ခရီးတွေထွက်မိပြန်ပြီ
နောက်နှစ်မှ စလုံးပြန်ရောက်တော့မယ် 😊
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား ခရီးတိုလေးတွေကတော့ တလခြားတခါလောက်ထွက်ဖြစ်နေတယ်။ ခရီးထွက်တိုင်းလည်း ပြန်လာရင် နေလောင် မည်းပြာလာတာပဲ၊ ဒါပေမယ့် ပျော်တယ်။
စိတ်တွေ လွတ်လပ်ပေါ့ပါးတာ အနှောင်အဖွဲ့တွေကနေ ကင်းလွတ်အောင်နေတတ်လာတာ၊ ကိုယ့်ကိုယ်ကို အရမ်းကျေနပ်မိတယ်။ ဘာသံယောဇဥ်မှ မရှိတဲ့ဘဝက တကယ်အေးချမ်းတာပဲ...။
အကိုကြီးကတော့ မကျန်းမာလှတဲ့ကိုယ့်ကို အတော်လေး ဂရုစိုက်ရှာပါတယ်။ သူ့အပေါ် တွယ်တာလာစိတ်တွေကိုလည်း မနည်းဖြတ်ရတယ်။ ပူလောင်ရမှာ ကြောက်လို့ပါ။
ဒီတပွဲကတော့ သူငယ်ချင်းခေါ်လို့ သွားဖြစ်တယ်။
ဟိုလူဒီလူ မတွေ့ရတာကြာတဲ့လူတွေကို ပြန်တွေ့ရတာတော့ ကောင်းသားပဲ။ အရင်လို ဓါတ်ပုံရိုက်ချင်စိတ် သိပ်မရှိတော့တာ သတိထားမိတယ်။ ရိုက်ဖြစ်သမျှပုံလေးတွေတိုင်းကလည်း သူများဖုန်းနဲ့ရိုက်ပြီး ကိုယ့်ဆီလှမ်းပို့တာတွေချည်း...။
အမှတ်တရပုံလေးတွေမို့ သိမ်းထားဖြစ်ပါတယ်။
😆😆
ခဏတော့ စိတ်တွေ လွတ်လပ်ပေါ့ပါးခဲ့ရ။
ကိုယ်လည်း သီချင်းကြိုက်ပေမယ့် အဲ့နေ့က ဆိုကြတီးကြတဲ့တချို့သီချင်းတွေ အများစုကတော့ တော်တော်လေးနားမခံနိူင်ဖြစ်ရတယ်။
ကိုယ်တို့ရောင်းသူတွေနဲ့ ဝယ်သူတွေကြား စကားတွေအော်ပြောကြရတာတောင် မကြားရတဲ့အထိ၊ ပွဲကလည်းပြန်လာရော လည်ချောင်းတွေပါနာတဲ့အထိပါပဲ။ စီစဥ်သူတွေ သတိထားစရာအချက်ပေါ့။
ခကအ
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ စိတ်အာရုံထဲထည့် ခံစားတတ်လာတယ်။ အကိုကြီးကတော့ သူပဲ ကိုယ့်ကို တဖျတ်ဖျတ်ရိုက်နေတော့တာ။
အသက်ရော အရွယ်ပါ ကြီးရင့်လာတာ သိပ်သိသာတာပဲ၊ စိတ်ဟာ ဟိုးအတွင်းသားထဲကနေ ပြောင်းပြန်ဆွဲလှန်လိုက်သလို...၊ အရင်တုန်းကနဲ့ လုံးဝကွဲပြားသွားတော့တယ်။
ကိုယ်ဟာ ကိုယ်မဟုတ်တော့သလို...။
တနေ့ ထားသွားရမယ့် ကိုယ်နေထိုင်ရာကမ္ဘာကြီးကို appreciateဖြစ်တတ်လာတယ်ဆိုရမလား...။ ဘယ်လိုပြောရမယ်မသိဘူး။
အရာရာကို ငေးမောကြည့်တတ်လာတယ်
ကြားသမျှ နားထောင်နေချင်တယ်
စကားတွေအများကြီး မပြောချင်တော့ဘူး
ငြိမ်ငြိမ်လေးနေရတာ ကြိုက်လာတယ်
ကိုယ့်ဖြစ်တည်သမျှကိုလည်း ကိုယ်တိုင် ကြည်မွေ့နှစ်သက်တတ်ပြီ...။
တချို့သူတွေ ကိုယ့်အပေါ် ပြောဆိုတာတွေ ပြန်ကြားရတဲ့အခါ ပြုံးပြီးနားထောင်လာတတ်တယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စကားလုံးတွေအပေါ် ထူးထူးခြားခြားမခံစားမိအောင်နေတတ်ပြီ။
လက်ရှိခြေနေကို သိပ်ကြေနပ်တာပဲ...။
ဘဝဟာ တိုတောင်းတယ်မဟုတ်လားကွယ်...
