တစ်ခါကလည်း
ကလေးရှိသောမိတ်ဆွေများကို သူ ကျီစယ်ခဲ့တာ အမှတ်ရမိသည်။
“ကလေးရှိတယ်ဆိုတာ
အကြွေးဆပ်နေရတာပဲဗျ။ ကလေးဒါဇင်ဝက်ရှိတဲ့မိသားစုဟာ ဟိုဘဝက ဘုရားရွှေခွာတဲ့ အုပ်စု၊ ကလေးသုံးယောက်ရှိတဲ့မိသားစုက
ပိုက်ဆံမပေးဘဲ ဘတ်စကားခိုးစီးတဲ့ အုပ်စု၊ ကလေးတစ်ယောက်ရှိတဲ့မိသားစုကတော့ အလှူခံပုံးဖောက်ခဲ့တဲ့
အုပ်စုပေါ့ဗျာ” ဟုဆိုလေသည်။ သူ့အကြောင်းသိသော မိတ်ဆွေရင်းများက သဘောတကျရယ်မောကာ “ခင်ဗျားဟာ
တစ်ခုမှလည်း မလွတ်ပါလားဗျာ”ဟု ဆိုတော့ သူက “ဟ ခင်ဗျားစဉ်းစားကြည့်လေဗျာ ခင်ဗျားသမီးကလေးက
ဖေဖေ သမီး ဒီအရုပ်လေးလိုချင်တယ်ဆို ခင်ဗျား မဝယ်ပေးဘဲနေလို့ ရလို့လား၊ ရှိရှိ မရှိရှိ
ခင်ဗျားမှာ ရှိသမျှလေးချပြီး ဝယ်ပေးရတာပဲ မဟုတ်လား”ဟု ချေပလေသည်။
သူဟာ
အဲသည်လို လူစား၊ ပေါ့ပေါ့ပါးပါးပြောကာ ကြည့်စိတ်ကို ဖော့ပေးတတ်သူ။ သူ့ကြောင့် ကြည့်မှာ
စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရခြင်းမျိုး တစ်ခါမှ မရှိခဲ့။ မျက်ရည်ပေါက်ကြီးငယ်ကျရခြင်းမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါ။
တခါတလေတော့ ကြည် သူ့ကို သနားမိသည်။ သူ့ခမျာ သူ့မျိုးဆက် သူ့သွေးကလေးကိုတော့ဖြင့် တစ်ယောက်တစ်လေ
လိုချင်ရှာပေလိမ့်မည်။ သို့သော် သူဟာ ဟန်ဆောင်များနေသလား၊ ကြည့်ရှေ့မှာမို့ မလိုချင်ဟန်ပြလေသလား....။
သူဟာ ကြည့်ကို စိတ်လက်ချမ်းသာစေလိုသူသာ ဖြစ်လေသည်။
ကြည့်ကလေးလိုချင်စိတ်မှာ
အရင်ကလောက်ရူးမူးသည် မဆိုသာသော်လည်း တိတ်တိတ်ကလေးတော့ တမ်းတနေမိသေးသည်။ စပျစ်သီးကလေးတွေ
မချဉ်ဟု စိတ်ထဲက သိနေသေးသည်ကိုး။
ကြည့်မှာ
သိပ်တွယ်တာရသော တိုင်းရင်းသူအစ်မတစ်ယောက်ရှိသည်။ အဲ့သည့်အစ်မက သိပ်ကိုချစ်စရာ ကောင်းလွန်းကာ
ပြောဆိုပွင့်လင်းပုံမှာ ကြည်ပင် လက်ဖျားခါရအောင် ဒဲ့ကျသူဖြစ်သည်။ “အေ ငါ့မှာ မိန်းမဘဝဖြစ်ပေမယ့်
ပိုင်ဆိုင်နေရတာတွေက အလကားပါပဲ။ ဘာမှလည်း မသုံးရ၊ ရည်းစားကလေးမှ မရှိရ”ဟုဆိုတော့ ကြည်က
အော်ရယ်ချင်မိသည်။ “ဟင် ဘာဖြစ်လို့လဲ အစ်မရဲ့”ဟု မေးတော့ သူက “အို မိန်းမဖြစ်မှတော့
အနည်းဆုံး သားသမီးကို နို့ချိုတိုက်ကျွေးဖူးတဲ့ရင်သားတွေ ပိုင်ဆိုင်ချင်တာပေါ့”ဟု ဆိုသည်။
