ထွေရာတစ်ပါး
လာမဲ့နှစ် ၂၀၁၁ ဧပြီလ ၂၉မှာ စုလျားရစ်ပတ် လက်ထပ်ကြတော့မဲ့ Prince William မင်းသား ဝီလီယန်နဲ့ သူ့ရဲ့ ချစ်သူ Kate Middleton ကိတ်တို့ရဲ့ မင်္ဂလာပွဲအကြောင်း သိပြီးကြမှာပါ။ ကျမအနေနဲ့ကတော့ အဲဒီမင်္ဂလာပွဲထက် မင်္ဂလာပွဲပြီးတဲ့နောက် နန်းတွင်းအရေးတွေ၊ အတိအကျ ပြောရရင် ကိတ်ရဲ့ နန်းတော်ထဲက အခန်းကဏ္ဍတွေကို ပို စိတ်ဝင်စားမိတယ်။ အမှန်ဆို ကိုယ့်အလုပ် မဟုတ်ပေဘူး။ သို့သော်လည်း မီဒီယာတွေရဲ့ Kate Middleton - the next Diana? ဆိုတဲ့ ဆောင်းပါးကြောင့် စိတ်ထဲ အတော်လေး တွေးစရာ ဖြစ်သွားတယ်။

အဲသလို သူမကလေးဟာ ဒုတိယ ဒိုင်ယာနာများ ဖြစ်လေမလား ဆိုတဲ့ မီဒီယာတွေရဲ့ စကားဦးသန်းမှုဟာ ဘယ်လောက်များ တာသွားလေမလဲ။ သူမရဲ့ နန်းတွင်းသူ ဘဝကို ဘယ်လိုတွေများ ရိုက်ခတ်လာနိုင်မလဲလို့ မစဉ်းစားဘဲ မနေနိုင် ဖြစ်ရတယ်။ သာမန် အရပ်သူဘဝကနေ တော်ဝင်မိသားစုထဲ ရောက်ခဲ့ရတဲ့ ဒိုင်ယာနာ၊ ကျမတို့လို အနီးကပ်သူငယ်ချင်း ရယ်လို့ ယုံယုံကြည်ကြည် ရင်ဖွင့်စရာ တဦးတလေမှ အနားမှာ မရှိခဲ့တဲ့ ဒိုင်ယာနာ၊ သူမအတွက်တော့ နံရံတိုင်းမှာ နားမျက်စိတွေ အပြည့်တပ်ဆင်ထားသလို မလုံမခြုံ ခံစားခဲ့ရရှာတဲ့ ဒိုင်ယာနာ၊ တော်ဝင်မိသားစုတွေအလယ် ထီးသုံးနန်းသုံးတွေနဲ့ အသားကျအောင် ကြိုးစားရင်း၊ လင်သားဖြစ်သူ ချားလ်စ်ရဲ့ အချစ်ဟောင်းနဲ့ ပြန်ပေါင်းထုပ်နေတဲ့ သတင်းတွေ နားနဲ့ အပြည့် ကြားနာရင်း၊ လူမှုရေးလုပ်ငန်းတွေမှာ စိတ်နှစ် လုပ်ဆောင်ရင်း ပြည်သူရှေ့ အပြုံးမပျက် ထွက်ရပ်ပြနေခဲ့သူ၊ သားတော်နှစ်ပါးကို ရင်နဲ့လွယ်မွေးပြီး တသားမွေး တသွေးလှ ဒိုင်ယာနာ ဖက်ရှင်ရယ်လို့ တခေတ် ဖြစ်စေခဲ့သူ...။
အပေါ်ယံ ရွှေမှုန်ကြဲထားသလောက် သူမရဲ့ အတွင်းစိတ်နှလုံး ဘယ်လောက်များ ကြေကွဲခဲ့ရရှာပါလိမ့်။ အရပ်သူ ဒိုင်ယာနာနဲ့ တော်ဝင်သူ ဒိုင်ယာနာရဲ့ ဘဝနှစ်ခုကို စိတ်၏ ချမ်းသာမှု ဆိုတဲ့ ပေတံနဲ့ ချိန်ထိုး တိုင်းထွာ ကြည့်မိတယ်။ ဘယ်လိုပဲ တွေးတွေး နောက်ဆုံးမှာ မလှမပ ဇာတ်သိမ်းခဲ့ရတဲ့အထိ သူမအပေါ် မီဒီယာတွေရဲ့ ရက်စက်မှုက ကြီးမားလွန်းလှချည်ရဲ့လို့သာ ကျမက မြင်မိတယ်။