Kuching riverထဲမှာ....
တလမ်းလုံးကားစီးရတာ ငြီးစီစီဖြစ်လာခဲ့သမျှ
ကြည်ပြီး စိမ့်နေတဲ့ရေထဲ ခြေထောက်ချမိချိန်မှာ မောသမျှ အကုန်ပျောက်ရောပဲ...။
(ကိုယ့်ဘေးမှာရော ရှေ့မှာရော လူတွေအများကြီးရှိတယ်။ လူတွေရှောင်ရိုက်ပြီး ခရော့ပ်ထားလို့)
#ခရီးသွားခြင်း
ကိုယ့်မွေးနေ့တုန်းက ပုံတွေမို့
မတ်၂၅နေ့စွဲနဲ့ပဲ တင်လိုက်ပါတယ်။
အမှတ်တရပေါ့...။
သူက မီနီတက်တူးလေး ထိုးချင်ထိုးပေါ့လို့ ခွင့်ပြုလိုက်ပြီ 😄 Finally !!
နောက်မှ တကိုယ်လုံးတိုးဝင်တဲ့ ကုလားအုတ်လို၊ တဖြည်းဖြည်း နည်းနည်းချင်းတိုး ထိုးရမယ်။
ခုတလော ညစာကို သေချာ ဂရုတစိုက် ပြင်ဆင်စားဖြစ်တယ်။ အဓိက ကျန်းမာရေးအတွက်ပါပဲ။
ဒီနေ့ Sundayမှာ Cityhallရောက်လို့ ဝယ်လာဖြစ်တာလေး၊ အဲလို ecoprint ချည်ထည်လေးတွေ ဝတ်ရတာ သိပ်ကြိုက်တာ...❤️
ပိတ်ရက်မို့ လူတွေများလွန်းလို့ ခေါင်းမူးပြီး အိမ်ပြန်ရောက်လာတယ် 😅
ကိုယ်လည်း တက်တူး အရမ်းခရေဇီဖြစ်တဲ့အထဲ ပါတယ်။ လက်ဖမိုးပေါ်ကနေ လက်မောင်းရင်းအထိ အရွက်ညွန့်ကလေးတွေ အပွင့်သေးသေးနီနီကလေးတွေ ပေါ်ပီခပ်ဆန်ဆန် ပွင့်ဖတ်အပျော့ပန်းနွယ်ကလေးတွေ ဆန်ပြီးဖြာတက်နေပုံပေါ့...၊
အဲလိုမျိုး ထိုးခွင့်ရရင် ထိုးချင်တယ်။
ကိုယ့်အမျိုးသားကလည်း နည်းနည်းမှမကြိုက်၊ ကိုယ့်အလုပ်ကလည်း တက်တူးနဲ့ဆို အဆင်မပြေ၊ ကိုယ်ကလည်း အမြဲတမ်းတော့ လက်ရှည်ဝတ်ပြီး ဖုံးမထားနိူင်ပြန်ပါဘူး။
ပြချင်လို့မှ ထိုးပါတယ်ဆို...။
ခွေးမွေးချင်တဲ့ရောဂါကတော့ အတော်အတန်ငြိမ်သွားပြန်တယ်၊ အိမ်နီးချင်းခွေးက သူမရှိတုန်း တအိမ်လုံးဖွထားလို့တဲ့၊ ဆိုဖာတွေလည်း ကိုက်ထား ခြစ်ထားပြန်သတဲ့။ အဲလိုတော့ ကိုယ်နဲ့မဖြစ်လောက်ဘူး။ ဟိုလူကြီးကတော့ ပြောမနေနဲ့တော့၊ ကိုယ့်ကိုယ်ကိုတောင် ဂရုတစိုက်မစား မအိပ် ရေချိုးဖို့အော်နေရတာကိုများ တဲ့၊ ခွေးတော့ ခွေးဖြစ်ရှုံးဦးမယ် သူ့လက်ထဲရောက်ရင် တဲ့...။
ခုတလော တက်တူးရောဂါ ပြန်ထနေပြန်ပြီ...၊
လာမယ့်မွေးနေ့ မတိုင်ခင်ကွာ...
