ကိုဗစ်ဟာ စလုံးမှာလည်း လူကုန်နီးပါး ကူးစက်ပြီးနေပြီ။ ကိုယ်လည်း ၂ပတ်နီးပါး ခံလိုက်ရတယ်။ အတိအကျဆိုရင် ၁၁ရက်ပေါ့။ အလုပ်မှာလည်း ဆရာမတွေ အများကြီး ကူးနေတော့ လူလိုနေတဲ့အချိန်၊ ကြာကြာနားလို့ အဆင်မပြေတော့ နောက်ရက်ကို ချက်ချင်း အလုပ်ပြန်ဆင်းရတာပဲ။
Post covidဟာ လူကို ဘယ်လောက် ဒုက်ခပေးဦးမလဲ မသိ၊ ကျောင်းပြန်တက်ရတာ အတော် ပင်ပန်းသလို ခံစားရတယ်။ ကလေးတွေကို စကားပြောရတာ အသံကုန်တယ်၊ လေဆက်ပြတ်ပြီး မောတယ်၊ ချောင်းကဆိုးသေးတယ်၊ နှာခေါင်းသံက မပျောက်သေးဘူး။ ခါတိုင်းလုပ်နေကျတွေကိုပဲ မောနေတယ်။ ဘဝကြီးကို ခုလိုချိန်မှာမှsufferingပဲလို့ သိရင် သိပ်အဆင်မပြေဘူး။ ဘဝမှာ လူဖြစ်လာရတာကိုက sufferingအစဖြစ်တာပဲ ဟုတ်လား။
ကိုယ်တို့က sugarcoatedလုပ်ထားကြလို့သာ ဘဝကြီးက နေပျော်သယောင်ရှိတာရယ်...။
အဲသလိုဆိုပြန်ရင်လည်း ကိုယ်က အပျက်တွေးသမား ဖြစ်ဦးမယ်။ တကယ်က ဘဝကြီးဟာ ဘာမှ မဟုတ်တာ ကိုယ် သိသားပဲ။
ထားပါတော့ အလယ်အလတ်လမ်းစဥ်ထား တွေးကြရအောင်...
ဘဝမှာ အကောင်း အဆိုး နှစ်မျိုး ဒွန်တွဲနေတယ်လို့ပဲ ယူလိုက်ကြရအောင်...
ခုလောလောဆယ် လူက fit မဖြစ်သေးဘူး။ စိတ်ရော ကိုယ်ပါ နားရက်မှာ အပြည့်အဝနားဖို့လိုတယ်။ ခါတိုင်းဆို တခုခု သောက်ဖြစ်မယ် ထင်တယ်။ အပြင်းဆို double blackလောက် (double blackကို မီးခိုးနံ့လေး သင်းနေတဲ့ဟာ ကိုယ်ကြိုက်တယ်)၊ အပျော့ဆို wineလောက်ပေါ့။ ခုက အဲလိုသောက်ရင် နောက်ရက်ကျ အတော်ခံရမှာ သိနေတယ်။
စကားစပ်မိလို့ ကိုယ်က အရက်သောက်ရတာ ဘယ်အချိန်ကစပြီး ကြိုက်သွားမှန်း ကိုယ်လည်း မသိဘူး။ အရသာနဲ့ အနံ့ကို ကြိုက်တာ မဟုတ်တာတော့ သေချာတယ်။ နည်းနည်းလေး အရှိန်ရလာတဲ့အခါ အနှောင်အဖွဲ့တွေထဲက လွတ်မြောက်သွားသလို ခံစားရတာကို ကြိုက်တာ။ အဲအချိန်မှာ ကိုယ် အရမ်းပျော်တာပဲ၊ အရာရာကို ပေါ့ပေါ့ပါးပါးကလေး အပေါ်စီးက ငေးကြည့်ရုံ ကြည့်နေရတဲ့ ခံစားချက်မျိုး။ မူးလာရင် ကိုယ်က ခဏခဏ ရယ်တယ်၊ အင်းဂလိတ်လိုတွေပါ ညှပ်ပြောလာပြီဆို ကိုယ် အတော်မူးနေပြီ။ ဒီထက်မူးလာရင်တော့ ကုတင်ပေါ် ခြေပစ်လက်ပစ် (ကုတင်ပေါ် ဘယ်လိုရောက်သွားမှန်းမသိ)အိပ်ပျော်သွားတာပဲ။
