Showing posts with label ကြုံလာသမျှ ဘုံဘဝဝယ်. Show all posts
Showing posts with label ကြုံလာသမျှ ဘုံဘဝဝယ်. Show all posts

Monday, November 1, 2021

Untitled - 6

ကိုယ်ဟာ ဝတ်တာ စားတာ နေတာထိုင်တာ ကိန်းကြီးခန်းကြီး မနေတတ်ဘူး။ စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ်နေတတ်တယ်။ ပြောစရာရှိရင်လည်း တဲ့တိုး ပြောချလိုက်တတ်တယ်။ မျက်နှာပျက်ရပေါင်းများလာတော့ နည်းနည်းလေး ဆင်ခြင်တတ်လာတယ်။ မပြောခင် သူ့ဘက်က အရင်စဉ်းစားကြည့်ပေးတတ်လာတယ်။ အဲ့နောက်တော့ အများကြီး မပြောတတ်တော့ဘူး။ ပေါ့ပါးတယ်လို့လည်း မခံစားရေတာ့ဘူး။ သိမ်းထားတတ်လာတော့ လေးလာတဲ့သဘောနေမှာပေါ့။ 

ဝတ်တာစားတာနဲ့ပတ်သက်လို့ ရင်ထဲ မှတ်မှတ်ရရဖြစ်ခဲ့ဖူးတာလေး ရှိတယ်။

ကိုယ့်ကို ချစ်ခင်နေတဲံ ညီမတယောက်က ဝတ်စုံ တစုံချုပ်ပေးဖူးတယ်။ မြန်မာဝတ်စုံလေးပေါ့။ သူက ကိုယ့်ကိုယ်လုံးနဲ့ တိုင်းပြီး ကွက်တိချုပ်ပေးတာ။ ကိုယ် မြန်မာပြည်ရောက်တော့ သူ့အိမ်ကိုခေါ်ပြီး သေချာဝတ်ကြည့်၊ လိုတာပြင်ပေးပြီး ချက်ချင်း ခုပဲ ဝတ်သွားလိုက်တော့ လှတယ် ဆိုတာနဲ့ ကိုယ်လည်း ကိုယ်ဝတ်သွားတဲ့ အဝတ်အစားလေး ခေါက်သိမ်းပြီး သူချုပ်ပေးတာလေး ဝတ်ခဲ့လိုက်တယ်။ ချုပ်ပေးရတဲ့သူကလေး ကျေနပ်ပါစေတော့ပေါ့။

သူ့ဆီကနေ နောက်တဝိုင်း ချိန်းထားတဲ့ နေ့လယ်စာကို သွားရတယ်။ 


အဲဒီမှာ ဖြစ်ချင်တော့ ကိုယ်တို့ဘေးကဝိုင်းက မိတ်ဆွေတွေဖြစ်နေတယ်။ စာရေးသူတွေလည်း ပါတယ်။ ထုတ်ဝေသူလည်းပါတယ်။ ကိုယ် ချစ်ခင်လေးစားရတဲ့ စာရေးဆရာမကြီးတယောက်လည်း ပါတယ်။ ကိုယ်ရင်းနှီးနေတဲ့ စာရေးသူ ထုတ်ဝေသူအမတွေကို နှုတ်ဆက်ရင်း အဲဒီစာရေးဆရာမကြီးကိုပါ နှုတ်ဆက်ဖြစ်ပါတယ်။ ဆရာမကြီးက ကိုယ့်ကို တချက်ကြည့်ပြီး ပြုံးလိုက်သလိုလိုရယ်၊ ဒါပေမယ့် သူ ကိုယ့်ကို မနှစ်သက်သလိုမျက်နှာဟန်ရှိတာ ကိုယ္က မျက်နှာဖတ်တတ်သူပီပီ ချက်ချင်းပဲ သိလိုက်ပါတယ်။ အဝတ်အစားကို ကိုယ်လုံးနဲ့ကွက်တိဝတ်ပြီး အလုံးအထည်ပြချင်တဲ့ အမျိုးသမီးရယ်လို့ သူ ထင်သွားပုံပါပဲ။ ကိုယ္က အဲ့တုန်းက ပြည့်ပြည့်လေးလည်း ဖြစ်နေခဲ့တာ။ မြန်မာဝတ်စုံဆိုတာကလည်း ဖစ်တင်ချုပ်ဝတ်ရင်၊ ရင်တွေ တင်တွေက အရှိအတိုင်း ထွက်လာတာမျိုးကိုး။ သူ့မျက်နှာထားကြောင့် ကိုယ် နည်းနည်းတော့ ရှက်အန်းအန်းဖြစ်သွားတယ်။

 

ကိုယ့်ကို ခုမှသိသူဆိုတော့လည်း ထင်မှာပေါ့လေလို့ ဖြေတွေးလိုက်ပါတယ်။ 

ကိုယ်ဟာ ရင်တွေတင်တွေ ဘယ်တုန်းကမှ အတင်းထုတ်ပြတတ်သူ မဟုတ်မှန်း ကိုယ်နဲ့ပေါင်းဖူးသူတွေ သိလောက်ကြမှာပါ။ 

လူတွေကို အပေါ်ယံအဝတ်အစားလောက်ကြည့်ပြီး အကဲဖြတ်တတ်တယ်ဆိုတာကို ကိုယ်တိုင်ကြုံဖူးခဲ့ရတာပါပဲ။ တချို့လည်း ကိုယ့်ကိုကြည့်ပြီး အင်မတန် လူရည်လည်တယ်၊ ဟော့တယ် ထင်တတ်ကြတယ်။ ပေါင်းကြည့်မှသာ ငတုံးမှန်း သိသွားကြတာ။

ငယ်တုန်းကတော့ လည်ပင်းအဟိုက်ကလေးတွေ ဝတ္ဖူးပါရဲ့၊ ဖော်ချင်လို့ ပြချင်လို့ဆိုတာထက် လည်ပင်းအဟိုက်ကလေးဝတ်ရင် ပခုံးညှပ်ရိုးကလေးတွေ ပေါ်လာတာ လွလို့ ကြိုက်တာ၊ ဒါကြောင့် ဝတ်ဖြစ်တာပဲ။ ရင်သားဖော်ချင်လို့ ဘာညာ အဲလို မဟုတ်ခဲ့ဘူး။ လှတယ်ထင်လို့ ကြိုက်လို့ ဝတ်ခဲ့တာ။ 

ထားပါတော့လေ၊

ပြောချင်တာက ကိုယ္တို့ လူမှုအဖွဲ့အစည်းဟာ အပေါ်ယံအကာကို လျှပ်ကြည့်တတ်ကြတယ်။ ပြီးတော့ လိုရာဆွဲတွေးတတ်ကြတော့တာပဲ၊ အဲတာ သိပ်ခက်တာ။ ပြီးတော့ သူတို့လက်ကိုင်ထားတဲ့ မူတွေ စံနှုန်းတွေ ပေတံတွေနဲ့ တိုင်းကြတော့တာပဲ။

သူ့နေရာမှာ ငါသာဆိုရင် ဆိုတာမျိုး တွေးမိတတ်ကြတယ်ဟုတ်လား။

တကယ်တမ်း သူက သူ၊ ငါက ငါ

အချိန်တွေသိပ်အားနေရင် ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းပဲ တွေးနေ လုပ်နေစေချင်တာပါပဲ။ တဖက်သားအပေါ် စိတ်ဝင်စားမှုကလေး နည်းနည်းတော့ လျှော့ကြသင့်တယ်လို့ ထင်တယ်။ 

တကယ်တော့ လူ့လောကကြီးဟာ ဘာမှမဟုတ်တာတွေနဲ့ ရှုပ်ထွေးအောင်လုပ်နေကြတဲ့ နေရာကြီးပဲလို့ စိတ်ထဲ တွေးမိတယ်။ 

ချစ်ခြင်းမုန်းခြင်းတွေ အပါအဝင်ပေါ့၊ တကယ်တော့ ဘာမွကို မဟုတ်လှဘူးဘဲ

Tuesday, January 1, 2019

၂ဝ၁၈သင်ခန်းစာ

ကျွန်မအတွက် အများကြီးသင်ယူခဲ့ရတဲ့ ၂ဝ၁၈ပါပဲ။ 
အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာတွေ လူမှုဆက်ဆံရေးပိုင်းတွေ။ ကိုယ့်ကိုယ်ကို စိတ်ထားတတ်ဖို့၊ အစွဲသိပ်မကြီးဖို့၊ အတေးအမှတ် သိပ်မထားဖို့၊ သံယောဇဉ် မတွယ်တတ်ဖို့၊ ကိုယ့်တန်ဘိုးကို ကိုယ်နားလည်ဖို့ အကြိမ်ကြိမ် သတိပေးနေရတော့မယ်။ တယောက်ယောက်က အပျော်တမ်း လက်ကလေးနဲ့တောက်လိုက်ရုံလေးနဲ့ လဲကျမသွားဖို့၊ မခံစားသင့်တဲ့ကိစ္စတွေမှာ စိတ်နှစ်မခံစားဖို့၊ နာကျင်ဖို့မတန်တဲ့ကိစ္စတွေမှာ ကိုယ့်ကိုယ်ကို စိတ်အပင်ပန်းမခံဖို့...စိတ်ထဲရှိတာတွေ အကုန်မပြောတတ်ဖို့။ အများကြီး အများကြီး ဆင်ခြင်ဖို့တွေ...။ 
၂ဝ၁၉မှာတော့ ဘဝမှာ ကျန်နေသေးတဲ့အချိန်တွေအတွက် နေမှုထိုင်မှုအသစ်တခုထဲ တဆစ်ချိုး ဝင်ရတော့မယ်။ တော်လိုက်တာ ထက်မြက်လိုက်တာဆိုတာထက် လူကောင်းတယောက်အဖြစ် နေထိုင်တတ်ဖို့၊ ပတ်ဝန်းကျင်ရယ် အနည်းဆုံးကိုယ်နဲ့ ပတ်သက်ထိစပ်မိတဲ့ လူအနည်းငယ်ရယ် သူတို့တွေကို ကိုယ့်ကြောင့် စိတ်ရောကိုယ်ပါ နာကျင်ရတဲ့သူတွေမဖြစ်အောင် နေထိုင်တတ်ဖို့ ကြိုးစားရမယ်။ လျှော့ရမှာတွေ အများကြီးရှိနေတာကို လက်ခံရတယ်။ 
ကိုယ့်ကြောင့်နာကျင်ခဲ့ရသူတွေ ရှိမယ်။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေ ရှိမယ်။ ၂ဝ၁၉မှာတော့ နာကျင်စေမယ့်အရာတွေကို လွှတ်ချခဲ့တော့မယ်။ ကိုယ့်စိတ်ကလေး နေရာကျဖို့၊ ပျော်ရွှင်ပေါ့ပါးဖို့အတွက်နဲ့ တခြားလူစိတ်ကို ကစားစရာမလုပ်ကြပါနဲ့၊ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့ ပေါ့ပေါ့ပါးပါးကလေးဟာ တခြားသူအတွက် စိတ်မှာ ဒဏ်ရာရပြီး တသက်လုံးထမ်းရမယ့်ဝန် မဖြစ်ပါစေနဲ့။ တောင်းပန်ကြေအေးခြင်းဆိုတာ မာနကို နှိမ့်ချလိုက်တာမဟုတ်ဘဲ လူတိုင်းလုပ်နိုင်ခဲတဲ့ စိတ်အမွန်အမြတ်တခုဆိုတာ လူတချို့ကို သိစေချင်တယ်။
ဟိုးတုန်းက ကိုယ်အမြဲပိုင်ဆိုင်ခဲ့တဲ့ ကိုယ့်စိတ်အကြည်ဓာတ်ကလေးကို ပြန်လည်ရှာဖွေရယူမယ်။ အားလုံးကိုလည်း ရိုးရိုးသားသား ဖြူဖြူစင်စင် ပျော်စေချင်တယ်။ စိတ်ထဲရှိတာတွေ ချရေးဖြစ်ပြန်တယ်။ ဆင်ခြင်ရမယ့်အထဲ သူလည်းပါတယ်...။
အပိုင်းအခြားနဲ့ကန့်သတ်လိုက်လို့သာရယ်၊ တကယ်တော့ ၂ဝ၁၉ဆိုတာ ကျွန်မတို့ရနေကျ မနက်ဖြန်တခု၊ နေ့တနေ့အစပြုခြင်းတခုပဲ ဟုတ်လား...
ပျော်ရွှင်ကျန်းမာကြပါစေ..၂ဝ၁၉မှာ....


ချစ်ကြည်အေး
ဝ၁ဝ၁၂ဝ၁၉

နောက်နှစ်မှာ ဒီစာကို ပြန်ဖတ်ခွင့်
ကိုယ့်ကိုယ်ကို လုပ်နိုင်ခဲ့သလားဆိုတဲ့ ဆန်းစစ်ခွင့်
ရှိချင်ပါသေးတယ်....

Thursday, October 15, 2015

ငယ်ငယ်တုန်းက ပွဲကြိုက်ခင်ကျွန်မ

ကျွန်မက ဗဟန်းသူစစ်စစ်၊ စစ်တာမှ ဒေါ်ခင်ကြည်ဆေးရုံလို့လည်းခေါ်ကြတဲ့ တာဝါလိန်းဆေးရုံမှာ ကျွန်မကို  မွေးခဲ့တာ။ ဗဟန်းမှာ မွေး၊ ဗဟန်းမှာပဲ ကြီးခဲ့တယ်ဆိုပါတော့။ ဒါကြောင့် ကျွန်မက ဗဟန်းကို သံယောဇဉ်သိပ်ရှိတယ်။ မနက်မနက်ဆို ဈေးခြင်းတောင်းဆွဲပြီး အဖွားနောက်ကလိုက်ရတာ မှတ်မိတယ်။ ဗဟန်းဈေးထဲမယ် ဈေးမဝယ်ခင် ဈေးအထွက်ပေါက် (သံဖြူဆိုင်တန်းဘက်ထွက်တဲ့အပေါက်)နားကဆိုင်မှာ မြေးအဖွားတွေ ခေါက်ဆွဲသုတ်စားကြတာလည်း မမေ့နိုင်ဘူး။ အသုတ်ဆိုင်ဘေးက မုန့်လက်ဆောင်း မြေအိုးဆိုင်းထမ်းကြီးနဲ့ ရောင်းတာ၊ အဲတာလည်း သိပ်ကြိုက်တဲ့အထဲမှာ ပါတာပဲ။

အဲဒီတုန်းက ဈေးသည်တွေဟာ သိပ်သဘောကောင်းကြတာပေါ့။ ကြက်သွန်နီဥက အစ၊ ချဉ်ဖတ်အဆုံး အဆစ်ထည့်ပေးတတ်ကြတာမျိုး။ ဈေးအဝင်ပေါက် (ရွှေတိဂုံဘုရားအတက်ဘက်ကနေဝင်တဲ့အပေါက်) ကနေစဝင်မယ်ဆိုရင်တော့ ဘုရားပန်းဆိုင်တွေ၊ မုန့်အချိုဆိုင်တွေရှိတယ်။ အိုးလေးဒိန်ချဉ်တို့ ရွှေထမင်းတို့ မုန့်စိမ်းပေါင်းတို့ဆိုတာ သိပ်စားကောင်းတာပေါ့။
ကျွန်မငယ်ငယ်က ပွဲကြိုက်ခဲ့တဲ့အကြောင်းပြောမယ့်ဟာ ခုထိ ပွဲခင်းထဲ မရောက်သေးဘူး။ ဗဟန်းဈေး စားသောက်တန်းမှာတင် တဝဲလည်လည်ရယ်။ ဒီလိုနဲ့ဝယ်ခြမ်းပြီးသွားရင် ဆိုက်ကားလေးငှားပြီး မြေးအဖွားနှစ်ယောက် အိမ်ပြန်ကြတယ်။ ဈေးအလာလမ်းလျှောက် ဈေးအပြန်ဆိုက်ကားဆိုပါတော့။

ဟိုး ၃နှစ်လောက်က ကျွန်မအလည်ပြန်တော့ ဗဟန်းဈေးထဲ သွားလည်ခဲ့တယ်။ ဈေးကွဲချိန် နေအတော်မြင့်နေချိန်မို့ လူရှင်းနေခဲ့တယ်။ သားငါးတန်းထဲကိုဖြတ်အဝင်မှာ ထိန်းထားတဲ့ကြားက ကျွန်မ မျက်ရည်ကျမိခဲ့တယ်။ ကျွန်မငယ်ငယ်က အဖွားမို့ သားငါးတန်းဝင်ရင် ကျွန်မက လိုက်မဝင်ဘဲ အပြင်ဘက်ခပ်လှမ်းလှမ်းက ဆိုင်တစ်ဆိုင်ဆိုင်နားမှာ ရပ်စောင့်နေတတ်တယ်။ သားငါးတန်းထဲက အညှီနံ့တွေ ကျွန်မ မခံနိုင်ခဲ့လို့ပါပဲ။ ခုများတော့ သားငါးတန်းထဲကအဖြတ်မှာ ကျွန်မ ဘယ်လိုမှ မနေတော့ဘူး။ ကျွန်မဟာ အညှီတွေနဲ့များ အသားကျခဲ့ပြီလား.....။ တွေးမိလိုက်တဲ့ခဏမှာ ရင်ထဲ နင့်ကနဲခံစားလိုက်ရတာရယ်။

ဈေးတန်းထဲကထွက်လာပြီး ဘုရားတက်တော့လည်း ကျွန်မစိတ်တွေဟာ အတိတ်ဆီမှာ တလည်လည်ရယ်ပါပဲ။ ဘုရားကို အရှေ့မုခ်ကအတက် လမ်းတစ်လျှောက်ဆိုင်တွေမှာ အသိတွေချည်းပဲမို့ ဝင်နှုတ်ဆက်နေခဲ့ရသေးတယ်။ ကျွန်မအဖိုးအဖွားတွေဆီမှာလည်း ဆိုင်တွေရှိခဲ့ပါတယ်။ ဗဟန်းသူဗဟန်းသားအတော်များများဟာ ရွှေတိဂုံဘုရားမှာ ဆိုင်တွေရှိတတ်ကြပါတယ်။ စိတ်ပုတီးဆိုင်၊ ပန်းချီကားတွေ၊ ဘုရားစာအုပ်တွေ ရောင်းတဲ့ဆိုင်၊ ပန်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင် အဲသလိုဆိုင်တွေ ရှိတတ်ကြတယ်။

