ကတမ်းခုန်တမ်း ကစားကြတဲ့အရွယ်တုန်းက ကျွဲမ ကျွဲမ ကျွဲမ အသားညို ဆိုတဲ့ သီချင်းလေးနဲ့ ကခဲ့ဖူးတယ်...ကဗျာမဆန်တတ်သူ၊ ခပ်မှိန်မှိန် ကြယ်ကလေး တလုံးလောက်များ လောကကို အလင်းပေး အလှဆောင်နိုင်ရင်ပဲ ကျေနပ်ပြီ။ ချစ်ရတဲ့သူတွေ တကယ်ပဲ များ ခဲ့တယ်။ ချစ်ခြင်းတရားနဲ့ ပတ်သက်ရင် ဂဃနဏ သိတယ်လို့ စိတ်ကြီးဝင်နေခဲ့သေးတာ။ ဒိုင်းကနဲ အသည်းကွဲတော့မှ ငါ အချစ်ကို ဘယ်မှာ သိသေးလို့တုန်း၊ ဒါမှမဟုတ် သိတ်သိလွန်းနေပြီ ဆိုပြီး ကွဲတဲ့အသည်း ပြန်ကောက်ဆက်ရင်း ရီခဲ့ရသေးတယ်။ ငယ်ငယ်တုန်း ကတော့ ငါ တကော ကောခဲ့တာပေါ့။ ငါ ဆိုတာကို လိုက်ရှာနေမိ သေးတာ။ ဒကာမက ကိုယ်တော်ကို တရားပြ လျှောက်တင်တဲ့ နိဗ္ဗာန် လိုချင်ရင် ငါ့ မကြိုက်နဲ့ပေါ့ ဘုရား ဆိုတာလေးကို နားလည် နှစ်ခြိုက်လာတဲ့ အခါမှာတော့ ငါ့ ကို လွှတ်ချ ပစ်လိုက်ဖို့ ကြိုးစားခဲ့တယ် ဒီနေ့ အထိပဲ....။
စ ဆ ဇ ဈ ည
စည်းဝိုင်းထဲမှာမို့ လုံခြုံစေတယ်လို့ ထင်နေတာလား၊ လွတ်မသွားအောင် စည်းချထားတာ များလား ...စဉ်းစားဖို့ပါလေ။ ဆန္ဒတွေဆိုတာ ကတော့ ဘာမှ လက်တွေ့မလုပ်နိုင်ရင် ဆောင်းတွင်းအိပ်မက် တခုမျှသာပါပဲ...။ ဇရာ...အင်း ကြားဖူးသလိုလိုပဲ...မသိချင်ယောင် ဆောင် နေမှ။ ဈေးနှုန်းတွေကို ဘယ်တော့မှ မမှတ်မိတတ်ဘူး၊ အို...ကိုယ်လုပ်တတ်တာ ဘာမှ မရှိဘူး၊ လိုအပ်ရင် ဝယ်သာဝယ်၊ အပ်တချောင်း က အစ ကိုယ်တိုင်လုပ်ရင် ဒီထက် တောင် ကုန်အုံးမှာ...။ သွားနေတဲ့ ညတွေကို ဖမ်းဆုတ်ထားလိုက်ချင်တယ်...အိပ်ရေးမဝလို့...:D
ဋ ဌ ဍ ဎ ဏ ဠ
စကားမစပ် ပြောပြရအုံးမယ်။ ဋသံလျင်းချိတ်၊ ဌ၀မ်းဘဲ၊ ဍ ရင်ကောက် ဆိုတဲ့ ရုပ်ခပ်ဆိုးဆိုး ညီအကို သုံးယောက် ရှိသတဲ့။ သူတို့ဟာ သိတ်လှတဲ့ သူတို့ရဲ့ ညီမလေး ဎ ရေမှုတ်ကို မိတဆိုးလေးမို့ အချစ်ပိုကြပြန်သတဲ့။ သူတို့ မောင်နှမ လေးယောက်ရဲ့ ချစ်ကြင်နာပုံကို အဖေလုပ်သူ ဦးဏကြီး တွေ့မြင်ရတဲ့အ ခါ "အမယ်မင်း မယ်ဠကြီးရဲ့ ထကြည့်ပါအုံးတော့လား" လို့ ပူဆွေး တသ မိသတဲ့ကွယ်....မောင်နှမလေးများလည်း မိဘမရှိတဲ့အခါ အမွေကိစ္စနဲ့ အချင်းမများကြပဲ တည့်တည့်ရှူရှူ နေထိုင်ကြဖို့ သိတ်လို အပ်တာပေါ့.......