နောက်နေ့မနက်ကျရင်တော့ အရက်နာကျသူတွေ ထုံးစံ နောက်ဆို အဲ့လောက်မသောက်တော့ဘူး ဖြစ်ပြန်တယ် 😅
ခုကတော့ သောက်လို့မဖြစ်လို့ မသောက်ရဘူးပေါ့။
လူက ပုံမှန် နေသားတကျ ပြန်မဖြစ်သေးဘူး။ အားနည်းနေသေးသလိုလို ဘယ်လိုကြီးမှန်း မသိဘူး။ လူကလည်း မငယ်တော့ဘဲကိုး။ ခုလာမယ့် မွေးနေ့မှာ ၅၃ ဖြစ်ပြီ။ မှန်ထဲကြည့်ရင်တော့ ကိုယ့်ကိုယ်ကို သိပ်မကြီးလှသေးဘူး ထင်တုန်း၊ (တကယ်က အန်တီကြီးဖြစ်နေပြီ 🤣)
ခု သောက်ချင်တာ မသောက်ရဘဲ ကြက်ပေါင်းရည်တို့ ငှက်သိုက်တို့ မသောက်ချင်တာတွေ မျိုချနေရတယ်။ မပျော်လှဘူးပေါ့ 😝
နေမကောင်းတဲ့အချိန်မှာ သတိကလေး မပြတ် ကပ်ထားဖြစ်တာတော့ အမြတ်ပဲ။ ခုချိန်ထိလည်း လေကလေး ရှုနေတဲ့အပေါ် သတိကပ်ထားဖြစ်တယ်။ အေးချမ်းအောင် နေနေရတယ်။ စိတ်ရော ကိုယ်ပါ ချမ်းသာအောင် နေတတ်ဖို့ အချိန်တန်ပြီဟုတ်လား။ ကိုယ့်ကိုယ်ကို ညှင်းဆဲ ပေတေခဲ့တာတွေ လုံလောက်ပါပြီလေ...။
လေကလေး ရှုနေတဲ့အပေါ် သတိကပ်ကြည့်ကြရအောင်...၊ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ပဲဟုတ်လား...
လဲကျနေချိန် ဘယ်သူမှ လာမထူဘူး...
ကိုယ်ထူ ကိုယ်ထ ဆိုတာ...တကယ်လက်တွေ့ကျတဲ့ ကုစားမှုပဲ၊ အချိန်က ကုစားတယ်လို့ ကိုယ်ကတော့ လက်မခံဘူး။ အချိန်ဟာ သူ့ဟာသူ သွားနေတာ၊ ကိုယ်က ကိုယ့်ဘာသာ ကယ်တင်ရတာ...
လွတ်မြောက်တယ်ဆိုတာကို အရင်က အမှီမရှိ အတွယ်မရှိ ဟာတာတာကြီးထင်ခဲ့တာ...
ခကအ
စာကြွင်း။ ။
ပုံတွေက covidမဖြစ်ခင်လေးတင် ကိုယ်ဖုတ်ခဲ့တဲ့ ပေါင်မုန့်တွေ...။
နောက်ဆုံးပုံက covidဖြစ်ပြီး နက်ဂတစ်ပြန်ဖြစ်ပြီး နောက်တနေ့မှာ ရိုက်ထားတာ။ (ကိုယ် FBမှာ ပုံစတင်တုန်းက မျက်နှာကို တခြမ်းဖြတ်ပြီး တင်ခဲ့ဖူးတယ်၊ အဲတာကို သတိရလို့ တခြမ်းဖြတ် တင်လိုက်တယ်။ အရင်ကလို နားဆွဲတန်းလန်းတွေ မဝတ်ဖြစ်တော့ပေမယ့်လေ...)