စိတ္တ စိတ်၏
ဝိမုတ္တိ လွတ်မြောက်ရာ...
🙏🙏🙏
10-25 March 2023
သဲအင်းဂူ ၁၅ရက် အွန်လိုင်းတရားစခန်း ~
စာအုပ်လေးတွေ ရောက်လာပြီ။ ဒီတပတ် စာတွေဖတ်မယ်...။
ထားပါတော့ သိပ်လည်း အရေးမပါတဲ့အရာတွေ။
ကိုယ့်ကိုယ်ကို သတ်တိရှိတယ် ထင်ထားခဲ့ပေမယ့် တကယ်တမ်းကျ အဲ့လောက်မဟုတ်သေးပြန်ဘူး။
Post၂ပုဒ်ရှိပြီ။ တင်ပြီးမှ စာကြမ်းထဲ ပြန်ပြန်သိမ်းထားလိုက်ရတာ...။
မရေးပြနေတော့ပါဘူးလေ၊ သိမ်းထားတာပဲကောင်းပါတယ်လေဆိုတဲ့ စိတ်နဲ့...၊ ဖတ်သူတွေရှိရင် အပူမကူးစေချင်တဲ့စေတနာနဲ့...။ ဒီလိုလေးပဲ ကိုယ်တယောက်ထဲဖတ်ဖို့ သိမ်းထားလိုက်တော့တယ်။
မတ်လ ၁၀ရက်နေ့က စပြီး ၂၅ရက်နေ့မှာ ပြီးမယ့် သဲအင်းဂူ တိုက်၃၂ အွန်လိုင်းတရားစခန်း ဝင်နေတယ်။ ဘဝ ဘဝတွေ၊ ခန်ဓါတွေကို ပိုပိုပြီး ကြောက်လာတယ်။ ရုန်းရင်းဆန်ခတ်နဲ့ နာနာကျင်ကျင် ဘဝကူးသွားရမှာ ကြောက်တယ်...။ အမှတ်စိတ်ကလေးနဲ့ အညင်သာဆုံး ထွက်ခွာသွားချင်တာ၊
ခြေသံကလေးဖော့ပြီး...
ဘယ်သူမှ မသိလိုက်ခင်....
ခုတလော လူပြောများနေတဲ့ကား....
ဆရာမဂျူးစာအုပ်ဖတ်ရတုန်းကလည်း ကြိုက်ခဲ့ရတဲ့အရေးအသား...။
မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ကိုရုပ်ရှင်အနေနဲ့ ကြည့်ဖြစ်တယ်။
ပြောရရင် ကြည့်ရင်းနဲ့ မောလာတယ်။ တော်ကြပါတော့ တဘက်ဘက်က လျှော့လိုက်ကြပါတော့ မချစ်ကြတာလည်း မဟုတ်ဘဲနဲ့လို့ ဝင်ပြောလိုက်ချင်မိတဲ့အထိပဲ။
စာအုပ်ထဲမှာ ရေးထားသမျှကို ရုပ်ရှင်အဖြစ်ဖန်တီးရတဲ့အခါ ကန့်သတ်ချက်တွေအများကြီးရှိတဲ့အထဲ အချိန်အကန့်အသတ်လည်း ပါတယ်။ ရတဲ့အချိန်လေးထဲ ဇာတ်ရုပ်၂ခုလုံးရဲ့စရိုက်တွေ၊ ထင်ရှားတဲ့ကာရိုက်တာတွေ၊ ပြင်းထန်တဲ့အဖြစ်အပျက်တွေကို ရသမျှအချိန်အတိုင်းအတာထဲ စုရုန်းပုံဖော်ရတာဖြစ်လေတော့ ယုမော်နဲ့နှင်းကို ပြတဲ့အခါ ချစ်ကြည်မွေ့နေတဲ့အခိုက်အတန့်ထက် အော်ဟစ်ရန်ဖြစ်နေကြရတဲ့အချိန်တွေကိုသာ ပိုဇောင်းပေးပြီး ပြသလိုဖြစ်သွားတယ်။ ဘဝမှာ ချစ်ခြင်းတရားတခုတည်း အရေးကြီးတာမဟုတ်ဘူးဆိုတာကို ပြချင်ခဲ့တာ။