မသေခင် ထိုးဖူးတယ်ရှိအောင်ကွာ
ဒီဘဝမှာ တက်တူးလေးတခုလောက်တော့ကွာ..
နော်...
ပြောလည်းပဲ သူကတော့ ခွင့်ပြုချင်ပုံမပေါ်ပါ...။
သူမသိအောင် သူ သတိမထားမိလောက်တဲ့နေရာမှာ ထိုးရင်ရော...၊ မဆိုးဘူးထင်တာပါပဲ၊ သိသွားတော့လည်း လုပ်ပြီးပြီမို့ သူဘာမှပြောနိူင်တော့မှာ မဟုတ်၊ ပွစိပွစိလုပ်လည်း ခဏပေါ့ ဆိုတဲ့အကြံနဲ့ တိတ်တိတ်နေနေရတယ်။
ရယ်ရတယ် သူနဲ့ကိုယ်က ဘယ်နေရာမှမတူ...။
ဘာအကြိုက်ချင်းမှလည်း မတူ။
ရုပ်ရှင်မကြိုက်တဲ့သူနဲ့ ရုံမှာကြည့်ရတာကြိုက်တဲ့ကိုယ်၊ ဒီတော့ တယောက်ထဲ သွားကြည့်ဖြစ်တော့တာပါပဲ။
တနေ့ ကိုယ်နေတဲ့နိူင်ငံမှာများ ဝိ တရားဝင်သောက်လို့ရရင် သောက်ဦးမှာဆိုတော့ သူက ခေါင်းခါပြတယ်၊ နိူး နော် ဒါကတော့ ဆိုတဲ့ပုံမျိုး။
အိတ်စကျူ့စ်မီ ဝိ is vege you know ?
Whatever !
သိသားပဲ သူအဲလိုပြောမယ်ဆိုတာ၊
Use for recreational purpose...its ok !
No way..not ok
Hummm ok okay, you win !
ဒီလိုပါပဲ...
