသားအားလုံးအတွက် သွေးပျက်စရာ အိပ်မက်ဆိုးကြီးတစ်ခုပဲ မဟုတ်ပါလားရှင်။ ဘယ်လိုကြောင့်ပဲဖြစ်စေ ဧရာဝတီကို လုံးဝ အဆုံးအရှုံး မခံနိုင်တာဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ဆန္ဒပါ။ ပြီးတော့ ဆရာသစ္စာနီ ပြောခဲ့သလို ခုချိန်မှာ "ဧရာဝတီအရေးဟာ အားလုံးရဲ့အရေး" ပါပဲ။

အဲသလို အားလုံးရဲ့အရေး ဖြစ်တာနဲ့အညီ ပြည်တွင်းပြည်ပက ဧရာဝတီကို ချစ်မက်မြတ်နိုးသူ နိုင်ငံသားတိုင်း ရဲ့ နှလုံးသားထဲက အသံတွေဟာ ချင်းချင်းနီလို့၊ အယူအဆ အတွေးအခေါ်တွေ မတူကွဲပြားကြလို့ တစ်လမ်း စီလျှောက်နေကြ သူတွေတောင် ပြန်လည် လက်ချင်းတွဲ မြဲကြလို့...။ အမိဧရာဝတီဟာ "ငြိမ်းချမ်းရေးရဲ့ တမန်တော်" ဖြစ်လို့သွားပြန်တယ်။ ကြည်နူးစရာ....။

အားလုံးရဲ့ ညီညွတ်မှုကြောင့် ရခဲ့တဲ့ ရလာဒ်တစ်ခုဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့
"မြစ်ဆုံရေကာတာစီမံကိန်း တည်ဆောက်မှုကို မိမိတို့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်" ဆိုတဲ့ သတင်း ထုတ်ပြန်မှု။ ဧရာဝတီချစ်သူအားလုံးရဲ့ မျက်နှာမှာ အပြုံးတွေ ဝေစည်စေခဲ့တဲ့ အဖြစ်ရယ်။ သမ္မတကြီးရဲ့ နှုတ်စကား ကတိကဝတ်ကို ကျွန်မတို့အားလုံး တန်ဘိုးထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လုံးဝ ရပ်ဆိုင်းသွားဖို့ မျှော်လင့်ရပါတယ်။ ဒီနေရာမှာ မျှော်လင့်နေရုံနဲ့ မပြီးသေးဘဲ လုပ်စရာရှိတာတွေ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။

ကျွန်မအပါအဝင် အများစုဟာ အရင်က ဧရာဝတီ သက်ဆိုးရှည်ရေး၊ ဧရာဝတီ ကျန်းမာသန်စွမ်းစေရေး အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူး။ လုပ်ရကောင်းမှန်းလည်း နားမလည်ခဲ့ကြဘူးလေ။ ခုချိန်မှာတော့ သိသင့်သလောက် သိခဲ့ကြရပြီ။ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နားလည်သူတွေ၊ ရေစီးရေလာကောင်းမွန်ဖို့ မြစ်ကြောင်း ထိန်းသိမ်းရေး တတ်သိ နားလည် သူတွေ၊ မြစ်ကြောင်းထဲမှာ ရှင်သန်ပေါက်ပွားနေတဲ့ ဇီဝမျိုးကွဲတွေ အကြောင်း နားလည်သူတွေ အို..... အများကြီး ပါပဲလေ။ မြစ်ကြီးတစ်စင်းဟာ လူသားတွေအပေါ်အကျိုးပြုသလို လူသားတွေဟာလည်း မြစ်ကြီး ရဲ့ ကျေးဇူးကို နားလည်ချစ်ခင်စွာ မြစ်ကို ပြန်လည်စောင့်ရှောက်ခြင်းဟာ မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား ရှင်။  ကျွန်မတို့မှာ ဧရာဝတီအတွက် ရှေ့ဆက်လုပ်ကြဖို့ လုပ်ငန်းစဉ်တွေ အများကြီး ရှိနေပါသေးတယ်။

