Sunday, September 8, 2019

ဖန်ခွက်နဲ့ရေ

အတော်များများကိစ္စတွေမှာ ကျွန်မတို့တတွေက လူကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်ကြတာ များတယ်။ သိပ်တော်တဲ့၊ သိပ်လေးစားစရာကောင်းတဲ့လူတယောက်၊ သူပြောသမျှ ဆိုသမျှ ရေးသားလုပ်ကိုင်သမျှတွေက အများ သဘောကျတွေ၊ အများအားကျစရာတွေ၊ အတုယူစရာ စံနမူနာထားစရာတွေ ဖြစ်တယ်ဆိုပါတော့၊ သူ တကွက်တလေ ခြေလှမ်းမှား၊ အပြောမှား အဆိုမှားလည်းဖြစ်ရော ကျွန်မတို့တတွေ တခါတည်း ဟင် သွားတတ်ကြတယ်။ လူတယောက်အရည်အချင်းနဲ့ ပကတိလူပုဂ္ဂိုလ်ကို ကျွန်မတို့ ခွဲမြင်ဖို့ ခက်တတ်ကြတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးရာတွေမှာ၊ သူ့လူမှုရေးပိုင်းတွေမှာ အကျိုးအပဲ့ အကျအပေါက် ရှိတာနဲ့ သူ့မှာရှိသမျှတခြားအရည်အသွေးတွေအပေါ်မှာပါ နိမ့်ကျထိပါးတဲ့အထိ ဆွဲချလိုက်သလို ဖြစ်တော့တာပါပဲ။ ကျွန်မတို့ လူတယောက်အပေါ်ထားတဲ့ မျှော်လင့်ချက် သို့မဟုတ် ကိုးစားချက်က သူ့အရည်အသွေးတွေအပြင် သူ့ပါစင်နယ်ဖြစ်တဲ့ လူမှုရေးပိုင်းတွေမှာပါ ပါဝင်သက်ရောက်နေကြတာကိုး။ လူတွေကိုပေးနေကျ ဖျော်ဖြေရေးအပြင် ပုဂ္ဂိုလ်ရေးကိုးစားမှုကိုပါ သူ့အပေါ်မှာ တပေါင်းထဲချည်နှောင်ထားလိုက်တတ်ကြတယ်၊ ဒီတော့ အမှားမခံတော့ဘူး။ လူတွေကိုပေးနေကျ entertainmentလိုမျိုးက သူ့အပေါ်ယံလွှာမှာဆိုရင် ကျွန်မတို့က သူ မဖော်ပြချင်တဲ့ သူ့ရဲ့အမှောင်ဘက်ခြမ်း dark sideကိုပါ တူးဖော်လို့ရသမျှ တူးဆွကာ လှောင်ပြောင်ချင်တယ် မုန်းတီးချင်ကြတယ်။ ခါတရံ ခြေအလှမ်းမှားလို့ ဟန်ချက်ပျက်တဲ့အခါလည်း ရှိမယ်။ အကျင့်စရိုက်ဖြစ်နေလို့ ပြင်မရတာမျိုးလည်း ရှိမယ်။ ဒါကလည်း ရေရှည်မှာ သိသိသာသာကွဲပြားလာတတ်ပါတယ်။ အကျင့်စရိုက်ဆိုရင်လည်း အဲ့အပိုင်းလေးကို သူ့အထဲက နှုတ်ကြည့်ဖို့ ကျွန်မတို့ ကြိုးစားရင် မကောင်းဘူးလား။
ကျွန်မကိုယ်တိုင်လည်း ဖန်ခွက်ထဲက ရေကိုမကြည့်ဘဲ ဖန်ခွက်အပေါ် အာရုံစိုက်နေမိတတ်တာ များခဲ့ပြီ။ မျှမျှတတကြည့်တတ်ဖို့တော့ ကြိုးစားရတာပါပဲ။ လူဆိုတာ ပြီးပြည့်စုံခြင်းလို့ အဓိပ္ပါယ်ဖွင့်လို့မှ မရဘဲ၊ သိပ်မမျှော်လင့်မိဖို့ လိုတယ်၊ မှားတတ်တဲ့သဘာဝလည်း ရှိတော့ အမှန်ပေါ်ပြန်ရောက်အောင် လှမ်းနေသူ ဘယ်သူကိုမဆို နောက်တကြိမ်ဆိုတဲ့အခွင့်အရေး ပေးသင့်တယ်ဟုတ်လား....။ ကျွန်မက လူဆိုး လူကောင်းရယ်လို့ သတ်မှတ်ချက် မထားချင်ဘူး၊ ကောင်းတာလုပ်တဲ့သူ၊ ဆိုးတာလုပ်တဲ့သူ အဲသလိုတော့ ရှိမယ်။ ဒါပေမယ့် အမြဲကောင်းနေသမျှ တကြိမ်တခါ ဆိုးမိတာရှိသလို၊ အမြဲဆိုးနေကျကနေ ကောင်းလာတာမျိုးလည်းရှိမယ်။ အကြိမ်ကြိမ်ကောင်းနေရင်တော့ ပြောစရာသိပ်မရှိလှပေမယ့် အကြိမ်ကြိမ်ဆိုးနေရင်တော့ သူ့တရားသူစီရင်ပါလိမ့်မယ်။ 
တကယ်တော့ ဘဝဆိုတာဟာ ဘာမှမှ မဟုတ်ဘူးဘဲ...


