၂၀၂၄အစမှာကိုပဲ ဝမ်းနည်းစရာတွေ ကြားရတယ်။
ကိုယ်ကြိုက်ခဲ့ရတဲ့ အန်တီဒေါ်မာမာအေးဆုံးပါးသွားပြီဆိုတဲ့သတင်းအပါအဝင်ပေါ့။ တကယ့် နှစ်ယောက်မရှိတဲ့ ဂန္ဓဝင်အဆိုတော်ကြီးလေ...၊ သူ့အသံ သူ့သီချင်းတွေနဲ့ မြန်မာသံစဥ်သီချင်းတွေကို ယဥ်ပါးခဲ့ရတာ။ ကျွန်မ တက္ကသိုလ်တက်တုန်းက အနုပညာအသင်း လူရွေးပွဲမှာ သူ့သီချင်း ဆိုခဲ့တာ။ တူနှစ်ကိုယ် ဆိုတဲ့သီချင်းကို ရွေးဆိုခဲ့တာလေ။ (မှတ်မိသေးတယ် ဒေါနစိမ်းရောင် ရင်စေ့လက်ရှည်နဲ့ ဇင်းမယ်ချိတ်နဲ့ တွဲဝတ်ပြီး မျက်နှာပြောင်နဲ့တက်ဆိုခဲ့တာ)။ ဘေးအဆောင်က တီချယ်ကြီးတွေတောင် သီချင်းလူရွေးပွဲရှိတဲ့ အဆောင်ဘက်ကူးပြီး လာနားထောင်ကြတယ်။ (အဲ့ပွဲပြီးကတည်းက တီချယ်ကြီးတွေက ကျောင်းမှာဘာပွဲလုပ်လုပ် "ဟိုတူနှစ်ကိုယ်လေး"ပါထည့် အဲလိုဖြစ်တော့တာ 😅) ဒီလိုနဲ့ ကျောင်းပွဲတွေမှာ ပွဲတိုင်းကျော်ဖြစ်တော့တာပဲ။
ပြောချင်တာက အန်တီဒေါ်မာမာအေးဟာ ကျွန်မနဲ့ လူချင်းသာ မသိလိုက် မမြင်ဖူးခဲ့လိုက်ရပေမယ့် သူ့သီချင်းတွေနဲ့ကျွန်မနဲ့ကဖြင့် အတော်လေး ဆုံခဲ့ကြဖူးတာ။
သူ့အသံဟာ စကားလုံးတွေနဲ့ ပြောပြလို့မမီနိူင်အောင် ပြည့်စုံလွန်းတယ်။ သူ့အသံထဲမှာ အဆွေး အလွမ်း အသော အထေ့ အရှိုက် အရယ်အမော အကုန်ပါတယ်။ သူ့အသံထဲစီးမျောလိုက်ပါရတာကိုက စိမ့်နေအောင်အရသာရှိတာ။ တရေးချစ်ခွင့်မြင်ရနိူး ဆို နားထောင်ပြီးတိုင်း နုန်းခွေသွားတော့မတတ် သူနဲ့အတူ မောဟိုက်ရတယ်။
"ကြာလေလေ သတိရတိုင်းတိုင်"...၊
"ထိလုမိုးဆီ တိမ်သို့မီသား ထွဋ်ဘုန်းခေါင်ဖျား မြစေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်"...၊
စာသားတွေက တကယ့်အနှစ်တွေ ကျစ်လစ်နေတာပဲ။
အချစ်ရေကတော့ ကျွန်မ ခပ်ငယ်ငယ်တုန်းက တနေ့ စောင်းတီးသင်တဲ့အခါ အဲ့သီချင်းတီးတတ်အောင် တီးသင်မယ်လို့ စိတ်ကူးမိခဲ့ဖူးတဲ့အထိပဲ။
ချစ်အဓိပ္ပါယ် နှင်းပျောက်တဲ့နွေ မေ့ကွက်ကိုရှာ
မနက်ဖြန်မှဆက်၍ငိုမယ် ချစ်အားငယ်ရသူမယ်
သီချင်းပေါင်းများစွာ လူတွေရဲ့ရင်ထဲထိ ပစ်ခတ်ထားရစ်ခဲ့ပြီး သူကတော့ ဟိုးအဝေးကြီးဆီ ခရီးဆက်ထွက်သွားခဲ့ပြီ။ ကျွန်မတို့ နှစ်ခါပြန်မရနိူင်တဲ့ အဆိုပညာရှင်ကြီး...။ သူဆုံးတဲ့သတင်းတက်လာတဲ့နေ့ကတည်းက သူ့သီချင်းတွေ youtubeမှာ ပြန်ရှာ တနေကုန်ဖွင့်ထားပြီး နားထောင်နေမိတယ်။ လွမ်းစရာ...။ နှမျောလိုက်တာ...။
တချိန်တည်းမှာ ကျွန်မကိုယ်ကျွန်မ သတိထားမိသွားတာတခုက ကျွန်မဟာ ဟိုခပ်ငယ်ငယ်ကတည်းက အလွမ်းအဆွေးသီချင်းတွေချည်း ကြိုက်ခဲ့တယ်ဆိုတာကိုပဲ။
ခင်ညွန့်ရည်ဆိုတာတွေလည်း ကြိုက်ခဲ့တာပဲ။ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော၊ ခင်ညွန့်ရည်ဆိုပြီး အခွေကာဗာမှာ ဆံပင်အုံထူထူအနက်အရှည်ကြီးအသားပေး ဖြန့်ချထားတဲ့ ခပ်ဆွေးဆွေးအမျိုးသမီးပုံကို မှတ်မှတ်ရရကို မှတ်မိတာ။မိုးမခအလွမ်း၊ သို့ မိုးရိပ်ဧည့်သည်၊ မိုး၊ သူနဲ့တွေ့ရင်၊ မောင်သိစေလိုတယ်၊ စမ်းချောင်းလေးရှိရာအရပ် အဲလိုသီချင်းတွေ...လိုက်အော်ဆိုခဲ့တာပေါ့။ မိုးမခအလွမ်းအခွေကို ကြိုက်လွန်းလို့ ခဏခဏ နားထောင်ဖြစ်ခဲ့တာလည်း မှတ်မိတယ်။
ဘုရားဘုရား...ကျွန်မဟာ လူပုံကြည့်ရင်သာ ဘရုတ်ဘရက် အခွီတလိုင်းပုံ ပေါ့ပေါ့ရှပ်ရှပ် ထင်ရပေမယ့် တကယ့်တကယ်ကျ seriouslyအလွမ်းသမကြီးပေပဲကိုး 😅😅
ကျွန်မ ၉တန်း၁၀တန်းတုန်းက နာမည်ကြီးခဲ့တဲ့ မေဆွိ မေခလာတို့ကျ အဲ့လောက် မကြိုက်ဘူး။ အသံစူးလို့၊ အသံက နားမစွဲလို့၊ သီချင်းတွေက ရင်ထဲမထိလို့ အဲလို...။
အန်တီမာမာအေးတို့ အန်တီခင်ညွန့်ရည်တို့လို သီချင်းတွေမှ ငြိတာ။
ဒီတလောတော့ အန်တီ့သီချင်းတွေ ပြန်ရှာနားထောင်ဖြစ်နေဦးမယ်...။
ကောင်းကောင်းအနားယူပါတော့၊ လွမ်းတယ်အန်တီ....