ယောကျာ်းမယူကြနဲ့ဟေ့
ကိုယ့်ကိုယ်ကို မပိုင်တော့ဘူးဟ။
မယူခင်ကတော့ ဘာလုပ်လုပ် အလိုလိုက်မယ့်ပုံနဲ့။
ခုတော့ အကုန်သူ့သဘော။
အိမ်ကပန်းကလေးတွေ ကြည့်ရတာပဲ စိတ်ချမ်းသာတယ် အဟုတ်...၊
ဒီရက်တွေမှာ နေလို့မကောင်းဘူး
ဘာကို ကြေကြေကွဲကွဲခံစားနေမိမှန်း မပြောတတ်ဘူး။ မြောက်ခင်ရမ်းရွာကိစ္စပြီးကတည်းက လူဟာ နေလို့မကောင်းဘူး။ ဒီလောက် ရက်စက်ကြမ်းကြုတ် နှလုံးသားမဲ့တဲ့လုပ်ရပ်မျိုး ငါတို့ဆီမှာ ရှိတယ်။ ရဲရင့်လွန်းတဲ့ လူငယ်ကလေးတွေ အကျိုးမဲ့ဆုံးရှုံးနေရတာ ရင်နာစရာ...။ တိုင်းပြည်ကြီးတခုလုံး အမှောင်တိုက်ထဲက မထွက်နိူင်သေးသ၍ လူငယ်ကလေးတွေ လူတော်ကလေးတွေ ဘယ်လောက်ဆုံးရှုံးကြရဦးမှာလဲ။ တွေးရင်းက နှလုံးသားတွေနာရတယ်။
France24က KNDF အကြောင်း ducumentaryဆန်ဆန် ရိုက်ထားတာလေး ကြည့်ပြီး ငိုချင်ပြန်ရော...။ တာဝန်ကျေတာထက်ပိုလွန်းပြီး ခေတ်ဝန်ကို မတွက်မကပ်ထမ်းနေကြရှာတဲ့ လူငယ်ကလေးတွေ...။
ကွန်မန့်တွေဖတ်ကြည့်မိပြန်တော့ ပိုဝမ်းနည်း။
ငါ့နှယ် အလိုလိုနေရင်းမှ ကြေကွဲနေရတဲ့နေ့ရက်တွေထဲ...၊ လောင်နေသူကို လာကူရှို့နေတာလိုပဲ။
InsideMyanmar-France24 ကယား/ ကရင်နီအာမီ
ChinYoungFighters ဒါကတော့ ချင်းလူငယ်ကလေးတွေ...။
အားလုံးဘေးကင်းကြပါစေ
တနေ့ အိမ်အပြန်လမ်း တည့်တည့်မတ်မတ်ကြီး ချောမွေ့နိူင်ကြပါစေကလေးတို့ရေ...
အိမ်က ပန်းကလေးတွေ...
ပန်းကလေးတွေ စိုက်ရတာ စိတ်ချမ်းသာတယ်။ ရေလောင်း ပြုစု သူ့အချိန်တန် ပွင့်တာပဲ...။ ဒါကြောင့် အသက်ရှည်ချင် အပင်စိုက်လို့ ဆိုကြတာ။
ပန်းကလေးတွေကို ချစ်ရသလောက် လူတွေကိုတော့ ကြောက်လာတာ။ လူတွေနဲ့ပတ်သက်ရင် ကိုယ်ကောင်းသလောက် ဘယ်တော့မှ ထပ်တူပြန်မလာဘဲ အသုံးချခံရတာများပါတယ်။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတာမျိုးမို့ ကြာတော့ သဘောမကောင်းချင်တော့ဘဲ အလယ်မှာ ကြားချနေတတ်လာတယ်။ ခံစားချက်မထားတတ်တော့ဘူး။ လာရင်ပြောလိုက်မယ် မလာလည်း မလွမ်းတော့ဘူး။ စိတ်ကိုဖြတ်ချပြီး အမျှင်မတန်းအောင် နေတတ်လာတယ်။
