အိမ်က ပန်းကလေးတွေ...
ပန်းကလေးတွေ စိုက်ရတာ စိတ်ချမ်းသာတယ်။ ရေလောင်း ပြုစု သူ့အချိန်တန် ပွင့်တာပဲ...။ ဒါကြောင့် အသက်ရှည်ချင် အပင်စိုက်လို့ ဆိုကြတာ။
ပန်းကလေးတွေကို ချစ်ရသလောက် လူတွေကိုတော့ ကြောက်လာတာ။ လူတွေနဲ့ပတ်သက်ရင် ကိုယ်ကောင်းသလောက် ဘယ်တော့မှ ထပ်တူပြန်မလာဘဲ အသုံးချခံရတာများပါတယ်။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတာမျိုးမို့ ကြာတော့ သဘောမကောင်းချင်တော့ဘဲ အလယ်မှာ ကြားချနေတတ်လာတယ်။ ခံစားချက်မထားတတ်တော့ဘူး။ လာရင်ပြောလိုက်မယ် မလာလည်း မလွမ်းတော့ဘူး။ စိတ်ကိုဖြတ်ချပြီး အမျှင်မတန်းအောင် နေတတ်လာတယ်။
ဘယ်သူက ဘယ်လိုလူဆိုတာ အချိန်တွေကပဲ စကားပြောသွားမှာပါ...၊ အဲသလိုပဲ စိတ်ချထားလိုက်ပါတော့တယ်။
ကျွန်မက ဘယ်လိုပါ ဘယ်ညာပါ ရှင်းပြနေလည်းပဲ ချစ်လျင်အကျိုး မုန်းလျင်အပြစ်ဆိုတာလို ခံစားမှုတွေက ဘက်လိုက်တတ်သေးတာကို...၊
ဘယ်သူ့အပေါ်မှာမှ အကျိုးမဲ့အောင် မပြောခဲ့ မလုပ်ခဲ့ဘူး၊ ဒါကပဲ ကိုယ့်သစ္စာဖြစ်တယ်...။
အသက်ကလေးကလည်း တော်တော်ရလာပြီ၊ နေမယ်ဆိုနေလို့ရသေးသလို ထားမယ်ဆိုလည်းထားခဲ့လို့ ရပြီဆိုတဲ့အချိန်ပါပဲ။ ဘဝကြီးက ဘာမှမှ မဟုတ်တာကိုတော့ သိခဲ့တာ ကြာပြီ။ ပိုပြီး ဖြေသာလာတာကလည်း အဲတာကြောင့်ပဲ။ ထားခဲ့ရမှာတွေအတွက် စိတ်မောလူမော မဖြစ်လိုဘူး။
တနေ့ ကိုယ်မရှိတော့တဲ့အခါဆိုတာမျိုးတွေကလည်း ဘာမှ အဓိက မကျတော့ဘူး။
ပေါ့ပေါ့ပါးပါးကလေး ထွက်ခွာသွားဖို့ပဲ...၊
ဟုတ်တယ် အတတ်နိူင်ဆုံး အညင်သာဆုံး...၊ ခန္ဓာပေါ်ရှိသမျှ ဝေဒနာ ပေါ် ပျောက်တွေကို စိတ်ကလေး ထပ်ချပ် ကပ်ရင်း နောက်ဆုံးထွက်သက်အထိ အနှောင်အတွယ်မဲ့ ပျံသန်းထွက်သွားလိုက်ဖို့ပဲ...။
ဘဝဟာ တိုတိုကလေးဆိုလည်း ဝေဒနာတွေခံစားနေရချိန်ကဖြင့် ရှည်ကြာလွန်းတယ်လို့ ဆိုကြတယ်ဟုတ်လား။
ဘဝမှာ အနေတတ်ဆုံး စိတ်အထားတတ်ဆုံးအချိန်ကို ပြပါဆိုရင်ဖြင့် အခုအချိန်ပါပဲ...။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်