၂၀၀၉ခု နှစ်စအထိ ဘလော့ဂ်ဆိုတာ၊ ဘလော့ဂ်ဂါဆိုတာ ဘာမှန်းမသိသေး၊ ခုထိလည်း မှုန်ဝါးဝါးနဲ့ သူများဘလော့ဂ်နေ့ဆိုတာနဲ့ လိုက်ဘလော့ဂ်နေ့နေတဲ့သူကို ချစ်ကြည်အေးလို့ ဆိုရင် မမှားပေဘူး။ တကယ်...။ ၂၀၀၉အစပိုင်းလောက်မှာ သူငယ်ချင်းသက်ဝေရဲ့ ကောင်းမှုကြောင့် ဖေ့စ်ဘုတ် စသုံးဖြစ် တာက စခဲ့တယ်။ ရည်ရွယ်ချက်က သိတ်ကြီးတယ်။ Pet Societyဆိုတဲ့ ဂိမ်းလေးထဲက အကောင်လေးတွေ မွေးပြီး ကစားကြည့်ချင်လို့။ အဲဒီနောက် ယာစိုက်၊ ငါးမွေး၊ ကော်ဖီဆိုင်ဖွင့်နဲ့ ဂိမ်းအစွဲကြီးစွဲရာက အိမ်နီးချင်း၊ ယာနီးချင်း၊ ဆိုင်နီးချင်းတွေ တိုးပွားလာပြီး ဖဘမှာလည်း ကစားဖော်မိတ်ဆွေတွေ တိုးလာခဲ့ပါရော။
အဲလိုနဲ့ပဲ ဖဘမှာ တစ်ချို့သောသူတွေရဲ့ စတေးတပ်စ်တွေဖတ်ပြီး ရယ်ရတာကိုကြိုက်တဲ့ ကျွန်မက သူတို့နဲ့ မိတ်ဆွေဖွဲ့ဖြစ်ခဲ့တယ်။ ခင်မင်စရာကောင်းတယ်။ ဖဘမှာ တခွိခွိ တခွစ်ခွစ်နဲ့ သူတို့က ရယ်ကြ၊ ပြောကြနဲ့ ရယ်။ အမယ်...ငှင်းငှင်းတို့၊ ညှင်းညှင်းညှင်းတို့၊ ငှဲလျောင်း ငှဲလျောင်းတို့တောင်ပါသေးတယ်။ အာမေဒိတ်တွေကလည်း အဆန်းတကြယ် ((ဟမ်))တို့၊ ငှင် !! တို့၊ အလို!!!...တို့၊ အို...စုံတကာစိ ပါပေတယ်။ ကျွန်မမှာဖြင့် ဟိုကြည့် ဒီကြည့် ဟိုရယ် ဒီရယ်နဲ့။ ဒီလူတွေ အတော်တော့ ရယ်စရာ ကောင်းသားလို့ ထင်ခဲ့မိတာ။ နောက်မှသိရတာက ထိုထိုသော အနှီပုဂ္ဂိုလ်တို့သည် ဘလော့ဂ်ဂါများ ဖြစ်ကြကုန်၏ တဲ့။ အလို... ဖြစ်ရလေ၊ ရယ်ရလွန်းလို့ ရင်တုန်ပန်းတုန် ရှိလှပါတော့တယ် အသင် ဘလော့ဂ်ဂါ....။
အင်းးးဟုတ်ပါပြီ၊ ဒါဖြင့် ကိုယ်ရော ဘလောဂ့်ဂါလုပ်လို့ရလားဆိုတော့ ရတယ် တဲ့။ ဒါနဲ့ပဲ သူငယ်ချင်း အကောင်းစားလေးသက်ဝေရဲ့ ချောက်တွန်းမှုနဲ့ ဘလော့ဂ်လေးတစ်ခု လူလူသူသူ ပိုင်လာခဲ့ တယ်။ အေးအေးနေ နေတာ ကြည့်မရရင် ဘလောဂ့်တစ်ခုသာ ဖွင့်ပေးလိုက်လို့ ဆိုရိုးတွေတောင် ပြင်ရတော့ မလိုလို။ အဲဒီမှာ မှတ်မိလို့ ပြောပြချင်သေးတယ်။ သက်ဝေက မေးတယ်။ နင်က ဘယ်လို စာမျိုးတွေ ရေးမှာ လဲ တဲ့။ “ငါက ဟာသတွေရေးချင်တာဟ”၊ ကျွန်မ မဆိုင်းမတွ ပြန်ဖြေခဲ့တာ သတိရနေသေးတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂က ကိုကြီးကျောက်နဲ့ ပြောဖြစ်ခဲ့တာလေး အမှတ်တရ ဖတ်ကြည့်ကြပါဦး။ ကိုကြီးကျောက်က ကျွန်မအမျိုးသားကို စာရေးဖို့ ခိုင်းခဲ့တာပါ။
10:28 AM maungnaipe: သူ့လဲစာရေးခိုင်း..တော်တော်ရီရမယ်
me: not his hobby, he likes to read news only
10:29 AM maungnaipe: အင်း..ဒါတော့ မတတ်နိုင်ဘူး
me: but he gives me some ideas about funny funny stuffs
maungnaipe: ဟုတ်မယ်..
