မှန်ရှေ့မှာ သူမ ရပ်နေတယ်
ရပ်နေတာ ကြာလှပြီ
ရပ်နေတုန်းပဲ...၊
မှန်ထဲကို သူမ သေချာကြည့်နေမိတယ်...၊ တကယ်က ရှာနေမိတာ၊
သူမ ဘယ်မှာလဲ...
အဝန်းမကျယ်ပေမယ့် အလျားရှည်ရှည်မျက်ဝန်းတွေနဲ့ ကြည်စင်နေခဲ့ဖူးတယ်။ ပြုံးလိုက်တဲ့အခါ နှုတ်ခမ်းတွေထက် မျက်ဝန်းတွေက အရင်ပြုံးတတ်တဲ့ သူမ...၊
ကျွန်မ ရှာမတွေ့ဘူး၊ မှန်ထဲမှာ...
သူမ ဘယ်ရောက်သွားတာလဲ...။
လူတွေကို ငေးမိငေးရာ ငေး မော ကြည့်နေမိတဲ့နေ့တွေလည်း များလာတယ်။ ထူးထူးခြားခြားလည်း ဘာမှမရှိပါဘဲ ပျင်းထုံအီမှုတွေထဲ တလည်လည်...
ငွေချမ်းသာလား
ဂုဏ်မြင့်သလား
အသိုင်းအဝိုင်းကောင်းသလား
ရုပ်ရည်ချောမောသလား
ပညာတွေ သိပ်တတ်တာပဲလား...
SO WHAT !!
တသွင်သွင်စီးနေတဲ့ မြစ်ရေလို...
အားလုံးဟာ စီးဆင်းသွားကြရမှာ...၊ တနေ့...။
ကိုယ့်သမိုင်းကြောင်း ကိုယ်ရေးထားခဲ့ချင်တဲ့သူတွေ၊ လှလှပပလေး ရေးခဲ့ချင်သူတွေချည်း...
ကျွန်မကတော့ ကျွန်မ မရှိတော့တဲ့နောက် ဒါတွေကို အရေးကြီးလှတယ် မထင်ပါဘူး။ (အင်း...အခု ရှင်သန်နေချိန်မှာလည်း ဒါတွေက အရေးမပါပါဘူး၊ ကျွန်မအတွက်တော့...)
လာခြင်းကောင်းခဲ့တယ်ပဲထား...၊ အပြန်လမ်းဖြောင့်ဖို့လည်း လိုတယ်...။ လေပြေကလေးတခုလို ပေါ့ပေါ့ပါးပါး လွင့်ထွက်သွားချင်တာ...၊ အလုံးစုံဖြေလျှော့ချခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားချင်တာ...။
မှန်ထဲကို မျက်နှာမူလိုက်မိပြန်တယ်...
သူမကို ပြန်ရှာမတွေ့တော့ဘူးလား
သူမကို ပြန်မရနိူင်တော့တာလား...၊
အရာရာ စိတ်ကုန်ခမ်းငြီးငွေ့နေတဲ့ မျက်ဝန်းအသေတစုံသာ မှန်စတွေကြား ကွဲအက်လို့...
ကြေမွလို့...