နှင်းက ဘာကိုမှ သောက်ဂရုမစိုက်ချိန်မှာ ယုမော်က အရာရာကို ချိန်ထိုးတွက်ဆတတ်သူ၊ လူနှစ်ယောက် မတူတဲ့စရိုက်တွေကို ညှိယူကြရတဲ့အခါ နှစ်ယောက်စလုံးက အစွန်းဆုံးထိ လျှောက်သွားကြဖို့ ကိုယ်စီရွေးချယ်ခဲ့ရင် ဘယ်လိုမှ မနီးစပ်နိူင်ဘူး၊ အနီးဆုံးရှိခဲ့ရင်တောင် စိတ်တွေချင်း ဝေးနေကြမှာပဲ...၊ အဲသလို ပြောချင်တာပေါ့လေ။
သက်နှင်းအိမ်ပြောသလို လူနှစ်ယောက်နီးဖို့ ခြေလှမ်းဆယ်လှမ်းလိုတယ်ဆိုပါတော့၊ ကျွန်မဘက်က ခြေလှမ်း၅လှမ်း လှမ်းပြီးခဲ့ချိန်မှာ မောင်က နေရာမှာတင် ခြေစုံရပ်နေခဲ့တာဆိုတဲ့ စကား။ အင်း ကိုယ်သာဆိုရင် မောင် ညောင်းနေမယ်၊ အဲ့မှာရပ်နေ ဆယ်လှမ်းစလုံး ကိုယ် လှမ်းခဲ့မယ်လို့များ ပြောမိမလားပဲ 😆 (မောင်ကတော့ ဒီမိန်းမအချစ်ကြီးလိုက်တာလို့ မတွေးဘဲ မာနမရှိတဲ့မိန်းမပဲလို့ ဈေးလျှော့တွက်ချက်နေတော့မှာ - ဂျူးဆန်လိုက်ထှာ 😅)
ယုမော်ရဲ့မာမီက နှင်းကို ပြောလိုက်တဲ့ ဇနီးတယောက်ဟာ မာနတွေ မထားရဘူးသမီး...ဆိုလား....၊ ကိုယ်ကတော့ နှင်းတို့ဇနီးမောင်နှံအတွက် တိုင်ကပ်နာရီ လက်ဖွဲ့ပို့ပေးခဲ့တဲ့ နှင်းဖေဖေသာ ယုမော်နဲ့တွေ့ခွင့်ရခဲ့ရင် ဘယ်လိုစကားမျိုး ပြောလိုက်မလဲ ကြားချင်သေးတယ်။
စကားအကျအနတွေကောက်ပြီး ဆတ်ဆတ်ထိမခံတဲ့မာနတွေနဲ့ ချစ်လျက်နဲ့ ဝေးကြဖို့ ရွေးချယ်လိုက်တာကတော့ တကယ့်နာကျင်မှုကြီးပဲပေါ့...။
နောက်ဆုံးအချိန်ထိ သူ့နောက်လိုက်ခဲ့ဖို့ ယုမော်က ခေါ်နေချိန်မှာ လိုက်မသွားဖို့တင်းခံနေခဲ့တဲ့နှင်းနေရာကကြည့်ရင် နှင်းကိုယ်တိုင်က နှင်းရဲ့တိုးတက်ရာတိုးတက်ကြောင်းပညာသင်ယူလိုမှုထက် မာနတရားကပဲ အချစ်ရှေ့မှာကာစီးနေတာကို တွေ့မိတယ်။ (မောင်ကသာခေါ်ရင် ကိုယ်သာဆို အထုပ်ပြင်နေလောက်ပြီ 😅)
