
ကျမ ဒီမြို့လေးရောက်တာ ဘာလိုလိုနဲ့ တနှစ်နီးပါး ရှိခဲ့ပြီ။ မြို့ခံလူတွေရဲ့ ဟန်ဆောင်မှု ကင်းမဲ့တဲ့ အပြုံး၊ စာသင်သား ကလေး တွေရဲ့ ချစ်စဖွယ် မျက်ဝန်းလေးတွေ၊ မြို့လေးရဲ့ ရေမြေ သဘာဝ အလှအပတွေကြား၊ ကျမ အတွက် တော်ရာမှာ ပျော်အောင် ကြိုးစား နေခဲ့ရသော အချိန်လေးများသာ ဖြစ်လေသည်။
ခြေတံရှည် အိမ်ကလေးထဲ အခန်းရယ်လို့ သတ်မှတ်စရာ ၂ ခန်းသာရှိလေသည်။ အခန်းတွေ က တံခါး မရှိတာမို့ ကျမတို့ နှစ်ယောက် သား တံခါး ဘောင် ဘယ်ညာ၌ သံရိုက်ကာ ကြိုးတန်းလို့ ခန်းဆီးကလေး တွေ တပ်ခဲ့ရလေသည်။ မြို့ကလေးသို့ ကျမ နှင့် အတူ ဆရာမ အဖော် တယောက် ပါလာခဲ့ပါ၏။ နုနုထွေး ဆိုသော ပါးရဲရဲ၊ အသားဖြူဖြူ၊ ကိုယ်ထည် လုံးလုံး ကလေးနှင့် ပွင့်လင်းသော ချစ်စရာ တောင်ပေါ်သူကလေး။
မြို့ကလေးနှင့် ရိုးသားပွင့်လင်းသူတွေ အကြား ခံစားမှုတွေ မြိုသိပ်ရင်း ဟန်ဆောင်တတ်သူမှာ ကျမ တယောက်တည်းရယ်လို့ မကြာ ခဏ တွေးမိရင်း မောင့်ဆီကို စာအစောင်စောင် ရေးခဲ့မိ ပြန်လေသည်။
မောင် ရှိနေသော နိုင်ငံ နှင့် နေ့စွဲလေးများ စာအိတ်ပေါ် ရေးထိုး၍ မောင့်နာမည်သို့ လိပ်မူထား သော စာအိတ်ဖြူ ကလေးများ ကျမမှာ အိတ်ကြီးတလုံးနှင့် ထည့်ထားရလောက်အောင် များ လှနေပြီ။ တခါတလေတော့လည်း စာလေးတွေ ထုတ်ဖတ် ရင်း အလွမ်းဖြေရသည်။
မောင်ရေ မောင်ထွက်သွားပြီး တလ အကြာမှာ သက်ထား အိမ်ကိုဖွင့်ပြောလိုက် တယ် သိလား၊ ကိုစည်သူထွန်းနဲ့ ဖေဖေတို့ စီစဉ်ထားတာကို ဖျက်ပေးဖို့ပေါ့၊ အိမ်ကို ပြော မရနိုင်တဲ့အဆုံး ကိုစည်သူ နဲ့ လူချင်းတွေ့ပြီး ဆွေးနွေးခဲ့ကြတယ်။ မောင် ထင်သ လောက် မခက်လှပါဘူးကွယ်။ အဖက်ဖက်က ပြည့်စုံလို့ သားမက် ဖမ်းချင်သူ များနေတဲ့ သူကိုမှ သက်ထားက မာန သွား ထိခဲ့ တာ ကိုး "ကိစ္စမရှိပါဘူး မသက်ထားဆွေ ကျနော့် မိဘတွေကို ပြောပြပြီး ဖျက်သိမ်း ခိုင်းပေးပါ့မယ်" တဲ့လေ။ ဖေဖေ ဆိုတာ စိတ် တွေဆိုး၊ ဒေါသ တွေ ထွက်လို့ သက်ထား နဲ့ တလလောက် မျက်နှာချင်း မဆိုင်ဘူး သိလား....