ကိုယ်ဟာ လောကကြီးအပေါ်၊
လူရယ်လို့ဖြစ်တည်လာမှုအပေါ်
အပျက်ဖက်ကချည်း တွေးနေတတ်သူလို့
ထင်စရာပါပဲ...၊
မဟုတ်ပါဘူး...
တကယ့်အမှန် အနှစ်အသားရယ်လို့ ဘာမှ မရှိခြင်းကို မရှိခြင်းလို့ သိရုံသာပါပဲ...။
ဒီလိုသိလို့လည်း လောကကြီးအပေါ် စိတ်ပျက်လက်ပျက် ဘာမှမလုပ် ငုတ်တုတ်ဖြင့်လည်း မဟုတ်ပေါင်...၊
သိသွားတဲ့အကျိုးက ထိန်းသိမ်းတတ်လာတယ် ဒါပါပဲ။
တကယ်လို့ ကိုယ့်မှာ အသက်ရှင်နေထိုင်ခွင့် ၅နှစ်သာ ကျန်မယ်ဆို သေချာတယ် အဲ့၅နှစ်ကို သေချာဆစ်ပိုင်းပြီး လုပ်ချင်တာတွေ ပြီးအောင်လုပ်သွားဖို့ ကြိုးစားမယ်။ မပြီးလည်းဘဲ ကိစ္စတော့ မရှိ။ ပြီးရင်တော့ ချစ်ခြင်းမေတ္တာနဲ့ နေမယ်။ နှောင်ကြိုးတွေ အပြီးသပ် ဖြတ်ချမယ်။ နောက်ဆုံးထွက်သက်မှာ ခန္ဓာအပေါ် ဉာဏ်ရောက်ဖို့ လုံ့လစိုက်မယ်။ ဒီလောက်ပဲ။
ရှင်သန်ခွင့်ရတုန်းမှာ ပြုံးမယ် အေးအောင်နေမယ် ကိုယ်လည်း Quality of lifeကို လိုချင်သားပါပဲ။
ဘဝမှာ ကိုယ့်တကိုယ်စာ စိတ်တိုင်းကျဆုံးအသက်အရွယ်ပြောပါဆိုရင် ခုအသက် အရွယ်ပါပဲ။ အမှန် အမှားတွေ ဘာကမှ အရေးမပါတော့ဘူး။ အနိမ့်အမြင့် အတက်အကျတွေဆိုလည်း ခံနိူင်ရည်ရှိပြီ။ ဘာမှ များများစားစား မလိုအပ်တော့ဘူး။ ဘဝကို အနိူင်ပိုင်းမယ်ဆို ပိုင်းနိူင်တဲ့ အချိန်ပါပဲ။ ရယ်ရတယ် ဘဝကို အနိူင်ပိုင်းဖို့ဆိုပြီး တွေးမိတာကိုက ရယ်စရာပဲ...။ အနိူင် အရှုံးဆိုတာ ကိုယ့်ဘဝမှာ ဘယ်တုန်းကမှ အရေးမပါခဲ့တဲ့ဟာကို...။
နိူင်ချင်တာ ပိုင်ချင်တာ မြင့်ချင်တာ...
အငုံ့စိတ်တွေမှာ ဖျတ်ကနဲမြင်ရတတ်တဲ့ လှစ်ဟမှုမျိုး၊
ဘယ်အမြင့်ကိုမှ မရောက်ချင်သူဟာ နိမ့်ရာမှာနေရလည်း ဝမ်းနည်းနေမယ့်သူ မဟုတ်ဘူး
ဘယ်လိုအနိူင်မျိုးကိုမှ မလိုချင်သူဟာ ရှုံးသွားလည်းပဲ ငိုကြွေးနေမှာ မဟုတ်ဘူး
ဘာကိုမှ မပိုင်ချင်သူဟာ စွန့်လွှတ်လိုက်ရလို့ ကြေကွဲမနေဘူး
အကောင်းဆုံးလုပ်မယ်
ရလာသမျှ လက်ခံမယ်
နေတတ်ခြင်းဟာ ဘဝရဲ့ အဖြေပဲ...။
ဘာနဲ့မှ ငြိမနေဘဲ ကင်းလွတ်ခွင့်ရနေတယ်...
အဲဒီချမ်းသာပဲ...၊
တွေ့အောင်ရှာ...