ယုမော်နေရာကကြည့်ရင်လည်း မြန်မာပြည်မှာနေပြီး မိန်းမဆီလက်ဖြန့်တောင်းနေရတဲ့ ဘဝထက်စာရင် ပြည်ပမှာနေပြီး သူ့အစွမ်းအစနဲ့ ဘဝကိုထူထောင်မယ် အိမ်ရာထူထောင်နိူင်စွမ်းကို ခင်ပွန်းဖြစ်တဲ့သူ့ဆီမှာပဲ ရှိစေရမယ်၊ သူ ဦးဆောင်မယ်ပေါ့...။
နှစ်ယောက်စလုံးက သူ့နေရာနဲ့သူ တော်နေကြလို့ပါ။ တယောက်ယောက်ကို နည်းနည်းလောက် ညံ့ပေးလိုက်ရင် ဘယ်လိုလဲ...၊ ဒါမှမဟုတ် နှစ်ယောက်လုံးတော်ကြထက်ကြတာ တော်ကြထက်ကြပါစေ၊ တယောက်ကို မာနလေး နည်းနည်းလျှော့ပြီး စိတ်ပျော့တဲ့သူဖြစ်ခိုင်းလိုက်ရင်ရော...ဘယ်လိုလဲ...။ ကိုယ်လည်း တွေးမိတွေးရာတွေပေါ့...။
ဖြစ်နိူင်ရင် ဇာတ်ကားထဲမှာ တယောက်နဲ့တယောက် အော်ကြဟစ်ကြတာတွေ လျှော့ပြီး သွေးအေးအေးနဲ့ ခက်ထန်တာမျိုးကို ပိုပြစေချင်မိတယ်။ အထူးသဖြင့် ယုမော်...၊ နှင်းက အော်ဟစ်ပေါက်ကွဲ သွေးဆူသမျှ ယုမော်ဘက်က မာနနဲ့ အတွင်းကြိတ် အေးခဲရက်စက်ပြီး သူလုပ်ချင်တာ သူဇွတ်လုပ်တာမျိုး၊ အဲလိုဆို ကြည့်ရတာ ပိုအဆင်ပြေမလားလို့...။ ဖြစ်နိူင်ရင် ယုမော်ကို မျက်လုံးကြီးပြူးပြီး ပြန်အော်တာမျိုး မလုပ်ရင်ကောင်းမယ်ပေါ့၊ တွေးမိတာပါ...။
ဘာပဲဖြစ်ဖြစ် ဒေါင်းနဲ့ ပိုင်ဖြိုးသု နှစ်ယောက်လုံးကတော့ တကယ်ကို ယုမော်နဲ့နှင်း ဖြစ်ခဲ့ပါတယ်...။
မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
CKA
ဒီနေ့ ဝတ်ဖြစ်တဲ့ OOTDလေး...မြန်မာဝတ်စုံလေးမို့ အမှတ်တရပေါ့။
ပွဲက စလုံးသူငယ်ချင်းရဲ့ပွဲပါ။ မိခင်လောင်းသူငယ်ချင်းရဲ့ baby gender revealလုပ်တဲ့ပွဲ။
ဘေဘီလေးက မိန်းကလေး တဲ့...🥰
ပွဲမှာ လူတွေထဲ ပုံမရိုက်ဖြစ်ဘဲ အိမ်ပြန်ရောက်မှ မှန်ရှေ့ မယ်ရာဆယ်ဖီဆွဲဖြစ်တော့တယ်။ နည်းနည်းပြန်ကျန်းမာလာပုံရတဲ့ရုပ်ပေါ့...။