ဆိုရရင် မြစ်ကို ချစ်မက်စွာ စောင့်ရှောက်လိုသူတိုင်းဟာ အဲဒီမြစ်ကြီးနဲ့ ပတ်သက်သမျှကိုတော့ သိထားသင့် တာပေါ့ရှင်။ အဲဒီကွက်လပ်ကလေးကို ဖြည့်စွမ်းဖို့၊ ဧရာဝတီချစ်သူအားလုံးကို မြစ်တွေနဲ့၊ ဧရာဝတီနဲ့ ပတ်သက်သမျှ သုတ ရသ အဖုံဖုံကို ပြောကြား ဟောပြောပေးဖို့ စာပေဟောပြောပွဲလေး တစ်ပွဲ မကြာခင် နားထောင်ကြရပါတော့မယ်။ စင်္ကာပူနိုင်ငံက ဧရာဝတီကို ချစ်မြတ်နိုးသူများ လက်ချင်းယှက်လို့ ဖွဲ့စည်းထားတဲ့ “ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (စင်္ကာပူ)”  အဖွဲ့ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ အကောင်အထည်ပေါ်လာတော့မဲ့ ပွဲလေးတစ်ပွဲပါ။



ဆရာအော်ပီကျယ်က “ကူ၍တွန်းပေးပါ”၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က “ကျွန်တော်နှင့် ကျွန်တော်၏ မြစ်”၊ ဆရာမြင့်မောင်ကျော်က “ဧရာဝတီရဲ့ ဝိညာဉ်” နဲ့ ဆရာဦးထွန်းလွင်က “အိမ်နီးချင်းမှ မြစ်ကောများ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောကြမှာဖြစ်ပါတယ်။

ဧရာဝတီအတွက် စာပေဟောပြောပွဲကျင်းပမဲ့ အသေးစိတ် အစီအစဉ်ကတော့....
နေ့ရက် : ၂၆-၁၀-၁၁ ဗုဒ္ဓဟူးနေ့ (ဒေပါဗါလီ ရုံးပိတ်ရက်)
အချိန်   : နေ့လည် ၂နာရီမှ ညနေ ၈နာရီခွဲ အထိ
နေရာ   : FooChow Building,  21 Tyrwhitt Road (Lavender MRT အနီး)
ညနေစာ : ဒန်ပေါက်ထမင်း

လက်မှတ်တွေကို S$၁၀၊ S$၁၅၊ S$၂၀ နှုန်းတွေနဲ့ ဝယ်ယူနိုင်ပြီး ရောင်းချပေးမဲ့ နေရာတွေက ပန်နီစူလာမှာ ရှိတဲ့....
ရနံ့သစ် မြန်မာစားသောက်ဆိုင်
LEO International  (#03-60) နဲ့
လမ်းပြကြယ် စာကြည့်တိုက် (#04-09) တို့ပါပဲ။
လက်မှတ်တွေကိုတော့ ၉ရက်နေ့ (တနင်္ဂနွေ)မှာ စတင်ရောင်းချမှာဖြစ်ပြီး၊ လက်မှတ်ရောင်းဌာနတွေမှာ လက်မှတ်ကူရောင်းပေးဖို့ အချိန်ရော လူပါ လုပ်အားပေးနိုင်မဲ့ လူငယ်တွေကိုလည်း ကြိုဆိုပါတယ်ရှင်။ 

အသေးစိတ်သိချင်ရင်တော့
မအိ-91682037
ကိုရဲမျိုး-93853167
ကိုအောင်ခိုင်ဇော်-85523466
ကိုကျော်ဇင်-90042156 တို့ဆီ ဆက်သွယ် မေးမြန်းနိုင်ကြပါတယ်။

ဒါ့အပြင် ပွဲကရတဲ့ငွေအားလုံးကိုလည်း “ဧရာဝတီမြစ်ကြောင်း ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကဏ္ဍများ”အတွက် လှူဦးမှာဆိုတော့ အင်မတန် ရည်ရွယ်ချက်ကောင်းတဲ့ ပွဲကလေး လည်း ဖြစ်သေးရဲ့။ ကျွန်မဖြင့် သွားကိုသွားရမဲ့ပွဲလို့ စိတ်ထဲ တေးထားမိပါတယ်။ မိတ်ဆွေများ အားလုံးလည်း ပြက္ခဒိန်မှာ မင်နီကလေးနဲ့ မမေ့မလျော့ ရေးခြစ်ထားလိုက် ကြပါဦးလေ။

အားလုံးချစ်တဲ့ ဧရာဝတီအတွက် နှလုံးသားချင်း ဝတ်မှုန်ကူးမဲ့ ပွဲ၊ ရင်ဘတ်တွေချင်း တံတား ထိုးချိတ်ဆက်မဲ့ ပွဲလေးတစ်ပွဲ ဖြစ်တာမို့ အဲဒီနေ့လေးမှာ မပျက်မကွက် ဆုံတွေ့ကြပါစို့လားရှင်....


