ရှင်လျက်နဲ့ ခံစားရမယ့် နာကျင်မှုကိုတော့ ရင်ဆိုင်ရမှာ နည်းနည်းကြောက်တယ်။ တရားနဲ့ဖြတ်ကျော်ရမှာပဲပေါ့...၊ တခြားမှ မရှိတာ။
ဝေဒနာတွေကို ထိုးထွင်းကြည့်နေဖူးတာပဲလေ၊ ခန္ဓာက ဖောက်ပြန်နာကျင်နေသမျှ စိတ်ကသိပြီး ခံစားနေတာတွေကို ငါက ဝင်ဝင်ရှုပ် ငါ့ဟာလုပ်ပစ်နေလို့သာ ငါ နာကျင်ရတာဟုတ်လား။
သတိလေးမပြတ်ရှိနေရင်တော့ ခံသာ ဖြေသာပါတယ်။ သတိလက်လွတ်သွားရင်တော့ ငါ့မှ ဖြစ်ရလေခြင်း တွေးမိတာပေါ့။ ဒါပေမယ့်လေ....
သံသရာမှာရော အခုဘဝမှာပါ...
မှားခဲ့သမျှတွေအတွက် ကံကြွေး ဝဋ်ကြွေး ဆပ်ဖို့ရှိတယ်ဆို ဒီဘဝမှာတင် ကုန်စင်အောင် ဆပ်ဖို့ အားတင်းထားပါတယ်၊ နောက် ဘယ်တော့မှ သံသရာမှာ ရုပ် နာမ် ခန္ဓာ ပြန်မရချင်တော့ဘူး။ ရုပ် နာမ် ခန္ဓာရရှိလာလို့ အတူတွဲပါလာတဲ့ ပဋိသန္တေနေရခြင်းဆင်းရဲ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲတွေ၊ အမျိုးသမီးဖြစ်ခဲ့ရင် ရာသီသွေးဆင်းခြင်းကအစ ကိုယ်ဝန်ဆောင်ရခြင်းအထိ ဘယ်ဆင်းရဲခြင်းကိုမှ မလိုချင်အောင် ကြောက်မိတယ်။ သံသရာမှာ ကျင်လည်နေရသမျှ ဆင်းရဲခြင်းတွေချည်း....။
သစ္စာတရားတွေကို နာကြား ကျင့်ကြံနိူင်တဲ့ ခုဘဝမှာမှ မရုန်းရင် လွတ်လမ်းမမြင်...။
ကမ္ဘာဦးအစမှာ ပွင့်တဲ့ ကြာပန်းပွင့်တွေဟာ အဲဒီကမ္ဘာမှာပွင့်မယ့် ဘုရားရှင်အရေအတွက်ကို ကိုယ်စားပြုပြီး ကြာပွင့်ကြီးတွေရဲ့အထဲမှာ ကြာသင်ကန်းနဲ့တကွ ပရိက္ခရာအစုံအလင်ပါတယ်လို့ ကြားနာဖူးတယ်။ ကိုယ်တို့အသက်ရှင်ခွင့်ရတဲ့ ဒီဘဒ္ဒကမ္ဘာဟာ ကြာပန်း၅ပွင့်ပွင့်ပြီး ဘုရား၅ဆူ ပွင့်တော်မူမယ့် ကမ္ဘာဖြစ်တယ်။ နောက်ဆုံး ပွင့်တော်မူမယ့် အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးဖို့စောင့်ရင်း သံသရာမှာ ကျင်လည်နေလိုသူတွေလည်း ရှိကြသတဲ့။
ကိုယ်တော့ ကြောက်တယ်...အချိန်အကြာကြီး သံသရာမှာ ကျင်လည်နေရမှာ...မလည်ချင်၊
ခုတောင် ဒဏ်ရာတွေက နင့်နေပြီကို...