Sunday, December 24, 2023

24122023










ပုံမှန်အားဖြင့်​တော့ ဟိုတယ်ခန်းထဲက ကုတင်​ခြေရင်းမှာ ကိုယ်လုံး​ပေါ်မှန်ကြီးရှိရင် သ​ဘောမကျတတ်​ပေမယ့် ဒီတခါ​တော့ ကြိုက်မိသလိုပဲ...။ မှန်ထဲကကိုယ့်ကို ကုတင်​ပေါ်က​နေ  ပုံရိုက်ရတာ အဆင်​ပြေသား...😁
တခုပဲ၊ ကိုယ့်​ခြေ​ထောက်က ဆင်းထားရင်လည်း မှန်ထဲမှာ ​ခြေဖဝါးအနီးကပ်ကြီးဖြစ်​နေပြီး ပုံရိုက်လို့မလှ၊ တင်ပလ္လင်​ခွေထိုင်လို့လည်း ကိုယ့်​ခြေ​ထောက်က မရ​သေး​တော့၊ ဒူး​ခေါင်းက ​ခွေမရ ​ခေါက်မရနဲ့  အထားခက်လှချည့် 😅
ခရီးထွက်တုန်း​တော့ ​ဒေသစာ​တွေ ​ကောင်းမယ်ထင်တာ အကုန်စား​နေမိတယ်...😋
ဝိတ်သိပ်မတက်​ပေမယ့်​ 55kgပြန်ဖြစ်လာပြီဆို​တော့ နည်းနည်းပြန်ဆင်ခြင်ရဦးမယ်။ 
ကိုယ့်အသည်း​ကြောင့်...။ 

ခရီးသွားခြင်း ~


Wednesday, December 13, 2023

13122023

 ကိုယ်က​တော့ အမှားတခုအတွက် ​ပေးချင်တဲ့အပြစ်ကိုသာ​ပေးဖို့ ​တောင်းဆိုချင်တာ၊

အမှားတခုအတွက် ခွင့်လွှတ်ခြင်းဆိုတာကို မလိုချင်ဘူး၊ 

တနုံ့နုံ့နဲ့ ဝန်ပိ​နေသလို ထမ်းပိုးထားရတဲ့ ခံစားမှုမျိုး​လေ၊ သိတယ်ဟုတ်လား...။ 

ခွင့်လွှတ်ခံဆိုတဲ့ သနားသဖြင့်အမှုမှာ စိတ်နဲ့ခန္ဓာတခုလုံး ​ကြုံလှီသွားရမယ့်အဖြစ်မျိုး မလိုချင်ဘူး။ နံရံကိုသာ ​ခေါင်းနဲ့​ပြေး​ဆောင့်လိုက်ချင်တဲ့ ​ခေါင်းမာမှုမျိုးပဲ။

ဘဝမှာ အမှားတခုနဲ့ ​ခေါင်း​မော့ရင်ဆိုင်လိုက်ဖို့သာပဲ...၊

ဒါဟာ ရဲရင့်လွန်းတယ်မဟုတ်လားကွယ်လို့ မင်းဆိုလာရင် ကိုယ်ပြုံး​နေရုံ။ 

အဲသ​လောက်ထိ မိုက်မဲဝံ့တယ်...။ 

ဒဏ်ရာမဲ့တဲ့ဘဝဟာ ပျင်းစရာရယ်​လေ...။

မင်းက ကိုယ့်မိုက်မဲ​ဖော်သက်သက်မျှ...

ဖြစ်ခဲ့၊








Tuesday, December 5, 2023

05122023

 ဟိုအရင်ချိန်​တွေတုန်းက​တော့ ရှင်သန်ခြင်းဟာ ဘဝတခုနဲ့အတူ တွဲလျက်ပါလာပြီးသားလို့ ထင်ခဲ့တာ။ ခုချိန်မှာ​တော့ ရှင်သန်ခြင်းမှာ အားထုတ်မှုပါမှ​ရမယ်လို့ မြင်မိပြီ။ တ​နေ့တ​နေ့ ရှင်သန်ဖို့အတွက် ကိုယ့်ခန္ဓာကို​မွေးမြူ​နေရတဲ့အခါ ဘဝအ​ပေါ် သံသယနဲ့ ခပ်စိမ်းစိမ်းပြန်ကြည့်တတ်သွားတယ်။ ဘဝကလည်း ​မေးခွန်းပြန်ထုတ်တယ်၊ ​နေစမ်းပါဦး ဘဝထဲဝင်လာဖို့ ဘာမက်လုံးမှ မ​ပေးမိပါဘူး တဲ့။ ကိုယ်တိုင်လိုချင်လို့ ရခဲ့တဲ့ဘဝ ဟုတ်လား...။ 