“ဒီတစ်ခါတော့
အလုပ်ထဲက အကောင်တစ်ကောင်ကောင်ရှေ့ရောက်ရင် ငါ မူးလဲပစ်လိုက်မယ်၊ ဒါ နောက်ဆုံးလက်နက်ပဲ”
ဟုဆိုကာ သူ့စကားသူ သဘောတကျရယ်နေလေသည်။ ကြည့်မှာလည်း အစ်မနဲ့အတူ လိုက်ရယ်မောရပါသည်။
ကြည်ကရော
ဘာထူးလို့လဲ ဘာများထူးလို့လဲကွယ်။ မိန်းမတစ်ယောက်အဖြစ် အသုံးကျသည်ဆိုဦးတော့ မိခင်တစ်ယောက်မှ
မဖြစ်သေးတာ၊ မဖြစ်နို်င်တာ။ ကြည်ဟာ အိမ်ထောင်သည်မိန်းမတစ်ယောက်အဖြစ်သာ ရှိနေသေးသည်ပဲ။
သားသည်အမေဆိုသည့်အခေါ်အဝေါ်ဟာ တန်ဘိုးရှိလိုက်တာ....။ ကလေးလေးတစ်ယောက်ယောက်က ကြည့်ကို
အမေလို့ခေါ်လိုက်တဲ့စကားဟာ သိပ်ကို ချိုမြိန်မှာပဲ....။
လူတွေဟာ
ဘာလို့များ ပုံစံခွက်ကြီးထဲ ထည့်ထည့်တိုင်းနေရတာပါလိမ့်။ လူတစ်ယောက်ဟာ ငယ်စဉ်မှာ ပညာရှာ၊
အရွယ်ရောက်တော့ အိမ်ထောင်ကျ၊ သားသမီးတွေ မွေး၊ စီးပွားတွေ ရှာ၊ မိဘပြုစု၊ သည့်ထက်အရွယ်လေးရလာတော့
တရားရှာ။ ပြီးတော့ သေကြ...။ ဒါပဲလား...ဒါဟာ လူ့ဘဝတစ်ခုရဲ့ အလျားအရှည်တစ်ခုထဲ မဖြစ်မနေဖြတ်သန်းသွားရမှာတွေပဲလား....။
ဘဝကြီးဟာ ဒီလောက်တောင် သမားရိုးကျကြီးပဲလား...။ အိမ်ထောင်မကျသေးခင်ကတော့ အိမ်ထောင်ပြုကြတော့လေ
တဲ့။ ခုဆို ကြည်တို့က ကလေးမယူသေးဘူးလား အမေးခံနေရပြီ။ ကြည်တို့ဟာ ရှေ့လူတွေ ချပေးတဲ့လမ်းအတိုင်း
လျှောက်ကြရမှာလား။ အိမ်ထောင်မပြုဘူးဆိုရင်ရော...၊ ကလေးမမွေးဘူးဆိုရင်ရော....လူသားတာဝန်မကျေဟုပင်
အပြစ်တင်ကြတော့မလိုလို....။ စိတ်နာလိုက်တာ...။ ကြည်ဟာ ဘာကြောင့်မှန်း မသိ၊ ဘာကိုမှန်း
မသိ၊ ဘယ်သူ့ကိုမှန်းလည်း မသိဘဲ ရုတ်တရက် စိတ်ဖောက်လာပြန်သည်။ ကြည်သည် လူတကာလက်ခံပြီး
ဖြတ်သန်းနေကျတွေကို ဆန့်ကျင်ချင်လာသည်။
တကယ်တော့
အချစ်ဆိုတာကိုက မရှိတာ။ မရှိတာကို အရှိလုပ်နေကြတာ။ အချစ်ဆိုတာဟာ ဘဝကြီးထဲကို လူနှစ်ယောက်
အတူတူခုန်ချပစ်လိုက်ဖို့ ထိုးကျွေးလိုက်သော မြှားခေါ်မှုတစ်ခုပေပဲ။ အဲသည်လိုသာ ကြည်က
နားလည်ချင်သည်။ သည့်နောက်မှာ သကြားကပ်ထားသော ဆေးခါးကြီးတစ်လုံးလို အချိုကုန်ချိန်မှာ
ဘဝဆိုတာကြီးကို ပီပီပြင်ပြင်မြင်ကြရတာ၊ အဲသည့်တော့မှ ခါးသောဘဝကြီးက လူလုံးထွက်ပြတော့တာ