စကားမစပ် ကျွန်မအဖိုးရဲ့လက်ဖက်ရည်ဆိုင်အကြောင်း ပြောပြဦးမယ်။ အဖိုးက စေတနာကောင်းတယ်။ စိတ်ရင်းကောင်းတယ်။ ဆိုင်တွေတိုင်းမှာ လူငှားအလုပ်သမားတွေရှိတာမို့ ကျွန်မတို့ဆိုင်တွေက အလုပ်သမားတွေ အကုန်လုံးပေါင်းလိုက်ရင်  ဆယ်ယောက်နီးပါးရှိပါတယ်။ အဖိုးက နှစ်ကုန်ရင် အလုပ်သမားတွေကိုရော သူတို့မိသားစုတွေကိုပါ နိဗ္ဗာန်ကုတို့ဆိုပြီး အထက်မြန်မာပြည် ဘုရားဖူးပို့လေ့ရှိတယ်။ ခရီးစရိတ် စားစရိတ်အငြိမ်း၊ လှူဖို့တန်းဖို့ပဲယူလာကြဆိုပြီး အဖိုးက ပြောတတ်တယ်။ အဖိုးက နှုတ်မချိုဘူး။ ဒါပေမယ့် မိန်းမတော့ စွံသား။ အလုပ်သမားတွေကလည်း အဖိုးကိုချစ်ကြတယ်။ အဖိုးက ပါးစပ်ကပြောမနေပေမယ့် စောင့်ရှောက်သင့်တာ စောင့်ရှောက်တတ်တာမို့ လူတွေက ချစ်ကြတာ။ 

မှတ်မှတ်ရရ ကျွန်မ မှတ်မိနေသေးတယ်။ အဖိုးကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က မင်းသားလုပ်ဖို့လာခေါ်ဖူးတယ်။ အဲဒီခေတ်က မင်းသားကြီးဗိုလ်ဘကိုနဲ့ အဖိုးက ရုပ်ချင်းအတော်ဆင်တာကိုး။ အဖိုးက နှာတံပေါ်ပေါ် မျက်လုံးမျက်ဖန်လှလှနဲ့ပါ။ အဖွားကတော့ ရွက်ကြမ်းရေချိုလောက်သာပါပဲ။ မင်းသားလုပ်ဖို့ကို အဖိုးက ငြင်းပါတယ်။ ကျုပ်ဟာကျုပ် လက်ဖက်ရည်ဆိုင် ဖွင့်စားတာကမှ ဟုတ်ပါလိမ့်မယ်ဗျာ၊ မင်းသားလုပ်မှ ဟိုမရောက် ဒီမရောက်နဲ့ ဇော်ကန့်လန့်ဖြစ်နေပါဦးမယ် တဲ့။ ဒီလိုနဲ့ ကျွန်မလည်း မင်းသားမြေး မဖြစ်ခဲ့ရဘူးပေါ့။ 

ကျွန်မလည်း ဈေးအကြောင်း၊ ဈေးထဲကမုန့်တွေအကြောင်း၊ အဘိုးအကြောင်းပြောနေတာ များသွားပြီထင်ပါရဲ့။ ပြောပြချင်တဲ့ပွဲအကြောင်းက မရောက်နိုင်သေးဘူး။ ဒါပေမယ့် ပွဲအကြောင်းပြောမယ်ဆို ကျွန်မအဖိုးအကြောင်းက အဓိကပါရမှာကိုး။ ဒါကြောင့်လည်း အဖိုးအကြောင်း စကားထည့်စပ်ရပါတယ်။

ဒီလိုပါ။ ကျွန်မစွဲလန်းခဲ့ရတဲ့ပွဲအကြောင်းဆိုတာက ရွှေတိဂုံဘုရားတပေါင်းပွဲကြီးကနေ စပါတယ်။  ကျွန်မမှတ်မိတာကတော့   ရွှေတိဂုံဘုရားတပေါင်းပွဲကြီးဟာ နှစ်စဉ် မတ်လထဲမှာ ကျင်းပလေ့ရှိပြီး ဆယ်ရက် ဆယ့်နှစ်ရက် အဲသလောက်ကြာလေ့ရှိပါတယ်။
ကျွန်မတို့ကလေးတွေကတော့ တပေါင်းပွဲတော်ကြီး ဘယ်တော့စမလဲနားစွင့်နေရတာပါပဲ။ ပွဲတော်စတော့မယ်ဆိုရင် ကျွန်မတို့လမ်းတွေထဲ ဇာတ်ပွဲကြော်ငြာကားတွေ ဦးဆုံးလှည့်တော့တာပါပဲ။ ဒါဆိုရင် သိပြီ။ တပေါင်းပွဲတော်ကြီးမှာဖြင့် ဘယ်ဇာတ်တွေက ဘယ်နှစ်ည ကမယ်။ ဘယ်ဇာတ်တွေက ဘယ်နားမှာ ဇာတ်ရုံထိုးမယ်ဆိုတာတွေကိုပေါ့။ 

ကားပေါ်ကနေ ဝေပေးတဲ့ လက်ကမ်းကြော်ငြာထဲက မင်းသားမင်းသမီးပုံတွေ မြင်ရတာနဲ့တင် ဇာတ်ပိုးက အတော်လေးတရွရွဖြစ်နေခဲ့ပြီ။ ဘုရားပွဲမစခင် ကလေးတွေရော လူကြီးတွေပါ အပျော်စီးကြတဲ့ ချားရဟတ်တွေလာဆင်နေပြီဆို မြင်တာနဲ့တင် ပျော်နေခဲ့ကြပြီ။ ရဟတ်က နှစ်ခု အကြီးတစ်ခု၊ ဘေးနားမှာ အသေးက တစ်ခု၊ ပြီးတော့ ရုပ်ရှင်ရုံအသေးစားကလေးတွေ၊ သူက ကားထဲမှာ ဝင်ကြည့်ကြရတာ။ ကားနောက်ခန်းက လေးထောင့်အတုံးပုံ၊ လူတွေက ကားနောက်ခန်းထဲက ခုံတန်းလေးတွေမှာ မျက်နှာချင်းဆိုင်ထိုင်ကြရတယ်။ ကလေးတွေပဲ ကြည့်ကြတာရယ်ပါ။ ဆယ်ယောက်လောက်တော့ ဆန့်ပါတယ်။ ပြကာနီးပြီဆို အမှောင်ထဲမှာ မျက်နှာချင်းဆိုင်ခုံက သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အူမြူးကြရသေးတာ။ ပြတော့လည်း ကားနောက်ခန်းကို မျက်နှာမူထားတဲ့ ပိတ်ကားသေးသေးလေးပေါ်မှာ တုန်တုန်မှုန်မှုန်အရုပ်တွေကို ကြည့်ကြရတာရယ်။ ကားကလည်း အဖြူအမည်း တုန်ကလည်း တုန်၊ မှုန်ကလည်း မှုန်နဲ့။ ဒါပေမယ့် ပျော်ခဲ့ကြတာပါပဲလေ။

ပရိဘောဂဆိုင်၊ သင်ဖျုးဖျာဆိုင်၊  ရှင်မတောင် ရှမ်းခေါက်သနပ်ခါးတုံးတွေ ရောင်းတဲ့ဆိုင်၊ ဒန်အိုးဒယ်အိုးလို မီးဖိုချောင်သုံးပစ္စည်းဆိုင်၊ ကြိမ်နဲ့ယက်ထားတဲ့ တောင်း ပလုံးတွေ စကော စကာတွေ၊ ပခုက္ကူဘက်ကလာတဲ့ အညာစောင်၊ ခြင်ထောင်၊ အဝတ်အထည်ဆိုင်တွေအပြင် မုန့်ဆိုင်တွေပါရောက်လာပြီး ဆိုင်ခင်းကြပြီဆို ပွဲတော်ရက်နီးလာပြီလို့ ကျွန်မတို့ သိကြတယ်။ မျက်စိတစ်ဆုံး မျှော်ကြည့်လို့မှမကုန်တဲ့ဆိုင်တန်းကြီးတွေ တွေ့ရပြီဆို ကျွန်မတို့ကလေးတွေမှာ တခုန်ုခုန်ပျော်ကြရတယ်။  အေးအေးဆေးဆေး မုန့်လာစားချင်သူတွေက ပွဲတော်မစခင်မှာပဲ မုန့်ဆိုင်တွေဆီ ပွဲဈေးလျှောက်ရင်း တတန်တကလာစားကြရတယ်။ မုန့်သိုင်းခြုံ၊ မုန့်ရေပါး၊ မုန့်ချိုသွင်း၊ အောင်ဗလမုန့်၊ ကောက်ညှင်းကျည်တောက်၊ မုန့်ဆီကြော်၊ ထမနဲ၊ အညာသားကျောကုန်း၊ စလူမုန့် အို...စုံနေတာပါပဲ။

ဇာတ်ပွဲတွေသွင်းတဲ့ဇာတ်ရုံကြီးတွေဆိုတာ ပေါင်မုန့်လုံးအရှည်ကြီးတစ်လုံးလိုပဲ။ ခေါင်ကနေ ခုံးပြီး ဘေးနှစ်ဘက်ကို ဂငယ်ပုံခပ်ညီညီနိမ့်ဆင်းသွားတဲ့ ပုံမျိုး။ ဇာတ်ရုံရှေ့မျက်နှာစာမှာတော့ ဇာတ်ဆိုင်းဘုတ်အကြီးကြီးထဲမှာ ဇာတ်မင်းသား မင်းသမီးတွေကို ဇာတ်ဝတ်ဇာတ်စားနဲ့ မိတ်ကပ်အပြည့်နဲ့ ချောပေ့လှပေ့ဆိုတဲ့ ပိုစတာကြီးဆွဲပြီး တင်ထားတယ်။ ဇာတ်ရုံအဝင်မှာတော့ အဝင်ပေါက်နဲ့အထွက်ပေါက်ရယ်လို့ နှစ်ကန့်ခွဲခြမ်းထားပြီး အဝင်ပေါက်က ဝင်လိုက်တာနဲ့ ဘလက်ဘုတ်ကြီးပေါ်မှာ မြေဖြူနဲ့ ယနေ့ည ကပြမည့်အစီအစဉ်ဆိုတာကို ရေးထားတာ တွေ့ရမယ်။ ဇာတ်အစ ပထမဆုံးအဖွင့်မှာဆို အပျိုတော် ကန်တော့ခန်း၊ သူငယ်တော် ဒါတွေကနေ စဖွင့်တယ်။ ပြီးမှ အော်ပရာ၊ ပြဇာတ်၊ ပြဇာတ်ပြီးတော့ အားလပ်ချိန် ခဏပေးတယ်။ ပြန်စတဲ့အခါ ဝန်ကြီး လေးယောက်က မြို့တည်တာနဲ့စတာပဲ။ ပြီးတော့ နှစ်ပါးသွား၊ နောက်ဆုံးကျမှ နောက်ပိုင်းပြဇာတ်၊ နောက်ပိုင်းပြဇာတ်လည်းအပြီး မိုးလည်းအလင်း။ အဲသလို မိုးအလင်း ကပြကြတာ။

ကျွန်မမှာ အဒေါ်အပျိုကြီးနှစ်ယောက်ရှိတယ်။ သူတို့က ပွဲသိပ်ကြိုက်ကြတာ။ ကျွန်မက ကိုးနှစ်-ဆယ်နှစ်သမီးလောက်ရှိဦးမယ်ထင်ပါရဲ့။ သူတို့လက်ပေါ်မှာ ကျွန်မက ကြီးပြင်းခဲ့ရတော့ အဒေါ်အပျိုကြီးတွေက ကျွန်မကို သမီးလိုချစ်ကြတာ။ သူတို့ဘယ်သွားသွား ကျွန်မကို ခေါ်သွားလေ့ရှိကြတော့ အဲဒီမှာ ကျွန်မက ပွဲကြိုက်တတ်သွားတော့တာ။ အဖိုးက ဇာတ်ပွဲလက်မှတ်ကို ရှေ့နား အလယ်ကျကျမှာ ဖျာလေးချပ်စာ ပွဲစ-ပွဲဆုံးအတွက် တစ်ခါထဲဖြတ်ထားပေးတာပဲ။ အိပ်ရေးဆက်တိုက်ပျက်လို့မှ မကြည့်နိုင်တဲ့ညဆို ဆိုင်ကအလုပ်သမားမိသားစုတွေကို ပွဲလက်မှတ်ပေးပြီး ကြည့်ခိုင်းလိုက်တာမျိုး။

ကျွန်မအဒေါ်တွေ အများဆုံးကြည့်တဲ့ဇာတ်က ရွှေမန်းသဘင်ပါ။  သစ္စာမေတ္တာ ရွှေမန်းသဘင်ဇာတ်ပေါ့။ အဲဒီတုန်းက မင်းသားဝင်းဗိုလ်အရမ်းချော အရမ်းနာမည်ကြီးနေချိန်။ သူကတဲ့ ကျားမာယာဆိုတဲ့ဇာတ်က ယောကျာ်းက မိန်းမလိုအယောင်ဆောင်ပြီး သူကြိုက်တဲ့မိန်းကလေးကို ရအောင်ပိုးတဲ့ဇာတ်လို့ အကြမ်းမှတ်မိပါတယ်။ အဲဒီမှာ မိန်းကလေးလိုဝတ်ထားတဲ့မင်းသားဝင်းဗိုလ်ဟာ အစကတည်းက မိန်းမချောချောသူမို့ လှတာမှ မှုန်နေအောင်ကို လှတာပါ။ အမျိုးသမီးတွေ ဝက်ဝက်ကွဲစွဲလန်းခဲ့ကြတာပေါ့။ ကျွန်မအဒေါ်အပျိုကြီးတွေလည်း အင်မတန်ကြိုက်ခဲ့ကြတာလို့ မှတ်မိနေတယ်။ ပြဇာတ်ပြီးလို့ ခဏနားနေချိန် ဇာတ်နောက်ပေါက်ကိုသွားပြီး နှစ်ပါးသွားကတဲ့အခါ မင်းသားခေါင်းပေါင်းမှာပန်ဖို့ သစ်ခွပန်းသွားပေးခဲ့ကြတာ ကျွန်မ မှတ်မိတယ်။ မင်းသားက မိတ်ကပ်လည်းလိမ်းရင်း လာသမျှမိန်းကလေးပရိသတ်ကြီးကိုလည်း စကားတပြောပြောဧည့်ခံရတာပဲ။ 

ဇာတ်ရုံအနောက်ဘက်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတာပါ။ အဲဒီမှာ မီးရောင်အောက်မှာ မဟုတ်တဲ့ တကယ့်ဘဝတွေကို တွေ့နိုင်တာကိုး...


စိတ်ကဆက်ရေးချင်ပေမယ့် ဘလော့ဂါကျွန်မ အတော်လေးအိပ်ငိုက်နေပါပြီ။ နောက်နေ့မှဆက်ရေးပါရစေ :) 




Wednesday, January 8, 2014

မှန်ရာကို သစ္စာဆိုပါမည်….



ဂျီတော့ခ်လည်း မသုံးဖြစ်တာ ကြာလှပါပြီ။ မေးလ်ဝင်စစ်တာလောက်ရှိတော့တာပါ။ အရင်က အင်ဗိုက်ဇေးဘယ်လ်နဲ့ နေတတ်တာများပေမဲ့ ခု ဂူးဂယ်ဆိုင်ကယ်လ်ဆိုလား ဘာလား အဲဒါကြီး ဆိုင်းအင်ထားလို့ လူတွေမမြင်အောင် နေလို့မရဘူးဆိုပဲ။ ဆိုင်းအောက်လုပ်ကြည့်သေးတယ်။ ဒါပေမဲ့ ကျွန်မက အဲသလိုနေရာတွေမှာ အင်မတန်ညံ့တော့ကာ ဆိုင်းအောက်လုပ်လို့ ဘာမှ မဖြစ်ဘူး၊  အရင်အတိုင်းပဲ မြင်နေရတုန်းပဲလို့ ပြောတော့ ကျွန်မလည်း ဘာမှ ဆက်မလုပ်တတ်တော့ဘူး။ ဒါနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်နေ့ကတော့ လူတစ်ယောက် လာနှုတ်ဆက်တယ်။

 “ဟိုင်း ဆရာမ” တဲ့...။

ဘယ့်နှယ် ဟိုင်းစရာလား  ဒီအသက်နဲ့ ဒီအရွယ်ကိုလေ....။

“ဟုတ်ကဲ့ ပြောပါရှင့်”ဆိုတော့ “အစ်မက စာရေးဆရာမလား” တဲ့….

ဘုရားရေ ခက်တာပဲ။

“ဟုတ်ဘူးရှင့် ကျွန်မက စာရေးသူပါ”

သည်လိုပဲ ပြောရတာပလေ….