ဒီတော့ ကိတ်အပေါ် စာနာစိတ်တွေနဲ့ သနားမိပြန်တယ်။ နေစမ်းပါစေ။ သူမ ကြိုက်သလိုနေပါစေ။ သူမ ကြိုက်တဲ့လမ်း လျှောက်စမ်းပါစေ။ သူမ လွတ်လပ်စွာ ပျံသန်းစမ်းပါစေ။ ဒိုင်ယာနာ လျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်မှာလားဆိုတဲ့ မျက်လုံးတွေရဲ့ အကြည့်တွေ အောက်မှာ သူမ မွန်းကြပ်နေမှာ စိုးမိပါတယ်။ ဒိုင်ယာနာဆိုတဲ့ လောင်းရိပ်အောက်မှာ သူမရဲ့ ရှင်သန်မှုတွေကို ဘောင်ခတ်ပစ်လိုက်ကြမှာ စိုးမိပါတယ်။ ကျမသာ ကိတ် နေရာမှာ ဆိုရင်တော့ မီဒီယာတွေ အားလုံးကို SHUT UP ! လို့ ပြောမိမယ် ထင်ပါရဲ့...။
Ref: http://tvnz.co.nz/world-news/kate-middleton-next-diana-3901552
ထွေရာနှစ်ပါး
ခု မြင်ကြရတာက ကျမတို့ ရုံး ဂိုထောင်-Warehouse ဘေးနားမှာ ချိတ်ဆွဲထားတာတွေပါ။ ရုံးလူဦးရေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်သူတွေ ဖြစ်ကြတယ်။ သူတို့ ဆေးလိပ်သောက်နေကျ ဂိုထောင်ဘေးမှာ ဒီဆိုင်းဘုတ်နဲ့ မီးခြစ်အကြီးကြီးကို တက်ညီလက်ညီ ချိတ်ဆွဲထားကြလေတယ်။ လူညီ ဤကျွဲလို့ ခေါ်ကြတော့ကာ သူတို့ ဆိုင်းဘုတ်နဲ့ သူတို့ ဟုတ်နေကြပါတော့တယ်။
သူတို့ ခန္ဓာကိုယ်ထဲမှာ နှလုံးရောဂါဖြစ်စေနိုင်တဲ့၊ လေဖြတ်စေနိုင်တဲ့၊ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ နီကိုတင်းဓါတ်တွေ၊ ကာဗွန်မိုနောက်ဆိုက်တွေ၊ တား-Tar လို့ခေါ်တဲ့ မဲမဲပျစ်ပျစ် ကတ္တရာလို အစေးတွေ ဘယ်လောက်တောင် ထုထည် ဖွဲ့နေမှာပါလိမ့်။
ဆေးလိပ်သောက်တာဟာ ပိုက်ဆံတွေမီးရှို့ပစ်နေသလို ဖြစ်တဲ့အပြင် ကိုယ့်သေတွင်းကိုယ် တနေ့ တလက်မ တူးနေတာနဲ့ တူတူပဲလို့ ကျမ မြင်ပါတယ်။ လူအများစုက အရက်သောက်မှသာ သေနိုင်တယ်ထင်ပြီး ဆေးလိပ်သောက်တာကျတော့ စတိုင်တခု လိုလို လက်ခံထားကြပြန်ပါတယ်။