ရင်ဖုံးကို မြန်မာပြည်က မှာဝတ်ပြီး ထမီကိုတော့ အင်ဒိုနီးရှားပတ်ထမီကို အွန်လိုင်းကနေ မှာဝတ်ပါတယ်။ ထမီဝတ်ပုံကလည်း အင်ဒိုမလေးတွေဝတ်တဲ့ ရိုးရာပုံစံအတိုင်း ချည်ထားတာပါ...😊
စိတ်ရော လူရော ကွက်လပ်အတိုင်းထားပြီး
ဒီစာအုပ်လေး ထိုင်ဖတ်နေဖြစ်တယ်။
ညီမတယောက် လက်ဆောင်ပေးတာ....၊
ဘဝမှာ လူရယ်လို့ဖြစ်လာရတဲ့အခိုက် သစ်စာတရားကို နာလွယ် ကြားလွယ် သိလွယ်ပြီး ယုံကြည်လေ့ကျင့် အားထုတ်နိူင်သူဖြစ်ရတာ...၊
အဲတာလောက် မြတ်စွန်းတဲ့ဘဝ မရှိ။
နှစ်တရာရင်ဖုံးလေးတွေ ဝတ်ချင်လာလို့ ကိုယ်တိုင်းပေးပြီး ရန်ကုန်က လှမ်းမှာဝတ်ရတယ်။ မြန်မာဝတ်စုံလေးတွေ လွမ်းစိတ်နဲ့ Fashion Forceကနေ မှာဝတ်တာ၊ မနေ့ကပဲ ရောက်လာတယ်။ (စိတ်ကြီးပုံက မှာလက်စနဲ့ ၁၀ထည်မှာပစ်လိုက်တယ် 😆)
လုံချည်ကတော့ အင်ဒိုနီးရှားက အွန်လိုင်းလှမ်းမှာပြီး အင်ဒိုမလေးတွေဝတ်နည်းအတိုင်း ခါးပတ်ကွင်းချည်ပြီး ဝတ်ကြည့်လိုက်တာ...။ လိုက်တော့ လိုက်သားပဲ 😅
CKA
မြန်မာနှစ်တရာရင်ဖုံးနဲ့ အင်ဒိုပတ်ထမီ
ဒီနေ့ ဆံပင်သွားလုပ်တယ်။
တကယ်က လှိုင်းလေးတွေ ကောက်ချင်တာ၊ ဒါပေမယ့် ဟိုက်လိုက်ဖောက်တုန်းက ချွတ်ဆေးသုံးထားတဲ့ဒဏ်ကြောင့် ဆံပင်တွေက အတော်လေးကြေပွနေလို့ မကောက်ပေးဘူး။ Treatmentလုပ်ပေးပြီး ၂လက်မလောက် အဖျားတွေ ညှပ်ပေးလိုက်တယ်။ တိုသွားပြန်ပြီပေါ့ 😑
အရှည်ထားဖို့ကို အမျိုးမျိုးဖြစ်နေတော့တာပဲ။
(Treatmentလုပ်ကာစမို့ ဆံပင်က စင်းချပ်နေတယ် လျှော်ပြီးမှပဲ ကြည့်လို့ပိုကောင်းတော့မှာ)
အပြင်မှာ ဘာမှမစားခဲ့ဘဲ အိမ်ပြန်ရောက်မှ ရှိတာလေးနဲ့ ညစာစားလိုက်တော့တယ်။
ဒါနဲ့ ဖဘပေါ်မှာ အဲတာလေးတွေ့ပြီး ရယ်ချင်လို့ ယူလာခဲ့တယ်...🤣
Red Balloon
ဟန်ဘာဒါ...