နောက်နှစ်လလောက် ကြာတော့ သက်ထားလျှောက်ထားတဲ့ အလုပ်က ခေါ်စာရတာနဲ့ ဒီမြို့ကလေးကို ရောက်ခဲ့ရတာ၊ မေတ္တာဖြူ ဖောင်ဒေးရှင်း တဲ့ မောင် ကြားဖူးမှာပါ။ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို အခမဲ့ပညာရေး ပံ့ပိုးပေးနေတဲ့ ဖောင်ဒေးရှင်း လေး ပေါ့...ဒီလိုပါပဲ မောင်ရယ် မိဘ နဲ့ သားသမီး ဆိုတာ စိတ်ဆိုးလဲခဏပေါ့ မေမေကဆို အကြော်အလှော် အစားအသောက် တွေ အဝတ်အစား နဲ့ ဆေးဝါးက အစ လူကြုံ ရှိတိုင်း ထည့်ပေးတတ်တယ်။ ဖေဖေ့ဆီက စာလည်းပါတတ်သေးတယ် မောင်ရဲ့....ကျမ ဒီဘဝလေးထဲမှာ နေပျော်အောင် ကြိုးစားရင်း၊ရင်ထဲက အနာဖေး မတက်သေးတဲ့ ဒဏ်ရာကို ဇွတ်မေ့ရင်း၊ အသားတကျ ဖြစ်ပါပြီ လေလို့ ဟန်ဆောင်စာတွေ မောင့်ဆီ ရေးနေခဲ့မိ ပြန်လေသည်။
မောင် နေကောင်းရဲ့လား အလုပ်ရော ပင်ပန်းလားဟင်...သက်ထား အတွက် မပူနဲ့နော် သက်ထား အစစ အဆင်ပြေတယ် ပေါင်ချိန်တောင် တိုးလာတယ် မောင်ရေ....စာတွေ ဖတ်ရင်း ကျမ ပြုံးမိ ရပြန်လေသည်။ မောင်က...မောင်က ကျမကို စိတ်ပူ နေမတဲ့ လား...... ဘယ်လောက်များ ကြောင်လိုက်တဲ့ အရေးအသား ပါလိမ့်......
စွန့်သွားရက်ခဲ့သူကြီးရဲ့ အကြင်နာတွေကို မဖြစ်နိုင်မှန်း သိရက်နဲ့ အတွေးထဲ ဘာသာ ဖန်တီး ယူမိနေ ပြန်လေသည်။ ရူးနှမ်း မိုက်မဲတဲ့ ကျမပါပဲ...။
ဘာပဲဖြစ်ဖြစ် ပြောင်းလဲပစ်လိုက်ဖို့ ကျမ မကြိုးစားပါ...စာသင်ချိန် စားချိန် အိပ်ချိန် တွေရယ်၊ နုထွေး ကျမ အနားရှိချိန် တွေရယ်က လွဲလျှင် ကျမ၏ ကိုယ် စိတ် နှလုံး သုံးပါးစလုံး အား မောင့်ထံ ပုံအပ်လျက် ကျမ၏ နေ့ရက် ပန်းချီကားတို့ကို တကိုယ်တည်း စိတ်ကြိုက် ချယ်မှုန်း ရေးဆွဲ နေခဲ့လေတော့သည်။
***************************************
၂ နှစ်ခန့် ကြာသော်....ပြူတင်းဘေး သစ်ပင်ကိုင်းလေးထက် အဝါရောင် ငှက်ကလေး နှစ်ကောင်။ ကျမ အိပ်ရာက မထသေးပဲ ငှက်ကလေး နှစ်ကောင်ကို ပြုံးကြည့် နေမိသည်။
"One for sorrow, Two for Joy" တဲ့...ကျမ ပျော်ရတော့ မှာလားဟင်...ဒီနေ့ ကျမ နားရက်မို့ မနေ့ညက တော်တော်နှင့် မအိပ်ခဲ့ပေမဲ့ လူက ကြည်လင်လန်းဆန်းလို့ နေလေသည်
" ဆရာမရေ....ဆရာမ...လူကြုံပစ္စည်း ပါလာလို့ ကျမ တက်လာခဲ့လိုက်ပြီနော် "
" အေး အေး မတိုးရေ လာ လာ တက်ခဲ့ "
