ကျွန်မ ဘလော့မရေးခင်ကတည်းက သူ့ ဘလော့ဂ်ဖတ်သူ ဖြစ်ခဲ့တာ။ သူ့စာတွေက ခပ်ထေ့ထေ့၊ သရော် တော်တော်၊ ပြုံးချင်စရာ၊ တစ်ဘက်မှာ တွေးစရာတွေလည်း ပေးစွမ်းနိုင်တာကြောင့် ခုထိလည်းပဲ ကျွန်မက သူ့ရဲ့ ပုံမှန် ဘလော့ဂ်ဖတ်သူ ဖြစ်နေတာ။ အခု အဲဒီ မောင်ငယ်ကလေး စွံသွားပြီ။ သူ့ မင်္ဂလာပွဲကိုလည်း ကျွန်မ တက်ရောက်ခွင့် ရခဲ့၊ သူ့ရဲ့ နှလုံးသားအဖော်လေးကိုလည်း တွေ့ဆုံနှုတ်ဆက်ခဲ့ရ၊ မင်္ဂလာမောင်နှံ တည်ခင်းတဲ့ ညစာကိုလည်း စားခဲ့ရတဲ့ ပြီးခဲ့တဲ့ စနေညက ပွဲလေးအကြောင်း မျှဝေပါရစေရှင်....
သူက "The Gardener" ဘလော့ဂ်ပိုင်ရှင်...ခင်မင်သူတချို့က "ကိုဇက်"၊ ရင်းနှီးနောက်ပြောင်လိုသူ တချို့က "ဇီးပြား"လို့ ချစ်စနိုးခေါ်လေ့ရှိကြတဲ့ "Zephyr" (ဇက်ဖှာ) ပဲ ဖြစ်ပါတယ်။
သူက "The Gardener" ဘလော့ဂ်ပိုင်ရှင်...ခင်မင်သူတချ
၇နာရီ ရှပ်ပ်-ဒေါင်ကနဲ ဒင်ကနဲ အတီးမှာ ပွဲစမှာ ဆိုတဲ့အတွက် မင်္ဂလာပွဲ ကျင်းပရာ "Yunnan Garden Restaurant(NTU-Alumni Club)" ကို ၇နာရီမထိုးခင် ၅မိနစ်တိတိ အလိုမှာ ရောက်သွားခဲ့ပါတယ်။ တကယ်ပွဲစတော့ ၈နာရီနီးပါးလောက် ရှိနေပါပြီ။ ဒတ်ဇန့်မက်တာ-ပြဿနာ မရှိပါဘူး၊ နောက်ကျမှ စတော့ ဗိုက်ဆာနေတာမို့ ပိုစားဝင်တာပေါ့။ ပွဲမစခင် လူရှင်းတုန်းလေး ရိုက်စရာရှိတာလေး အေးဆေး ရိုက်ပါတယ်...
အခမ်းအနား စီစဉ်သူက မင်္ဂလာမောင်နှံကို ကြိုဆိုဖို့ အားလုံး မတ်တတ်ရပ်ကြပါတဲ့။ မရပ်ရင် ဟိုက ဝင်မလာ၊ ဟိုက ဝင်မလာတော့ ဒီက မစားရ..ဆိုတော့ကာ၊ ဟုတ်ကဲ့ အားလုံး တက်ညီလက်ညီ မတ်တတ်ရပ်ကြပါတယ်။ လည်ပင်းတွေအားလုံး ခမ်းမ အဝင်ဝဘက် လိမ်ငေးလိုက်ကြတဲ့ အချိန်မှာပဲ...ဟော...ချစ်စရာ့ အသစ်စက်စက် မင်္ဂလာမောင်နှံ လျှောက်လှမ်းလို့ ဝင်လာကြပါပြီ။ သတို့သားက ခမ်းမကြေး၊ အစားအသောက်ဖိုး၊ ဘာကြေး ညာကြေး မရှင်းရသေးခင်တောင်မှ ခေါင်းငိုက်စိုက် ချလို့...။ ခုချိန်မှာ ဘာ ကောက်ရ ကောက်ရ မနည်းဘူး မဟုတ်လားတဲ့။ ကျွန်မ တွေးကြည့်တာပါ။ သူကတော့ မပြောပါဘူး။ ဪ...အင်းး အင်းး ရှက်နေတာ ဖြစ်မယ် :)
မင်္ဂလာညစာက အပီဆွဲ အဝစား၊ ဗိုက်အပြည့် အစာသွတ်စား၊ သုံး-လေးခေါက် မဝမချင်း စား၊ ဗိုက်ရိုက်စား ဆိုတဲ့ ဘူဖေးစံနစ်နဲ့ ဧည့်ခံပါတယ်။ မချစ်ကြည်အေးတို့ကတော့ တနေ့ကမှ ပေါင်ချိန်လိုက်တာ တစ်ကီလိုခွဲ တိတိကြီးများတောင် တက်နေတာ သိရလို့ ညစာနဲနဲ လျှော့စားဖို့၊ တစ်ပန်းကန်တိတိပဲ စားဖို့ သံဓိဋ္ဌာန် ပြတ်ပြတ်သားသား၊ တိတ်တိတ်လေး၊ လူမသိ သူမသိ ချထားခဲ့ပါတယ်...(((အဟမ်းးး))) စားခါနီး လင်ပန်းလိုက်ရှာတာ မတွေ့လို့ ချထားပေးတဲ့ ပန်းကန်ပြား ခပ်သေးသေးနဲ့ပဲ တစ်ပန်းကန်တိတိ စားခဲ့တယ်။ တကယ် တကယ် အဓိဌာန် အောင်မြင်တဲ့ သဘောပေါ့လေ။
ဧည့်ခံပွဲလေးက ရင်းနှီးခင်မင်သူများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ လက်ပွန်းတတီး နွေးထွေးခဲ့ရတဲ့ လူငယ်ပွဲလေး တပွဲပါ။ ဟင်းတွေကလည်း ကျွန်မတို့ မြန်မာပါးစပ်ထဲ အတော်အရသာ ရှိပါတယ်။ စားပြီးကြတော့ ဓါတ်ပုံရိုက်ကြ၊ ပြီးတော့ မင်္ဂလာမောင်နှံကို နှုတ်ဆက်လို့ ပြန်ခဲ့ကြပါတော့တယ်။
ဆလိုက်ရှိုး ဓါတ်ပုံများ ကို ဒီမှာ ကြည့်နိုင်ကြပါတယ်:)မောင်လေးကိုဇက် နဲ့ ညီမငယ် ရည်မွန်တို့ တဦးနဲ့တဦး ချစ်ခင်ကြင်နာစွာ ယနေ့မှ စ၍ နှစ်တရာတိုင် ပေါင်းဖက်မြတ်နိုးနိုင်ကြပါစေရှင်.....:)