me: yeah, but being a woman got limit to write
10:30 AM cant write so openly like you :(
some jokes
u agree ?
10:31 AM maungnaipe: အင်းဒါတော့ဟုတ်တယ်..ကိုကြီးကျောက်တို့သာလက်လွယ်စပယ်တွေရေးပစ်တာ..မိန်းကလေးအနေနဲ့ကြ ရေးဖို့မလွယ်ဘူး
me: even now, some say , I am a bit kind of, ahh...how do i put in words???
maungnaipe: တခါတလေ ကိုယ်ရေးတာ သိတ်လွန်သွားသလားလို့တောင်စိုးရိမ်မိတယ်
10:33 AM me: u know right, I write about all funny funny ones
ur writing is OK ko gyi, people love u:)
maungnaipe: ဟုတ်တယ်..ညည်းစာတွေက ပုံမှန်အမျိုးသမီတွေ ရေးလေ့ရေးထရှိတဲ့ လမ်းကြောင်း မျိုးတော့ မဟုတ်ဘူး
ကျွန်မ ဘလော့ဂ်ရေးစ အရှိန်လေးရလာတဲ့အခါ ကော်မန့်မှာ၊ စီဘောက်မှာ ဘာတွေ ရေးနေ တာလဲတို့၊ ပေါတာမကြီး၊ ပေါရဲလိုက်တာ တို့ အဲသလိုတွေ အရေးခံခဲ့ရဖူးတာ။ ကိုကြီးကျောက်ကတော့ ကျွန်မကို အားပေးခဲ့ရှာပါတယ်။ ကျွန်မကိုက ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးချင်ခဲ့တာ။ စဉ်းစားကြည့်ပါ။ အင်မတန် စိတ်ဖိအားများနေတဲ့ ပတ်ဝန်းကျင်မှာ လူတွေဟာ ဖြေလျှော့ပစ်လိုက်ဖို့ လိုလာတယ် မဟုတ်လား။ စာဖတ်ပြီး အနည်းဆုံး ပြုံးမိတယ်ဆိုရင်ပဲ နည်းသလား။ ဒီတော့ သူ့နည်း သူ့ဟန်နဲ့ ကိုယ်တွေ့ဟာသလေးတွေ ရေးနေတဲ့ ဘလောဂ့်လေးတွေကို ကျွန်မ နှစ်သက်မိတယ်။ ဒါဟာ ဖြေဖျော်မှု တစ်ခုလို့ ကျွန်မ ယူဆပါတယ်။
စာလေး စာခန့်တွေ၊ စာကောင်း စာသန့်တွေ ရေးနေကြသူတွေ၊ စိတ်ဓါတ်ခွန်အားဖြည့် စာလေးတွေ ရေးနေကြသူတွေ၊ ရသ သုတရေးနေကြသူတွေ၊ ချက်နည်းပြုတ်နည်းရေးနေကြသူတွေ အများကြီးပါပဲ။ ကျွန်မအတွက်တော့ ဘယ်စာမဆို တစ်ခုခု ယူတတ်ရင် ရတာပဲလို့ ယုံကြည်တဲ့အတွက် အားထုတ်ရေးသား နေကြတဲ့ ဘလော့ဂါတိုင်းကို လေးစားချစ်ခင်စိတ် ဖြစ်ရပါတယ်။
စကားစပ်မိလို့ ပြောရဦးမယ်။ မကြာသေးပါဘူး။ မဂ္ဂဇင်းတစ်ခုကို ဘလော့ဂ်မှာ ရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ် လှမ်းပို့လိုက်ပါတယ်။ အွန်လိုင်းမှာ တစ်ရက်တွေ့တာနဲ့ ရွေး/ပယ် မေးကြည့်တဲ့အခါ ပယ်ပါတယ်တဲ့၊ ကျွန်မအရေးအသားက တစ်မျိုး၊ ဖတ်ကောင်းပေမဲ့ မာဆတ်ဆတ်နဲ့မို့ ပယ်လိုက်ပါတယ် တဲ့။ အို...ကျွန်မ ဝမ်းသာမိပုံများ၊ ဟုတ်တယ်...