ကိုင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ်...:))
တ ထ ဒ ဓ န
တောင်ပေါ်မြို့လေးတမြို့မှာ အေးအေးချမ်းချမ်း ဘဝကို အခြေချချင်တယ်။ ဖြစ်နိုင်ရင်တော့ အနားမှာ ချစ်သောသူများနဲ့ အတူတကွပေါ့။ အဖိုးအိုရဲ့ သားတွေကို ထင်းစည်း ချိုးခိုင်းတဲ့ စည်းလုံးညီညွတ်ခြင်းရဲ့ ပြယုဂ်...ခုထိ အမှတ်ရတုန်းပဲ...။ ဟုတ်တယ် လောကဓံကို ရင် ဆိုင်ဖို့ အတူတူ ဒွန်တွဲလို့ ဘာကိုမှ မမှုချင်တော့ဘူး။ သဘာဝ ရေမြေတောတောင် အလှတွေ၊ ပေါ့ထရိတ်တွေ နဲ့ အမှတ်တရစာလေး တွေ ပါဝင်တဲ့ ဓါတ်ပုံစာအုပ်လေး တအုပ် လုပ်ခွင့်ရမယ် ဆို လုပ်ခဲ့ချင်သေးတယ်။ မသေခင် အချိန်လေး ရသလောက်မှာ လေ ။ နွံနစ်ခဲ့ ဖူးပေါင်းများ လှပေါ့...အချစ်နွံ၊ ဘဝနွံ၊ သံသရာနွံ တွေတဲ့လား...မပြီးနိုင်၊ မစီးနိုင်တဲ့ အဆုံးမသတ်နိုင်မှုတွေ မောတယ်။
ပ ဖ ဗ ဘ မ
ပန်းချီကားတွေကို မက်စက်စွာ ချစ်တယ်။ ပရဟိတ လုပ်ငန်း တွေမှာ စိတ်ရော ကိုယ်ပါ ပါဝင် လုပ်ဆောင်မယ်...ဖောင်ဒေးရှင်းလေး တခု...အတိအကျ ပြောရရင် ချစ်ကြည်အေး ဖောင်ဒေးရှင်း ဆိုတာလေး...အသက်သွင်းခဲ့ချင်တယ် (ကြီးကြီးကျယ်ကျယ်နော်...ဖြစ်ချင် တာကို ပြောပါတယ်)။ လူတွေဟာ ဘာကြောင့် ဗဟိန္ဓလို့ ခေါ်တဲ့ အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီး တန်ဘိုး ဖြတ်ချင်ကြတာပါလိမ့်။ ဘဝကြီးက ဘက်လိုက်မှုကင်းတယ်။ ဘဝထဲက လူတွေကသာ ဘဝကို ခြယ်လှယ်တယ်။ ဟိုး မိုးကုပ်စက်ဝိုင်းထိ ပျံသန်းသွား နိုင်တဲ့ အင်အားနဲ့ အတောင်ပံတစုံ လူတိုင်းကိုယ်စီ ရစေ ချင်တယ်။ လုံ့လ၊ ဝိရီယ၊ လမ်းကြောင်းရွေးချယ်မှု နဲ့ ဆုံးဖြတ်ချက်တွေက ရေရှည်မှာ တန်းတခု သတ်မှတ်ပေးလိမ့်မယ်။ ဒါပါပဲ...။
ယ ရ လ ဝ သ ဟ အ
ယုံကြည်မှု ဆိုတာ ရှိကောင်းပါတယ် မျက်စိမှိတ်မထားဘူး ဆိုရင်ပေါ့။ လူမှုဆက်ဆံရေးရော စီးပွားရေးမှာပါ သူ အရေးပါတယ်။ ရွာ...ကမ္ဘာ့ရွာရယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ခေတ်မှာ အမေရှိတဲ့ရွာ...မြေရှိ၊ ရေရှိ၊ ရွှေရှိတဲ့ရွာ...အဲဒီရွာကို ကျမ လွမ်းတယ်။ တခါတခါတော့ လေးလံမှုတွေကို လွှတ်ချခဲ့ပြီး လေတံခွန်လေး တစင်းလို ပေါ့ပါးပျံသန်းနေချင်မိတယ်။ လူရယ်လို့ ဖြစ်တည်မှု တခု ရလာကတည်းက ဝေဒနာနဲ့ စခဲ့ကြတာလေ...၊ သမုဒယ တဲ့ သံယောဇဉ်တဲ့ ကဲ များလှလွန်းတဲ့ နှောင်ကြိုးတွေ...တကယ်ပဲ လေးလံလှပါရဲ့...။
ဟန်မဆောင်တတ်မှု၊ ပွင့်လင်းမှုတွေကြောင့် ထော်လန့်ကန့်လန့် ဖြစ်တတ်သေး တယ်...။ ကျမများ မှားသလား...၊ အဲဒီအတွက် မှားနေရင်တောင် မှ မှားတဲ့ဘက်မှာ ရဲရဲရပ်ရင်း မှားတဲ့ဒဏ်ကို လူးလိမ့်ခံစားပစ်လိုက် မယ်။ ဘယ်တော့မှ မှန်ချင်ယောင်မဆောင်ဘူး။ စိတ်ပြေ လွယ်ပြီး အာဃာတ မထားတတ်ဘူး။
ဒါ ကကြီးကနေ အ အထိ ကျမရဲ့ အဇ္ဈတ္တ မှန်တချပ် ဆိုပါတော့...။
သူငယ်ချင်း သက်ဝေရဲ့ တက်ဂ်ပါ...ဒီတခါတော့ တိတ်တိတ်လေး လက်ကုတ်စရာမလိုပဲ လာတက်ဂ်ထားလို့ ဝမ်းသာရပါတယ်။ တက်ဂ်ပို့စ်တွေဟာ အတက်ဂ်ခံရတဲ့ လူတွေအားလုံး ခေါင်းစဉ်တခုအောက်မှာ အမြင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဝိုင်းရေးကြတာမို့ ပျော်စရာပါ။ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့အတွေး၊ ကိုယ့်အတွေး ဖလှယ်ပြီး ဖတ်ကြရတာမို့ ကျမကတော့ တက်ဂ်ပို့စ်တွေ ရေးရတာ စိတ်ဝင်စားသူပါ။ ဒါ့ကြောင့် တက်ဂ်လာသမျှ တက်ကြွစွာ ရေးလေ့ ရှိပါတယ်...။
ဒီပိုစ့်ကို မောင်လေး ကိုဇော် နဲ့ အကိုလေး ကိုအောင်သာငယ်ကို ဆက်တက်ဂ်ချင်ပါတယ်။ ရေးပေးကြပါအုံးနော်....။