“ဟုတ်တယ်ရှင့် ကျွန်မက စာရေးဆရာမလေ၊ ဆရာ့ဆရာမပေါ့ အဟင်းဟင်းဟင်း” လို့ ပြောလိုက်လို့ကတော့ ၉၆ပါးရောဂါနဲ့မသေဘဲ အမြင်ကတ်ပုဒ်မနဲ့ ဘိုက်ဓါးထိုးခံ သေရမဲ့သဘောမှာ ရှိတယ်။

နောက်တော့ သူက အင်မတန်ကြီးမားလေးလံတော်မူထသော မေးခွန်းကြီးတစ်ခုကို ကျွန်မဇက်ပိုးပေါ် ဓါးတင်လို့ မေးတော်မူတယ်။

“အစ်မ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရေးပါသလဲ၊ အစ်မရေးတဲ့စာတွေက ဖတ်သူတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်စေမဲ့စာတွေ ရေးပါသလား” တဲ့

ဘုရား  ဘုရား ခုမှ ခက်တာပဲ

ကျွန်မလည်း ဖြေရခက်တာနဲ့ လူစုံတုန်းလေး အားလုံးသိရအောင် သစ္စာအဓိဌာန် အချက်ကြီး (၄)ချက်နဲ့  ဘလော့ဂ်ပိုစ့်လေးတင်ရင်း ပြန်ဖြေလိုက်ပါတယ်။ မှန်သားကြကုန်….။

(၁)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအပေါ် ကျေးဇူးပြုပါမည်ဟု သစ္စာမဆိုဖူးချေ။ (နောင်လည်း ဆိုလိမ့်မည် မဟုတ်)

(၂)
ကျွန်မသည် ငါ၏ကလောင်တစ်လက်ဖြင့် မြန်မာစာပေလောကကြီးအား မြှင့်တင်အံ့ဟု တစ်ခါမှ ပြက်လုံးမထုတ်ဖူးချေ။  (နောင်လည်း ထုတ်လိမ့်မည် မဟုတ်)

(၃)
ကျွန်မသည် ငါ၏ကလောင်သွားဖြင့် မြန်မာစာပေလောကကြီး ဖိန့်ဖိန့်တုန်သွားအံ့ဟုလည်း တစ်ခါမျှ မကြွေးကြော် (နောင်လည်း ကြွေးလိမ့် ကြော်လိမ့်မည် မဟုတ်)

(၄)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် အများသူငါ မြန်မာပြည်သူပြည်သားအပေါင်းတို့အား နားကလော်၊ မျက်စေ့ဖွင့်ပေးမှ တော်ပေအံ့ဟုလည်း တစ်ခါမျှ မြွက်တော်မမူ (နောင်လည်း မြွက်လိမ့်မည် မဟုတ်)

ဆိုရလျှင် ဒါဖြင့် ဘဇာကြောင့် စာတွေရေးနေရပါသနည်းဟု မေးချင်ကြပေလိမ့်မည်။ ဖြေရှင်းပြောပြ ခွင့်ပေးကြပါကုန်။

ကျွန်မသည် လူတွေထဲက လူတစ်ယောက်ပီပီ နေ့စဉ်နေထိုင်သွားလာစားသောက်ရာမှ တွေ့သမျှ 
မြင်သမျှသော ပတ်ဝန်းကျင်၌ ဝင်စားပါသည်။ (အာရုံ ဝင်စားသည်ဟု မှတ်ပါလေ)

ထိုအခါ နှလုံးသားရှိသူပီပီ မိမိနှလုံးအိမ်သို့လာရောက်ရိုက်ခတ်လာသမျှတို့အား မသိစိတ်နှင့်ရော သိစိတ်နှင့်ပါ သိုမှီးသိမ်းဆည်းထားမိလေသည်။ ထိုသို့ သိမ်းဆည်းထားသည်များ လွန်စွာ များပြားလာလတ်သော် ကွန်ပြူတာကိုဖွင့်၊ ကီးဘုတ်ကိုကိုင်ဆွဲ၍ ဖွင့်အန်ထုတ်သည်ရှိရာ ဤသည်ကို စာရေးခြင်းအမှုပြုသည်ဟု ဆိုကြပေအံ့။

အကိုးအကားနှင့် ထပ်၍ရှင်းပါမည်။ 

တောင်မြို့ဆရာတော်ကြီး ဟောဖူးသည်။ လူတွေဟာ နူနာရောဂါသည်တွေဖြစ်သတဲ့။ 

အဲသည်နူနာတွေက အချိန်တန်တော့ ယားလာလိုက်၊ ရုပ်ရှင်လေးကြည့်ပြီး အယားဖြေလိုက်….

အဲသည်နူနာတွေက နောက်တစ်ခါ ယားလာပြန်တော့ အယ်လ်ဗီအိတ်ဒေါ်လာ၂ထောင်လေး ပြေးဝယ်ပြီး အယားဖြေလိုက်…..

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့ကာ ရှော့ပင်းလေးထွက်လိုက်၊ ကားကလေး ဝယ်စီးလိုက်၊ အောလ်စတားလေး ဝယ်ဝတ်လိုက်…….၊ စီးဖုလေး စားလိုက်…..၊  ဘာဘီလေး ကျူးလိုက်….

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……
အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……

အင်း….သည်လိုနဲ့ပဲ တဏှာက ကြိုးဆွဲတဲ့နောက် တကောက်ကောက်လိုက်ရင်း မဆုံးနိုင်အောင် အယားဖြေကြရသတဲ့။

ဒီလိုပဲ…..ကျွန်မလည်း…..
ပတ်ဝန်းကျင်က မြင်သမျှ ကြားသမျှ ခံစားရသမျှ မတော်မတဲ့တွေရော တော်တော်တဲ့တဲ့တွေပါ ရင်ထဲ သိမ်းဆည်းထားရာက များလာလို့ လည်ပင်းဝရောက်လာတဲ့အခါ အန်ထုတ်ချလိုက်၊ စာတွေဖြစ်သွားလိုက်၊  ရင်ဖွင့်ချလိုက် စာတွေဖြစ်သွားလိုက်နဲ့….။  သည်လိုပဲ တော်ရာမှာ လူမြင်နတ်ကြား အယားဖြေနေရတာ။

ပထမဦးဆုံး ၂၀၀၉ခုနှစ်မှာ ဘလော့ဂ်လေးစဖွင့်ပြီး စာတွေရေး အယားဖြေခဲ့ရာက ခုတော့ စာအုပ်လေးတစ်အုပ် (ဝတ္ထုတိုပေါင်းချုပ်ကလေးပါ) ထုတ်ပြီး အယားဖြေရတဲ့အထိ နူနာရောဂါက သည်းလာခဲ့ရပြီ။ ဒီနူနာရောဂါ ရှိနေသမျှတော့ ရှေ့ဆက်လို့ ယားသမျှကိုလည်း သည်လိုပဲ ကုတ်ရ ဖဲ့ရဦးတော့မှာပဲ။

ကိုင်း  ဘာမေးချင်ကြသေးသတုန်း….

Wednesday, July 4, 2012

အိမ်လွမ်းတဲ့ စိတ်...

"သမီးရေ...နင့်မောင်လေးကလေ နောက် နှစ်လ သုံးလလုပ်ပြီးရင် ပြန်လာတော့မယ်၊ သူ ဟိုမှာ မပျော်ဘူးတဲ့"လေ။  ရင်မောရပါသည်။ အမေနှင့်ဖုန်းစကားပြောအပြီး လေးလံနေသော ခံစားချက်က ကျွန်မထံမှာ ရက်အတန်ကြာ စွဲငြိလျှက်နေလေသည်။ " ပြန်မလာပါနဲ့ဦး၊ နေပါဦးမောင်လေးရယ်" ကျွန်မ စိတ်ထဲက ပြောနေမိသည်။ ဒီမောင်လေးက ကျွန်မမောင်အငယ်ဆုံးလေး။ ကျွန်မနှင့် ခင်ပွန်းသည်က သူ့အတွက် လိုအပ်တဲ့ စရိတ်စကတွေ အကုန်အကျခံပြီး အာရပ်နိုင်ငံတစ်ခုဆီ ပို့ခဲ့တာ ဖြစ်သည်။ ခုဆိုရင် ရှစ်လထဲ ရောက်ပြီ။ အရင်းတောင်မှ ကျေအောင် မလုပ်ဘဲ မောင်လေး ပြန်သွားခဲ့ရင် ခင်ပွန်းသည်ကို ကျွန်မ မျက်နှာပူရမည်လေ။ သူကတော့ ဘာမှ ပြောမည်မဟုတ်ပါ၊ ဒါပေမဲ့ ကျွန်မမောင်နှမတွေအတွက် သူ ကူညီပံ့ပိုးပေးတာတွေ များလှလို့ ကျွန်မအားနာလှပါပြီ။ လင်ရယ်မယားရယ်ပေမဲ့ ကိုယ့်ဆွေကိုယ့်မျိုးကြောင့် ထမ်းရသော ၀န်ပိုးအတွက် ကျွန်မ သူ့အပေါ် အားနာပါသည်။ ဒီကြားထဲ အိမ်အပြန်မလှဘဲ၊ အရင်းမကျေဘဲ ပြန်သွားဦးမည်ဆိုလျှင် ကျွန်မ ပိုလို့တောင် စိတ်မသက်မသာ ဖြစ်ရဦးတော့မည်။ သို့သော် ပြန်မလာပါနဲ့ဦးမောင်လေးရယ်လို့  သူ့ကို မပြောရက်ပြန်ပါ။

တကယ်တော့ မောင်လေးက မငယ်တော့ပါ။ အသက် ၂၄ ထဲမှာ။ ဆယ်တန်းအောင်ပြီး ကျောင်း ဆက်မတက်တော့ဘဲ အလုပ်ပဲ လုပ်မယ်ဆိုတာနဲ့ အာရပ်နိုင်ငံတစ်ခုဆီ သူ့အဆက်အသွယ်နှင့်သူ ရှာကာ သွားခဲ့ခြင်းပါ။ ကျွန်မတို့က လိုအပ်သော ငွေရင်းလေး ထုတ်ပေးခဲ့ရုံသာ။ အဖေဆုံးစဉ်က မောင်လေးမှာ ၁၁နှစ်သားသာ ရှိသေးသည်။ အဖေ့အုပ်ထိန်းမှုမရဘဲ ကြီးပြင်းခဲ့ရသော မောင်လေး၊ ပျက်စီးမသွားဘဲ လိမ္မာနေတာကိုပဲ ကျွန်မ ၀မ်းသာရသည်။ သူ လူဖြစ်လာချိန်မှာ ကျွန်မနှင့် အထက်အောက် ညီမက နိုင်ငံရပ်ခြားမှာမို့ သူ့ကို အဝေးကပဲ လှမ်းဆုံးမစကားဆိုရသည်။ လူပျိုရွယ်ရောက်လာသည့်တိုင် မကြီး...သားကလေဟု သူ့ကိုယ်သူ ညွှန်းကာ ပြောတတ်သော ကလေးသာသာ မောင်လေးအတွက် ကျွန်မ အမြဲ စိတ်ပူခဲ့ရသည်။

မောင်လေးအထက်က နို့ညှာ ညီမလေး၊ သူကတော့ ကျွန်မနဲ့ တစ်မြေထဲ တစ်ရေထဲမှာ။ ညီမလေး ဘွဲ့ရပြီးချိန်မှာ ကျွန်မရှိရာခေါ်ကာ ကျောင်းဆက်တက်စေခဲ့ပြီး ဒီမှာပဲ အခြေချစေခဲ့သည်။ ကျောင်းပြီးတော့ ညီမလေးက အိမ်ထောင်ရက်သားကျကာ ချစ်စဖွယ်သမီးငယ်လေးတစ်ဦး၊ ကြင်နာတတ်သော ခင်ပွန်းသည်နှင့် မိသားစုဘ၀လေးတစ်ခု သာသာယာယာရှိနေသည်။ သို့တိုင်အောင် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြသော အိမ်ထောင်အတွက် ကလေးထိန်း မဖြစ်မနေ လိုအပ်သောကြောင့် အိမ်အကူမိန်းကလေးတစ်ယောက် ခေါ်ထားရာက တစ်ယောက်နှင့် အဆင်မပြေ၊ နောက်တစ်ယောက် ထပ်ခေါ်နှင့် ငွေကုန် စိတ်မော။ အိမ်ကလည်း ငှားနေကြတာမို့ ခြောက်လ၊ တနှစ်တန်လျှင် နောက် အိမ်သစ်ရှာပြောင်း။ အဲဒီလို မောစရာလေးတွေတော့ နည်းနည်းပါးပါး ရှိနေသေးသည်။ သို့ပေမဲ့ ကျွန်မနှင့် နီးသော တစ်မြေတည်းမို့ သူ့အတွက် စိတ်ပူရတာက နည်းပါသည်။

သူ့အထက်က တစ်ယောက်ကတော့ အမေနှင့်အတူ အမေ့သည်းညည်းခံကာ အမေဝေယျာဝစ္စ ကိစ္စကြီးငယ်တို့ကို လုပ်ပေးနေရှာသော ကျွန်မညီမ အလတ်မ ဖြစ်သည်။ သူက အိမ်ရှေ့မှာ စတိုးဆိုင်လေး ဖွင့်ရင်း အေးအေးလူလူ အဆင်တပြေ။ ကလေးနှစ်ယောက်နှင့် အိမ်အလုပ်၊ ဆိုင်အလုပ်တွေနှင့်မို့ မောတော့ မောရှာမည်။ သူ အမေ့နားမှာ ရှိနေ၍သာ ကျွန်မ စိတ်ချလက်ချရှိရသည်။ အမေ့ကျန်းမာရေး၊ အဖွားကျန်းမာရေး၊ အိမ်ချက်ရေးပြုတ်ရေး၊ ဆိုင်ရောင်းရေးဝယ်တာ အစစအရာရာ သူပဲ သိမ်းကျုံးလုပ်နေရှာသော၊ ဘ၀မှာ ဘာမှ ကြီးကြီးမားမား မျှော်လင့်မထားဘဲ တောင်းဆိုချက်တွေ နည်းလွန်းလှသော ညီမမို့ ကျွန်မ အသနားပိုမိရသော ညီမလည်း ဖြစ်ပါသည်။

အဲဒီညီမအထက်က ကျွန်မမောင် အကြီးကောင်။ သူက ဥရောပနိုင်ငံတစ်ခုမှာ သူ့မိသားစုနှင့် သူ။ အကြီးကောင်က အဖေ့အဆော်ပလော် အဆုံးအမ ကောင်းကောင်းမှီလိုက်သူ။ အနေအေးပြီး ငယ်ငယ်ကတည်းက ပြန်မပြော နားမထောင်တတ်သူ။ သူ့မှာ သားကလေး နှစ်ယောက်ရှိသည်။ တစ်ရက် ကျွန်မတို့ မောင်နှမတွေ ဂျီတော့ကနေ စကားပြောကြရင်း ဗီဒီယိုချက်လုပ်ကြတော့ သူ့သားအကြီးကောင် ပြောနေသော အနောက်တိုင်းစကားတွေအတွက် ကျွန်မတို့မှာ ရယ်မောမဆုံး။ လူသေးသေး စကားကြီးကြီး ပြောနေတာမို့ပင်။ ကံကောင်းတာက သားအကြီးကောင် မှာ မြန်မာပြည်မှာမွေးပြီး ကိုရင်ဝတ်ဖူးပြီးခဲ့ကာ မြန်မာလို ကောင်းကောင်းတတ်တာမို့သာ စိတ်အေးရသည်။ ဟိုကျမှမွေးသော အငယ်ကောင်အတွက်သာ ကျွန်မ ပူရသည်။ ကျွန်မက တူ တူမလေးတွေ ကို မြန်မာစာ၊ မြန်မာ စကားတော့ ကောင်းကောင်းတတ်စေချင်သည်။ နီးစပ်ရာ ဘုန်းကြီးကျောင်းပို့ဖို့၊ အိမ်မှာ မြန်မာလိုပဲ ပြောကြဖို့ သတိပေးရသည်။ အရွယ်လေး နည်းနည်းရလာလျှင် မြန်မာပြည် ပြန်ပို့ပြီး ကျန်သော ၀မ်းကွဲကလေးများနှင့် တွေ့ဆုံစေချင်လှသည်။

နောက်တစ်ယောက်ကတော့ ကျွန်မနှင့် အထက်အောက် တစ်နှစ်သာ ခြားသော ညီမအကြီးမ ဖြစ်သည်။ သူက ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရရှာသူ။ သူ့အမျိုးသားဆုံးသွားပြီး သမီးတစ်ယောက်၊ သားတစ်ယောက်လက်ကိုဆွဲကာ ဘ၀ကို ရုန်းကန်နေသော ညီမ။ အစိမ်းရောင်ကဒ်ပြားရပြီး မိသားစုလိုက် အနောက်နိုင်ငံတစ်ခုမှာ သွားရောက်နေထိုင်သူ။ ထိုတူ တူမလေးများအတွက်လည်း ကျွန်မ ပူရသည်။ အတန်းကြီးမှ သွားရသောကြောင့် မြန်မာစာ၊ စကား တတ်ကြသော်လည်း ဘာသာမတူ၊ ယဉ်ကျေးမှုမတူ၍ စရိုက်ကွဲပြားသော ရွယ်တူကလေးများထံမှ အတုခိုးမှားမှာ ကျွန်မ အလွန်စိုးရိမ်မိပါသည်။ ပြီးတော့ ညီမရဲ့ ကျန်းမာရေး။ သူက သိတ်အကျန်းမာကြီးထဲကတော့ မဟုတ်ပါ။ သို့သော် ကျွန်မထက် စိတ်ဓါတ်ခိုင်မာသူပီပီ သူ့ကလေးနှစ်ယောက်အတွက် ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုသော စိတ်နှင့် သွားနေသူ။ သူ့ကလေးနှစ်ယောက်သာ သူ့အတွက် မောင်းနှင်အား ဖြစ်လေသည်။

နောက်ဆုံး ကျွန်မကိုယ်တိုင် အာရှနိုင်ငံငယ်လေးထဲမှာ။ ကိုယ့်တိုင်းကိုယ့်ပြည်နှင့် ဝေးလံစွာ။ သားသမီးမရှိသော ကျွန်မတို့နှစ်ယောက်အတွက် တစ်ယောက်ကသာ ကျန်တစ်ယောက်အတွက် အားအင်ဖြစ်လေသည်။ တခါတရံ ခင်ပွန်းဖြစ်သူ အလုပ်ရှိတဲ့ရက်တွေမှာ ကျွန်မတစ်ယောက် ထဲ နေ့လည်စာ စားဖြစ်တဲ့နေ့တွေဆို စိတ်တွေ အတော်လေး လေးလံနေလျှက်။ ထမင်းဟင်းပူပူကို အေးစက်ခြောက်သွေ့နေတဲ့ စိတ်တွေဦးဆောင်ပြီး စားနေရတဲ့အခါ အရသာဆိုတာကို ခံစားလို့ မရနိုင်တော့ပါ။ ဟိုးအရင် အဖေရှိစဉ်က ညနေစာတွေဆို မိသားစုစုံအောင် စောင့်ပြီးမှ စားတတ်တဲ့ အဖေ့ကို အပြင်းအထန် သတိရမိနေတတ်သည်။ အဖေသာရှိရင် သားသမီးတွေ ခုလို တကွဲစီဖြစ်နေတာ အဖေ ဘာများပြောမလဲ ကျွန်မ သိချင်မိသည်။