Sunday, June 5, 2011

အငြိမ့်ပွဲ ကြော်ငြာ


အငြိမ့်ပွဲ ကြည့်ချင်သူများအတွက် အကယ်ဒမီများရှင် မေသန်းနုနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကပြမဲ့ "ပါရမီရှင်အငြိမ့်" ပရိတ်သတ်များရှေ့မှောက် အရောက်လာပါတော့မယ်။ စိတ်ဖိစီးမှုတွေနဲ့ တပြည်ခြားမှာ လုပ်ငန်းခွင် ဝင်နေကြရတဲ့ ရွှေမြန်မာများအတွက် ဘဝအမောတွေ ပြေလျော့စေမဲ့ ပွဲလေးတပွဲပေါ့ရှင်။ လက်မှတ်ဈေးတွေက S$၃၀၊ S$၄၀ နဲ့ S$၅၀ ဖြစ်ပြီး ပွဲချိန်က နေ့လည် ၁နာရီခွဲကနေ ည ၈နာရီခွဲ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင် ဝယ်တိုင်း ဝယ်တိုင်း "ရနံ့သစ် စားသောက်ဆိုင်"မှာ ထမင်းတနပ် "ကျသလောက်ရှင်း စံနစ်" နဲ့ ကျွေးမယ်လို့ ဆိုပါတယ်...အဟမ်းးး

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ရှင်းကျားပူက မဟုတ်ဘဲ တပြည်တရွာက လာရောက်ကြည့်ရှု အားပေးကြမဲ့သူများ အတွက် အသွားအပြန် အမ်အေအိုင်ကြီး စီးပြီး လာရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါသတဲ့။ လေယာဉ်ခ လုံးဝ ဖရီး ဖြစ်သလို ထိုင်ခုံကလည်း ဖရီး စိတင်းပါပဲ တဲ့။ "အင်ဂျင်ပေါ်ခွထိုင် ဦးရာလူစံနစ် " လို့ ဆိုပါတယ်...((ဟမ်))

ဟော...ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်။ အငြိမ့်ပွဲ ကျင်းပမဲ့နေရာ စင်္ကာပူပိုလီ-ဒိုဗာ ရထားဘူတာ (စင်္ကာပူမြို့အနောက်ဖက်)မှာ ဖြစ်တာမို့ ဟိုး အရှေ့ဖျားက လာကြည့်ကြမဲ့သူများအတွက် MRTကို "ကြိုက်ရာရထား တက်စီးစံနစ်"နဲ့ ၅မိနစ် တစီးကျ စီစဉ်ပေးထားတယ်လို့ ဆိုပြန်ပါတယ်...အဟမ်းးးအဟမ်းးး ဒီကြော်ငြာရေးရတာ အင်မတန် ချောင်းဆိုးတယ်...:)

လက်မှတ်တွေကို အမြန်ဝယ်ထားနိုင်မှ နေရာကောင်းရဖို့ စိတ်ချရပါမယ်။ ကံစမ်းမဲအစီအစဉ်လည်း ပါသေးတာမို့ လက်မှတ်တွေကို အသေအချာ သိမ်းထားကြရန် ဖြစ်ပါတယ်။ လက်မှတ်တွေကို ပန်နီဆူလာက ဒေဝီဦးနဲ့ သပြေနုမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဒေဝီဦး (Peninsula Plaza, #05-17)
သပြေနု (Peninsula Plaza, #02-55)

Day & Date : Sunday , 3rd of July 2011
Time :1:30pm-8:30pm
Location : Singapore Poly Convention Centre

အသေးစိတ် ဖုန်းဆက်မေးမြန်းချင်သူများအတွက်တော့ ဒေါ်သန်းသန်းနု (91052531), ကိုဘိုဘိုဝင်း (81612244), စန်းလင်းထွဋ် (98004118), Joseph (97701198), Jamiee (91080950), and Aaron (91869140) နံပါတ်တွေကို ဆက်သွယ်နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ရှင်.....

