သွေးမတော် သားမစပ်၊ တစိမ်းတရံစာ ယောကျာ်းကြီးတစ်ယောက်နဲ့ ခုလို
တစ်မိုးအောက်မှာ တစ်ဆယ့်နှနှစ်ကြီးများတောင် အတူတူနေရလိမ့်မယ်လို့
ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူးလို့ ကျွန်မက ပြောရင် ရှင်တို့ ဘယ်လိုများ
တုန့်ပြန်မှာပါလိမ့်။ ဒီငတိမ အူကြောင်ကြောင်နိုင်လိုက်တာလို့များ မှတ်ချက်ချလေမလားပဲ။ တကယ်...၊ ကျွန်မ တကယ်ပြောတာပါ။ ဒါဟာ စဉ်းစားလေလေ အံ့သြစရာကောင်းလေလေ။
အချစ်ဆိုတဲ့အရာ မပါဘဲနဲ့တော့ ဒါဟာ နည်းနည်းကလေးမှ မဖြစ်နိုင်တာပါပဲ။
သေချာတယ်။ သဘာဝကိုက မတူတာ၊ ခန္ဒာကိုယ်တည်ဆောက်ပုံကအစ ကွာခြားတာ။
ကြီးပြင်းခဲ့ကြရတဲ့ အသိုင်းအသိုင်း ပတ်ဝန်းကျင် အပေါ်မူတည်လို့
အကျင့်စရိုက်ပါ ခြားနားနိုင်သေးတာ။ အချစ်ကြောင့်သာ အရာရာကို
အလျှော့အတင်းလေးနဲ့ ကြည့်ပြီး လိုတိုးပိုလျှော့ ပေါင်းခဲ့ကြလို့သာ။
သူ့မှာ ကျွန်မ မကြိုက်တာတွေ ရှိနေသလို၊ ကျွန်မဆီမှာ သူမကြိုက်တာတွေက
အပုံအပင်။ လူသားတွေမို့ မပြည့်ခဲ့ကြတာ။ တော်ရုံ လိုအပ်ချက်လောက်ကတော့
အချစ်ကပဲ ဖြည့်ပေးလိုက်တာ။
အချစ်ဆိုတာ ကြိုးတပ်တူရိယာတစ်ခုသာဆိုရင်
ကြိုးညှိခြင်းအတတ်ကို ရှင်တို့ အင်မတန် စိတ်ဝင်စားဖွယ် တွေ့ကြရမှာ။
အလျှော့အတင်းကို လိုအပ်သလို ချိန်ပေးနေရတဲ့ ကြိုးကလေးတွေ၊ နားလည်မှု၊
စာနာမှု၊ အလိုက်သိတတ်မှု၊ သစ္စာ၊ မြတ်နိုးမှု၊ တန်ဘိုးထားမှု၊
လေးစားမှု.... ဆိုတဲ့ ကြိုး ကလေးတွေ၊ အများကြီးပါပဲ။ ပိုးကြိုးကလေးတွေလို
နုညံ့တာမို့ အတင်းအကြပ်ကိုင်တွယ်ဖို့ရာ လုံးဝ မဖြစ်နိုင်တာ။
လက်ဆုတ်လက်ကိုင်ပြလို့ မရတဲ့အရာ။ မှန်းဆကြည့်လို့လည်း မမြင်နိုင်တဲ့ အရာ။
သူ့အတွက်ဖျော်ပေးတဲ့
ကော်ဖီပူပူတွေကို သူမသောက်ခင် ဇွန်းဖျားလေးနဲ့ မြည်းစမ်းကြည့်တဲ့အထဲမှာ
အချစ်ရှိနေနိုင်တယ်။
သူ့အလုပ်အင်္ကျီတွေကို ဆန့်ဆန့်ပြန့်ပြန့်ဖြစ်အောင်
မီးပူတိုက်ရတဲ့အထဲမှာ အချစ်ရှိနေနိုင်တယ်။
ပိတ်ရက်တွေမှာ သူစားချင်တဲ့
ဟင်းစပ်တွေကို ချက်ပြုတ်ပြင်ဆင်နေရတဲ့အထဲမှာရော... အချစ်ရှိမနေနိုင်ဘူးလား။
အလုပ်ချိန်အတွင်း မိုးရွာနေတဲ့အခါ ဖိနပ်ရေစိုကြီးနဲ့ အကြာကြီး
မနေနဲ့နော်လို့ ဖုန်းထဲက မှာတတ်တဲ့ အသံမှာရော အချစ်ရှိမလား။
နေ့လည်က
ရုံးမှာ ဘာဟင်းတွေနဲ့စားခဲ့လဲလို့ မေးတဲ့ မေးခွန်းထဲမှာရော အချစ်
ရှိမနေနိုင်ဘူးတဲ့လား....။
ဒါနဲ့ အချစ်မှာ ဘယ်အရာက အရေးကြီးတာလဲ။ ကိုယ်က ချစ်ဖို့လား၊
အချစ်ခံရဖို့လား၊ အချစ်ကို ရဖို့လား၊ အချစ်ကို ရဖို့ ပြင်ဆင်နေချိန်လား....