ကျွန်မရေးဟန်က စကားပြောများတယ်။ အပြင်မှာ စကားပြောရင်လည်း ဆတ်တောက်တောက်နဲ့ ဟိုရောက်ဒီရောက် ပြောတတ်တာမျိုး။ မြန်မြန် ရေပက်မဝင်လည်း ပြောတတ် တယ်။ ဒီတော့ ရေးဟန်ကို သွားလွှမ်းနေတတ်တာ။ ဝတ္ထုတိုရေးရင်သာ ဇာတ်ကောင်စရိုက် ဖမ်းရေးရင်း ချစ်ကြည်အေး ပျောက်သွားတတ်ပေမဲ့ ဆောင်းပါးတွေရေးရင်တော့ “ချစ်ကြည်အေးလေ” မိနေတော့တာ။
တခါတလေ မာဆတ်ဆတ်ကို သတိထားမိလို့ Tone ချပြီး ရေးမိ ပြောမိတဲ့အခါ အချိုလွန်သွားပြီး ဟန်လုပ်နေ ရသလို၊ အပေါ်ယံလို ခံစားရတတ်လို့။ အင်းးး မာဆတ်ဆတ်အတိုင်းပဲ ကောင်းပါတယ်လို့ စဉ်းစားမိပြန်တယ်။ ဘာပဲဖြစ်ဖြစ် အခုလို သိလိုက်ရတာဟာ ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ရေးဟန်ကို ထောက်ပြလိုက်တာမို့ ဝမ်းသာရပါတယ်လို့ ပြောခဲ့တာ။
အားလုံးလိုပါပဲ၊ ဘလော့ဂ်ရဲ့ အစမှာ အစားမဖြောင့်၊ အအိပ်မဖြောင့် ရူးသွပ်ခဲ့တယ်။ ဟိုဘလော့ဂ်လည်၊ ဒီဘလော့ဂ်လည် ကော်မန့်ရေး မိတ်ဆွေဖွဲ့နဲ့ ကူးစက်တတ်တဲ့ ရောဂါတစ်ခုကို အများနည်းတူ ခံစားခဲ့ ရတာရယ်။ ဒါကိုပဲ ပျော်လို့။ ဒါပေမဲ့ ခုတစ်လော ကျွန်မရဲ့ ကျန်းမာရေးအရရော၊ ဘလော့ဂ်ရဲ့ သဘာဝ ဂငယ်ကွေ့ကို တက်နေရတဲ့အခိုက်မို့ရော အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေခဲ့တယ်။
အဲ...နောက်တစ်ခုက အိုင်ဖုန်းကြောင့် စာတွေကို ဖုန်းထဲကနေပဲ အဖတ်များလာတာ၊ နောက်ဆုံးတစ်ခုက အိမ်ကလူကြီးနဲ့ ကွန်ပြူတာလုနေရတာကြောင့်လို့ပဲ ဆိုရပါတော့မယ်။ သူက တီဗီက CNA သတင်းလည်း အလွတ်မပေး၊ သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေလည်း အလွတ်မပေးတဲ့ သတင်းသရဲ။ ဟော...လာပြီ၊ ချစ်ကြည်အေးတို့ ပြောရင်းဆိုရင်း ကြော်ငြာဝင်ချလာပုံ...:)
အင်းးး ကျန်းမာရေးဆိုလို့ ပြောရရင် ကျွန်မက ငယ်ကတည်းက သွေးထဲမှာ ရှိရမဲ့ သွေးနီဥ (ဟေမိုဂလိုဘင်) ပါဝင်မှုနှူန်းနဲနေတဲ့ ရောဂါပါ။ ကြည့်ရင်တော့ လူက အလတ်ကြီးရယ်။ ဒါပေမဲ့ ဘာမှ မလုပ်ခင်ကို လူက ပင်ပန်းနေပြီ၊ အဲသလိုမျိုး။ ခုပဲ ရှော့ပင်းထွက်တာ အကောင်း၊ အိမ်ပြန်ရောက်တော့ နေလို့မကောင်း ဆိုတာမျိုး။ ဟုတ်တယ်။ မသိရင် မူယာမာယာများနေသလိုပဲ။ တကယ်က စိတ်ဆောင်နေလို့သာ။ ဆေးဝါး အစားအစာ၊ အအိပ်အနေ ဂရုစိုက်နေလိုက်ရတာ။ ပြီးခဲ့တဲ့ ၂ပတ်က သွေးအဖြေရတော့မှ စိတ်အေးရတယ်။ အားလုံး back to normal ပဲ။ ဒါပေမဲ့ မာဂျင်နယ်လေး၊ နဲနဲလေး ပုံမှန်ရှိရမဲ့ ပမာဏထက် ၀.