*MRT-Mass Rapid Transit (Myanmar Railways Transport မဟုတ်သည်ကို သတိချပ်ကြရန်)


Thursday, May 12, 2011

His.tori ရဲ့ မီနူးအသစ်

ပြီးခဲ့တဲ့ စနေညက ကင်မ်ချီထမင်းကြော် ချင်ခြင်းတပ်တာနဲ့ His.toriကို အိမ်ကလူကြီးနဲ့ ကျွန်မ၊ ကျွန်မနဲ့ အိမ်ကလူကြီး စုစုပေါင်း လူနှစ်ယောက်၊ ဗိုက်နှစ်လုံးနဲ့ ခြေလေးချောင်းတို့ အင်ပြည့်အားပြည့် ချီတက်သွား ခဲ့ကြတယ်။

ကံဆိုးစွာပဲ ဆိုင်ရောက်တော့ ကျွန်မစားချင်တဲ့ ကင်မ်ချီထမင်းကြော်က အာလာကတ်မီနူးမို့ အဲဒီနေ့က မှာစားလို့မရခဲ့ပါဘူး။ ဟော ကံကောင်းချင်တော့ မိနုအသစ်နဲ့ တွေ့ပါလေရော။ BBQ Buffet-ဘာဘီကျူး ဘူဖေးကို တယောက်မှ S$၂၀ထဲရယ်။ No Service charge-ဝန်ဆောင်ခ မလို၊ GST မလို၊ တခြား BBQ Buffetဆိုင်တွေလို အအေး ဝယ်သောက်စရာ မလို၊ Buffet Menu ထဲမှာ Coke နဲ့ Korea Rice Teaပါ ပါပြီးသားဆိုတော့ အင်မတန် စားပျော်တယ် ဆိုရမယ်။



ကြက်၊ ဝက်၊ အမဲ၊ ပုဇွန်၊ ဝက်သားပြား(Bacon)၊ ပြည်ကြီးငါး၊ တိုဖူး...ပြီးတော့ ခေါက်ဆွဲအေး၊ ထမင်းဖြူ၊ ကင်မ်ချီ၊ အသီးအရွက်တွေက ဆလတ်ရွက်၊ ခရမ်းသီး၊ မှို၊ မုန်လာဥနီ၊ ရွှေဖယုံသီး စုံလို့ရယ်....။

ကျွန်မတို့ နှစ်ယောက်က ဗိုက်ဟောင်းလောင်းနဲ့ သွားခဲ့တာမို့ ဆာဆာနဲ့ အပီဆွဲကြလေတာ...။ သူက "ဆိုဂျူး တပုလင်း သောက်မယ်ကွာ"တဲ့...အမယ် ကိုရီးယား မင်းသားကြီး ကျလို့...။ ကျွန်မလည်း ကိုရီးယား မင်းသမီးတွေ တစွတ်စွတ် သောက်နေတာ တွေ့ဖူးတာမို့ လျှာနဲ့ နဲနဲတို့ကြည့်သေးတာ...အမလေး ခါးလိုက်တာ။ နောက်ဆုံးတော့ ကိုရီးမယားချင်နေပါစေ ဆိုပြီး Rice Tea လေးပဲ သောက်ခဲ့တယ်။ အို ဒါကလည်း Korea Rice Tea ဆိုပဲ။ ဆန်လှော်နံ့ သင်းသင်းလေးနဲ့။





His.tori အတွက် ပထမတခေါက် ပိုစ့်တင်အပြီးမှာ တချို့တွေ ကျွန်မ ဘလော့ဂ်က တဆင့်တွေ့ပြီး လာစားကြသတဲ့။ အဲဒီအတွက် ဆိုင်ရဲ့ ရှယ်ယာဝင်တယောက်ဆီက ကျေးဇူးစကားကြားရတာမို့ ကျွန်မက ကြေနပ်ပီတိဖြစ်စွာ...။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးအရင်းဆိုင်မို့ စီးပွားဖြစ်စေချင်၊ တိုးတက်စေချင်တဲ့ ဆန္ဒလေးကြောင့်ရယ်ပါ။ ခုလို ဆိုင်မှာ စားသောက်သူတွေနဲ့ စည်စည်ကားကားဆိုတော့ ကျွန်မ ပျော်ပါတယ်။ ဒါကလည်း His.tori အဖွဲ့သားတွေရဲ့  ကြိုးပမ်းမှု၊ စားသုံးသူအပေါ် ထားတဲ့စေတနာနဲ့ ဝန်ဆောင်မှုကောင်းတာတွေကြောင့်ပါပဲ။

ဒီထက် ပိုပျော်ရတာက စားသောက်အပြီး ဆိုင်ရှင်ကို ပိုက်ဆံပေးတာ ဘယ်လိုမှ မယူဘဲ အလကား ကျွေးလိုက်လို့ပါပဲ...((ဟမ်)) ကတောက်...ဒါမှန်းသိ အိမ်က အမျိုးတွေ အကုန် မ သွားပါတယ် :P