အမေရိကန်ကဗျာဆရာ
Shel Silverstein ရဲ့ Moon-catchin' Net ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဆရာမဂျူးက
လကို ဖမ်းမဲ့ ပိုက်ကွန်လို့ ပြန်ဆိုတယ်။ ပြီးတော့ ဆရာမက ပြောတယ်။
လကိုဖမ်းတဲ့သူတိုင်းဟာ လကို မမိကြပါဘူးတဲ့၊ ဘေးနားက ကြယ်ကလေးကိုပဲ
မိတဲ့သူတွေလည်း ရှိသတဲ့။ ကြယ်ပဲဖြစ်စေ၊ လပဲဖြစ်စေ သူ့ကိုဖမ်းမိတဲ့သူအပေါ်
အလွန်ကြည်နူးချမ်းမြေ့မှုကို ပေးစွမ်းနိုင်တာချည်းပါပဲတဲ့။ တကယ်တမ်း
စိတ်ကို ကြည်နူးစေနိုင်ဆုံးအချိန်ကတော့ လကိုမိတဲ့ အချိန်မဟုတ်သလို
ကြယ်ကိုဖမ်းမိတဲ့အချိန်လည်း မဟုတ်ဘဲ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့
အချိန်ပဲ ဖြစ်နိုင်ပါသတဲ့။
ကျွန်မ စဉ်းစားမိပါရဲ့။ ချစ်သူ လ၀န်းကလေးကို ဖမ်းမိဖို့
ပိုက်ကွန်ရက်တဲ့သူဟာ ပိုက်ကွန်ရက်နေစဉ်အတွင်း ဘာတွေများ ကြည်ကြည်နူးနူး
ခံစားနေနိုင်ပါ့မလဲလို့ပေါ့။ ကျွန်မ ထင်ပါတယ်။ ချစ်သူရဲ့ အကြိုက်၊
ချစ်သူရဲ့ စရိုက်၊ ချစ်သူရဲ့ သွားပုံလာပုံ၊ ချစ်သူ သွားလေ့လာလေ့ရှိတဲ့
နေရာကလေးတွေ၊ ချစ်သူ သုံးစွဲတတ်တဲ့ အသုံးအဆောင် ဥပမာ လက်ကိုင်ပုဝါလိုမျိုး။
ဒါလေးတွေကို အသေးစိတ် လိုက်ကြည့်နေရင်း ဂရုတစိုက် မှတ်သားနေလေမလား။
ချစ်သူရဲ့ ပြုံးလိုက်ပုံ၊ မျက်လုံးကလေး ထောင့်ကပ်လိုက်ပုံ၊ ချစ်သူ
လမ်းလျှောက်တတ်တဲ့ ဟန်ကလေးက အစပေါ့။ တစွဲစွဲ တလမ်းလမ်းကြည့်ရင်း အတွေးထဲမှာ
ပြုံးချင် ပြုံးမိနေလိမ့်မယ်။ ချစ်သူဆီက တုန့်ပြန်မှုရဖို့၊ ချစ်သူဆီက
အဖြေကိုရဖို့ ချစ်သူ့အကြိုက်၊ ချစ်သူ့စရိုက်တွေ လေ့လာနေဆဲအချိန်၊
အဲဒီအချိန်ကို ပိုက်ကွန်ရက်နေတဲ့ အချိန်လို့ ဆိုလိုတာပေါ့။
ဒီနေရာမှာ ပိုက်ကွန်ရက်သူဟာ အမျိုးသားပဲဖြစ်နိုင်သလို အမျိုးသမီးလည်းပဲ