တကွဲတပြားစီဖြစ်နေသော မောင်နှမတစ်တွေအကြောင်းကို တွေးမိတိုင်း ကျွန်မ စိတ်မကောင်းပါ။ ဘယ်သူကမှ ခုလိုတကွဲတပြားစီနေကြဖို့ ဖိအားပေးနေတာမှ မဟုတ်ဘဲဆိုပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်။ ကျွန်မတို့မိသားစုက သာမန် လူတန်းစားသာမို့ စားဝတ်နေအတွက် ပိုမိုအာမခံချက်ရှိသော နေရာတွင် နေရပါလိမ့်ဦးမည်။ တော်ရာမှာနေရင်း ဘယ်တော့ပြန်ကြမလဲဆိုတာကို ဆုံးဖြတ်နိုင်ကြဖို့ နားစွင့်ရသည်။ မြင်သာသော အပြောင်းအလဲတစ်ချို့ကို တွေ့နေရပြီ။ သည်အတွက် အားလုံးနည်းတူ ကျွန်မ ၀မ်းသာရသည်။ အားလုံး အဆင်တသင့်ရှိမှ ပြန်ဖို့ရာလည်း စိတ်က မလုံချင်။ ကိုယ့်တိုင်းကိုယ်ပြည်မှာပဲ ခေါင်းချမယ်ဆိုပြီး သေခါနီးမှပြန်ကာ ကိုယ့်မြေ အရိုးလေးတာပဲ အဖပ်တင်တာမျိုးလည်း မဖြစ်ချင်။ သို့သော် သင့်တော်သည့် အချိန်တော့ စောင့်ချင်သေးသည်။

မိတ်ဆွေတစ်ချို့ ပြန်ကုန်ကြပြီ။ တစ်ချို့လည်း ပြန်ဖို့ ပြင်နေကြပြီ။ တစ်ချို့လည်း ကျွန်မတို့လို အချိန်တစ်ခု သတ်မှတ်လျှက် ခဏကလေး အောင့်အည်းနေကြသေးသည်။ တစ်ချို့လည်း သားသမီးပညာရေးကြောင့် စိတ်တို့ကို လွှတ်မပေးနိုင်ကြသေး။ တစ်နေ့နေ့တော့ ကမ္ဘာ့အဆင့်မီကျောင်းများ ရှိလာသောအချိန် ကို ရောက်လာပါလိမ့်မည်။ 

အရွယ်မလွန်ခင်၊ သိတ်နောက်မကျခင်၊ စွမ်းနိုင်တုန်းမှာပင် ပြန်ချင်ပါသည်။ မိသားစုဝင်အားလုံး၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံး၊ ချစ်သောသူများအားလုံးနှင့် အတူတူ ရွှေတိဂုံဘုရားကြီးကို တ၀ကြီး ဖူးချင်ပါသေးသည်။ သေချာတာကတော့ မိသားစုဝင်များ ထမင်းပူပူ ဟင်းပူပူကို လက်ဆုံအတူ စားကြ၊ မောင်နှမတွေ နောက်လိုက် ပြောင်လိုက်ကြ၊ ရန်ဖြစ်လိုက်ကြနှင့် အိမ်နှင့်တူသောနေရာသည် ဘယ်မှာမှ မရှိနိုင်ပါ။ အခါများစွာ အိမ်ကို လွမ်းသောစိတ်ဖြစ်တတ်လျှက်က ဒီကနေ့မှ ထူးထူးလည်လည် သတိရနေမိတော့သည်။

Friday, June 8, 2012

ကြုံရာဆုံရာ မင်းအကြောင်း "လူစီ"


လူစီနဲ့ကျွန်မက လူမျိုးချင်းလည်း မတူ၊ ဘာသာချင်းလည်း မတူသလို ကြီးပြင်းခဲ့ရာ အသိုင်းအ၀န်းချင်းလည်း ခြားနားပါတယ်။ ဒါပေမဲ့ သူလည်း မိန်းမ၊ ကျွန်မလည်း မိန်းမတစ်ယောက်မို့ မိန်းမသားချင်း စာနာတတ်တဲ့စိတ်နဲ့ သူ့အကြောင်းတွေးမိတိုင်း သူ့အပေါ် ဂရုဏာစိတ်ဖြစ်ရတယ်။

သူ သားကလေးကို ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ယောကျာ်းဖြစ်သူက နောက်မိန်းမကို အိမ်ပေါ်ခေါ်တင်လာပြီး သူ့ကို အိမ်ပေါ်ကဆင်းခိုင်းတာ ခံခဲ့ရတဲ့ မိန်းမ။ အိမ်ထောင်သက်တစ်လျှောက်လုံး အလုပ်ကို လက်ကြောတင်းအောင် မလုပ်တဲ့ ယောက်ျားရဲ့ လက်ဖြန့်တောင်းနေသမျှကို သူ့ရှာစာဖွေစာလေးနဲ့ ဝေမျှပေးကမ်းသုံးစွဲလာခဲ့ရတဲ့ မိန်းမ။ အဲသလို လူစီ့လိုမိန်းမမျိုးကိုမှ နောက်မိန်းမခေါ်လာပြီး အိမ်ပေါ်က နှင်ချရက်တဲ့ ယောက်ျား၊ ပြီးတော့ အဲဒီအချိန်မှာ လူစီဟာ သူနဲ့ရတဲ့ သွေးသားကလေးလွယ်ထားရတဲ့ အချိန်။ လူစီက စိတ်နာလွန်းလို့ တရားဥပဒေနဲ့ ရင်ဆိုင်ပြီး ပိုင်ဆိုင်သမျှ ဝေခြမ်း၊ ကွာရှင်းပေးခဲ့တယ်။ အဲဒီနောက်တော့ သားကလေးတစ်ယောက်ပဲ သူ့ဘ၀မှာ သူ့အတွက် ပုံအပ်ချစ်စရာလို့ မှတ်ယူခဲ့တော့တယ်။ အဲဒီတုန်းက လူစီ့အသက်က ၂၇လောက်ပဲ ရှိသေးတာ။ မိန်းမတစ်ယောက်အတွက် အရွယ်ကောင်းလို့ ဆိုရမယ်။

ကျွန်မနဲ့ စသိကြတော့ လူစီက ကျွန်မတို့ရုံးကို လူသစ်အနေနဲ့ ၀င်လာကာစ။ ဖော်ရွေခင်မင်စရာကောင်းတာမို့ ကျွန်မနဲ့ ချက်ချင်းလို ခင်မင်ခဲ့ကြတယ်။ နေ့လည်စာ အတူထွက်စား၊ ညနေဆိုလည်း ရုံးကားအတူစီးပြီး ပြန်ကြနဲ့ တစ်နေ့တာမှာ လူစီနဲ့ ကျွန်မတွေ့ချိန်တွေက တစ်ခြားရုံးသားတွေထက် အချိန်အတော်လေး ပိုများပါတယ်။ တခါတလေ ရုံးအဆင်း အိမ်ကိုတန်းမပြန်သေးဘဲ လူစီနဲ့အတူ ဈေးပတ်နေကြတဲ့ ညနေတွေလည်း ရှိခဲ့ပါရဲ့။

လူစီက ခရစ်ယာန်ဘာသာဝင်၊ ကက်သလစ်။ ဗုဒ္ဓဟူးနေ့ ညနေရုံးဆင်းတိုင်း သူ့သားလေးနဲ့အတူ ဘုရားကျောင်း သွားလေ့ရှိတယ်။ သူ့နာမည် လူစီယားနားဆိုတာက သူတော်စင်နာမည်၊ သူ့သားလေး နာမည် နောဘတ်ဆိုတာကလည်း သူတော်စင်နာမည်ပဲလို့ ကျွန်မကို ပြောပြဖူးတယ်။ အဲဒီလို ပြောနေတဲ့ အချိန်တွေမှာ သူ့မျက်နှာက တကယ့်ကို သူတော်စင် တစ်ယောက်လို သူ့ကိုယ်သူ အားရကြေနပ်နေတဲ့ဟန်အပြည့်နဲ့။

ရုံးမှာ ကိုယ်ရေးကိုယ်တာဖုန်းဆိုရင် အားလုံးက တိုးတိုးဖွဖွပြောနေကြတဲ့အထဲ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြော ဆိုနေသူဆိုရင် ဘယ်သူလဲလို့ မမေးနဲ့၊ လူစီပဲ။ နေ့လည်တွေမှာ သားကို ဖုန်းဆက်ပြီး ဘာလုပ်နေလဲ၊ ဘာစားသလဲ၊ ဂိမ်းတွေ တစ်ချိန်လုံး ဆော့မနေနဲ့၊ ကျောင်းကပြီးရင် အိမ်တန်းပြန် ဘာညာနဲ့ ပြောနေတာ တစ်ရုံးလုံးမကြားချင်မှအဆုံးရယ်။ သူ့သားလေးက ကလေးပီပီ အစားမမက်ဘူး၊ ဂိမ်းပဲ၊ အဆော့ပဲမက်တာ။ များသောအားဖြင့်တော့ လူစီနဲ့ သူ့သားက ဖုန်းထဲမှာ အော်ဟစ်နေ ကြတာများတယ်။ လူစီကပဲ အော်ဟစ်ဆူပူနေတာပါ။

တစ်နေ့  သူ့အိမ်အကူ အင်ဒိုနီးရှားမလေးကို  ရုံးခေါ်လာတယ်။ အိမ်မှာ ဘာမှ မလုပ်ဘဲ အိပ်နေလို့တဲ့လေ။ ပြီးတော့ သူ့သားကြိုက်တတ်တဲ့ စပက်ဂတီ-အီတလီခေါက်ဆွဲ မချက်တတ်ရကောင်းလား၊ သူ့သားကို အစားဝင်အောင် မကျွေးရကောင်းလားနဲ့ တပူပူ တဆူဆူ လုပ်နေတော့တယ်။ သူ့ကြည့်ရတာ ဘာကိုမဆို အသံကျယ်ကျယ်နဲ့ အော်လိုက်ဟစ်လိုက်ရမှ သူ့စိတ်တွေ သက်သာရာရတယ်၊ ပြေလျော့တယ်နဲ့ တူပါရဲ့။ တစ်ရုံးလုံးက သူ့အကြောင်း သိနေလို့သာပေါ့။

ပြီးတော့ အလုပ်ကိစ္စနဲ့ ဆပ်ပလိုင်ယာတွေကို ဖုန်းဆက်ပြီဆိုရင်လည်း ဒီလိုပဲ။" ဟေ့ ငါက နင့် ကပ်စတမ်မာနော်၊ ငါပြောတာအမှန်" ဆိုတဲ့ အထာမျိုး လူစီ့မှာ တွေ့ရတယ်။ "ငါ ဒီဘက်က ဘာသံမှကောင်းကောင်းမကြားရဘူး၊ နင့်ဖုန်းက စုတ်နေတာ လွှင့်ပစ်လိုက်" ဆိုတာမျိုးလည်း ခဏခဏ ကြားရတတ်တယ်။ ပြီးရင် "ငါ့ကို ပြန်ခေါ်"ဆိုပြီး ဖုန်းကို ဆောင့်ချ လိုက်တတ်တယ်။ အော်ကြီးဟစ်ကျယ်ပြောနေတာမို့ အကုန်ကြားနေရတာပါပဲ။ တခါတလေများ (သူဋ္ဌေး ရုံးမှာ မရှိတဲ့အချိန်မျိုး ဆိုရင်) သူ့အိုင်ဖုန်းနဲ့ ဂိမ်းကစားနေလိုက်တာ နောက်ခံ မြူးဇစ်က အကျယ်ကြီးပဲ။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဟေ့ ဆိုတဲ့ အပေါက်မျိုးပေါ့။ ဒါမှမဟုတ် အတွင်းကြိတ်မဟုတ်ဘူး ပေါ်ပေါ်တင်တင်ပဲ လို့ ပြောရမလားတောင် မသိပါဘူး။

ကျွန်မ ထင်တာကတော့ လူစီဟာ ကျိုးပဲ့ခဲ့ရတဲ့ အိမ်ထောင်တစ်ခုအတွက် ကျားနာတစ်ကောင်လို၊ ရှုံးနိမ့်ခဲ့ရတဲ့ အိမ်ထောင်တစ်ခုအတွက် ကျန်တာတွေအပေါ်မှာ အနိုင်ယူလိုစိတ်တွေ ကဲနေသလိုမျိုးပါပဲ။

ပစ္စည်းတစ်ခု ၀ယ်တာမှာ ဖြစ်စေ၊ သူယုံကြည်ရာ ဘာသာရေးအကြောင်းပြောတာပဲ ဖြစ်စေ၊ သူဝယ်တာကမှ အကောင်းဆုံး၊ သူ့ဘာသာကမှ အကောင်းဆုံးဆိုတာမျိုး၊ နောက်ဆုံး သူဘာပြောပြော သူပဲ အမှန်လို့ တွန်းထိုးပြောတတ်တယ်။ ငါ့စကားနွားရ ပြောတတ်တယ်။ ကျွန်မက သူပြောပြလို့ သူ့အကြောင်းကို သိထားသူမို့ သူ့အပေါ် နားလည်ပေးလို့ ရနေခဲ့တယ်။

ယောက်ျားတွေအပေါ် အထင်မကြီးဘူးဟေ့ဆိုတဲ့ လူစီတစ်ယောက် တစ်ညတော့ ကျွန်မတို့ ညစာစားပြီးအပြန်မှာ ကားကြုံရှိတယ်၊ နင် ငါနဲ့ လိုက်ပြန်လို့ ပြောလာခဲ့တာ (သူနဲ့ ကျွန်မက အိမ်ချင်းလည်း နီးတယ်လေ) ပြီးတော့ ကားပိုင်ရှင်က လူလတ်ပိုင်းအမျိုးသားတစ်ယောက်။ လူစီက ကားမောင်းတဲ့ အမျိုးသားဘေးမှာ ရှေ့ခန်းက စီးတယ်။ လူစီတို့ ညင်သာနေလိုက်တာများ သူတို့နှစ်ယောက် ကားရှေ့ခန်းက ပြောနေတဲ့စကားကို နောက်ခန်းက ကျွန်မ မကြားရဘူး။ ခါတိုင်း ဟောင်ဖွာဖွာလုပ်နေကျမို့ ဒီလိုလေသံမျိုးနဲ့ လူစီ အိညက်ညက်ပြောနေတာကို ကျွန်မက ရယ်ချင်လှတယ်။

ကျွန်မအိမ်ကို အရင်လိုက်ပို့တယ်။ ခဏပါပဲ။ ကျွန်မ အ၀တ်အစားလဲအပြီးမှာ ဖုန်းဝင်လာတော့ ထင်တဲ့အတိုင်း လူစီ့ဆီကဖုန်း။ "နင် အဲဒီလူကို ဘယ်လို သဘောရလဲ"တဲ့ ကျွန်မကို မေးလာပါရော။ "ငါ ဘယ်လိုလုပ် သိမလဲ၊ သူ့နောက်ကျောပဲ ငါ မြင်နေခဲ့ရတဲ့ဟာ" လို့ ကျွန်မက ပြန်ပြောလိုက်တော့ လူစီက ရယ်ကျဲကျဲနဲ့ "သူ့ကားကြီးတော့ ငါကြိုက်တယ်ဟ" တဲ့။ ဘုရား ဘုရား "လူစီ အရေးကြီးတာက လူနော်…လူ၊ ကားမဟုတ်ဘူး၊ နင့်ကိုရော နင့်သားလေးကိုပါ ကြင်နာတတ်တဲ့သူ၊ နားလည်တတ်တဲ့သူ ဖြစ်ဖို့ပဲ အရေးကြီးတာ" လို့ ကျွန်မက ပြောချလိုက်တာပေါ့။

"အဲဒီလူနဲ့ ဘယ်လိုသိကြတာလဲ"လို့ ကျွန်မက စပ်စုတော့ အွန်လိုင်းဂိမ်းကစားရင်း တွေ့ကြတာတဲ့။ "အဲဒီလူက ကုန်ခြောက်ဆိုင်ဖွင့်တယ်၊ ငါတို့သားအမိအတွက် အချိန်တော့ ပေးနိုင်မယ် မထင်ဘူး။ ဒါပေမဲ ပိုက်ဆံတော့ ပေါတယ်"တဲ့။ သူ့ကြည့်ရတာ အရင်တစ်ယောက်တုန်းက သူကချည်း ပေးခဲ့ရသမျှ ဒီတစ်ယောက်ဆီကတော့ သဲ့ယူမှ လို့များ တွေးနေ သလားပဲ။ နောက်တစ်လလောက်ကြာတော့ ကျွန်မက အခြေအနေဘယ်လိုလဲ မေးတဲ့အခါ ပြတ်သွားပြီတဲ့လေ။ သိတ် မဟန်ပါဘူးဟာလို့လည်း ပြောသေးရဲ့။

ကျွန်မနားလည်ပေးမိတယ်။ လူစီက ခုမှ ၃၈ ပဲ ရှိသေးတာ။ သားကလေးတစ်ယောက်နဲ့ သူ့ဘ၀ကို ဒီလိုပဲ အော်ဟယ်၊ ဟစ်ဟယ်နဲ့ ပြီးသွားချင်မယ် မဟုတ်ဘူး။ တခါ ကျွန်မကို နင်တို့ မြန်မာထဲက သူဋ္ဌေးလေးဘာလေး မရှိဘူးလား တဲ့ နောက်သလိုလို လာမေးဖူးသေးတာ။ သူ့ကြည့်ရတာ နောက်တစ်ခါ ဆိုတာအတွက် အညံ့မခံဘူးဟေ့ လို့ မောင်းတင်ထားပုံရတယ်။ လူစီက ဖြူဖြူလုံးလုံးလေး၊ ရုပ်ကလေး ကြည့်ပျော်ရှုပျော်မှာ ဗိုက်ကလေးစူစူနဲ့။ သဘော က ကောင်းပေမဲ့ အပြောက ဆိုးတယ်။ ဒီတော့ ကျွန်မလည်း ဘယ်သူနဲ့မှ ဆက်မပေးရဲဘူးး))

ခုထိတော့ သူ့ဘ၀မှာ သူ့သားရယ်၊ အလုပ်ရယ်၊ သူဆော့နေတဲ့ ဂိမ်းတွေရယ်…။ ဒါပဲ လူစီ့မှာ ရှိတယ်။ သူ့ဘ၀အတွက် သူ့ရှေ့က မားမားရပ်ပေးမဲ့ ယောက်ျားသားတစ်ယောက်ဆိုတာကိုတော့ ဖူးစာရေးနတ်က ဘယ်လိုဖန်တီးပေးမယ် မပြောတတ်ဘူး။ တစ်နေ့တစ်နေ့ ကျွန်မတွေ့နေရတာက မနက်မနက်ဆို အိတ်နှစ်လုံး (တစ်လုံးက ရုံးအလုပ်တွေထည့်ထားတဲ့ အိတ်၊ တစ်လုံးက သူ့ လက်ကိုင်အိတ်) နဲ့ အ၀တ်အစား ဘိုသီဘတ်သီ၊ ဆံပင် ကပိုကရိုနဲ့ လူစီ။  ရုံးရောက်ရင် သူ့သားကလေးဆီ အော်ဟစ် ဖုန်းဆက်၊ ဆပ်ပလိုင်ယာတွေနဲ့ ငြင်းခုန်အော်ဟစ်နေတတ်တဲ့ လူစီပါပဲ။ သူကသာ သူ့အပူနဲ့သူမို့ မသိပေမဲ့ ဘေးလူဖြစ်တဲ့ ကျွန်မကတော့ မြင်နေရတာနဲ့တင် ရင်မောရတယ်။