ချစ်ကြည်အေး
၀၅၀၉၂၀၁၉

Wednesday, September 4, 2019

နှစ်သက်မိသောစာအုပ်ထဲက အကြောင်းအရာများ

အိတ်ဇိုးဒတ်စာအုပ်ထဲက ကိုယ်ကြိုက်တဲ့ နေရာလေးတခုအကြောင်း ပြောပြမယ်။ ထုံးစံအတိုင်း ဇာတ်ကောင်နာမည်တွေ ကိုယ် မမှတ်မိပြန်ဘူး။ ထားတော့ ဒါက အရေးလည်းမကြီးဘူး။ 
ဂျူးမိသားစုထဲက အရွယ်ရောက်လာတဲ့ ဂျူးလူပျိုကလေးကို အဖေလုပ်သူက တဖက်ရွာကို အသီးအနှံတွေ လှည်းပေါ်တင်ပေးပြီး အပို့ခိုင်းတယ်။ လမ်းမှာ အာရပ်လူမျိုးတစုရဲ့အနိုင်ကျင့်ခြင်း ခံလိုက်ရတယ်။ အသီးအနှံတွေယူ လူကိုထိုးကြိတ်လွှတ်လိုက်တယ်။ ဂျူးလူပျိုကလေးဟာ ဒဏ်ရာတွေနဲ့ အိမ်ပြန်ရောက်လာတယ်။ အမေဖြစ်သူက စိတ်မကောင်းဘူးပေါ့။ အဖေကတော့ ဘာမှမပြောဘူး။
ဒဏ်ရာသက်သာလာတဲ့အခါ အဖေဖြစ်သူက သူ့သားလူပျိုပေါက်ကို ကြာပွတ်ရိုက်နည်းသင်ပေးတယ်။ ကျွမ်းကျင်လာတဲ့အခါ အရင်ကလိုပဲ အသီးအနှံတွေလှည်းပေါ်တင်ပြီး တဖက်ရွာကို ပို့ခိုင်းပြန်တယ်။ ဒီတခါ ကြာပွတ်တချောင်းကိုပါ သားလက်ထဲ ဆောင်သွားစေတယ်။ အမေဖြစ်သူကတော့ စိတ်မချမြဲ စိတ်မချဖြစ်ပြီးကျန်ခဲ့တယ်။
ဟိုတခေါက်ကလိုပဲ လမ်းခုလပ်မှာ အာရပ်ကလေးတစုက အသီးအနှံတွေ လုယူဖို့ကြိုးစားတယ်။ ဒီတခေါက်တော့ ဂျူးလူပျိုကလေးဟာ သူတတ်ထားတဲ့ ကြာပွတ်ရိုက်နည်းကို ကောင်းကောင်းအသုံးချပြီး အာရပ်ကလေးတွေရန်က ကင်းလွတ်ခဲ့တယ်။ တဖက်ရွာကို အသီးအနှံတွေ ချောမောစွာ ပို့ဆောင်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
အိမ်ကိုပြန်ရောက်တော့ အဖေဖြစ်သူက သားကိုပြုံးကြည့်၊ အမေဖြစ်သူက ခုမှပဲ ဟင်းချနိုင်တော့တဲ့အကြည့်နဲု့ကြည့်တယ်။
ပြောချင်တဲ့ဇာတ်ကွက်က အဲတာလေးပဲ။
ကျွန်မတို့ ကိုယ့်ကလေးကို သူများက အနိုင်ကျင့်တဲ့အခါ မိဘတွေ ဘယ်လိုတုန့်ပြန်လေ့ရှိသလဲ?
နောက်တခါ ခံလာရင် သေမယ်
သူများလုပ်တာ ခံမလာနဲ့ ပြန်ချ
အဲသလိုတွေ များမယ်ထင်တယ်။
အပေါ်ကဇာတ်ကွက်နဲ့ ဘယ်လိုကွာဟမှုရှိနေလဲ...
ပြောချင်တာက ကလေးရဲ့စိတ်ထဲကို လက်တုန့်ပြန်တတ်တဲ့ ရန်မီးတစ ထည့်မပေးခြင်းကို ပြောပြချင်တာ။ သို့သော် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်ဆိုတဲ့ အသိကိုတော့ ကိုယ်လုံပညာသင်ပေးခြင်းနဲ့အတူ အလိုလိုသိနားလည်စေလိုက်တယ်။ လောကမှာ အဖြူထည်အတိုင်းရှင်သန်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကိုကာကွယ်တတ်ဖို့လည်း လိုအပ်သေးတယ်ဟုတ်လား။
တခါတလေမှာ ကျွန်မတို့လူကြီးတွေဟာ ကလေးတွေရဲ့စိတ်ကို ကိုယ့်အတ္တရဲ့အရောင်အတိုင်း စွန်းထင်းစေတတ်ကြတယ်။ မသိကြလို့ပဲဖြစ်စေ သိသိနဲ့ဖြစ်စေ နုနယ်တဲ့ကလေးတွေရဲ့စိတ်နှလုံးကို ပုံစံချပေးရက်သား ဖြစ်နေတတ်ကြတယ်။
သတိထားကြဖို့ သိပ်ကောင်းတယ်...