စနေ၊ တနင်္ဂနွေနဲ့ PH (Public Holiday) တွေမှာ BBQ Buffet မီနူးကို ညနေ ၄နာရီခွဲ-၅နာရီလောက်က စတင်ရောင်းပေးပြီး နေ့လည်စာ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီနေ့တွေ ယောင်လို့များ နေ့လည်စာစားဖို့ မသွားလိုက်ကြပါနဲ့နော်။ ကျန်တဲ့ တနင်္လာက သောကြာမှာတော့ နေ့လည်စာရော ညစာပါ ရနိုင်ပါတယ်။ အာလာကတ်မီနူးရော ညဘက်ဆို BBQ Buffet မီနူးလည်း ရပါသတဲ့...ဘာပဲဖြစ်ဖြစ် His.toriမှာ သွားစားကြမယ်ဆို သိချင်တာတွေကို ဖုန်းလေး ကြိုတင်ဆက်ပြီး မေးမြန်းကြည့်လို့လည်း ရနိုင်ပါတယ်။ ဖုန်းနံပါတ် (65) 62246539 တဲ့...

His.tori ဆိုတဲ့ ဆိုင်လေးအကြောင်း ဒီမှာ ရေးဖူးပါတယ်....
ဖေ့စ်ဘုတ်မှာလည်း သူ့ဆိုင်ကလေးရဲ့ သတင်းတွေ တင်ထားပါတယ်...

Enjoy visiting His.tori Ya, CHEERS !!!!!




ပုံတွေက ဖုန်းနဲ့ပဲ ရိုက်လာရတာမို့ ကွာလတီ သိတ်မကောင်းပါ...

Monday, December 13, 2010

His.tori

စားသောက်ဆိုင်လေး တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ His.tori လို့ ခေါ်ပါတယ်။ သိကြတဲ့အတိုင်းပဲ အစားအသောက်ဆို လက်မနှေးတဲ့ ကျမက သူငယ်ချင်း ကိုစိုင်းရဲ့ စားသောက်ဆိုင်လေးဖွင့်ပြီဆိုတာ ကြားကတည်းက မြည်းစမ်းချင်နေမိသူပါ။ လာမြည်းစမ်းကြည့်ဖို့ ဖိတ်တာနဲ့ နှစ်ခါမပြောရဘူး လိပ်စာမေး၊ လာရမဲ့ အချိန်မေး ပြီးတာနဲ့ အဲဒီနေ့က ကြားရက်ဖြစ်တာမို့ ရုံးအသွား ကင်မရာကြီးပါ တခါတည်း လွယ်ပြီး သွားခဲ့တော့တာ။

His.tori ရဲ့ အစားအသောက် အရသာတွေက ဘယ်ဆိုင်နဲ့မှမတူ တမူထူးနေတယ်။ နိုင်ငံရပ်ခြားအစားအစာပေမဲ့ ကျမတို့ မြန်မာပါးစပ်နဲ့ အစပ်အဟပ် တည့်လွန်းလှတယ်။ ဂျပန်စာလိုလို ကိုရီးယားစာလိုလို၊ ဂျပန်အရက်ရသလို၊ ကိုရီးယား ဆိုဂျူးလည်းရတယ်။ ဒါတွေ မသောက်တတ်ဘူးဆိုလည်း ရေပဲ မှာသောက်ကြည့်ပါ။ တခါမှ မသောက်ဖူးတဲ့ မွှေးပျံ့တဲ့ ရနံ့ သင်းသင်းလေးနဲ့ ရေကို မြည်းစမ်းရပါလိမ့်မယ်။ ကျမတော့ အနံ့လေး မွှေးရင်း ရေချည်း နှစ်ခွက်သောက်ခဲ့တယ်:)

His.tori က EZ50 လို့ခေါ်တဲ့ အဲဒီ Building မှာပါ...လိပ်စာကတော့ 20 Tanjong Pagar Road ဖြစ်ပါတယ်...