သူ့ကာရိုက်တာကို သဘောကျတယ်။
ဒါပေမယ့် ကိုယ့်ခင်ပွန်းနဲ့ သမီးလေးကို သူငယ်ချင်းအွန်ဂန်လက်ထဲ ယုံယုံကြည်ကြည်ပစ်ထည့်ထားလိုက်ပြီး သူ့ရတနာလုပ်ငန်းကိုပဲ စိတ်နှစ်ထားတာမျိုးကတော့ မဖြစ်သင့်ပါဘူး။
ဇာတ်ညွှန်းက အတော်လေးထိုးဇာတ်ဆန်တယ်ပြောရမယ်။ ဇွတ်ဖန်တီးထားမှန်း သိသာတယ်။
သူ့အမျိုးသားနဲ့သူငယ်ချင်း ဇာတ်လမ်းကိုသိတဲ့အခါ ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းပစ်တာကို သဘောကျတယ်။ အဲသလိုမာနထားတာ မိန်းမတယောက်အတွက် ကောင်းတယ်။
စိတ်ပျက်စရာတခုက နမ်ချောဘက်က ပြင်ဆင်ပြီး အိမ်ထောင်ရေးသာယာအောင် ကြိုးစားနေချိန်မှာ နမ်ချောမိန်းမကြီးက ရည်းစားဟောင်းတက်ကစီသမားနဲ့ အသားလွတ်ကြီးထဖောက်ပြန်ပြလိုက်တဲ့အကွက်ပဲ။ အဲတာကြီးကတော့ များတယ်။
နောက်တခုက အွန်ဂန်နဲ့ အွန်ဆန်းတို့ညီအမတွေ အိမ်ထောင်ရှိအမျိုးသားတွေနဲ့ ခုလိုဖြစ်ရတာဟာ သူတို့အဖေဖောက်ပြန်ခဲ့တာတွေကြောင့်ဆိုလား သမီးနှစ်ယောက် အမေကိုပြန်ငေါက်တယ်။ ဘာတွေလဲ ကိုယ်တောင် နားမလည်နိူင်ဘူး။
ကိုယ်သာ မင်းသမီးဆို ဇာတ်ညွှန်းဖတ်ပြီး ငြင်းမိမှာပဲ 😅😅
ဇွတ်ဖန်တီး ဇွတ်ဇာတ်နာထားတဲ့ဟာကြီး...။
အွန်ဂန်နေရာက မင်းသမီးကို အစကတည်းက သိပ်မကြိုက်တာ၊ ခုကားမှာ ပိုဆိုး။ ချာဝန်နေရာက မင်းသားလည်း အတူတူပဲ၊ မျက်နှာ သေတယ်။
ကိုယ်တို့ဆီက မင်းသားစိုးသူလိုမျိုး၊ ဘယ်ကားမှာဖြစ်ဖြစ် သူက စိုးသူပဲဖြစ်နေတယ်။ ဘယ်လိုပြောရမလဲ သရုပ်ဆောင်တာ အသက်မပါသလိုမျိုး ဈာန်မဝင်ဘူး မစီးမျောဘူး။
ကိုယ်က Song Hye-kyoတို့ IUတို့ Son Ye-Jinတို့ Han So-Heeတို့ Lee Ji-Ahတို့ Shin Min-Aတို့ လို သိမ်သိမ်မွေ့မွေ့လှတာလေးတွေကို သဘောကျတယ်။ charmingဖြစ်တဲ့ attractionရှိတဲ့ရုပ်မျိုးလေးတွေ သဘောကျတယ်။ သရုပ်ဆောင်လည်း ကောင်းကြတယ်။ သူတို့နဲ့ ဇာတ်ရုပ်က တသားထဲ။ ဒီကားမှာ အွန်ဆန်းနဲ့ နမ်ချောကို အကြိုက်ဆုံးပဲ။ ဇာတ်ကားကိုဖယ်ပြီး သူတို့သရုပ်ဆောင်တာ အသက်ဝင်ပုံကို သဘောကျတယ်။
နောက်အပိုင်းတွေ ဆက်ကြည့်ဖို့တော့ မသေချာဘူး။ ဇာတ်ညွှန်းအားနည်းတဲ့အပြင် သရုပ်ဆောင်တွေကလည်း အသက်မပါကြသလိုပဲ ဓါတုဗေဒ မမိကြတာပဲလားတော့ မပြောတတ်ဘူး 😅