လူစီ အိမ်ထောင်ရေးကံကောင်းပါစေလို့ပဲ ကျွန်မ ဆုတောင်းပေးမိပါတော့တယ်။

Monday, May 28, 2012

ငယ်ငယ်တုန်းက သူငယ်ချင်း


ငယ်ငယ်တုန်းက ကျွန်မမှာ သူငယ်ချင်း နှစ်ယောက် ရှိခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားလေး သူငယ်ချင်းတွေပါ။ တက်ရတဲ့ ကျောင်းတွေက တစ်ယောက်က ဒဂုံ ၁၊ နောက်တစ်ယောက်က လသာ ၁ နဲ့ ကျွန်မက ဒဂုံ ၂မှာ။ အဲသလို တက်နေတဲ့ ကျောင်းကြီးတွေ မတူကြပေမဲ့ တစ်လမ်းထဲနေကြတဲ့ ရွယ်တူချင်းတွေ၊ ကျူရှင်အတူတူသွားဖော်တွေမို့ ကျွန်မတို့ တွဲမိကြတယ်။  

ကျွန်မက ညနေ ကျူရှင်သွားရင် အိမ်ကနေအရင်ဆုံးထွက်တဲ့သူ၊ ကျွန်မကိုမြင်မှ နိုင်နိုင်က သူ့အိမ်ကနေ ထွက်လိုက်လာပြီး ကျွန်မတို့နှစ်ယောက် တိုးတိုးတို့အိမ်ရှေ့ကို ဖြတ်တဲ့အခါကျမှ တိုးတိုးက အိမ်ထဲကနေ လွယ်အိတ်စလွယ် သိုင်းပြီး နောက်ကနေ လိုက်လာတာ။ ဒီလိုပုံစံနဲ့ပဲ မပြောင်းမလဲ ကျူရှင်ကို အတူတူ လမ်းလျှောက်သွားခဲ့ကြတာ။ တစ်ယောက် တစ်ယောက် ခေါ်နေစရာ၊ ညှိနေစရာ မလိုခဲ့ပါဘူး။

ကျွန်မနဲ့ တိုးတိုးက စာပြိုင်ဘက်တွေ၊ (ကျူရှင်မှာ သချာင်္ပြိုင်တွက်ရင် အမြန်ဆုံးနဲ့ အဖြေမှန်အောင် တွက်နိုင်တဲ့သူကို ဆရာမက ဆု တစ်ကျပ်ပေးလေ့ ရှိတယ်။ အဲဒီဆုကို ကျွန်မနဲ့ တိုးတိုး တစ်လှည့်စီ ရနေကျပေါ့) နိုင်နိုင်က အလယ်အလတ်သမား။ ပြီးတော့ နိုင်နိုင်က ရုပ်လည်းဖြောင့်တော့ ငယ်ငယ်ကတည်းက ရည်းစားတွေဘာတွေ သူ့မှာ ရှိနေပြီ။ တိုးတိုးကတော့ ပိန်ပိန်ရှည်ရှည်၊ ဆံပင်ဆာမူရိုင်းလေးနဲ့ boy-next-door လို ခင်စရာကောင်းတဲ့ လိမ္မာတဲ့ ကောင်ကလေး။

ကျူရှင်ရှေ့က အုတ်ဘောင်လေးမှာ ထိုင်ကြရင်း ရှေ့အတန်းတွေ ပြီးအောင် စောင့်ကြလေ့ရှိတယ်။ စောင့်နေရင်းက ဘာသည်လာလာ ခေါ်ပြီး ၀ယ်စားကြတာပဲ။ တစ်ခါက ဒူးရင်းသီးသည် အထမ်းကြီးနဲ့ ရှေ့က ဖြတ်သွားတော့ ကျွန်မတို့ ခေါ်ဝယ် စားကြတယ်။ ပြီးတော့ ဒူးရင်းသီးကို အညှာက ကိုင်ပြီး လမ်းနဲ့ ဆောင့်ချခွဲကြတာ။ ခွဲလို့ရတော့ ဒူးရင်းဆူး စူးလည်း လုစားကြတာပဲ။ ဘယ်သူက အမွှာအများဆုံး စားနိုင်သလဲဆိုပြီး အပြိုင်စားခဲ့ကြတာ။

တစ်ခါ ကျူရှင်အသွား လမ်းတစ်ဝက်မှာ နတ်စင်မီတို့ အိမ်က ငန်းတွေ ထွက်လာပြီး ကျွန်မကို လိုက်ထိုးပါလေရော။ (နတ်စင်မီဆိုတာက ကျွန်မတို့နဲ့ အတန်းတူ သူငယ်ချင်းပဲ။ သူ့အရပ်က ပုပုလေးမို့လို့ ကျွန်မတို့က နင့်အရပ်က နတ်စင်မီရုံလောက် ရှိတာလို့ နောက်ပြီး နာမည်ပြောင်ပေးထားကြတာ) ကြောက်ကြောက်နဲ့ပဲ စလွယ်သိုင်းထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး ငန်းတွေဆီ မွေ့ယမ်းရင်း ပြန်ခြောက်ရတာ။ တိုးတိုးနဲ့ နိုင်နိုင် နှစ်ယောက်သား ငန်းတွေကို ကူ မခြောက်ပေးဘဲနဲ့ အော်ရယ်ခဲ့ကြတာ။ အားကိုးရတဲ့ ကောင်တွေ၊ ကျွန်မမှာ စိတ်ဆိုးလိုက်တာလေ။

မှတ်မိသေးတယ်။ နိုင်နိုင်တို့ အဖွားက သိုးဆောင်းအမေကြီးမို့ သူတို့အိမ်မှာ နတ်ပွဲ ခဏခဏ လုပ်လေ့ရှိတယ်။ ကျွန်မက ကလေးဆိုတော့ ပျော်တာပေါ့၊ ဘာရယ်မဟုတ်ဘူး နတ်ကတာကို သဘောကျလို့ သွားကြည့်တာ။ အဲဒီမှာ အခြောက်တစ်ယောက် မနှဲလေးကတော့ နိုင်နိုင်က   အဲဒီ့နတ်ကတော်ကို အနောက်ကနေ သားရေပင်နဲ့ ချောင်းပြီး ပစ်တော့တာ။ ကနေရင်းနဲ့ တွန့်ကနဲ ဖြစ်ဖြစ်သွားတာကို ကြည့်ပြီး ကျွန်မတို့မှာ ရယ်လိုက်ရတာ။ 

တခါတလေ သူ့အိမ်ပေါ်ကနေ နေရောင်အကျမှာ မှန်ထောင်ပြီး အဲဒီ အလင်းရောင်နဲ့  အိမ်ရှေ့မှာ ထိုင်နေတဲ့ ကျွန်မမျက်နှာကို လှမ်းလှမ်းထိုးပြီး စတတ်တယ်။ နိုင်နိုင်ဟာ အတော်ဆိုးတဲ့ ကောင်ကလေးပါ။ကျွန်မမို့ သူတို့အိမ်သွားရင် နိုင်နိုင်တို့ အမေက ချွေးမလေး လာပြီဟေ့ လို့ စတတ်တယ်။ ကျွန်မနဲ့ နိုင်နိုင်ကတော့ ငယ်သူငယ်ချင်းတွေမို့ စိတ်က ဖြူစင်နေတာ အဲဒီတုန်းက ဘယ်လိုမှ မခံစားခဲ့ကြဘူး။ အဲဒီအရွယ်မှာ ငနိုင်ကဖြင့် ရည်းစားတွေတောင် ထားတတ်နေလို့။

ဆယ်တန်းစာမေးပွဲမှာ ကျွန်မနဲ့ တိုးတိုးပဲ အောင်ပြီး အဲဒီနှစ်က နိုင်နိုင်ရော သူ့ရည်းစားကောင်မလေးရော စာမေးပွဲ ကျကြတယ်။ နိုင်နိုင်က နောက်နှစ်မှ အောင်ပြီး သင်္ချာဘာသာယူခဲ့တယ်။ နောက်တော့ ကျွန်မတို့အိမ်ပြောင်းခဲ့ရတာပဲ။ အဲဒီနောက်မှာ နိုင်နိုင်နဲ့ရော တိုးတိုးနဲ့ပါ ကျွန်မတို့ ဝေးသွားခဲ့ကြတယ်။

သတင်းတွေတော့ ကြားနေခဲ့တယ်။ တိုးတိုးက ဂျပန်ထွက်သွားတယ်။ နိုင်နိုင်ကတော့ သဘောင်္တက်သွားတယ်ဆိုတဲ့ သတင်းတွေပါ။ နောက်တော့ ကျွန်မလည်း မန္တလေးသားနဲ့ အိမ်ထာင်ကျ၊ ငနိုင်လည်း မန္တလေးသူနဲ့ အိမ်ထောင်ကျ သွားတယ်လို့ ကြားရတယ်။ တိုးတိုးကတော့ ခုထိ လူပျိုကြီးပဲလား၊ မိန်းမပဲ ရသွားပြီလား ကျွန်မ မသိပါဘူး။

၂၀၀၉ က ကျွန်မ ရန်ကုန်ခဏပြန်တော့ ကျွန်မ ညီမဆီက နိုင်နိုင်ဖုန်းနံပါတ်ရတာနဲ့ ၀မ်းသာပြီး ဖုန်းခေါ်လိုက်တော့ သူနဲ့ တန်းကနဲ တွေ့တယ်။ ကျွန်မနဲ့ နိုင်နိုင်က သူငယ်ချင်းတွေ ဖြစ်သလို နိုင်နိုင့်ညီမနဲ့ ကျွန်မညီမကလည်း သူငယ်ချင်းတွေကိုး။ ဒီတော့ အဆက်အသွယ်က မပြတ်ခဲ့ကြဘူး။

ဒါနဲ့ သူအားတဲ့ တစ်ရက်မှာ တော်ဝင်နှင်းဆီမှာ မနက်စာစားဖို့ ချိန်းလိုက်ကြတယ်။ ကျွန်မတို့ လင်မယားရယ်၊ သူတို့ မိသားစုရယ်။ နိုင်နိုင်က သမီးချည်းပဲ နှစ်ယောက်မို့ ကျွန်မက နင်တော့ ၀ဋ်လည်ပြီ ငနိုင်လို့ စတော့ သူက ရယ်နေ တယ်။ သူ ကျန်းမာရေး သိတ်မကောင်းတဲ့ အကြောင်း၊ သဘောင်္မလိုက်တော့ဘဲ ကားလေးတစ်စီးဝယ်ပြီး တက်ကစီ မောင်းနေတဲ့ အကြောင်းတွေ ပြောတယ်။

သဘောင်္ပြန်မလိုက်တော့ဘူးလားလို့ ကျွန်မကမေးတော့ သူ သဘောင်္ပေါ်မှာ အရက်တွေ သောက်လွန်းလို့ ဦးနှောက်ထဲ သွေးခဲသွားတာ ဆေးရုံတက်ခွဲခဲ့ရတဲ့အကြောင်း၊ မိသားစုနဲ့ပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။ အသက်တွေ ကြီးလာကြပြီနော် နင် လိမ္မာတော့ လို့ ကျွန်မက ဆရာမကြီးလေသံနဲ့ ဆုံးမခဲ့သေး တာ။

အဲဒီနောက် ကျွန်မလည်း ခွင့်ရက်စေ့လို့ ပြန်လာရတယ်။ ဒီနှစ် ၄လပိုင်း တစ်ခေါက်ပြန်တော့ မှတ်မှတ်ရရ တွေ့ဖို့၊ ဖုန်းဆက်ဖို့ သူငယ်ချင်းတွေ စာရင်းမှာ နိုင်နိုင့်နာမည်လည်း ထည့်ထားခဲ့တယ်။

ကျွန်မ ပြန်မလာခင် ၃ရက်လောက်မှာ ကျွန်မ သူ့ဆီ ဖုန်းဆက်တယ်။ ဖုန်းကို အမျိုးသမီးတစ်ယောက် လာကိုင် တယ်။ သေချာတာက သူ့မိန်းမတော့ မဟုတ်ဘူး။ တစ်ခြား အိမ်ရှင်အသစ်ပဲ ဖြစ်မယ်။ ကျွန်မက နိုင်နိုင်တို့ ပြောင်းသွားတဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးများ သိရမလားမေးတော့မှ အစ်မ ကိုနိုင်နိုင်က ဆုံးသွားတာ ၇ လလောက်တောင် ရှိပြီ တဲ့။

ဖုန်းချလိုက်ပြီးတဲ့အခါ ကျွန်မ ချက်ချင်းပဲ အမျိုးသားကို မေးလိုက်တယ်။ ကျွန်မ နိုင်နိုင့်ကို အိပ်မက်မက်တာ အဲဒီဝန်းကျင်လောက်က မဟုတ်လားလို့။  သေချာတယ်။ အဲဒီတုန်းက အိပ်မက်ထဲမှာ ငနိုင်ရယ်…။ ကျွန်မနဲ့ စကားတွေ အများကြီးပြောလို့။ သူ့ကြည့်ရတာ မျက်နှာက ညှိုးနေပေမဲ့ သူငယ်ချင်းနဲ့မို့ ထင်ပါရဲ့ စကားတွေပြောနေလိုက်တာ။ 

အိပ်ရာကနိုးတော့ ငနိုင်တစ်ယောက် နေမှ ကောင်းရဲ့လား မသိဘူး ညက သူ့ကို အိပ်မက်မက်တယ်လို့ အမျိုးသားကို ကျွန်မ ပြောမိသေးတယ်။ ချက်ချင်း ဖုန်းဆက်လိုက်ဖို့ကိုတော့ ကျွန်မ လက်တွန့်နေခဲ့တာ။

ခုတော့ ကျွန်မသူငယ်ချင်း တကယ်ပဲ ဆုံးရှာပြီ။ ကျွန်မ သူ့ညီမတွေဆီ ဖုန်းဆက်ပြီး သတင်း သေချာရဲ့လား လို့ မေးခဲ့သေးတယ်။ သေချာတယ် သူ တကယ်ဆုံးသွားပြီ တဲ့။ အရက်တွေ ပြန်သောက်လို့ ခုလို ဖြစ်တာ အစ်မရဲ့ တဲ့။ သူ့ညီမက ပြောရှာတယ်။ 

ငနိုင့်အပေါ် ငယ်သံယောစဉ်နဲ့ ကျွန်မ မျက်ရည်ကျမိပါတယ်။ လူဆိုတာ မွေးဖွားခဲ့ပြီဆိုကတည်းက သေခြင်းတရားဆီ ဦးတည်လျှောက်နေကြရတာပဲ မဟုတ်လား။ တစ်နေ့နေ့ သေကြရမှာပါပဲ။ ဒါပေမဲ့ ဘယ်သူပဲ ဖြစ်ဖြစ် အရက်ကြောင့်နဲ့တော့ မသေစေချင်ဘူး။ ရှိသေးတယ်။ ကျွန်မမောင်ဝမ်းကွဲလေး ငမိုး (ကျွန်မ ရေးဖူးပါတယ်) အရက်ကြောင့်ပဲ ဘ၀ပျက်ခဲ့ရတာ။

အရက်မကောင်းဘူး ဘာညာ ကျွန်မ မပြောချင်ဘူး။ မသောက်နဲ့ ဘာညာလည်း ကျွန်မ မပြောချင်ဘူး။ အရက်ကောင်းတယ် မကောင်းဘူးဆိုတာ အားလုံး သိကြပါတယ်။ ချင့်ချိန်ပိုင်းခြားနိုင်တဲ့ အသိစိတ်တွေလည်း ရှိကြမှာပါ။ ကိုယ့်အသက်ကို ကိုယ်နှမျောရင်၊ ကိုယ့်မိသားစုကို ကိုယ်တန်ဘိုးထားရင် အရက်ကြောင့် အသက်ဆုံးရတဲ့အထိ အဖြစ်မခံကြစေချင်ဘူး။

ကျွန်မလေ…တကယ်ပါ၊ ချစ်တဲ့ လူတွေကို အသက်ရှည်စေချင်တာပါပဲ။

Saturday, May 19, 2012

ကိုကဗျာဆန်နှင့် ကျွန်မ

ကျွန်မက သဘာဝက မိန်းမပေမဲ့ မနုတဲ့သူ၊ မနုတဲ့အပြင် မာဆတ်ဆတ်ဖြစ်နေလို့တောင် မနည်း မိန်းမ ဆန်အောင် နေနေရတာ။ ငယ်ငယ်ကတည်းက တစ်လွှားလွှားနဲ့ ပြေးကန်ခုန်ပေါက်နေခဲ့တာ။ ပြောရရင် အမေမွေးတဲ့ ကလေးတွေထဲ ကျွန်မက အစ်မအကြီးဆုံး၊ အရိုက်အခံရဆုံး။ 

မျက်နှာဆိုလည်း မလူးမခြယ်နဲ့ ပြောင်သလင်း အဆီတပြန်ပြန် နေလာလိုက်တာ စင်္ကာပူမှာ အလုပ်လေး ရတော့မှ ဒင်နာလေးဘာလေး၊ ပွဲလေးလမ်းလေး တက်ဖို့ ကြုံလာတဲ့အခါ နည်းနည်းပါးပါး ပြင်တတ် ဆင်တတ် ရှိလာတာ။ 

