စိတ်မချလက်မချ
အမြီးကို နောက်လှည့်ကြည့်နေရတဲ့
ကျောမလုံမှုထဲ
ခွေနေတဲ့ မြွေတစ်ကောင်ပါ
ထောင့်မကျိုးပေမယ့် အဆိပ်ကတော့
အပြည့်
တည့်တည့်မတ်မတ် မသွားတတ်ပေမယ့်
တစ်နေ့….
လမ်းဆုံး ရောက်မယ်
အစလည်း ဖြစ်ချင်ဖြစ်မယ်
မြွေလိမ်မြွေကောက်လို့
အခေါ်ခံရတိုင်း ခေါင်းထောင်ထကြည့်မနေတော့တဲ့ မြွေပါးဝမှု
တွန်တတ်ရုံ ပါးပြင်းထောင်တတ်ရုံ
ထိရင်ပေါက်တတ်ရုံလောက်နဲ့
မြွေ
ဖြစ် ပြီ လား…
ချစ်ခြင်းတရားနဲ့ကလွဲလို့
အစွယ်မကျိုးခဲ့တဲ့ကောင်ပါ
ဒုက္ခအဟောင်းတွေကို ခွာချခဲ့ရတိုင်း
နောက်ထပ်အသစ် ဖြစ်လာဦးတော့မယ်လို့
သေချာနေတဲ့ ဆင်းရဲမှုမျိုး
သည်လိုပါပဲ.... နောက်ထပ်တစ်ခါ
အပြစ်ဖြစ်မယ်မှန်းသိသိ
သစ်ကြည့်ကြစို့ရဲ့...
မတ်လ ၂၅ အတွက် အမှတ်တရရေးဖြစ်တဲ့ ကဗျာပါ။
ဒီလိုပါပဲ ကျွန်မတို့အားလုံး....ဘဝတဏှာကြောင့် ဝိဘဝတဏှာ
ဝိဘဝတဏှာကြောင့် ဘဝတဏှာ....
အကြိမ်ကြိမ်မွေးဖွား အကြိမ်ကြိမ်သေဆုံးမှုရင်းနဲ့ပဲ....
လွတ်မြောက်ချင်တယ် ပြောပြောနေကြတာ....