ဘယ်သူက ဘယ်လိုလူဆိုတာ အချိန်တွေကပဲ စကားပြောသွားမှာပါ...၊ အဲသလိုပဲ စိတ်ချထားလိုက်ပါတော့တယ်။
ကျွန်မက ဘယ်လိုပါ ဘယ်ညာပါ ရှင်းပြနေလည်းပဲ ချစ်လျင်အကျိုး မုန်းလျင်အပြစ်ဆိုတာလို ခံစားမှုတွေက ဘက်လိုက်တတ်သေးတာကို...၊
ဘယ်သူ့အပေါ်မှာမှ အကျိုးမဲ့အောင် မပြောခဲ့ မလုပ်ခဲ့ဘူး၊ ဒါကပဲ ကိုယ့်သစ္စာဖြစ်တယ်...။
အသက်ကလေးကလည်း တော်တော်ရလာပြီ၊ နေမယ်ဆိုနေလို့ရသေးသလို ထားမယ်ဆိုလည်းထားခဲ့လို့ ရပြီဆိုတဲ့အချိန်ပါပဲ။ ဘဝကြီးက ဘာမှမှ မဟုတ်တာကိုတော့ သိခဲ့တာ ကြာပြီ။ ပိုပြီး ဖြေသာလာတာကလည်း အဲတာကြောင့်ပဲ။ ထားခဲ့ရမှာတွေအတွက် စိတ်မောလူမော မဖြစ်လိုဘူး။
တနေ့ ကိုယ်မရှိတော့တဲ့အခါဆိုတာမျိုးတွေကလည်း ဘာမှ အဓိက မကျတော့ဘူး။
ပေါ့ပေါ့ပါးပါးကလေး ထွက်ခွာသွားဖို့ပဲ...၊
ဟုတ်တယ် အတတ်နိူင်ဆုံး အညင်သာဆုံး...၊ ခန္ဓာပေါ်ရှိသမျှ ဝေဒနာ ပေါ် ပျောက်တွေကို စိတ်ကလေး ထပ်ချပ် ကပ်ရင်း နောက်ဆုံးထွက်သက်အထိ အနှောင်အတွယ်မဲ့ ပျံသန်းထွက်သွားလိုက်ဖို့ပဲ...။
ဘဝဟာ တိုတိုကလေးဆိုလည်း ဝေဒနာတွေခံစားနေရချိန်ကဖြင့် ရှည်ကြာလွန်းတယ်လို့ ဆိုကြတယ်ဟုတ်လား။
ဘဝမှာ အနေတတ်ဆုံး စိတ်အထားတတ်ဆုံးအချိန်ကို ပြပါဆိုရင်ဖြင့် အခုအချိန်ပါပဲ...။
၂၀၂၄အစမှာကိုပဲ ဝမ်းနည်းစရာတွေ ကြားရတယ်။
ကိုယ်ကြိုက်ခဲ့ရတဲ့ အန်တီဒေါ်မာမာအေးဆုံးပါးသွားပြီဆိုတဲ့သတင်းအပါအဝင်ပေါ့။ တကယ့် နှစ်ယောက်မရှိတဲ့ ဂန္ဓဝင်အဆိုတော်ကြီးလေ...၊ သူ့အသံ သူ့သီချင်းတွေနဲ့ မြန်မာသံစဥ်သီချင်းတွေကို ယဥ်ပါးခဲ့ရတာ။ ကျွန်မ တက္ကသိုလ်တက်တုန်းက အနုပညာအသင်း လူရွေးပွဲမှာ သူ့သီချင်း ဆိုခဲ့တာ။ တူနှစ်ကိုယ် ဆိုတဲ့သီချင်းကို ရွေးဆိုခဲ့တာလေ။ (မှတ်မိသေးတယ် ဒေါနစိမ်းရောင် ရင်စေ့လက်ရှည်နဲ့ ဇင်းမယ်ချိတ်နဲ့ တွဲဝတ်ပြီး မျက်နှာပြောင်နဲ့တက်ဆိုခဲ့တာ)။ ဘေးအဆောင်က တီချယ်ကြီးတွေတောင် သီချင်းလူရွေးပွဲရှိတဲ့ အဆောင်ဘက်ကူးပြီး လာနားထောင်ကြတယ်။ (အဲ့ပွဲပြီးကတည်းက တီချယ်ကြီးတွေက ကျောင်းမှာဘာပွဲလုပ်လုပ် "ဟိုတူနှစ်ကိုယ်လေး"ပါထည့် အဲလိုဖြစ်တော့တာ 😅) ဒီလိုနဲ့ ကျောင်းပွဲတွေမှာ ပွဲတိုင်းကျော်ဖြစ်တော့တာပဲ။