ဒီလိုနဲ့ ကျွန်မ အိမ်ထောင်ကျတဲ့အခါ သူများမိန်းကလေးတွေနည်းတူ ကိုယ့်အိမ်ကလူကို ချွှဲချင် နွဲ့ချင် လာတယ်။ သူကတော့ ကျွန်မနဲ့ တစ်သက်တာ ပေါင်းပါ့မယ်၊ ပျော်အောင်ထားပါ့မယ်၊ နေ့တိုင်း ရယ်စရာတွေ တစ်နေ့တစ်မျိုး ပြောပြပါ့မယ်။ ထမင်းလည်း ၀အောင် ကျွေးပါ့ မယ်။ နှစ်ဘက်မိဘတွေ ကိုလည်း သူ့လစာထဲကပဲ ငွေ ပို့ပေးပါ့မယ် ဆိုတဲ့အချက်တွေနဲ့ တစ်သက်စာကွန်ထရက် မိထားတဲ့ လူကိုးရှင့်။ (ကျွန်မကလည်း လိုချင်တဲ့ အချက်တွေ ပါအောင် အပီစာချုပ်ထားရတာပ)

အိမ်ကလူက အကင်းပါးတော့ သိတ်ကြောင်းပေးနေစရာ မလိုဘူး။ ဘာမဆို အလိုက်သိ ရှာပါပေတယ်။ ကျွန်မမွေးနေ့ဆို ကျွန်မလိုချင်တာ ၀ယ်ပေးပြီးသားပဲ။ အဲဒီလို ဖြစ်နေအောင် ကျွန်မ ကလည်း ကိုယ် ဘာလိုချင်တယ်ဆိုတာကို မွေးနေ့နီးလာရင် ကြိုပြီး ဟင့်တ်ပေးထားရသလေ။

အံမယ် မွေးနေ့လက်ဆောင်ပေးပုံကိုက တစ်နှစ်ကို ပေးပုံ တစ်မျိုး။

တစ်နှစ်များ ညဘက် တီဗီကြည့်နေကြတုန်း ည ၁၂နာရီတိတိမှာ ဖုန်းသံကြားလို့ ဖုန်းထားရာ အိပ်ခန်းထဲ သွားအယူ....။ လား  လား ကျွန်မ ခေါင်းအုံးပေါ်မှာ မွေးနေ့ကဒ်နဲ့ လက်ဆောင်ထုတ်။ အပေါ်ဝတ် အင်္ကျီလေးပါ။ ၀တ်ကြည့်လိုက်တော့ ကျွန်မနဲ့ ကွက်တိ။ "တော်လိုက်တာ ငါ့ယောက်ျား" ဆိုတော့ အရောင်းစာရေးမလေးကိုယ်လုံးကို လက်နဲ့ ၀ိုက်ကြည့်ပြီးမှ ဒီကိုယ်လုံးအတိုင်းပဲဆိုပြီး ၀ယ်လာ သတဲ့။ ပေါက်ကရ...။ ကျွန်မက သိသားပဲ၊ သူ နောက်နေတယ် ဆိုတာ။  ကျွန်မပြုံးအောင် ရယ်အောင် တတ်နိုင်တဲ့သူ။ သူက ကျွန်မဖုန်းကို ည ၁၂နာရီတိတိမှာ alarm ပေးပြီး လက်ဆောင်တွေနဲ့ အတူ အခန်းထဲ ထည့်ထား တာလေ။ အဲသလို ကျွန်မ မသိအောင်၊ နည်းနည်းလေးမှ မရိပ်မိအောင် မမျှော်လင့်ထားတဲ့အချိန်မှာ လုပ်တတ်တာ။ တကယ်ဆို ကျွန်မမွေးနေ့က နောက်တစ်နေ့မှလေ။

နောက်တစ်နှစ်ကျတော့ တစ်မျိုး။ သူက ထုံးစံအတိုင်း ကျွန်မထက် စောပြီး ရုံးသွားရတယ်။ ကျွန်မက မနက် ၇နာရီထိုး အိပ်ယာက ထ၊ အိပ်ချင်မပြေသေးဘဲ ရေချိုးခန်း အ၀င်။ မျက်နှာသစ်တဲ့ ဘေစင်ထဲမှာ လက်ဆောင်နဲ့ မွေးနေ့ကဒ် လှလှလေးက ကြို စောင့်လို့။ အဲသလို သူက...။

ဟော နောက်တစ်နှစ်ကျပြန်တော့ ညနေ ရုံးကအပြန် လမ်းကနေ ကျွန်မကို ဖုန်းခေါ်တယ်။  "အိမ်ပြန် လာနေပြီ ရောက်တော့မယ်၊ အိမ်သော့ ရုံးမှာ မေ့ကျန်ခဲ့လို့ အိမ်တံခါး ဖွင့်ပေးထားပါနော်" တဲ့။ ဒါနဲ့ ကျွန်မ အိမ်တံခါးလည်း ဖွင့်လိုက်ရော အိမ်ရှေ့မှာ အထုတ်ကြီးတစ်ထုတ်...။ အထုတ်က ကျွန်မ လိုချင်နေတဲ့ လက်ကိုင်အိတ်တံဆိပ်နဲ့ဆိုတော့ ကျွန်မ ချက်ချင်းပဲ သိလိုက်တယ်။ သူ  လုပ်  လာ  ပြန်  ပြီ  ပေါ့  လေ  အ ဟင်း ဟင်း....။ သူက မလှမ်းမကမ်းက ချောင်းကြည့်နေခဲ့သေးတာ။ မတော်လို့များ တစ်ယောက်ယောက်က အထုတ်ကြီးဆွဲသွားမှ မခက်လား။ ကျွန်မကတော့ လိုချင်တဲ့ အိတ်၊ ပုံစံ၊ အရောင်အသွေး အားလုံး ကျွန်မ စိတ်ကြိုက်မို့ ပျော်နေခဲ့တာ။

နောက်တစ်နှစ်...။ အိပ်ရာပေါ်မှာ မွေးနေ့ကဒ်လေးနဲ့အတူ စာလေးတစ်ရွက်။ စာရွက်ပေါ်မှာ ရေးထား တာက " မွေးနေ့လက်ဆောင်ကို စတိုခန်းထဲ သွားကြည့်ပါ" တဲ့။ စတိုခန်းထဲ သွားကြည့်တော့ နောက် ထပ် စာတစ်ရွက်။ "ဘုရားစင်အောက်က စင်ပေါ်မှာ" တဲ့။ ဒါနဲ့ ဘုရားစင်အောက်က စင်လေးပေါ် ကြည့်မိတော့ ဘူးလေး တစ်ဘူးနဲ့ နောက် စာတစ်ရွက်။ ဘူးလေးက လယ်သာပေါ်လစ်ရှ် ဘူးကလေး၊ လယ်သာအိတ်တွေ သန့်ရှင်းတဲ့အခါ သုံးဖို့။ စာရွက်ထဲမှာ ရေးထားတာက "စိတ်မပျက်ပါနဲ့  ဒါ တကယ့်လက်ဆောင် မဟုတ်သေးပါဘူး အိပ်ခန်းထဲက ဘီရိုထဲမှာ သွားကြည့်ပါ" လို့ ရေးထားပြန်ပါရော။ အဲဒီတော့မှ နောက်ဆုံးအဆင့်ရောက်ပြီး သူပေးချင်တဲ့ အိတ်ကို တွေ့ရတော့တာ။ အိတ်က လယ်သာအရောင်ရော၊ ပုံစံရော ကျွန်မအကြိုက်။ ဟင့်တ်ပေးတဲ့သူ တော်ချက်ကတော့....ကွက်တိ။

အဲသလိုနဲ့ သူပေးခဲ့တဲ့ အမှတ်တရတွေ အများကြီးပေါ့ရှင်။ တကယ်က သူက ကျွန်မထက် ပိုဖန်တီးနေတတ်တာ။ ကျွန်မကတော့ သူ့ကို လက်ဆောင်ပေးချင်ရင် ရော့အင့်ဆိုပြီး ပေးလိုက်တာပဲ။ သူ့မွေးနေ့ မေ့နေတဲ့နှစ်တောင် ရှိသေး။

အဲ...စာတွေ၊ ကဗျာတွေ ခံစားတတ်တာကျတော့ ကျွန်မက ပိုတယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး ထင်ပါ ရဲ့နော်။ ကျွန်မက ဘာပဲ ရေးပြီးပြီး သူအနားမှာ ရှိနေရင် သူ့ကို အရင်ပေးဖတ်တတ်တယ်။ တစ်ချို့စာတွေကိုတော့ သူ ကြိုက်ပုံရပါတယ်။ ကျွန်မ ကဗျာရေးတဲ့ အခါတွေမှာသာ အဆုံးထိဖတ်ပြီးတိုင်း မအီမလည်နဲ့။ သူက ကဗျာတွေကို မခံစားတတ်တဲ့သူရှင့်။

ဘာပဲပြောပြော အနားမှာ အမာခံ ပရိသတ်ကြီးတစ်ယောက်လုံး ရှိနေတာ အားရှိလွန်းရပါတယ်။ ကျွန်မဘာရေးရေး ဖတ်ပေးရှာသူ။

ဒီနေ့တော့ သူနဲ့ကျွန်မ အတူရှိနေတုန်း ကျွန်မက မျိုးကြီးရဲ့ "တစ်စိမ်းတစ်ယောက်" သီချင်းလေး ညည်းမိတယ်။ သူ့မျက်နှာကို ကြည့်ငေးရင်းပေါ့။

♩ ♬ ♭ သေသည့်တိုင် ဒီဘ၀ထဲ ကိုယ် မင်းကို အချစ်ဆုံးပဲ ♩ ♬

တစ်ကယ်တော့ ကျွန်မ ကဗျာဆန်လိုက်တာပါ။  သူက ကျွန်မမျက်နှာကြည့်ပြီး ချက်ချင်းပဲ ပြန်ဆိုတယ်။

♩ ♬   တစ်စိမ်း တစ်ယောက်ပါ ♩ ♬ 


သေရောကွာ....


 

Thursday, May 17, 2012

အလုပ်ခွင်ထဲက ငွေရေးကြေးရေး

ကျွန်မရဲ့ ပထမဦးဆုံးအလုပ်မှာ ကျွန်မက အသေးသုံးငွေ ကိုင်ရတယ်။ မများလှပါဘူး။ စကာင်္ပူဒေါ်လာ ၃၀၀၀ပါ။ Petty Cash လို့ ခေါ်ကြတယ်။ အလုပ်ထဲမှာလိုတဲ့ အသေးသုံးငွေမှန်သမျှကို အဲဒီအသေးသုံးထဲကပဲ ပေးချေတယ်။ တစ်ခါသုံးရင် အများဆုံး ၂၀၀ ထိ သုံးခွင့်ရှိတယ်။ တစ်ခါတစ်လေ အလုပ်နောက်ကျလို့ ည ၈နာရီခွဲကျော်တဲ့ အခါမျိုးဆိုရင် ကျွန်မတို့အတွက် တက်စီဘိုး အဲဒီအထဲကပဲ သုံးလေ့ရှိကြတယ်။ ကျွန်မတို့ရုံးက အလုပ်သမားတိုင်းကို ကျန်းမာရေးအာမခံ ၀ယ်ထားပေးပြီး ဖျားနာလို့ ဆေးခန်းသွားတဲ့အခါ ၅ဒေါ်လာပဲ ပေးရတယ်။ အဲဒီပေးခဲ့တဲ့ ၅ ဒေါ်လာ ကိုလည်း အသေးသုံးထဲကပဲ ကုမ္ပဏီက ပြန်ပေးလေ့ရှိပါတယ်။ 

ဒီတော့ ဘာပဲသုံးသုံး ကုမ္ပဏီက ပြန်တောင်းခံလို့ရတဲ့ အသုံးစရိတ်မျိုးဆိုရင် ဘောက်ချာတွေသာ သိမ်းထား၊ ခုနက အသေးသုံးထဲကနေ ပြန်တောင်းခံလို့ ရတာမျိုးပါ။ ၂၀၀ ထက်ကျော်ရင်သာ ချက်လက်မှတ်နဲ့ ပြန်ရပြီး ၂၀၀အောက် ဆိုရင် အသေးသုံးထဲကပဲ သွားလေ့ရှိပါတယ်။ 

 တစ်နေ့တော့ ကျွန်မ ရွာပြန်မှာမို့ အသေးသုံးငွေတွေကို နောက်တစ်ယောက်ဆီ လက်လွှဲထားခဲ့ရပါတယ်။ လက်ကျန်ငွေနဲ့ ဘောက်ချာတွေ ပေါင်းအပြီး ၃၀၀၀ တိတိ သူ့လက်ထဲ အသေအချာ အပ်ခဲ့တာပါ။ အသေးသုံးငွေရဲ့သဘောက ဘယ်အချိန်မဆို ဘောက်ချာတွေထဲက သုံးပြီးငွေနဲ့ လက်ကျန်ငွေ ပေါင်းလိုက်ရင် အမြဲတမ်း ၃၀၀၀ ရှိနေရပါမယ်။ 

ခွင့်ရက်စေ့လို့ ကျွန်မ ပြန်လာတော့ ကျွန်မ အလုပ်တွေ သိတ်များနေချိန်မို့ သူ့ကိုပဲ ခဏဆက်ပြီး ကိုင်ထားပေးဖို့ ပြောတဲ့အခါ သူကလည်း ကျေကျေနပ်နပ်ပဲ ဆက်ကိုင် ထားပေးခဲ့တာ။ ဒီလိုနဲ့  နှစ်ပတ်လောက်အကြာ ကျွန်မအလုပ်တွေ အတော်အသင့် အချိန်မီပြီးလာတဲ့ တစ်နေ့ ကျွန်မက သူ့ကို အသေးသုံးငွေ ပြန်အပ်ဖို့ ပြောလိုက်ပါတယ်။ အဲဒီမှာ ငွေရေတွက်ပြီး ဘောက်ချာတွေ စစ်လိုက်တော့ ငွေ ၅၀၀ နီးပါး ပျောက်နေပါတော့တယ်။ 

မတတ်နိုင်ပါဘူး။ ကျွန်မအထက်က စာရင်းကိုင်အမျိုးသမီးကို အသိပေးရပါတော့တယ်။ သူငွေလိုနေလို့ ယူသုံးထား တာပါ၊ လခရရင် ပြန်ထည့်ပေးပါမယ်လို့ ပြောတာနဲ့ ကျွန်မရဲ့ စာရင်းကိုင်က သူ့ကို ၀မ်နင်ပေး လိုက်ပါတယ်။ နောက် သူ့လခရတော့လည်း နှစ်ခါခွဲပြီး ပြန်ပေးပါရစေ ဆိုတာနဲ့ လိုက်လျောရပြန်ပါတယ်။ 

စဉ်းစားကြည့်ရင် စလုံး ၅၀၀ ဆိုတာ မများလှသလို နည်းလည်း မနည်းလှပါဘူး။ ကုမ္ပဏီကနေ ချေးငွေအနေနဲ့ ယူရင်လည်း ရနိုင်ရဲ့သားနဲ့ သူ ဘာကြောင့် ဒီလို လုပ်ရပါလိမ့်ဆိုတော့ ဖြစ်နိုင်ချေက လွယ်လို့၊ မျက်စေ့အောက်မှာ မြင်နေရလို့၊ ကိုင်တွယ်ထိတွေ့နေရလို့ ဆိုတာတွေဖြစ်နိုင်ပါတယ်။ အင်း…ပြောရရင် လွယ်ရင် သူကြွယ်တောင် မနေဘူးဆိုတဲ့ အဆိုကို ကျွန်မက လက်မခံတဲ့သူပါ။ နောက်ဆုံးတော့ ပြောရရင် လုပ်ကျင့်ရှိနေလို့ကို လုပ်တာပါပဲ။ 

ခုလက်ရှိအလုပ်ကို ရောက်တဲ့အခါမှာတော့ အသေးသုံးမကိုင်ရတော့လို့ စိတ်အေးမယ်မှ မကြံသေးဘူး။ အင်မတန် ကြီးမားတဲ့ ငွေပမာဏတွေ လက်ခံရပြန်ပါတယ်။ ကျွန်မအလုပ်က AR လို့ ခေါ်တဲ့ Account Receivable ကိုင်ရတာမို့ ငွေလက်ငင်းချေစနစ်နဲ့ ပေးတဲ့ Customer တွေရဲ့ ပေးငွေတွေအားလုံး ကျွန်မ လက်ခံရပါတော့တယ်။ တိုက်ရိုက် ကျွန်မဆီ လာတာမျိုးမဟုတ်ပါဘူး။ များသောအားဖြင့် ကျွန်မတို့ရဲ့ customer တွေက သင်္ဘောပိုင်ရှင်တွေ၊ ဧဂျင့် တွေပါ။ ကျွန်မတို့မှာ Boarding Officer ဆိုတာ ရှိပါတယ်။ သူ့အလုပ်က သင်္ဘောကမှာတဲ့ပစ္စည်းတွေ Delivery လုပ်ရင်း ပို့ဆောင်ပေးပြီးတဲ့အခါ ပစ္စည်းစစ်၊ ရုံးက ဘီလ်ထုတ်ပေးလိုက်တဲ့ ငွေပမာဏအတိုင်း ငွေရေတွက်လက်ခံ ရတာပါ။ 

ရုံးပြန်ရောက်ရင်တော့ ဘီလ်နဲ့အတူ လက်ခံရငွေတွေကို ကျွန်မဆီမှာ လာအပ်ရတာမျိုးပါ။ ငွေပမာဏက ဘယ်လောက်များသလဲဆို ယူအက်စ် ၄-၅ သောင်းအထိ လက်ခံရတတ်ပါတယ်။ အဲဒီလို ငွေပမာဏ များတာမို့ နည်းနည်းလေးမှ အမှားမခံပါဘူး။ အသေအချာ ရေတွက်၊ လက်ခံပြီးမှ ငွေဘယ်လောက် ရပါတယ် ဆိုပြီး နေ့စွဲနဲ့အတူ PAID တုံးထု၊ ကျွန်မ လက်မှတ်ပါထိုးပြီး သူ့အတွက် ဘီလ်-၁ကော်ပီ ပြန်ပေးလိုက် ရတာပါ။ ကျွန်မတို့ ဘီလ်က စုစုပေါင်း ၄ ကော်ပီ ရှိတာမို့ ငွေပေးတဲ့ Customer က တစ်စောင်၊ Boarding Officer အတွက် တစ်စောင်၊ ကျန်တဲ့ နှစ်စောင်က ကျွန်မတို့ စာရင်းဋ္ဌာနအတွက်ပါ။ 

တစ်နေ့တော့ ကျွန်မရဲ့ မန်နေဂျာက ဘီလ်ကော်ပီတစ်စောင်ပြပြီး အဲဒီအတွက် ငွေ လက်ခံရပြီးပြီလားလို့ မေးလာပါတော့တယ်။ သေချာကြည့်တော့မှ လား လား ကျွန်မလက်မှတ်ကို အခန့်သားထိုးလို့ ဘီလ်ပေါ်မှာလည်း PAID ဆိုတဲ့ တုံးက ထုထားသေးတာမို့ ကျွန်မ အကြီးအကျယ် လန့်သွားပါတော့တယ်။ ဒါပေမဲ့ သေချာတာက အဲဒါ ကျွန်မလက်မှတ်အစစ် မဟုတ်တာပါပဲ။ အတော်လေး တူအောင်ထိုးထားတာပေမဲ့ ကျွန်မ သေချာနေပါတယ်။ ဒါနဲ့ ကျွန်မက မရရှိကြောင်း၊ ကျွန်မလက်မှတ်လည်း မဟုတ်ကြောင်း ပြောဆိုရပါတယ်။ ကျွန်မ ကံကောင်းတာက လက်မှတ်နှစ်ခု တိုက်ဆိုင်စစ်ဆေးအပြီးမှာ ကျွန်မစာရင်းကိုင်နဲ့ မန်နေဂျာ နှစ်ယောက်လုံးက အဲဒါဟာ ကျွန်မ လက်မှတ်မဟုတ်ကြောင်း အသေအချာ ငြင်းဆိုပေးခဲ့ကြတာပါပဲ။ 

 တော်ပါသေးရဲ့ရှင်။ ကျွန်မလက်မှတ်နဲ့ အတိအကျသာ တူနေခဲ့ရင် ကျွန်မ ဘယ်လိုများ ငြင်းရပါ့။ အဲဒီကစလို့ ကျွန်မ မြန်မာလို ဆိုင်းပြောင်းထိုးခဲ့တာ ဒီနေ့ထိပါပဲ။ နောက်တော့ အဲဒီလို လုပ်တာ ဘယ်သူ ဆိုတာ သူတို့ သိသွားကြတယ် ပြောပါတယ်။ ကျွန်မက အစပိုင်းမှာတော့ စိုးရိမ်စိတ်နဲ့ လန့်နေခဲ့ ပြီး သွေးအေးသွားတဲ့အခါ အရမ်း စိတ်ဆိုးမိတာပါပဲ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေ ဒီလိုလုပ်တာ အတော်လေးကို ဆိုးတယ်မဟုတ်လား။ ငွေအလွှဲသုံးစားမှုနဲ့ ထောင်ကျသွားနိုင်တာမျိုး။ 

ဒါကို သိလို့ ထင်ပါရဲ့၊ ကုမ္ပဏီက ဘယ်သူ့လက်ချက်ဆိုတာ သိပေမဲ့ ကျွန်မကို မပြောခဲ့ပါဘူး။ နောက် အဲဒီလူ အလုပ်က ထွက်သွားတာလား၊ ထုတ်ပစ်လိုက်တာလား မပြောတတ်ပါဘူး။ ကျွန်မ သတိထားမိချိန်မှာ အလုပ်သမား အပြောင်းအလဲတွေနဲ့မို့ ခြေရာကောက်ဖို့ ခက်သွားပါတော့တယ်။ 

ကျွန်မလို ငွေကြေးတွေနဲ့ မလွှဲမရှောင်သာ ပတ်သက်နေရသူတွေ သတိထားနိုင်ကြဖို့ပါ။ ကိုယ့်ဘက်က အတော်လေး စေ့စပ်မှ၊ တာလုံမှ စိတ်ချရမှာမို့ သတိကြီးကြီးထားကြပါလို့ပဲ ပြောပါရစေ….

Monday, November 28, 2011

အသဲကွဲ စီကေအေ

ဂျက်စတားအကြောင်းတော့ လေသံတောင် မဟချင်ဘူး၊ စိတ်နာလွန်းလို့။ စီကေအေတို့ ဘယ်နေမလဲ၊ ဟိုတိုင် ဒီတိုင်ပေါ့။ ခက်တာက အဲသလို ဘတ်ဂျက်အဲလိုင်းတွေက ဒါမျိုး ရိုး..လွန်းလို့ အရေထူနေပြီဆိုတဲ့ အထာနဲ့။ တစ်ခုပဲ Trip Advisor မှာ ကိုသောမတ်စ် (AATO) တင်ပေးတဲ့ စီကေအေတို့ ကွန်ပလိန်းစာ နဲ့ Travel Myanmar မှာတင်ပေးတဲ့ ဒီပိုစ့် ကို သူတို့ Travel Industry ကလူတွေ အကုန်ဖတ်ကြပြီးသကာလ ဂျက်စတားကို Internally အမဲရောင် စာရင်းသွင်းလိုက်သတဲ့။ ဆိုတော့ကာ Myanmar Travel Industryမှာတော့ ဂျက်စတားက ရေပန်းမစားနိုင် ရှာတော့တဲ့ အနေအထားတော့ ဖြစ်သွားတယ်။ တော်တော်လေး ပွက်သွားတယ် ဆိုရမယ်။ ဒီတော့ ကြားကြားချင်း စီကေအေတို့ " အောင်ပြီ အောင်ပြီ အောင်ပြီ" ၃ကြိမ်တိတိ လက်သီးလက်မောင်း တန်းပြီး အော်ပစ်လိုက်တယ်။ ဘာရမလဲ...။ (အမျှ အမျှ အမျှယူတော်မူကြပါကုန်)

ရင်နာနာနဲ့ ပြန်ပြောရမယ်ဆိုရင် သြဂတ်စ်လထဲက ရွာပြန်ဖို့ လက်မှတ်ဖြတ်၊ သူငယ်ချင်းတွေ၊ တွေ့ဖို့ရှိတဲ့ လူတွေနဲ့ တွေ့ရအောင် အစီအစဉ်ဆွဲထားခဲ့တာ။ ဘယ်သွားမယ်၊ ဘာစားမယ် စာရင်းတို့ထား၊ စီကေအေက မေ့တတ်တယ်လေ။ ရောက်တုန်းရောက်ခိုက် စာရေးဖို့အတွက် ကုန်ကြမ်းလေးဘာလေး ရှာရအောင်...တွေးထား...၊ ဘယ်သွားရှာရရင် ကောင်းမလဲ။ အင်း...ဟိုဘလော့ဂ်ဂါလေးလို ကော်ဖီနဲ့ ဆိုင်ကယ်တွဲရောင်းတဲ့ဆိုင် သွားမလား။ ဟိုအစ်မကြီးလို ပျင်းပျင်းရှိ ဓါတ်ဆီဆိုင်သွား တန်းစီ ထုတ်ရင် ကောင်းမလား၊ စီကေအေမှာ ကားနဲ့တူတာ ဘိုအုန်းသီးတောင် မရှိပေမဲ့ပေါ့လေ။ ရွာရဲ့ လေအလျင် လိုမြန်သော၊ ဖြတ်ကနဲ ဖြတ်ကနဲ မပြောမဆို ပြုတ် ပြုတ် ကျတတ်သော အိုင်နက်ရဲ့ စပိဒ်ကို ခံစားဖို့ အင်တာနက်ဆိုင် တစ်ဆိုင်ဆိုင်ကိုပဲ သွားရကောင်းမလား။ ဒါမှမဟုတ် မင်းလမ်း မုန့်တီဆိုင်၊ ဖီးလ် မြန်မာထမင်းဆိုင်တွေက အစားအသောက်တွေ လှည့်ပတ်စားပြီး ဓါတ်ပုံရိုက်၊ ဘလော့ဂ်ပေါ် တင်ပစ်လိုက်၊ အဲလိုနည်းနဲ့  ဘလော့ဂ်ဖတ်လာ များသတ္တ၀ါတွေ ပို့သတဲ့မေတ္တာကို ခံယူရကောင်းမလား။ တွေး...တယ်။ တွေးတိုင်းလည်း မျက်နှာကြီးက ပြုံး ပြုံးကြီး...။

အတိတ်ကို လှန်သော်ပေါ့လေ...။ အိမ်ကလူနဲ့ နယ်မြေဝေခြမ်းရေးလည်း လုပ်ရသေးတယ်။ မန်းလေးမှာ ဘယ်နှညအိပ်၊ တို့များ ရန်ကုန်မှာ ဘယ်နှညအိပ်မယ်ပေါ့၊ အဲသလိုလည်း ညီညွတ် မျှတအောင်လည်း စီစဉ်ထား ရသေး။ မန်းလေးတက်ဖို့ လေယာဉ်လက်မှတ် ဖြတ်၊  ငွေပေါနေလို့တော့ မဟုတ်၊ အချိန်ကို ငွေ နဲ့ ပေးဝယ်ရတဲ့ သဘော။ မေမြို့မှာ ၂ညအိပ်ဖို့လည်း စီစဉ်ရသေးတယ်။ စလုံးက သူငယ်ချင်း မိသားစု နဲ့ မေမြို့မှာဆုံကြဖို့ ချိန်းထားကြတာလေ။ အိမ်ကလူကလည်း တက်ကြွလို့၊ သူ့ အထက်တန်းကျောင်း ဆရာကန်တော့ပွဲ၊ ဘူမိဆရာကန်တော့ပွဲ ၂ခုက တိုက်တိုက်ဆိုင်ဆိုင် စနေ တနင်္ဂနွေဆက်တိုက်မို့ အဆင်တပြေ။ ခါတိုင်းလို တလစီမှာလုပ်ကြရင် ပွဲ၂ခုစလုံးတက်ဖြစ်ဖို့က ခဲယဉ်းပေတာကိုး။ ခုတော့ ကြုံပြီ ကြိုက်ပြီ ကြုံကြိုက်လေပြီပေါ့။

ဒါပေမဲ့ ကံများဆိုးချင်တော့ မင်္ဂလာဆောင်မဲ့အပါတ်မှ ၀ါထပ်နေတာလို...။ ဒီနှစ်ကျမှ ဂျက်စတားဝယ်မိတဲ့ အဖြစ်။ မက်ထားသမျှ အိပ်မက်တွေ အကုန် မြောင်းထဲစိုက်။ MAIလည်း မ၀ယ်ချင်ပါဘူး။ ကိုဂျက်စတား ဆင်တဲ့ အကွက်ထဲ မ၀င်ရေးချ မ၀င်ချင်...။ တခြားအဲလိုင်းတွေ ရှာ...။ အကုန် ဈေးတက်။ မျက်လုံးမက မျက်ဆန်ပါ ပြူးရော။ တတ်နိုင်ပါဘူး။ ဒီတနှစ်လုံး ခရီးထွက်တာများလို့ ၀ိတ်လျှော့ပါမယ် ဆိုနေမှ။ ဟူး... စိတ်တွေကို လျှော့ချ၊ ၀င်လေ ထွက်လေ ရှူ...ရှိုက်၊ အင်း...အနည်းငယ် သက်သာသွားသလိုလို...။

တနင်္ဂနွေတစ်ရက် အရမ်းအားနေတာနဲ့ လေကြောင်းလိုင်းတွေ လျှောက်ဝင်ကြည့်... မတော်တဆကြီးများ ဈေးတွေချနေမှဖြင့်...၊ မျက်လုံးတွေတောင် ပြူးလာသလိုလို ထင်ရ။ ဟာ.... မေ့နေ လိုက်တာ... အဲအေးရှား ရှိသေးတာပဲ။ ကွန်နက်တင်းဖလိုက်နဲ့ မလေးရှားက တစ်ဆင့်သွားလည်း ရတာပဲဟာ...။ အင်း...၀င်ကြည့်မှ.. ၀င်ကြည့်ဦးမှ... ။ ရောဂါ ပြန်သည်းလာပြန်...။

အွန်လိုင်းကနေ ကြည့်ရင်း သေချာချင်တော့ ဖုန်းထဆက်။ လေယာဉ်တော့ ၂စီးပြောင်းရမယ်။ SIN-KUL-SIN နဲ့ KUL-YGN-KUL လက်မှတ် ၂စောင် ဖြတ်ရမယ်။ အချိန်ပိုကုန်မယ်၊ လူ ပို ပင်ပမ်းမယ်။ သွားမလား။ ဘယ်လိုလဲပေါ့။ စီကေအေ သိပ်သွားချင်နေမှန်းသိတော့ အိမ်ကလူက စလုံးS$၁၀၀၀ မကျော်ရင် သွားကြတာပေါ့တဲ့။ အင်း... အားလုံးဘယ်လောက်ကျလဲ ဆိုတော့ S$၁၀၀၂.၄၉ တဲ့။  နိုးပရော်ဘလန် S$၂.၄၉ မိန်းမပဲ ပေးလိုက်ပါ့မယ်လေ၊ သွားကြတာပေါ့လို့ သဘောတူလိုက်ကြတယ်။ အခု ခရက်ဒစ် ကဒ်နဲ့ ပေးရမှာလားဆိုတော့ " နိုးနိုး တာမင်နယ်-1က AirAisa Sales counterမှာ ၄၈နာရီအတွင်း ငွေအကြေ သွားရောက်ပေးချေပါ"တဲ့။ ကိစ္စမရှိပါဘူးလေ၊ ဒီညနေ ဧည့်သည်ကြိုရမှာ၊ လေဆိပ်သွားဖို့ ရှိတာပဲဟာ။ ဒါနဲ့.... မြောင်းထဲကျနေတဲ့ အိပ်မက်ကြီး ကောက်ပြီး ဆက်မက်ကြပြန်တယ်။

တနင်္ဂနွေ ည ၈နာရီဝန်းကျင် တာမင်နယ်-1 AirAisa Sales counter ရှေ့။

"ဘွတ်ကင်နံပါတ်ပြော..."

"*#*@@@***&"

"အိုကေ...အဲဒါက SIN-KUL-SIN နော်"

"ရက်စ် ရက်စ်"နောက် ဘွတ်ကင် တစ်ခု ရှိသေးတယ် KUL-YGN-KULလေ... (စီကေအေမှ တက်ကြွစွာ ပြော သည်)

"သြော် ၀ိတ်ထ် ၀ိတ်ထ် ၀မ်းဘိုင်ဝမ်း အိုကေ...၊ ဒါအတွက် အရင် ပေးရမယ်၊ စကာင်္ပူဒေါ်လာ 270.0ပါ"

"အိုကေ..." (အိမ်ကလူမှ ခရက်ဒစ်ကဒ် ထုတ်ပေး)

"ဟုတ်ပြီ။ နောက် ဘွတ်ကင်နံပတ် တစ်ခု ပြောပါ"

"@$^&%^&$&amp"

"ကျေးဇူး၊ အိုကေ ဒီ ဘွတ်ကင်က KUL-YGN-KUL နော်..."

"ဟုတ်ပါတယ်...ဟုတ်ပါတယ်..." (စီကေအေမှ မျက်လုံးများ အရောင် တလက်လက်နှင့် ပြောသည်)

"အင်း...အဲဒါက စင်္ကာပူ ဒေါ်လာ ၈၃၄.၄၉ ကျပါတယ်"

"ဘာ...အိုင် ဘက်ခ်ယူဝါ ပါဒမ်..."

"စင်္ကာပူ ဒေါ်လာ ၈၃၄.၄၉ ပါ"

"ဟင်...ငါတို့ နေ့လည်က သဘောတူထားတဲ့ ဈေးက ၇၃၂.၄၉ပါ...ဒီမှာကြည့်" (လက်ရေးနှင့် အသေအချာ ချရေးထားသော စာရွက်ကို စီကေအေမှ ပြရင်းပြော)

"အဲဒါတော့ ငါတို့လည်း မသိဘူး၊ ဈေးကတော့ အခု စစ်စတမ်မှာ ပြနေတဲ့ ဈေးပဲ"

"ဒီလို ဘယ်ရမလဲ၊ နေ့လည်ကမှ သဘောတူထားတဲ့ဟာ၊ ငါတို့ ဘွတ်ကင်ကို ၄၈နာရီ ဟိုးလ်လုပ်ထားမယ် လို့ ပြောခဲ့တာ"

"ဘယ်သူလဲ နင်မှတ်မိလား"

"အဲဒီ အမျိုးသမီးနာမည်က Ms Anne တဲ့ call center က"

"ဒါဆို သူ့ဆီ ဖုန်းဆက်ပြီး ပြန်မေးကြည့်လိုက်ပါ"

ကြိုးစားဆက်သည်။ အဂန်း အန် အဂန်း...၊ ဖုန်းက တစ်ချိန်လုံး ဘီးဇီး....နှင့် မအား...။

"ဧည့်သည်ကြိုဖို့ လေယာဉ်ဆိုက်ချိန်က နီးပြီ၊ သွားကြစို့၊ တော်ပြီကွာ ဒီလောက် ပြသာနာ များလှတာ သွားမနေပါနဲ့တော့" (အိမ်ကလူကြီးမှ စိတ် အလွန်အမင်း ပျက်သံနှင့် ပြော)

"အိုကေ၊ ပလိစ် ကန်ဆယ် အာဝါ ဘွတ်ကင်" (စီကေအေမှ ရင်ထုမနာ ပြော၏)
ဘတ်ဂျက်အဲလိုင်းများနှင့် အကျိုး လုံးလုံးမပေးသော ကိုယ့်ကုသိုလ်ကံကိုပဲ ပုံချ။

ဧည့်သည်ကြို၊ အတင်း ကြိုးစား ပြုံးပြ၊ အပြုံးမမည်...၊ မချိသွားဖြဲ...။
ည...အိပ်မပျော်...။ မနက် ဧည့်သည် မနက်စာကျွေးဖို့ စောစောထ။ ဘ၀ကြီးက ကြမ်း...။

မနက်စာစားပြီး ခဏအကြာ...။ အီးမေးလ် စစ်။ ဟာ..."၀ီအာပလိစ်တူ ကွန်ဖမ်း ယူဝါဘွတ်ကင်...အဲအေးရှား" ဆိုပါလား...ကြည့်လိုက်တော့ SIN-KUL-SIN ဘွတ်ကင်တစ်ခုထဲအတွက် လေယာဉ်လက်မှတ် ပို့လိုက်ခြင်း...။
ပြန်စဉ်းစားတော့မှ၊ ဟုတ်ပေသားပဲ။ ၀မ်းဘိုင် ၀မ်း ဆိုပြီး ပထမဘွတ်ကင်အတွက် ခရက်ဒစ်ကဒ်ထဲက ယူလိုက်ပြီးသားကိုး...။

ကန်ဆယ် အာဝါ ဘွတ်ကင်လို့ ပြောပေမဲ့ အဲဒီအချိန်မှာ ခရက်ဒစ်ကဒ်ဖြတ်ပြီးသား။ လောလော လောလောနဲ့ void မှ ပြန်မလုပ်ခဲ့တာ။  မြွေပဲ...။

အဲအေးရှားကို ချက်ချင်း ဖုန်းဆက်၊ အကျိုး အကြောင်း ရှင်းပြ။ ဟိုဘက်က အမျိုးကောင်းသား အလွန် သဘောကောင်း။ ဒါ သူတို့ဘက်က အမှားပါ။ သဘောတူထားတဲ့ ဈေးအတိုင်းပဲ ပြန်ယူပါတဲ့....။
မျှော်လင့်ချက်တွေ တစ်ပတ် လည်လာပြန်ပေါ့...။ အိမ်ကလူကို ဖုန်းဆက်။ ဘယ်လိုလဲ ယူလိုက်မလား၊ ယူလိုက်ရမလားမေး..။

"တော်ပါပြီကွာ...ဒီလောက် စိတ်အနှောက်အယှက် ဖြစ်ရတဲ့ ခရီး မသွားတာပဲ ကောင်းပါတယ်။ ပြောလိုက် ရီဖန်းပဲ ပြန်ထုတ်ပေးလို့..."