စလုံးမှာက ဆေးလိပ်နဲ့ အရက်သေစာတွေကို ပုံမှန်ထက် ဈေးမြှင့်တင်ထားပါတယ်။ ဒါတောင်မှ ဆေးလိပ်သောက်သုံးသူတွေ လျော့မသွားဘဲ တနေ့ထက် တနေ့ ပို ပိုများပြားလာပါတယ်။ ဆေးလိပ် အလိပ် ၂၀ဝင် တဗူးကို စင်္ကာပူ ၁၁ဒေါ်လာနဲ့အထက် တံဆိပ်ပေါ် မူတည်ပြီး ဈေးနှုန်းကွဲပြားသွားပါတယ်။ ကျမကတော့ တဗူးကို ဈေးနှုန်း ဒေါ်လာ ၅၀လောက်နဲ့ ရောင်းစေဖို့ ဆုတောင်းမိပါတယ်။ (ဆေးလိပ်သောက်သူများ ကျမ အကြံသိရင် ချောင်းရိုက်ချင်မှာ သေချာပါရဲ့) ဒါမှ စီးပွားပျက်မဲ့အရေးကြောင့် ဆေးလိပ် လျှော့ကြ ဖြတ်ကြမယ် ထင်တာပါပဲ။ စီးပွားအပျက်ခံပြီး တနေ့ တလက်မတူးနေတာကို နှေးလှချည်ရဲ့ ထင်ပြီး သောက်နေကြဦးမယ် ဆိုရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုယ် လို့ပဲ ပြောရတော့မှာပါပဲ။
ထွေရာသုံးပါး
စင်္ကာပူနိုင်ငံသား ခံယူကြမလား၊ စင်္ကာပူမှာ အိမ်ဝယ်သင့်သလား၊ စင်္ကာပူမှာ ကားဝယ်စီးသင့်သလား၊ တခြားနိုင်ငံ တခုခု ဆက်ကူးသင့်သလား၊ အသက်ကြီးရင် ရွာမှာပဲ ပြန်ပြီး အခြေချသင့်သလား...အဲဒီမေးခွန်းတွေ ကြုံဖူးကြမယ်။ ကိုယ်တိုင်လည်း စဉ်းစားခန်း ဝင်ဖူးကြမယ်။ လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ပြန်သင့်တယ် မပြန်သင့်ဘူး...အဖြေတွေဟာ ကွဲလွဲနေမှာပဲ၊ ကွဲကို ကွဲလွဲရမယ်။ ပြောနေတဲ့ သူတွေက ကိုယ်တိုင်သော်၎င်း၊ ပတ်ဝန်းကျင် အတွေ့အကြုံအရသော်၎င်း ကိုးကားပြီး စေတနာနဲ့ အကြံပေးတဲ့ သဘော ပြောဆိုကြတယ်။ ယေဘူယျအားဖြင့်တော့ သူ့အဖြေနဲ့သူ၊ သူ့အကြောင်းပြချက်တွေနဲ့သူ ခိုင်လုံ မှန်ကန်မှု ရှိနေကြတာပါပဲ။
လူတဦးတယောက်ချင်းစီမှာ မတူညီနိုင်တဲ့ ကိုယ်ပိုင် အခြေအနေတွေ ရှိနေတာမို့ ဆုံးဖြတ်ချက်ချရာမှာလည်း ကွဲပြားသွားမှာပါပဲ။ ဓါတုဗေဒ ညီမျှခြင်းတခုက ဒြပ်စင်တွေလို ဗေလင်စီညှိပြီး ညီမျှခြင်းချကြည့်ဖို့ မကြိုးစားပါနဲ့။ ဘယ်တော့မှ မရပါဘူး။ လူတွေဟာ လူတွေ ဖြစ်နေလို့ပါပဲ။ အင်မတန် ရှင်းပါတယ်။
ဒီတော့ သူများ ပြောတာတွေ နားစွင့်ပါ။ ကိုယ်တိုင်လည်း လေ့လာပါ။ ရသလောက် အချက်အလက် အားနည်း အားသာချက်တွေ စုပြီးမှ ကိုယ့် အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ပါ။ အသေအချာ ဆုံးဖြတ်ပြီးမှ ရွေးချယ်ခဲ့တဲ့ လမ်းမှာတောင် အမှားတွေ လွဲချော်မှုတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ အရေးကြီးတာက ဘာလာလာ အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင် လုပ်ဆောင်ဖို့ စိတ်ဓါတ်ခွန်အား ရှိကြဖို့ပါ...။