ချစ်ကြည်အေး
၀၆၀၈၂၀၁၉

"ကျကျမ်း"


ဒီစာကို အန်တီချစ်တို့လို လူလတ်နှောင်းပိုင်းတွေ လူကြီးတွေက ပိုပြီး ခံစားနားလည်နိုင်မယ် ထင်မိတယ်။
ကျကျမ်းအကြောင်း အရင်မပြောခင် တက်ကျမ်းအကြောင်း ပြောရအောင်၊ တက်ကျမ်းလို့ဆိုလိုက်ရင် ကြက်စွပ်ပြုတ်ကလည်း အတူတွဲပါလာစရာရှိတယ်။ ခု သိပ်ခေတ်စားနေတာပဲ၊ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ပေးတဲ့ သင်တန်းတို့၊ ဘဝလမ်းကြောင်း ပြောင်းလဲတိုးတက်ဖို့တို့၊ စီးယူအက်အပေါ်ထပ်တို့ ဘာတို့ အဲလိုတွေ ဟောကြ ပြောကြ သင်တန်းတွေဘာတွေတောင် ပေးလာကြတယ်။ ဘဝမှာ ဘယ်က စလို့ စရမှန်းမသိတဲ့၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ လူငယ်တွေအတွက်၊ နောက်တခုက ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေအတွက် ရည်ရွယ်ဟန်တူပါတယ်။ လူငယ်တွေအတွက် role model လိုအပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။ 
အန်တီချစ်တို့ ငယ်စဉ်တုန်းကတော့ ဒါမျိုးတွေ ဘယ်ရှိမလဲ။ ရှိလည်း ကိုယ်ဆိုရင်တော့ တက်ဖြစ်မယ်မထင်ဘူး။ လူတွေက အမျိုးမျိုးအစားစား ရှိတာကိုး။ နာခံတတ်တဲ့၊ နားထောင်တတ်တဲ့နား ရှိတဲ့သူတွေ ရှိသလို၊ ပုန်ကန်တတ်တဲ့ သူပုန်သွေးပါတဲ့ သူတွေလည်း ရှိတာလေ။ ကိုယ်က ဒုတိယအမျိုးအစားထဲ ပါတယ်။ စာကြည့်မလို့ လုပ်နေတုန်း ဟဲ့ နင် စာလေးဘာလေး မကျက်ဘူးလားဆိုရင် စာအုပ်ချပြီး စောင်ခြုံအိပ်ပစ်လိုက်တာ။ ကိုယ်စိတ်ပါနေချိန်ဆို ညလုံးပေါက် စာထိုင်လုပ်ရင် လုပ်နေဖြစ်တာ၊ အဲသလိုမျိုးအကျင့် ငယ်ကတည်းက ရှိတယ်။ ဒီလိုပြောလို့ လူကြီးမိဘစကား နားမထောင်ဘူးရယ်တော့ မဟုတ်ဘူး၊ နားထောင်ချင်လည်း ထောင်တယ်၊ ဒါပေမယ့် လုပ်ချင်မှလုပ်တာ။ အဲဒီတော့ ကိုယ့်ကို ဘာလုပ်ပါ ညာလုပ်ပါတွေ ကိုယ်က မကြိုက်ဘူး၊ အာရုံလာရင်တော့ လုပ်မယ် ဒါမျိုးပေါ့။ 