မဟုတ်လား။ အို....စေ့စေ့တွေးကြည့်ရုံနှင့်ပင် ဘဝကြီးထဲ လူဖြစ်ရတာကို အင်မတန် မောပန်းလာရတော့သည်။
မုန်းလိုက်တာ...။ တစ်နေ့တစ်နေ့ ဘာအတွက်အသက်ရှင်နေရမှန်း မသိတာတွေနှင့်သာ အချိန်တွေလွန်မြောက်နေရတာကို
မုန်းသည်။
“ကလေးငယ်တွေကို
ဘယ်တော့မှ မရိုက်ရဘူး။ ဆူတယ်ဆိုရင်တောင် ကလေးစိတ်မှာ အနာရစေမယ့်စကားလုံးမျိုးနဲ့ ဘယ်တော့မှမဆူရဘူး”
“တစ်ချို့ကလေးတွေကတော့
ရိုက်မှကို နားလည်တတ်တာမျိုး”
“ကလေးတွေဟာ
အတုမြင် အတတ်သင်နေတဲ့အရွယ်၊ မိဘတွေက အပြောအဆို အနေအထိုင်က အစ ကလေးတွေရှေ့မှာ ဆင်ခြင်ကြရမယ်”
“ကလေးကို
သူ့အဖိုးအဖွားတွေရှိတဲ့ဆီ အလည်ခေါ်သွားတာ၊ ကလေးက မြန်မာစကားတော့ နည်းနည်းပါးပါး ပြောတတ်လာပါရဲ့၊
ဘယ်ကတတ်လာမှန်းမသိတဲ့ အဆဲတွေလည်း တတ်လာတယ် သိလား”
အဲသည်လို
မိခင်တွေစကားဝိုင်းမှာ ကြည်ဟာ နားထောင်သူသက်သက်သာ ဖြစ်သည်။ ဝင်ပြောလိုလှသော်လည်း ကြည့်စကားများက
လက်တွေ့မဟုတ်သောစကားများမို့ မှားချင်မှားနိုင်သည်လေ။ သည်တော့ နှုတ်ဆိတ်နားထောင်
ခြင်းသည်သာ
ကြည့်အတွက် အားလုံးအတွက် အသင့်တော်ဆုံးဟုယူဆကာ ဘာတစ်ခုမှ ဝင်မပြောဖြစ်။ သို့သော် ဘာရယ်မဟုတ်
ကလေးစိတ်ပညာဟူသောစာအုပ်မျိုးကိုတော့ ကြည် စိတ်ဝင်တစားရှာဖွေ ဖတ်ရှု့နေခဲ့မိသည်။
အဲသည့်ကလေးစိတ်ပညာ
စာအုပ်ကလေးအဖုံးဟာ တိမ်ဆိုင်ဖြူလွလွကလေးတွေ မျောလွင့်နေပုံနှင့် ဖြစ်သည်။ တိမ်တွေအောက်က
မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဂါဝန်ဖြူလွလွကလေးဝတ်ထားသော လေး-ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်
တိမ်စိုင်တွေကို မော့ကြည့်ကာ တိမ်တွေနောက် အပြေးကလေးလိုက်နေပုံက ဝတ်ထားသောဂါဝန်ကလေး
တလွင့်လွင့်နှင့်ဖြစ်လေသည်။
ထိုစာအုပ်အဖုံးကလေးကို
လက်နှင့်ပွတ်သပ်ကာ ကြည် အိပ်ပျော်သွားခဲ့သောညက ဖြစ်ပါသည်။ မနက်လင်းလာတော့ ကြည် ရုတ်တရက်ထထိုင်မိသည်။
ညက....ညက ကြည် အိပ်မက် မက်ခဲ့သည်ပဲ။ အိပ်မက်ထဲမှာ ဖြူလွလွတိမ်စိုင်တစ်စနောက်ကို ကြည်
ပြေးလိုက်နေခဲ့သည်။ တိမ်စိုင်ကလေးသည် ဝါဂွမ်းကလေးတစ်စနှယ် ပေါ့လွင့်ကာ ကောင်းကင်မှာ