ထွေရာလေးပါး
ငယ်ငယ်က သင်ခဲ့ဖူးတယ်။ အားလုံးလည်း ကြားဖူးကြမယ်။ ရိုးရှင်းတဲ့ စကားစုလေး တခု။ လဲနေသူ ထူပေးပါ...တဲ့။ ဒါပဲ။ ကျမ ဆက်တွေး ဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လဲကျနေသူတွေကို ထူပေးရတာ လွယ်တယ်။ မြင်သာ ထင်သာ ရှိတယ်။ ဒါဆိုရင် စိတ်ပိုင်းဆိုင်ရာအရ လဲကျနေသူတွေကိုရော ထူမ ပေးဖို့ မလိုအပ်ဘူးလား။
ကျမတို့ လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ တယောက်အားနဲ့ ဖြစ်စေ၊ စုပေါင်းအားနဲ့ ဖြစ်စေ လဲနေသူတွေကို ထူပေးနိုင်ကြပါတယ်။ ကျမတို့ လက်တွေ့ လုပ်လည်း လုပ်ဆောင်ခဲ့ကြ ပြီးသားပါ။ နာဂစ်မှာ၊ ရေဘေး လေဘေးတွေမှာ၊ သောက်ရေရှားပါးတဲ့ အခိုက်အတန့်မှာ၊ အိတ်ခ်ျအိုင်ဗီ ရောဂါ ခံစားနေရသူတွေဆီမှာ၊ အိုမင်းမစွမ်းကြသူတွေဆီမှာ၊ သေတာတောင် သေစားရိတ် မရှိတဲ့သူတွေဆီမှာ၊ မိဘမဲ့ ကလေးတွေဆီမှာ ကျမတို့ရဲ့ ထူမနိုင်စွမ်းတွေနဲ့ ဖေးကူ ထူမ ခဲ့ကြဖူးပါတယ်။
အားငယ်သူ အားပေးပါ။ ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ။ ဒုက္ခတွေ့သူကို ကူညီပါ။ အဲသလို စကားလုံးတွေ ကွဲလွဲပြီး ဦးတည်ချက်တူတာမျိုးတွေ အများကြီး ပြောနေဖို့ မလိုဘူး။ လဲနေသူ ထူပေးပါ...ဒါပဲ။ ဒီတခွန်းနဲ့တင် ကိစ္စပြတ်တယ်။ ကိုယ်ရော စိတ်ပါ လဲနေသူတွေကို တတ်စွမ်းသမျှ ထူပေးပါ။ ကိုယ်မထူနိုင်ရင်နေ ထူနေသူတွေကို မနှောင့်ယှက်နဲ့ မကူညီချင် အေးဆေး ထိုင်နေပါ။ ဘာရယ်မဟုတ် ခုတလော စိတ်ထဲမှာ လဲနေသူ ထူပေးပါ ဆိုတာနဲ့ ပတ်သက်ပြီး လဲနေသူတွေ၊ ထူပေးနေသူတွေ နဲ့ နှောင့်ယှက်နေသူတွေအကြောင်း တွေးနေမိလို့ပါ....။
***ဖတ်ကြည့်ချင်ရင် ထွေရာလေးပါး ၁
ချစ်ကြည်အေးတယောက် တို့တာဝန် အရေးသုံးပါးနဲ့ ပေါ်လစီကားတွေ ချကျွေးနေပြီလို့ တွေးပြီး ပြုံးမိသွားလား....၊ ခုတလော အဲဒါတွေ တွေးဖြစ်နေလို့ ချရေးကြည့်ဖြစ်သွားတယ်...:)