ငယ်တုန်းကတောင် အဲသလိုဆိုတော့ ခုလိုအသက်ကလေးရလာချိန် အရိုးရင့်လာတော့ ပိုဆိုးတယ်။ စိတ်ဓါတ်တွေပြုတ်ကျနေချိန်မှာ စိတ်ပြေလက်ပျောက် စာလေးဘာလေးဖတ်၊ ယူထျူ့လေးဘာလေးကြည့်နေလို့များ သင့်ကို ဘဝက သံပုရာသီးတလုံးပေးလာခဲ့ရင် သံပုရာရည်ဖျော်သောက်လိုက်ပါဆိုလို့က လခွမ်းပဲလို့ ထဆဲပြီး ပိတ်ပစ်လိုက်တာပဲ။ လက်တွေ့နဲ့သိပ်ဝေးတဲ့၊ မြေပြင်အခြေအနေနဲ့မနီးစပ်ဘဲ ဟိုမရောက်ဒီမရောက် ဖတ်ကောင်းရုံရေးထားတဲ့ ခွန်အားပေးစာလိုလို ဘာလိုလိုတွေကို ခံစားလို့မရဘူး။ ကိုယ့်မှာ ကြက်စွပ်ပြုတ်တအုပ် သူများလက်ဆောင်ပေးတာ ရဖူးတယ်။ လှန်တောင်မကြည့်ဖြစ်ဘူး။ ဒီအတိုင်း စာအုပ်စင်ပေါ် တင်ထားလိုက်တာပဲ။ အသုံးတည့်မယ့်သူ၊ ဖတ်ချင်သူရှိရင်တော့ ပေးလိုက်ရကောင်းမလား၊ ကိုယ် တနေ့ စာကြည့်တိုက်အငယ်စားလေး အိမ်မှာ လုပ်ဖြစ်ခဲ့ရင် ကလေးတွေဖတ်ဖို့ ထားရကောင်းမလားနဲ့ ဒီလိုပဲ သိမ်းထားဖြစ်တယ်။ ကြက်စွပ်ပြုတ်ဆန်ဆန်တွေ ပြောနေရင်လည်း သိတယ်၊ သူ တကယ် အပြင်မှာရော ဒီလိုလား၊ အပေါ်ယံတွေလား ဆိုတာ။ အသက်အရွယ်လေးရလာတော့ အပိုတွေလုပ်နေရင် သိတယ်။ လူအထင်ကြီးအောင် လုပ်ပြနေတာလား၊ တကယ့်စိတ်ထဲက လာတာလား ခွဲခြားသိတယ်။ ဘာကြောင့်လဲဆိုတော့ ပြောဖို့က လွယ်တယ်။ လက်တွေ့ကျင့်ဖို့ကျ ခက်တယ်။ အဲတော့ နားမထောင်တာများတယ်။ ကိုယ့်ပင်ကိုယ်စိတ်အရ သူပုန်သွေးပါသူမို့လည်း ဖြစ်မယ်။ ကိုယ်ထူကိုယ်ထစိတ် ပိုထက်သန်တယ်။ 
တကယ်တမ်းပစ်လဲနေတဲ့အခါ ဘယ်အရာကမှ ကိုယ့်ကို မထူနိုင်ဘူး။ ဘယ်လောင်းရိပ်အောက်မှာမှလည်း နေချင်သူမဟုတ်တဲ့အတွက် ကိုယ့်လမ်းကိုယ်ထွင်ရတာ၊ ကိုယ့်စိတ်ကိုယ်ထူရတာပါပဲ။ ကြာတော့ ကြာတာပေါ့။ ယူထျူ့မှာ ကိုယ်ကြည့်ဖြစ်တာတွေက စိတ်ပညာပိုင်းဆိုင်ရာတွေ၊ ဦးနှောက်အလုပ်လုပ်ပုံတွေ၊ စိတ်နဲ့ခန္ဓာဆက်နွယ် လုပ်ဆောင်ပုံတွေ၊ ဒါတွေကြည့်ဖြစ်တာများတယ်။ TedTalk မှာ အဲသလိုအကြောင်းအရာတွေ ပြောထားတာ အများကြီးရှိတယ်။ စိတ်ခွန်အားပေးတဲ့ဟာတွေထက် သိပံ္ပနည်းကျကျ လူအကြောင်း၊ လူ့စိတ်အကြောင်း ပြောတာတွေကို ပိုနားထောင်ဖြစ်တယ်။ ဒါတွေက ကိုယ့်အကြောင်း၊ ကိုယ့်ခန္ဓာအလုပ်လုပ်ပုံအကြောင်းကို