"ဂွပ်...."

ဖုန်းချတာ မဟုတ်...စီကေအေ အသဲ ကျကွဲသွားခြင်း...
စဉ်းစားကြည့်ပါ ပရိတ်သတ်ကြီးရယ်...၂ခါ ကွဲတဲ့ အသဲ မနာဘဲ နေပါ့မလားနော်....

မေတ္တာပို့  : ၇ရက် သားသမီးများ အသဲကွဲခြင်းမှ ကင်းဝေးကြပါစေ။ ဘတ်ဂျက်အဲများ ကျန်းမာကြပါစေ...


Monday, May 16, 2011

ငမိုး

ငမိုးသည် ငယ်ငယ်တုန်းက ကျွန်မနှင့် ကျောင်းသွားဖော် ဖြစ်ပါသည်။  ငမိုးသည် တခြားသူမဟုတ်၊ ကျွန်မထက် တလတိတိသာ ငယ်သော ကျွန်မ၏ မောင်ဝမ်းကွဲ (အဖေ့ အမကြီးက မွေးသောသား) ဖြစ်ပါသည်။ ငမိုးကို မွေးစဉ်က အခါမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာခဲ့၍ မောင်မိုးဟု အိမ်နာမည် တွင်ခဲ့သည်။ တလတိတိသာ ကွာသောအသက်ကြောင့် ငမိုးနှင့် ကျွန်မ ကျောင်းအတူတူ အပ်၊ ကျောင်းကားအတူတူ စီးပြီး မောင်နှမဆိုသည်ထက် သူငယ်ချင်းများ ပမာ ပေါင်းခဲ့ကြသည်။

သို့သော် ငမိုးမှာ စာညံ့၍ ကျွန်မကသူ့ထက် အတန်းများ ကျော်တက်ခဲ့ပြီး တက္ကသိုလ်ကျောင်းသူ   ဖြစ်နေချိန်တွင် ငမိုးက ဆယ်တန်းကျနှင့် ကျောင်းထွက်ခဲ့ပြီး ဖြစ်လေသည်။
ငမိုးတို့ မောင်နှမအရင်းများအားလုံး ရုပ်ရည်သန့်ပြန့် ချောမောသူများ ဖြစ်ကြသည်။ ငမိုးတို့အဖေမှာ ရေတပ်ထဲက ဖြစ်၍ သူ ဆုံးပါး သွားသောအခါ ငမိုးတို့အဖေကိုချစ်သော အထက်လူကြီးများက ငမိုးကို ရေတပ်ထဲသွင်းကာ အလုပ်လုပ်စေခဲ့လေသည်။ ထိုစဉ်က ကျွန်မတို့အိမ်ကို အလည်လာသော ရေတပ်ဝတ်စုံနှင့် ငမိုးမှာ မားမတ်သောအရပ်၊ ဖြောင့်ရှင်းသန့်ပြန့်သော ရုပ်ရည်နှင့် လွန်စွာ လိုက်ဖက်တင့်တယ်နေခဲ့သည်။ ကျွန်မမှာ ငမိုးအတွက် ပြောမပြတတ်အောင် ဝမ်းသာဂုဏ်ယူခဲ့ရသည်။

ငယ်ငယ်က ညစ်ကျယ်ကျယ် အစအနောက်သန်သော ငမိုးသည် ခုတော့ အင်မတန် ခန့် ချောသော ရေတပ်သားကလေး ဖြစ်နေပြီ။ ငမိုးငယ်ငယ်က ဂေါ်လီပစ်တမ်း ကစားကြပုံကို ကျွန်မ သတိရမိသေးတော့သည်။ သားရေပင်ကြေး ဂေါ်လီပစ်ကြရာမှာ ရှုံးနေလို့ ပေးစရာ သားရေပင် မရှိတော့သော ငမိုးက သူ့ကစားဖော်တွေကို "ငါ့အမ ယူလိုက်ကွာ" လို့ ပြောပြီး ကစားခဲ့တာ။ ပြီးတော့ သူ "အမပေးကြေး" ကစားခဲ့တဲ့အကြောင်း ကျွန်မကို လာပြောသေးတာ။ "တကယ်ပေးရတာမှ မဟုတ်တာ နင်ကလည်း"...တဲ့လေ။ ကျွန်မမှာ စိတ်မဆိုးတဲ့အပြင် သူနဲ့ရောပြီး လိုက်ရယ်မိခဲ့သေးသည်။ အတော်ဆိုးတဲ့ ငမိုးပါပဲ။

နောက်တော့ ကျွန်မတို့ လူကြီးလေးတွေအဖြစ် ကျရာနေရာမှာ အလုပ်တာဝန်တွေကိုယ်စီနှင့်   မောင်နှမတတွေ ဝေးသွားခဲ့ကြရသည်။ သို့သော် ငမိုး၏ သတင်းများကိုတော့ အမေ့ထံမှတဆင့် ကျွန်မ အမြဲ နားစွင့်နေခဲ့မိသည်သာ။ အရင်တခေါက် ကျွန်မ အိမ်ပြန်စဉ် ကြားခဲ့ရသော ငမိုးသတင်းများမှာ သိတ်မကောင်းလှပါ။ ငမိုး ဒီကောင် အရက်စွဲနေပြီဟု အမေက ဆိုလာသည်။ ပြီးတော့ အိမ်ထောင်ကျ သွားပြီတဲ့။ ငမိုးမိန်းမက မွတ်စလင်ဘာသာဝင် ကလေးပေမဲ့ ငမိုးကြိုက်သော ဝက်သားဟင်းကို လင့်အလိုလိုက်၍ ချက်ပြုတ် ကျွေးမွေးသတဲ့။ ဒါတောင် ငမိုးက မူးလာလျင် သွေးဆိုးပြီး ကြိမ်းမောင်းရိုက်နှက် တတ်သတဲ့။ ကျွန်မမှာ မမြင်ဘူးလိုက်သော ယောင်းမကလေးအတွက် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်ခဲ့သည်။ နောက် မကြာပါ လင်မယား ကွဲကြပါလေသည်။ အိမ်ထောင်ပျက်သွားသော ငမိုးအတွက် စိတ်ထိခိုက်မိပေမဲ့ ဝဋ်ကျွတ်သွားခဲ့သော တဘက်သား မိန်းကလေးအတွက် ကြိတ်ဝမ်းသာရလေသည်။

သည်လိုနှင့် အိမ်ထောင်ကွဲသွားသော ငမိုးသည် ငှားထားသောအိမ်ကလေး အရှင်ထံ ပြန်အပ်၍ သူ့အမေအိမ်ပေါ် ပြန်တက်ကာ တဗိုလ်တမင်း ပြုမူနေထိုင်တော့သည်။ မူးလာလျင် ရစ်တတ်ပြီး သွေးဆိုးသောငမိုးက တဘက်၊ အမေဖြစ်သူနှင့် ကျန်မောင်နှမများက တဘက် ပွက်လောရိုက်နေသော အိမ်ပေါ်မှ နောက်ဆုံး ငမိုး နှင်အချခံခဲ့ရတော့သည်။

ငမိုးက မမှုပါ။ အမေ့ကို ချွှဲကာ၊ ပတ်ကာနှင့် ကျွန်မတို့ အိမ်ပေါ် ရောက်လာခဲ့သည်။ အမေကတော့ သူ့တူအပေါ် သားအရင်းလို ချစ်ရင်းစွဲနှင့် အိမ်မှာ နေစေခဲ့ပါသည်။ အိမ်ရှေ့ ဘုရားခန်းဘေးမှာ ငမိုးအတွက် အိပ်ရာပြင်စေသည်။ သူသည် အိမ်မှာ ထမင်းပွဲ လက်ဆေးစားရုံသာ ဖြစ်သည့်အပြင် အမေက ငမိုးလက်ထဲ နေ့စဉ်သုံးဖို့ မုန်းဘိုးပေးသေးသည်။ အမေက သူ့တူကို အရက်မသောက်ဖို့၊ လိမ်မာဖို့ တွင်တွင်ဆုံးမသည်။ အစပိုင်းတော့ ဟုတ်မလိုလိုနှင့် နဲနဲကြာလာတော့ ငမိုးတို့ ဗွေဖောက်လာပြန်သည်။ အိမ်အပြန် အရက်သောက်မြဲ သောက်သည်။ ရစ်မြဲ ရစ်သည်။ တညတော့ မူးမူးနှင့် သူ့အိပ်ရာပင် သူမပြင်နိုင်ဘဲ ဘုရားစင်ရှေ့တည့်တည့်ကြီးမှာ ပက်လက်ကြီး အိပ်ပျော်ရင်း သေးပေါက်ချလိုက်သေးသည် ဆို၏။ တခါတခါလည်း မူးရူး အိပ်ပျော်နေရင်း ပုဆိုးကိုယ်မှာ မကပ်သည်များလည်းရှိတတ်ရာ ကျွန်မ ညီမအပျိုလေးတွေနှင့်မို့ မသင့်တော်ပြန်ပါပေ။ နောက်ဆုံးတော့ အမေ ငမိုးကို ရာဇသံပေးရတော့သည်။

သည်တခါ ငမိုးရောက်သွားသောအိမ်က ကျွန်မအဒေါ်အိမ်။ ငမိုးနှင့် ကျွန်မ ငယ်ငယ်က သူ့လက်ပေါ်တွင် ကြီးပြင်းလာခဲ့ရသော၊ ကျွန်မတို့အပေါ် သူ့သားသမီးအရင်းတမျှ ချစ်ရှာသော အဒေါ်အိမ်ကို ဖြစ်လေသည်။ ထိုအဒေါ်ကို တွေ့တွေ့ချင်း ငမိုးက အဒေါ့်လည်ပင်းဖက်ကာ ပြောသည်မှာ " ဒေါ်ကြီး သား ဒီအိမ်မှာ ဒေါ်ကြီးနဲ့ အတူ နေမယ်နော် သားကို အမေကလည်း မချစ်ဘူး၊ ကျန်တဲ့အဒေါ်တွေကလည်း သူတို့အိမ်မှာ လက်မခံဘူး၊ သားက ဒေါ်ကြီးကို အချစ်ဆုံး သား အရင်သေရင် သားအသုဘကို ဒေါ်ကြီးပဲ စီစဉ်၊ ရေစက်ခွက်ကို ဒေါ်ကြီးပဲကိုင်နော်" လို့ ဆိုသတဲ့။ ကဲ...ကျွန်မအဒေါ် ဘယ်လိုနှလုံးသားနဲ့များ ဒီအကောင် လူမိုက်ကလေးကို အိမ်ပေါ်က နှင်ရက်ပါ့မလဲ။

တကယ်ပါ။ ငမိုးဟာ မူးမနေရင်ဖြင့် အလွန်ချစ်စရာကောင်းသော အကောင်ကလေး ဖြစ်ပါသည်။ အဲသည်အဒေါ်အိမ်မှာ အတော်ကြာအောင် သောင်တင်နေခဲ့ပြီး ထုံးစံအတိုင်း ပြဿနာနှင့်ပင် အဒေါ်အိမ်က ငမိုး ဆင်းသွားပြန်ပါသည်။ ထိုသို့ ဟိုအိမ် သည်အိမ် လှည့်နေရင်း တခါတလေ ကျွန်မတို့အိမ်ကို တညလောက် အိပ်ပါရစေ ဆိုပြီး ရောက် ရောက်လာတတ်ပါသေးသည်။ လာတိုင်းလည်း လူကသာ သိုင်းကွက်နင်းချင် နင်းလာမည် ကျွန်မတို့ အိမ်ထဲအရောက် လမ်းမမှားဘဲ ဒုတ်ဒုတ်ထိ အရောက်လာတတ်သည်။ လက်ထဲတွင်လည်း ခေါက်ဆွဲကြော် ထုတ်လေး နှစ်ထုပ်ကို   မြဲမြဲဆွဲကိုင်လာတတ်ပြီး ကျွန်မအမေ စားဖို့၊ အဖွား စားဖို့၊ ညီမတွေ စားဖို့ဟုဆိုကာ အိမ်ရှိလူကုန်ကို သူ့ ခေါက်ဆွဲကြော် ထုတ်လေး နှစ်ထုပ်နှင့် လောကဝတ်ပြုတတ်သော ငမိုးပါပေ။

နောက်တရက် သူပြန်ခါနီးမှာ အမေ့နားကပ်ကာ "သားကို မုန့်ဘိုးပေး" ဆိုပြီး တောင်းတတ်ပါသည်။ အမေ့ဆီမှ ရပြီးလျင် ပိုက်ဆံကို သိမ်းကာ ကျွန်မညီမငယ်ဆီက လက်ဖြန့်တောင်းပြန်ပါသည်။ မီနီမားကတ်အသေးစားလေး အိမ်ရှေ့တွင် တွဲဖွင့်ထားသော ထိုညီမ၌ ငွေရွှင်သည်ကို သူသိသည်။ "ကိုကြီးကို အမေပေးပြီးသား မဟုတ်လား" ဟု ညီမကဆိုလျင် ငမိုးသည် အင်မတန် ညှိုးငယ်သော မျက်နှာထားနှင့် "ငါ့ညီမ ဆိုင်က ဝင်ငွေ ရှိပါတယ်ကွာ ကိုကြီးမှာက အလုပ်လည်းပြုတ်၊ ဝင်ငွေ မရှိတဲ့ဘဝမှာ ညီမလေးတို့က မုန့်ဘိုးလေးဘာလေးပေးမှ စားရမှာ"ဟု ဆိုလေသည်။ ဤသို့နှယ် အိမ်၌ရှိသော ငွေဝင်သူများထံ မုန့်ဘိုး လှည့်ပတ်တောင်းပြီးမှ သူ ပြန်သွားတတ်လေသည်။

ဤသည်မှာ အမေ ပြောပြသော ငမိုးအကြောင်းများ ဖြစ်သည်။ ငမိုး ဘယ်လိုများ သည်လို အခြေအနေ ရောက်သွားရပါလိမ့်။ အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ကောင်ကလေး...ခုတော့ အရက်၏ကျေးကျွန် လုံးလုံးဖြစ်ရရှာပြီ။ သူ့အဖေဆုံးချိန်မှာ ငမိုးအသက် ၂၀ကျော်ရုံ ရှိသေးသည်။ အရွယ်ကောင်း၌ ဖခင်၏ အုပ်ထိန်းမှု မရှိခဲ့ခြင်းကြောင့်လား၊ ရေတပ်ထဲဝင် ယောက်ျားလေး အပေါင်းအသင်းစုံခြင်းကြောင့်လား၊ ပညာဆုံးအောင် မသင်ယူခဲ့ရ၍လား... လားပေါင်းများစွာနှင့် ကျွန်မ လုံးထွေးဆဲပင်။

ဒီနှစ်ဦးပိုင်း ကျွန်မ အိမ်ပြန်ဖြစ်ခဲ့တုန်းက ငမိုးကိုတွေ့ချင်စိတ်နှင့် အမေ့ကို မေးမိသည်။ သူနှင့် အဆက်အသွယ်ရရန် မလွယ်ပါ။ နေရာထိုင်ခင်း အတည်တကျမရှိသောသူမို့ သူ အိမ်လာသည့်အခိုက်နှင့် ကြုံလျင်သာ တွေ့နိုင်ပါမည် တဲ့လေ။ ကျွန်မမှာ ဝမ်းသာဝမ်းနည်း ဖြစ်ရသည်။ ဝမ်းသာရသည်က ငမိုး သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရ၍၊ ဝမ်းနည်းရသည်က ခြေသလုံး အိမ်တိုင် လုပ်နေသော ငမိုးအခြေအနေကြောင့် ဖြစ်လေသည်။ ငမိုးလာလျင် မုန့်ဘိုးပေးမည်ဟု ငွေတထုတ် သတ်သတ်ဖယ်ထားမိလျက် ငမိုးအလာကို နေ့စဉ် မျှော်ခဲ့ရသည်။ သို့သော် ငမိုးကား ခွင့်ရက်စေ့၍ ကျွန်မ ပြန်လာခဲ့ရသည့်တိုင် ပေါ်မလာခဲ့ပါ။

လမ်း၌ ဟိုယိုင်ဒီယိုင်လျှောက်လာသော အမူးသမားများ၊ အလုပ်ပိတ်ရက် ညနေများတွင် မြက်ခင်းပြင်ပေါ် ဝိုင်းထိုင်ကာ အရက်စုသောက် တတ်ကြသော အလုပ်သမားကလေးများ ထိုသူတို့ကိုတွေ့လျင် ငမိုးကို သတိရစိတ်နှင့် ရင်၌ နင့်ကနဲ ဖြစ်ရမြဲ။ ငမိုးရေ.......။ ငမိုးနဲ့ တွေ့ချင်ပါသေးသည်။ ရလိုရငြား ဆုံးမကြည့်ချင်ပါသေးသည်။ သူ အရက်ပြတ်သွားအောင် ကျွန်မ တတ်သမျှ မှတ်သမျှ နည်းလမ်းတွေ ပြော ပြချင်ပါသေးသည်။ ထိုအတွက် ငမိုးနှင့်ကျွန်မ မသေခင် တွေ့ကြရမှ ဖြစ်မည်။ 

ကျွန်မ ငမိုးနဲ့ တွေ့ချင်ပါသေးသည်....


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...