ပြေးလွန်းလှသည်။ ကြည်က လိုက်မမီမှန်းသိသိနှင့် အပြေးလိုက်ကာ ကြည့်လက်နှစ်ဘက်မှာလည်း
ကောင်းကင်ပေါ်မြှောက်ကာ ဖြန့်လှပ် ထားလျက်ရှိသည်။ ရုတ်တရက် လေကြောင်းပဲ ပြောင်းလေသလားမသိ၊
ထိုတိမ်စိုင်ကလေးသည် ကြည်ရှိရာဆီ နိမ့်ကနဲထိုးဆင်းလို့ လာသည်။ ငေးကနဲ မင်သက်နေစဉ်မှာ
တိမ်စိုင်ကလေးက ကြည်နှင့်အနီးဆုံးရောက်လို့လာကာ ကြည့်နေရင်းမှာပင် တိမ်စိုင်ကလေးသည်
အနှီးဖြူဖြူကလေးနှင့် ထုပ်ပိုးထားဟန် သက်ရှိကလေးလေးတစ်ယောက်လိုလို ကြည့်မျက်စေ့မှာ
မြင်ရသည်။ ကြည် ကြောင်အနေဆဲမှာပင် ထိုအရာကလေးက ကြည့်ကိုယ်ထဲ ထွင်းဖောက်၍သွားခဲ့သည်တဲ့...။
ကြည့်မှာ မြက်ခင်းပေါ်ပုံလျက်သား လဲကျသွားခဲ့သည်။
အို.....ကြည့်တစ်ကိုယ်လုံး
ကြက်သီးမွေးညှင်းများပင် ထလာကာ အိပ်ရာပေါ်ထိုင်နေလျက်က ကြည့်ဗိုက်သားကို လက်နှင့် ထိတွေ့နေမိသည်။
မကျီစယ်ပါနဲ့ကွယ်...အိပ်မက်ဟာ အိပ်မက်မျှသာပဲ...ကြည့်ဘဝမှာ အိပ်မက်တွေကို ဘယ်တော့မှ
မယုံတော့ဖို့ သင်ယူခဲ့ပြီးသားရယ်... သို့သော် ကြည်သည် ယုံကြည်ချင်မိပြန်သည်။
တကယ်လို့များ....
အိပ်ရာမှထကာ
ဆံပင်တွေကို ဖီးသင်သည်။ ဘေးစားပွဲပေါ်က ပြက္ခဒိန်ကို ယူကြည့်လိုက်တော့ လွန်ခဲ့သောနှစ်လကတည်းက
ကြည် ရာသီသွေးမပေါ်ဘဲ ကျော်ခဲ့သည်ကို ကြက်ခြေခတ်ထားသည့်ရက်စွဲတစ်ခုအရ သိရလေသည်။ ကြည့်နှလုံးခုန်သံတို့
မြန်လွန်းလာကာ ညဝတ်အင်္ကျီကိုလဲကာ တွေ့ရာတီရှပ်လေးတစ်ထည် ကောက်စွပ်ပြီးမှ အနီးဆုံး ၂၄နာရီဆိုင်ကလေးဆီသွားရကောင်းမလား
တွေးမိပြန်သည်။ တခါတလေ အဲ့သည်လောက်ကြာကြာကျော်ခဲ့ပြီးမှ ပြန်လာချင် လာနေတတ်တာ။ အနေအထိုင်
အစားအသောက်အပြင် စိတ်အလှုပ်အရှားနှင့်လည်း ဆိုင်သည်ပဲ။
ရင်မဆိုင်လိုပါ...၊
အနီရောင်မျဉ်းကလေးတစ်ကြောင်းထဲ ပေါ်လာလျင်ဖြင့် ကြည် ရင်ကွဲရဦးမည်။ ဒီတစ်ခါတော့ သိပ်ကိုထူးဆန်းနေတာလို့
စိတ်က တွေးမိပြန်သည်။ ချီတုံချတုံနှင့် ကြည်သည် ဆိုင်ကလေးရှေ့ကို ဘယ်လိုရောက်လာမှန်းပင်
မသိလိုက်။ ငွေချေပြီး၍ အထုပ်ကလေးကို လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကြည့်ခြေလှမ်းတို့က
အိမ်အပြန်လမ်းကို ခါတိုင်းထက်ပိုဝေးသည် ထင်မိတော့သည်။
ဆက်ပါဦးမယ်....