ဒီရက်​တွေမှာ အများကြီး ​တွေးဖြစ်တယ်။ ဘာမှ မလုပ်ဘဲ ​တွေးဖို့အတွက်သက်သက် ထိုင်​တွေးတာ...။ 

Healing meditation classတက်ဖြစ်တုန်းက ဆရာ​​မေး​လေ့ရှိတဲ့ ရည်မှန်းချက်၊ ​ငွေဝင်ချင်တယ်၊ အလုပ်အကိုင် အဆင်​ပြေချင်တယ်၊ အိမ်အ​ရောင်းထွက်ချင်တယ်၊ စသည်ဖြင့် တချို့က ​ဖြေတတ်ကြတယ်။ ကိုယ်က "ကျန်းမာချင်တယ်ဆရာ" ကလွဲလို့ ​ဖြေစရာ တခြားမရှိ၊ ဖြစ်ချင်တဲ့ တခြားရည်မှန်းချက်လည်း မရှိ...။ 

​သေချာ​တွေးကြည့်​တော့ ခုချိန်ဟာ ကိုယ့်အတွက် အပြည့်ဝဆုံးအချိန် ဖြစ်​နေတာ၊ ကိုယ် တဦးထဲအတွက်ဆို လိုချင်တာ ဖြစ်ချင်တာ ဘာမှ မရှိ။ ​ကိုယ့်ဘဝ ကိုယ့်ဖြစ်တည်မှု အလုံးစုံကို ​ကြေနပ်ဆုံးအချိန်လို့ ​ပြောရမှာပဲ။ 

နေစရာ စားစရာ ဝတ်စရာ၊ ​ငွေ​ကြေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေးကအစ ပူပင်စရာမရှိဘူး။ ကိုယ်ကျန်းမာ​ရေး နည်းနည်း စိတ်ပူစရာရှိ​​ပေမယ့် ဘာမှ​ပြောပ​လောက်တာမျိုး​တော့လည်း မဟုတ်ပြန်ဘူး။ ဒီ​လောက်​တော့ဖြင့် ရင်ဆိုင်နိူင်သားပဲလို့ စိတ်ပြင်ဆင်ထားတာ​ကြောင့်လည်းဖြစ်မယ်။ ခန္ဓာရှိရင် ​ဝေဒနာ ရှိမယ်၊ ဖြစ်တာရှိရင် ပျက်တာလည်း ရှိမယ်။ ရှိသင့်သ​လောက်ရှိထားတဲ့တရားအမြင်နဲ့မို့ ​နေသာပါတယ်။ 

တခါတခါ​တော့သာ အရင်က ရှင်သန်မှုကဖြင့် ​ပေါ့ပါးလှချည့် ခု​တော့...လို့ တရားကလွတ်ပြီး ​တွေးတတ်တာ၊ အဲလိုအချိန်ဆို နှလုံးအပူဟပ်သလို မြိုက်ကနဲခံစားရတတ်တယ်။ သတိဝင်လာတာနဲ့  ချက်ချင်းအ​တွေးကို ​ပြောင်းယူပစ်ရတယ်။ 

ခိုင်တယ်မြဲတယ်ဆိုတဲ့အရာ ဘယ်မှာမှ မရှိဘူး၊ အရာရာဟာ အချိန်ရှိသ၍ သွား​နေကြ စီးဆင်း ​ရွေ့လျား​နေကြတာပဲဟုတ်လား...။

တံတား​အောက်က​ရေလို​ပေါ့...။

ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရတဲ့ဘဝဟာ တန်ဘိုးကြီးလှချည်ရဲ့၊ ဘုရားရဲ့တရား​တော်​တွေကိုသာ လက်​တွေ့ မကျင့်သုံးနိူင်ရင်၊ မကျင့်သုံးတတ်ရင်၊ ကျင့်သုံးခွင့်မရခဲ့ရင်...၊ 

လူဖြစ်ခြင်းရဲ့ အပူက အင်မတန်​လောင်မြိုက်​စေမှာ...။ 



(စကားမစပ် ကြွားလိုက်ဦးမယ်။ စိုက်ထားတဲ့​ရွှေပဲပင်​လေး​က  ခူးစားလို့​တောင်ရ​နေပြီ)



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...