၂ လောက်ပိုပြီး ကပ်သီဝင်သွားတာ။ ဖိုက်စတားအဆင့်က ပြုတ်သွားတယ် ဆိုပါတော့။ အရင်ကဆို သွေးစစ်လိုက်တိုင်း ပုံမှန်ရှိမနေတဲ့ ဒေတာတွေဘေးမှာ ကြယ်ပွင့်လေးတွေနဲ့ ပြထားတတ်တာကိုး။ အနည်းဆုံး ကြယ်ငါးလုံး ရှိခဲ့ရာကနေ ခု ဇီးရိုးမို့ ပျော်သွားတယ် ဆိုရမယ်။
ရေးရင်းနဲ့ ချော်သွားပြီ ထင်ပါရဲ့။ ရေးချင်တာက ဘလော့ဂ်နဲ့ ပတ်သက်ရင် အရင်ကလို စိတ်လိုက်မာန်ပါတွေ လုပ်မရတော့ဘူးလို့ ပြောပြချင်တာ။
ဘလော့ဂ်ရေးခဲ့တာ လာမဲ့ နိုဝင်ဘာမှာ ၂နှစ်ပြည့်ပါမယ်။ ရေးခဲ့တဲ့တလျှောက်မှာ ရလာတဲ့ စာရေးသူ မိတ်ဆွေ၊ စာဖတ်သူမိတ်ဆွေတွေလည်း အများကြီးရခဲ့ပါရဲ့။ စာရေးတဲ့နေရာမှာလည်း ခံစားရသလို ရေးခဲ့တာမို့ လိုင်းတစ်ခု သီးသန့်ရှိမနေဘဲ အစုံရေးခဲ့တာပါပဲ။ အသေအချာ ပြောနိုင်တာက ကျွန်မ ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်ကိုမှ ထိခိုက်နစ်နာလိုစိတ်နဲ့ ရေးဖွဲ့ခြင်း မရှိခဲ့တာပါပဲ။
နောက်တစ်ခုက ကော်မန့်ကိစ္စပါ။ ဖတ်ပြီးလို့ မန့်ခဲ့သည်ဖြစ်စေ၊ အချိန်မရလို့ မမန့်ခဲ့သည်ဖြစ်စေ ကျွန်မ နားလည်ပါတယ်။ ကျွန်မကိုယ်တိုင် ဖတ်ရတာကို နှစ်ခြိုက်နေတဲ့အတွက် လာဖတ်ကြတာကိုပဲ ကျေးဇူး တင်ပါတယ်။ ခင်မင်ရင်းနှီးစွာ အချိန်ပေးပြီး ပြောဆိုရေးသားခဲ့တဲ့ ကော်မန့်တွေအတွက်လည်း ကျေးဇူး တင်ပါတယ်။ ကျွန်မ အချိန်အားရရင် ရသလို ကော်မန့်တွေကို ပြန်လှန်ရေးသားလေ့ရှိပါတယ်။ ရေးရ တာ ပျော်လို့ပါပဲ။
ဖြတ်သန်းခဲ့တဲ့တစ်လျှောက်မှာ ချစ်သူခင်သူတွေ ရှိခဲ့သလို၊ မနှစ်သက်သူ မုန်းသူတွေလည်း ရှိနိုင်ကောင်း သလို၊ မချစ်မမုန်းတွေလည်း ရှိမှာပါပဲ။ ဘလော့ဂ်ရေးစကနေ ခုချိန်ထိ ကျွန်မအပေါ် ဖေးဖေးမမ မေတ္တာ ရင်းစွဲနဲ့ ခင်မင်ခဲ့ကြသူများအားလုံးအပေါ် ကျွန်မ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ စိတ္တသုခ၊ ကာယသုခ နဲ့ ပြည့်စုံကြပါစေ၊ ဆန္ဒရှိသလောက် ဘလော့ဂ်ရေးနိုင်ကြပါစေလို့ ၃၁ရက် ဩဂတ်စ်မှာ ကျရောက်မဲ့ ဘလော့ဂ်နေ့အမှတ်တရ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ဒီတက်ဂ်ပို့စ်အတွက် မိတ်ဆွေကြီး ကိုအောင် (ပျူနိုင်ငံ)ကို ကျေးဇူးအထူးပါ...:)
"Happy Blog Day"
CHEERS !!!