ပြောချင်တာက အန်တီဒေါ်မာမာအေးဟာ ကျွန်မနဲ့ လူချင်းသာ မသိလိုက် မမြင်ဖူးခဲ့လိုက်ရပေမယ့် သူ့သီချင်းတွေနဲ့ကျွန်မနဲ့ကဖြင့် အတော်လေး ဆုံခဲ့ကြဖူးတာ။
သူ့အသံဟာ စကားလုံးတွေနဲ့ ပြောပြလို့မမီနိူင်အောင် ပြည့်စုံလွန်းတယ်။ သူ့အသံထဲမှာ အဆွေး အလွမ်း အသော အထေ့ အရှိုက် အရယ်အမော အကုန်ပါတယ်။ သူ့အသံထဲစီးမျောလိုက်ပါရတာကိုက စိမ့်နေအောင်အရသာရှိတာ။ တရေးချစ်ခွင့်မြင်ရနိူး ဆို နားထောင်ပြီးတိုင်း နုန်းခွေသွားတော့မတတ် သူနဲ့အတူ မောဟိုက်ရတယ်။
"ကြာလေလေ သတိရတိုင်းတိုင်"...၊
"ထိလုမိုးဆီ တိမ်သို့မီသား ထွဋ်ဘုန်းခေါင်ဖျား မြစေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်"...၊
စာသားတွေက တကယ့်အနှစ်တွေ ကျစ်လစ်နေတာပဲ။
အချစ်ရေကတော့ ကျွန်မ ခပ်ငယ်ငယ်တုန်းက တနေ့ စောင်းတီးသင်တဲ့အခါ အဲ့သီချင်းတီးတတ်အောင် တီးသင်မယ်လို့ စိတ်ကူးမိခဲ့ဖူးတဲ့အထိပဲ။
ချစ်အဓိပ္ပါယ် နှင်းပျောက်တဲ့နွေ မေ့ကွက်ကိုရှာ
မနက်ဖြန်မှဆက်၍ငိုမယ် ချစ်အားငယ်ရသူမယ်
သီချင်းပေါင်းများစွာ လူတွေရဲ့ရင်ထဲထိ ပစ်ခတ်ထားရစ်ခဲ့ပြီး သူကတော့ ဟိုးအဝေးကြီးဆီ ခရီးဆက်ထွက်သွားခဲ့ပြီ။ ကျွန်မတို့ နှစ်ခါပြန်မရနိူင်တဲ့ အဆိုပညာရှင်ကြီး...။ သူဆုံးတဲ့သတင်းတက်လာတဲ့နေ့ကတည်းက သူ့သီချင်းတွေ youtubeမှာ ပြန်ရှာ တနေကုန်ဖွင့်ထားပြီး နားထောင်နေမိတယ်။ လွမ်းစရာ...။ နှမျောလိုက်တာ...။
တချိန်တည်းမှာ ကျွန်မကိုယ်ကျွန်မ သတိထားမိသွားတာတခုက ကျွန်မဟာ ဟိုခပ်ငယ်ငယ်ကတည်းက အလွမ်းအဆွေးသီချင်းတွေချည်း ကြိုက်ခဲ့တယ်ဆိုတာကိုပဲ။
ခင်ညွန့်ရည်ဆိုတာတွေလည်း ကြိုက်ခဲ့တာပဲ။ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော၊ ခင်ညွန့်ရည်ဆိုပြီး အခွေကာဗာမှာ ဆံပင်အုံထူထူအနက်အရှည်ကြီးအသားပေး ဖြန့်ချထားတဲ့ ခပ်ဆွေးဆွေးအမျိုးသမီးပုံကို မှတ်မှတ်ရရကို မှတ်မိတာ။မိုးမခအလွမ်း၊ သို့ မိုးရိပ်ဧည့်သည်၊ မိုး၊ သူနဲ့တွေ့ရင်၊ မောင်သိစေလိုတယ်၊ စမ်းချောင်းလေးရှိရာအရပ် အဲလိုသီချင်းတွေ...လိုက်အော်ဆိုခဲ့တာပေါ့။ မိုးမခအလွမ်းအခွေကို ကြိုက်လွန်းလို့ ခဏခဏ နားထောင်ဖြစ်ခဲ့တာလည်း မှတ်မိတယ်။