ဖြစ်နေနိုင်တာ။ ကျွန်မအတွက်တော့ သူက ပိုက်ကွန်ရက်လုပ်သူဖြစ်ပြီး ကျွန်မက
သူ့အတွက် လကလေးဖြစ်ခဲ့တာ။ ဒါမှမဟုတ် ကျွန်မက ကြယ်ကလေးတစ်စင်းလည်း ဖြစ်ချင်
ဖြစ်မှာပေါ့။ သူ့ရဲ့ ပိုက်ကွန်ရက်ချိန်တွေကို ကျွန်မ မေးကြည့်ချင်မိတယ်။ သူ
ခဲရာခဲဆစ် ရက်လုပ်ခဲ့ရတာလား၊ အလွယ်တကူပဲ ရက်လုပ်ခဲ့ရတာလား ဆိုတာကိုပေါ့။
သူ ဘယ်လိုဖြေမယ် လို့ ရှင်တို့ ထင်သလဲ။
တကယ်ဆို ကျွန်မအတွက်တော့ ပိုက်ကွန်ကလေးထဲ အဖမ်းခံလိုက်ရချိန်ကိုသာ
ပြန်ပြောနိုင်တော့မယ် ထင်ပါရဲ့။ ခုချိန်ထိပေါ့လေ။ ပိုက်ကွန်ကလေးထဲ
သာသာယာယာရှိနေတဲ့ လကလေးက ပိုက်ကွန်တစ်စင်းရဲ့ ဂရုတစိုက်
လုံခြုံထွေးပွေ့မှုတွေအတွက် ပိုက်ကွန်ကလေးကို ကျေးဇူးတင်ခြင်းများစွာနဲ့
တသက်လုံး ငြိတွယ်ခွင့်ရပါရစေလို့ တိုးတိုးလေး ပြောချင်တာ....။
သေချာတာတစ်ခုက လကလေးနဲ့ ပိုက်ကွန်တစ်စင်းပေါင်းစည်းမှုဟာ အချစ်ဆိုတဲ့ ကြိုးတပ်တူရိယာကို လှလှပပသံစဉ်တွေ ဖြာဝေစေခဲ့တယ် ဆိုတာ....။
***အချစ်နဲ့ ပတ်သက်လို့ ရေးတော့မယ်ဆိုရင် ကျွန်မအနေနဲ့ အတော်လေး အကြောလျှော့ရေးရတာ။ ကျွန်မမှာ အသိမိတ်ဆွေ များပြားတာနဲ့ အမျှ ကျွန်မစာတွေ (အထူးသဖြင့် အချစ်အကြောင်းပေါ့) ဖတ်ရင်း ကျွန်မမျက်နှာ ပြေးမြင်မိတဲ့အခါ အချစ်အကြောင်းတွေနဲ့ နည်းနည်းလေးမှ မလိုက်ဖက်တဲ့ ကဗျာမဆန်တဲ့ ကျွန်မကို သူတို့ တွေ့မိကြမှာ။ အဲဒီအခါ ရုပ်ကြမ်းကြီးနဲ့ နွဲ့သဟ လို့ မှတ်ချက်ချကြတော့မှာ။ တတ်နိုင်ပါဘူးလေ။ ရှေ့မျက်နှာ ရှေ့ထားရင်းပဲ ဇွတ်ရေးလိုက်ပါတယ်း) ခုလို အခါသမယမှာမှ အချစ်အကြောင်း ကျွန်မ မရေးရင် ဘယ်အခါများ ရေးဖြစ်ဦးမလဲနော်း) ဘယ်လိုပဲဆိုဆို လူတစ်ဦးတစ်ယောက်နဲ့ တစ်ယောက်အကြား ချစ်ခြင်းတရားဟာ ထားကောင်းတဲ့ အရာ မဟုတ်ပါလားရှင်....။ အားလုံးပဲ ချစ်ခြင်းတရားနဲ့ ထုံမွှမ်းနိုင်ကြပါစေ....။