ကင်မ်ချီထမင်းကြော်...စားကြည့်လိုက်တာနဲ့တင် အရမ်း သဘောကျမိတယ်။ စားခဲ့ဖူးတဲ့ ကိုရီးယားဆိုင်တွေလို အချဉ် မစူးဘူး။ အရသာက ပြေပြေလေးနဲ့ စားကောင်းလှတယ်။ မေးကြည့်မိတော့မှ His.tori ရဲ့ အစားအသောက်တွေကို ဖန်တီးသူဟာ ဂျပန်က နာမည်ကြီး စားသောက်ဆိုင်မှာ ၁၀စုနှစ်ကျော် စားဖိုမှူးလုပ်ခဲ့ဖူးသူတယောက်လို့ ဆိုတယ်။ သူ့ရဲ့ စမ်းသပ်တီထွင်မှုရယ်၊ အစုရှယ်ယာဝင်တွေရဲ့ အကြံဉာဏ်တွေရယ် ပေါင်းစပ်ပြီး အာရှသားတွေ ခံတွင်းတွေ့အောင် အစားအစာတွေကို ပြင်ဆင်ဖန်တီးထားတာ ဖြစ်တယ်။ ဒီတော့  His.tori ရဲ့ အရသာတွေဟာ ဂျပန်စာ၊ ကိုရီးယားစာတွေကနေ မြစ်ဖျားခံလာတဲ့ ဆန်းသစ်မှုတွေပဲ ဖြစ်တယ်။

အတွေ့အကြုံများလှတဲ့ စားဖိုမှူးက အချိုမှုန့်တွေ၊ ဆားတွေ လုံးဝ မသုံးပဲ သစ်သီးတွေကနေ သဘာဝအတိုင်း အချိုအငန် အရသာကို ရယူချက်ပြုတ်ထားပါသတဲ့။ ဒီတော့ ကျန်းမာရေးအတွက်လည်း သင့်လှပါပေတယ်။ အို....အစားအသောက်များဆို ကျမကတော့ ဘာမဆို သင့်တော်တယ် ထင်တာချည်းပါပဲ:) ကျမတို့ အုပ်စုကတော့ ကောက်ရိုးမလောက် မြက်မလောက် အုပ်စုမို့ မှာစားသမျှ တက်တက်ပြောင် စားပြီးမှ နောက်ဆုံး အချိုပွဲအတွက် ဗိုက်မဆန့်တော့တာမို့ အချိုပွဲ မစားခဲ့ကြရပါဘူး။ နောက်တခေါက်ပေါ့ကွာ လို့ တေးထားခဲ့ကြပါတယ်။ 









သွားတိုက်ဆေး ကြော်ငြာတဲ့ လူရွှင်တော်ကြီး ၄ယောက် မဟုတ်ပါ...His.tori ရဲ့ အစုရှယ်ယာဝင် ၂ယောက်နဲ့ ကျန်၂ယောက်က အိမ်အပြန် အစားအသောက်တွေ ဗိုက်တလုံးနဲ့ အပြည့် သယ်သွားကြတဲ့ Satisfied Customer ကြီး ၂ယောက်ပါ...

ကျမတို့ ပြန်ခါနီးတော့ ဆိုင် ပိတ်ခါနီးနေပါပြီ...ဒါတောင် တချို့က ရွက်လွှင့်ကောင်းတုန်း၊ တချို့က ကျောက်ချ ကောင်းတုန်းပါပဲ....


ဆိုင်အပြင်မှာ စားပွဲခုံရရင်တော့ အကောင်းဆုံးပဲ။ ဗိုက်လည်း အစာကျွေး၊ မျက်စေ့လည်း အစာကျွေးရင်းပေါ့...ဘေးက Pubက ကောင်မလေးတွေ တော်တော်လန်းတယ်...


စားသမျှတွေ အကုန် ဓါတ်ပုံ မရိုက်ခဲ့ရဘူး။ ဓါတ်ပုံရိုက်မယ်ကြံတိုင်း ဗိုက်ထဲ ရောက်သွားပြီးသား ဖြစ်ဖြစ်နေလို့...

ပြောဦးမယ်။ ဘာကြောင့် His.tori မှာ သွားစားသင့်သလဲ....
၁) GST, Service Charge လုံးဝ ပေးစရာမလို
၂) ဆိုင်နေရာ အကွက်အကွင်း မြို့လယ်ကျခြင်း
၃) မြန်မာလို့ ဆိုလိုက်တာနဲ့ ဒစ်စကောင့် ပေးပြီးသား 

အရေးကြီးဆုံး နောက်ဆုံးတချက်က ၄) အရသာ ကောင်းမွန်ခြင်း တွေကြောင့်ပါပဲ...
ကဲ...လက်တို့လိုက်ပြီနော်....His.tori တဲ့....

Menu ဖတ်ချင်ရင်...
http://www.facebook.com/home.php?#!/pages/Histori/150940058282377

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...