Red Balloon
လက်ရှိOngoing စီးရီးတွေထဲက အရမ်းလောင်တယ်လို့ လူပြောများတဲ့ကားမို့ ရှာကြည့်မိတယ်။ မင်းသမီးက CLOY ထဲက Second leadမို့ ကြည့်ဖူးပြီး ကျန်တဲ့သူတွေကိုတော့ မကြည့်ဖူးဘူး၊ အဲ့မင်းသမီးက ဒီကားမှာတော့ာ main leadနေရာကပါတယ်။ သူ့ကို သိပ်မကြိုက်လှဘူး၊ သရုပ်ဆောင်တာ မင်းသမီးပုံမပျောက်လို့၊ အထူးသဖြင့် သူ့မျက်လုံးတွေက မာပြီး အသက်မပါသလို တောင့်တောင့်ကြီးဖြစ်နေသလိုမို့ ဘယ်လိုကာရိုက်တာသရုပ်ဆောင်ဆောင် သူ့မူလရုပ်မပျောက်လို့ မကြိုက်တာ။
ဒီကားမှာ သူက main lead (အွန်ဂန်)ပေမယ့် ဇာတ်ရုပ်က ဗီလိန်ဇာတ်ရုပ်လုပ်ရတယ်။
ကိုယ်က ဘာဒါ ချာဝန်နဲ့ အွန်ဂန်တို့ သုံးပွင့်ဆိုင်ထက် နမ်ချောနဲ့အွန်ဆန်းတို့အတွဲကို ပိုစိတ်ဝင်စားနေမိတယ်။
အထူးသဖြင့် အွန်ဆန်း...၊ သူ့နေရာက သူ့ထက်အသက်ကြီးတဲ့အိမ်ထောင်သည်အမျိုးသား ပညာတတ်လူရိုးကြီးကို ရအောင်ဇွတ်ယူပစ်ရတဲ့နေရာ...။ အွန်ဆန်းမျက်လုံးလေးတွေကို သဘောကျတယ်၊ သူချစ်တဲ့ သူဌေးနမ်ချောကို ကြည့်တဲ့ သူ့မျက်ဝန်းတွေက စကားတွေအများကြီးပြောစရာမလိုဘဲ ပြည့်စုံလွန်းလှတယ်။
ချစ်တဲ့သူနဲ့ဆို ပထမဆုံးဆိုတဲ့ မလုပ်ဖူးတာတွေ အကုန်လုပ်မယ်ဆိုတဲ့ အွန်ဆန်းဟာ ငယ်ရွယ်သူကလေးမို့ အချစ်အတွက် မိုက်ရူးရဲဆန်တယ် ပြောရမလား...။ (ကိုယ့်မှာလည်း အဲလိုအတွေးမျိုး ရှိခဲ့ဖူးတယ်၊ ပိုင်ဆိုင်ခွင့်ရတာ မရတာ နောက်ထား၊ ကိုယ်ချစ်တဲ့သူနဲ့ မလုပ်ဖူးတာတွေ အကုန်လျှောက်လုပ်ပစ်မယ်ကွာဆိုတာမျိုး)
မကြောက်ဘူး တဲ့၊ အွန်ဆန်းပြောနေကျစကား...၊ နမ်ချောကိုတော့ ငကြောက်ကြီးလို့ သူက ကျီဆယ်လေ့ရှိတယ်။ အွန်ဆန်းက အိမ်မှာစကားမပြောပေမယ့် သူချစ်တဲ့သူဌေးနမ်ချောနဲ့ဆို သူကချည်း တတွတ်တွတ်ပြောတတ်တာ။
ကိုယ် အွန်ဆန်းကို ကြိုက်တာက သူဘာလိုချင်တယ်ဆိုတာကိုသိပြီး သူလိုချင်တာကို ဖြစ်အောင်လုပ်ပစ်တာ...၊ အဲတာကို သဘောကျတယ်။ ပြီးရင် ရင်ဆိုင်ပစ်တာ...ရင်ဆိုင်ရဲတာ...။
နမ်ချောနေရာကကျတော့ မိသားစုဆိုတာကို ငဲ့ရတယ် ကျေးဇူးကို ငဲ့ကွက်ရတယ် ဒီလိုပဲ သူ တသက်လုံးနေသားကျလာတော့ မဆန့်ကျင်ရဲဘူး အဲလိုကာရိုက်တာ၊
ဒီနေရာမှာ မိန်းကလေးