Saturday, February 28, 2015

တူရာတူရာ



မျက်ဝန်းထောင့်စွန်းမှာ ရုတ်တရက်ထင်လာသည်က လိမ္မော်ရောင်တောက်တောက်တစ်စ….

အကြည့်တို့ကို မျက်ဝန်းခေါ်ဆောင်ရာဆီရွှေ့မိတော့ ထိုလိမ္မော်ရောင်သည် လိမ္မော်ရောင် တီရှပ်နှင့် ဘောင်းဘီအနက်ဝတ် ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု သဲကွဲသိလျက် ဘာရယ်မဟုတ် သူ လုပ်ကိုင်နေသည်များ၌ အကြည့်တို့ ဆက်လက်တင်ထားမိဆဲ။ ခေါင်းမှာ ဦးထုပ်အဖြူ  ဆောင်းထားသည်။ သူ့လိမ္မော်ရောင်တီရှပ် ဘယ်ဘက်ရင်ဘတ်ပေါ်မှာ စားသောက်ဆိုင်နာမည်ကို တရုတ်လိုရေးထိုး ထားသည်ဟုမြင်ကာ သွက်လက်သောသူ့လက်များ၌ ကျွန်တော့်အကြည့်တို့ သိမ်းမရခဲ့။ သွက်လက်သည်ထက် စံနစ်တကျ လည်းရှိသည်။

လေးချောင်းထောက်သံတိုင်များပေါ်မှာ သုံးထပ်သားပြား အဝိုင်းကြီးတင်ထားသည်ကပင် စားပွဲဖြစ်သည်။ လူအနည်းအများပေါ်မူတည်၍ သုံးထပ်ပြားအဝိုင်းအရွယ်အစားပြောင်းလဲလျက် ဝိုင်းကြီးဝိုင်းသေး ကွဲပြား သွားလေသည်။ အခုဝိုင်းကတော့ လူဆယ်ယောက်စာဝိုင်းကြီးဖြစ်သည်။ ဆယ်ယောက်စာ စားကြွင်းစားကျန်များ၊ ဇွန်းများ ပန်းကန်များ ပွစာကြဲလျက်ကျန်ရစ်သည်ကို သူ သိမ်းဆည်းနေပုံက ကြည့်၍ပင်ကောင်းသေးတော့သည်။

လက်ကိုင်ပါသော ဟင်းချိုသောက်ကြွေခွက်များနှင့် ကြွေဇွန်းများ၊ မြေအိုးများနှင့် အအေးဖန်ခွက်များ၊ ကွဲရှတတ်သည်များအား အမျိုးအစားအလိုက် တစ်အုပ်စုခွဲကာ ဘေးနားက အနီရောင်ပလတ်စတစ် ပုံးကြီးထဲ ထည့်သည်။ ပလတ်စတစ်ပန်းကန်များ၊ ဇလုံများ၊ စတီးဇွန်းများ၊ ပလတ်စတစ်တူများ စသည့် မကွဲတတ်သောပစ္စည်းများကိုမူ အဝါရောင်ပလတ်စတစ်ပုံးကြီးထဲ ပစ်ထည့်လေသည်။ ကြွင်းကျန်သော ထမင်းဟင်းများကိုတော့ တစ်ခါသုံးပလတ်စတစ်စားပွဲခင်းအပါးကလေးပေါ် သည်အတိုင်းသွန်ချပစ်သည်။

စားပွဲပေါ်မှာ ဘာပန်းကန်ခွက်ယောက်မှ သိမ်းစရာမရှိတော့သောအခါတွင်မူ တစ်ခါသုံးစားပွဲခင်း အပါးကို ထောင့်များမှ စုကိုင်ကာ စားကြွင်းစားကျန်များနှင့်အတူ သိမ်းထုတ်ပြီး လွှင့်ပစ်ဖို့ ယူဆောင်သွားလေသည်။ လွယ်ကူမြန်ဆန်၍ စံနစ်ကျသောသိမ်းဆည်းပုံကို ဘာရယ်မဟုတ် သဘောတကျကြည့်နေမိသည်။

ထိုခဏမှာပင် ကျွန်တော့်ဖုန်းနိုတီသံကြောင့် ဖေ့စ်ဘုတ်ထဲ ဝင်ကြည့်ဖြစ်သည်။

ဂိမ်းကစားလေ့ရှိသူများက ဂိမ်းရီကွက်စ်များပို့ပေးခြင်းပင်။ ကျွန်တော်က ဂိမ်းမကစားသူမို့ သည်လိုပဲ ကျော်ထားခဲ့လိုက်သည်။ နောက်နိုတီတွေကတော့ မိတ်ဆွေများအား နောက်ချင်စချင်သည့် သူများက စားရင်းသောက်ရင်း ချက်ရင်းပြုတ်ရင်း အစားအသောက်ပုံတွေတင်ကာ စားကြပါဦးလား လှမ်းပြောသည်များပင်ဖြစ်လေသည်။

သည်လိုပါပဲ....။ မိတ်ဆွေများအား ဂုတ်ဆွဲနတ်ပြည်တင်လိုသူများက နိဗ္ဗာန်ရောက်ကြောင်းတရားတွေ တင်ကာ တက်ဂ်လေ့ရှိကြသည်။ တစ်ချို့စာသမားပေသမားများကလည်း စာပေရသအနု အလှတွေ ရေးသီလို့တင်ကြသည်။ တစ်ချို့နိုင်ငံအရေးစိတ်ဝင်စားသူများကလည်း အပ်တူဒိတ်သတင်းများ တင်ကြတက်ဂ်ကြ၊ ဆော်ကြနှက်ကြသည်။ တစ်ချို့ကျတော့လည်း မိမိတတ်ကျွမ်းသမျှ သီဆိုတီးမှုတ်ရေး ဆွဲထားသော အနုပညာလက်ရာလေးများ တင်ကြပြုကြသည်။ ကလေးရှိသူများကလည်း ချစ်စဖွယ် သားသားမီးမီးပုံလေးများ တင်ကြချစ်ကြသည်။ ပျော်တတ်သူတစ်ချို့ကျပြန်တော့ ဟာသကွက်ကလေးများ စာများ ပုံများ မျှဝေရယ်မောကြပြန်သည်။ 

ကိုယ့်မျက်လုံးထဲ သူများမျက်နှာချည်း နေ့စဉ်မြင်နေရ၍ ကိုယ့်မျက်နှာကိုယ်မေ့သွားမှာစိုးသူများကတော့ ဆယ်လဖီရိုက်တင်ကြလေသည်။ ခဏခဏဆယ်လဖီရိုက်တင်ကြသူများအား စိတ်ရောဂါရှင်များဟု ဆိုကြပြန်သည်။ သို့သော် ပုထုဇဉ်နော ဥမ္မတကောတဲ့၊ လူတွေသည် အရူးမျိုးပင်မဟုတ်ပါလား။ နည်းနည်းရူးသည်နှင့် များများရူးသည်သာ ကွာကြလိမ့်မည်။

သည်လိုပါပဲ....နောက်တော့လည်း ဝါသနာပါရာ သန်ရာသန်ရာအုပ်စုကလေးများဖွဲ့လိုက်သလို တူရာစုဖြစ်သွားကြတာပင်။ မည်သည့်အကြောင်းအရာ မည်သူ့စတေးတပ်စ်ဆိုလျှင် မည်သူ့ကို ထိုစတေးတပ်စ်အောက်၌ တွေ့ရမည်ဟု ကြိုသိနေလို့တောင်ရသည်။ ကိုယ့်စိတ်နှင့် မတွေ့သည်များ ရှိလျှင်လည်း နိုတီပိတ်ထား၊ ဒါမှမဟုတ် ကျော်ခွဖတ်သွားရုံဟု ကျွန်တော်မြင်သည်။ 

ထမင်းဝိုင်းတစ်ဝိုင်း၌ ပန်းကန် ဇလုံ ဇွန်း တူ စသည် အမျိုးမတူတာတွေ ညီညီညွတ်ညွတ်ပေါင်းမှ စား၍ဖြစ်သလိုပါ။ လူမှုကွန်ယက်ကြီးဖြစ်သော ဖေ့စ်ဘုတ်စာမျက်နှာသည် လူပေါင်းစရိုက်ပေါင်း စုံလင်လှသည်ပေ။ ထိုမှသာ ကွန်ယက်မည်ပေ၏။ သည့်အတွက် အနှောင့်အယှက်နည်းနည်းကလေးမှ မဖြစ်ဖို့လိုသည်။ ကိုယ်တိုင်၏စိတ်၌ မလိုအပ်သည်များ စုပုံပိတ်ဆို့မလာစေရန် မိမိစိတ်ရှင်းအောင် နေတတ်ရန်သာ လိုသည်။  သို့မဟုတ်က စိတ်တို့ ပိတ်ဆို့-ထွက်ပေါက်မဲ့ကာ JAM ဖြစ်သွားမည်ပေ။  လူတိုင်းနီးပါးသုံးစွဲနေကြသော ကွန်ယက်ကြီးတစ်ခုထဲ ပါဝင်စီးမျောနေဖို့ဆိုတာ အနည်းဆုံးတော့ အများနှင့် သဟဇာတဖြစ်စွာ နေတတ်ထိုင်တတ်ဖို့ လိုမည်ပေ။

ခဏကြာတော့ ကျွန်တော်တို့စားပွဲအတွက် ငွေရှင်းသည်။ ထိုသူပင် စားပွဲအနားရောက်လာကာ သိမ်းဆည်းခြင်းအလုပ်ကို စတင်သည်။ ကျွန်တော်တို့အားလုံး စားပွဲမှထကာ ပြန်ကြရန်ပြင်သည်။ လိမ္မော်ရောင်လူက သူ့အလုပ်သူ လုပ်လျက်။ ခုနကလိုပင် တူရာတူရာကလေးများ အုပ်စုဖွဲ့ကာ ပလတ်စတစ်ပုံးကြီးထဲ ထည့်သည်။  အကြွင်းအကျန်များကို စားပွဲခင်းပေါ် သည်အတိုင်း လောင်းချသည်။ ပန်းကန်ခွက်ယောက်များမှာ ဆေးကြောပြီး စားသောက်သူအသစ်များလာတိုင်း ပြန်လည် အသုံးပြုမည်ဖြစ် ပြီး  စားကြွင်းစားကျန်များကိုတော့ တစ်ခါသုံးပလတ်စတစ်စားပွဲခင်းနှင့်အတူ စွန့်ပစ်မည်ဖြစ်လေသည်။

သည်လိုပါပဲ....
 လာကကြီးမှာ သူ့အသုံးဝင်တန်ဘိုးနဲ့သူ တူရာတူရာစုကြတာပါပဲ...။ အသုံးဝင်နေသေးတာတွေကို သုံးကြ၊ သုံးမရတာတွေကိုတော့ စံနစ်တကျစွန့်ပစ်တတ်ကြဖို့ပဲ မဟုတ်လား....


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...