ပါးစပ်ကလည်း ပြန်ထူးရင်း အင်္ကျီ ဆွဲဆန့်၊ ထမီ ပြင်ဝတ်၊ ခေါင်းလဲဖီး တဆက်တည်း လုပ်ရင်း မတိုး ဆီက အထုတ်ကို လှမ်းယူလိုက်သည်။ မတိုး မျက်နှာက ရယ်ချင် ပက်ကျိ....။
နောက်ဖေး ကပြင်လေးဆီ ပြေးပြီး မျက်နှာ အမြန်သစ်၊ ပြီးမှ စာအိတ်လေးကို ပုံမပျက် ဖောက်သည်။ စာအိတ်လေးက ဖေဖေပို့နေကျ ဝါကျင့်ကျင့် Air Mail စာအိတ် မဟုတ်ပဲ အဖြူရောင် ပြောင်လေး ဖြစ်လေသည်။ စာအိတ်ထဲကနေ ဖဲကြိုး ပန်းရောင်လေး နှင့် လှပစွာ ထုတ်ပိုးထားသော အခွံမာ ဗူးကလေး တခု...။ ရုတ်တရက် ရင်ဘတ်ထဲက ရင်ခုန်သံ ကသောင်းကနင်းကို ကျမ အကျယ်ကြီး ကြားလိုက် ရလေသည်။
အဲဒီ ဗူးလေး အထဲမှာမှ ဖဲကြိုး ခရမ်းရောင်လေးနှင့် တွဲရက် ချည်နှောင်ထားသော မောင်းကွင်း လက်စွပ်လေး နှစ်ကွင်း....
အို.....ဒါ.....ဒါက ကျမ မောင့်ကို ပြန်ပေးခဲ့တာတွေလေ..... စာအိတ်လေးကို နောက်တဖက် လှန်ကြည့် လိုက်တော့မှ
"ဆင်းခဲ့ကွာ" တဲ့...... မောင့်လက်ရေး....ဟင့်အင်း ကျမ မယုံနိုင်သေးပါဘူး.....
ကျမ အိမ်ရှေ့ ဝရံတာဘက် ပြေးထွက်လို့ ငုံ့ကြည့် လိုက်တော့ မှ....ကွပ်ပစ်ပေါ်ကနေ အိမ်လေးပေါ်ကို လှမ်းကြည့်နေတဲ့မောင်.....
ကျမ အမြင်မမှားပါ...သေချာပါသည်... ကျမရဲ့ မောင်ရယ်လေ.....
ကျမ ကိုယ်တိုင်တောင် မသိလိုက်ခင် ကျမရဲ့ ခြေလှမ်းတွေက ခြေတံရှည်အိမ်လေးရဲ့ လှေကားတွေဆီ ပြေးအဆင်း.....
မောင်က မတ်တပ်ရပ်လို့၊ သူ့လက်နှစ်ဘက်ကို ဘေးမှာ ဆန့်တန်းလို့၊ အကြင်နာ ရင်ခွင် ခိုလှုံလိုသူလေး အတွက် ရင်ကိုဖွင့်လို့ ကြိုနေလေရဲ့........
ဘဝ အမောတွေ ပြေကြပါစေ...

မောင်ငယ် ဏီလင်းရဲ့ တက်ဂ် ပို့စ်လေးကြောင့် အချစ်ဝတ္ထုလေး တပုဒ် ကျမ ရေးဖြစ်ခဲ့ပါပြီ...။ အားမရတာတော့ အမှန်ပါ၊ ပြီးသွားလို့ ကျမ ဘာသာ ပြန်ဖတ်ကြည့်တဲ့အခါ စာတွေက နူးညံ့မနေပဲ နဲနဲတောင့်နေသလားလို့....။ အချိန်ပေးပြီးလာဖတ်ကြ၊ တခုတ်တရ ကော်မန့်ရေးသွားကြတာတွေ အတွက် ရင်ထဲကနေ ကျေးဇူးတင်ပါတယ်ရှင်...။
ဏီလင်းရေ...သတိတရ တက်ဂ်ထားလို့ ကျေးဇူး...၊ အမရဲ့ အားထုတ်မှု ညံ့နေခဲ့ရင်တော့ ခွင့်လွှတ်နော်....
Image Source : 123rf.com