ဘုရားဘုရား...ကျွန်မဟာ လူပုံကြည့်ရင်သာ ဘရုတ်ဘရက် အခွီတလိုင်းပုံ ပေါ့ပေါ့ရှပ်ရှပ် ထင်ရပေမယ့် တကယ့်တကယ်ကျ seriouslyအလွမ်းသမကြီးပေပဲကိုး 😅😅
ကျွန်မ ၉တန်း၁၀တန်းတုန်းက နာမည်ကြီးခဲ့တဲ့ မေဆွိ မေခလာတို့ကျ အဲ့လောက် မကြိုက်ဘူး။ အသံစူးလို့၊ အသံက နားမစွဲလို့၊ သီချင်းတွေက ရင်ထဲမထိလို့ အဲလို...။
အန်တီမာမာအေးတို့ အန်တီခင်ညွန့်ရည်တို့လို သီချင်းတွေမှ ငြိတာ။
ဒီတလောတော့ အန်တီ့သီချင်းတွေ ပြန်ရှာနားထောင်ဖြစ်နေဦးမယ်...။
ကောင်းကောင်းအနားယူပါတော့၊ လွမ်းတယ်အန်တီ....
ပြောင်းလဲသွားတာတွေထဲ ခရီးသွားတဲ့ပုံစံလည်း တခုအပါအဝင်ဖြစ်တယ်။ ပေါ့ပေါ့ပါးပါး ခရီးသွားရတာ ပိုနှစ်သက်လာတယ်။ အရင်ကဆို မနက်တစုံ၊ ညဘက်ဒင်နာချိန်တစုံ တနေ့အတွက် အဝတ်၂စုံ တွက်ပြီး သယ်သွားတယ်။ ညအိပ်ဝတ်စုံကပါသေး။ ဖိနပ်လည်း၃ရံလောက်သယ်တယ်။ အိတ် ၃မျိုးလောက် သယ်တယ်။ ခုတော့ တနေ့တစုံ၊ ဖိနပ် ၂ရံ၊ အိတ်၂မျိုးကတော့ ကျောပိုးအိတ်ရယ် ထသွားထလာပိစိလေးတအိတ်ရယ်။ လေဆိပ်ရောက်တော့ ချိန်ကြည့်တာ 5kgပဲ ရှိလို့ အတော်အံ့သြရသေးတယ်။ ၅ညအိပ်၆ရက်ကို အဲ့လောက်ပဲ သယ်တော့တယ်။
ပြီးရင် အရင်ကလို မနက်စောစောထ သွား၊ ည မိုးချုပ်မှ ဟိုတယ်ပြန်ရောက်ပြီး အိပ်၊ အဲတာမျိုး ပင်ပန်းရတာမျိုး မလုပ်ဖြစ်တော့ဘူး။ အေးအေးဆေးဆေး နားတယ်။ အခုမှ တကယ့်အပန်းဖြေခရီးနဲ့တူတာ။ အရင်ကဆို ခရီးသွားပြီးပြန်လာရင် ပိုပင်ပန်းတယ်။ ခုကတော့ အနားယူတတ်လာတယ် ပြောရမယ်။ တနေရာရောက်ရင် အေးအေးဆေးဆေးထိုင် ငေး ကြည့် ပြုံး ပြီးရင် စားစရာရှိစားပြီး ပြန်တာပဲ။ ဒေသစာတွေဆို ဒေသခံတွေစားသလို လမ်းဘေးဆိုင်လေးတွေ ရှာစားတတ်လာတယ်။ သန့်လည်းသန့် ဈေးလည်းတော် အရသာလည်းကောင်းတာမျိုးတွေ...။
ဒီတခေါက်သွားခဲ့တဲ့ခရီးကလည်း ကြေနပ်စရာအပြည့်နဲ့ပါပဲ။
ကိုယ်ကြိုက်တာက အဲလို ပွပွဖားဖား လွတ်လွတ်လပ်လပ် ဝတ်ရတာ...။နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...