အိမ်မှာ စိုက်ထားတဲ့ပန်းကလေးတွေ...။
အရင်ကဆို ပန်းကလေးတွေမြင်ရင် စိတ်အေးချမ်းတယ်။ ချမ်းသာရတယ်...။
ခုတော့ သူလည်း ပွင့်ချိန်ရှိသလို ကြွေပျက်ချိန်လည်း ရှိတာပဲရယ်လို့ နှလုံးသွင်းမိတယ်။
အရာရာဟာ ဖြစ် တည် ပျက် မဟုတ်လား...
လူတွေ အပူအပင်မဲ့ သွားလာပျော်ရွှင်နေတာတွေ တွေ့ရင် ငါလည်း အရင်က ဒီလိုပါပဲလို့ တွေးမိပြန်တယ်။ ပျော်ရွှင်ခြင်းဟာ စိတ်မှာ တခဏ၊ မပျော်ရွှင်ခြင်းဟာလည်း စိတ်မှာ တခဏမျှသာပါပဲ။ ဘာကိုမှ မြဲမယ်မထင်နဲ့...၊ ဒီစိတ်လေးကိုပဲ သိပြီး မျှခြေရှာ နေထိုင်တတ်ရတယ်။
ဘာမှ မလိုချင် မဖြစ်ချင်၊ ဘယ်အရာကိုမှ ဆုတ်ကိုင်ထားခြင်းမရှိတဲ့ စိတ်ဟာ သုညတပဲ...၊ အဲဒီစိတ်ကလေးအပေါ်မှာ တဖန် ဖြစ်ပျက်တင် ရှုလိုက်တဲ့အခါ အရာရာ ဘာမှမကျန်တော့သော ချမ်းသာခြင်းဟာ စိမ့်နေအောင် ငြိမ်းအေးလှတယ်...။ (အဲဒီချမ်းသာကိုယ်၌ကလည်း မမြဲပြန်ဘူး)
လွတ်မြောက်ခြင်းကို တကိုယ်စာ ရှာဖွေကျင့်ကြံခြင်းဟာ အတ္တဆိုရင် ကိုယ်သိတဲ့ဓမ္မဟာ အတ္တကပဲစတာပေါ့။ အဲဒီအတ္တကနေပဲ အများသူငါကို မျှဝေ ကျင့်ကြံစေမယ်ဆိုရင်တော့ ဒါဟာ အတ္တကနေ ပရအဖြစ် ပြောင်းသွားပြီ။ မြတ်စွာဘုရားဟာ ဝေနေယျတွေကို ကယ်တင်ဖို့ ဇနီးသားသမီးတွေကို စွန့်ခဲ့ရသလိုပေါ့ တကိုယ်ကောင်း အတ္တကြီးတယ်လို့ မဆိုနိူင်ဘူး၊ အများကို ကယ်တင်ချင်သူဟာ ကိုယ့်ကိုယ်ကို အရင်ကယ်တင်ရတယ်။ ကိုယ်တိုင်လွတ်မြောက်မှ တပါးသူကို ကယ်နိူင်မယ်ဟုတ်လား...။
သံသရာကို ကြောက်ပါတယ်...ထပ်မလိုချင်တော့လောက်အောင် ပြတ်ပါတယ်။ ခန္ဓာရဖို့အကြောင်းဖြစ်တဲ့ ကံ အလုပ်တွေကိုဖြတ်ဖို့ မဂ်လမ်းတခုသာပဲ လျှောက်ဖို့ရာရှိပါတယ်...။ မလွယ်ပေမယ့် ခက်ခဲတဲ့အလုပ်လည်း မဟုတ်ပါဘူး...၊ ဉာဏ်အလုပ်မို့ အင်မတန်သိမ်မွေ့တယ်၊ ကိုယ့်စိတ်အတွင်းသားထဲက ကိလေသာတွေနဲ့ တိုက်ရတဲ့ပွဲမို့ ကိုယ်တိုင်လည်း အနာခံနိူင်မှ သတ္တိရှိပါမှ ဇွဲခိုင်ပါမှ ဉာဏ်နဲ့ပိုင်းချ အနိူင်ယူရမယ့်ပွဲပါ။ ဆင်းရဲနဲ့ငရဲကင်းတဲ့ အငြိမ်းဓါတ်ကလေးတခုဟာ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ။ မြတ်စွာဘုရား လေးသင်ချေနဲ့ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရပြီး ခက်ခဲဆင်းရဲစွာ အားထုတ်လို့ရခဲ့တဲ့ သစ္စာတရားတွေကို ကိုယ်တို့က အသင့်ကြားနာ အားထုတ်ရုံလေး။ ဒါကြောင့် တန်ဘိုးထား အားထုတ်ဖို့ လိုတယ်။ သံသရာကိုတကယ်ကြောက်ဖို့ လိုပါတယ်...။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်