ပိုသိလာစေတယ်။ စိတ်မှာ တခုခုထိခိုက်တာနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာတွေ အဆင့်ဆင့် ပြောင်းလဲသွားသလဲ၊ ဒါတွေကို မဖြစ်အောင် ဘယ်လိုနေရမလဲ၊ စိတ်ကျသွားတိုင်း ကိုယ်ပါ လဲမကျအောင် ဘယ်လိုလေ့ကျင့်ရမလဲ ဒါတွေက ကိုယ့်အတွက် လက်တွေ့ကျကျ ပိုအသုံးဝင်တယ်။ 
ထားပါတော့၊ ပြန်ချုပ်ရရင် ကိုယ့်မှာ တက်ကျမ်းတွေ ကြက်စွပ်ပြုတ်တွေကို အလားဂျစ်ရှိတဲ့အကြောင်း ပြောပြတာပါ။ 
ကျကျမ်းအကြောင်း ဆက်ရအောင်။ ကျကျမ်းဆိုတာ ဘုန်းကနဲပြုတ်ကျတဲ့ ကျကျမ်းကို ပြောတာမဟုတ်ဘူး။ ဘဝဟာ ဂငယ်ကွေ့တခုလို့ ဆိုခဲ့ရင် ကိုယ်တို့လိုအရွယ်တွေဟာ ဂငယ်ထိပ်အပေါ်ကို ကျော်လွန်ပြီး ဂငယ်ရဲ့ညာဘက် ကုန်းအဆင်းပိုင်းကို ရောက်လာခဲ့ပြီ။ အကျဘက်ကို ဦးတည်နေပြီ။ ကျန်းမာရေးအရရော အားအင်ပိုင်းအရရော ကျလာနေပြီ။
အရေးကြီးတာက ဘယ်လို ကျမလဲ…
အကျမြန်မြန်သွားမလား၊ ခပ်ဖြည်းဖြည်း သွားမလား၊ Aging ဟာ ရုပ်ပိုင်းဆိုင်ရာအရ တားနိုင်သလောက် အတိုင်းအတာတခုအထိပဲ တားနိုင်လိမ့်မယ်။ 👉 ကျန်တာတွေကတော့ နိစ္စဓူဝကိုယ့်ကျင့်စဉ်၊ နေထိုင်စားသောက်ပုံ၊ အတွေးစိတ်ကူး၊ ခံယူကျင့်သုံးပုံ၊ စိတ်အထားအသို ဒါတွေအပေါ် မူတည်ပြီး အနှေးအမြန်ကွာလိမ့်မယ်လို့ ကိုယ် ထင်တယ်။ အရေးအကြီးဆုံးက စိတ်အထားအသိုပဲ၊ စိတ်ထားတတ်ဖို့ စိတ်ကောင်းမွေးနိုင်ဖို့ အဓိကကျတယ်။ စိတ်ကောင်းတခုရဖို့ မနာလိုဝန်တို မလိုမုန်းထားစိတ်တွေ ကင်းမှဖြစ်မယ် 👈 အသက်ရှင်နေစဉ် နေနည်းထိုင်နည်းတွေကို ဘာသာတိုင်းက သွန်သင်ခဲ့ကြတာမို့ ဘာသာတရားရဲ့ ပဲ့ပြင်မှုတွေကတော့ လူတိုင်းမှာ ရှိကြလိမ့်မယ်။ ဒါတွေကို လက်တွေ့ နေ့စဉ်ဘဝထဲ ဘယ်လို ထည့်မလဲ၊ ဘယ်လို လေ့ကျင့်မလဲ....
ကျတာကတော့ လူတိုင်း တနေ့ ကျမှာပဲ။ ဘယ်လိုကျမှာလဲ၊ သက်သက်သာသာလေး ကျတတ်ဖို့တော့ လိုတာပေါ့….။
ဒါ ကိုယ် ပြောချင်တဲ့ ကျကျမ်းပဲ...


ချစ်ကြည်အေး
၂၂၀၈၂၀၁၉

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...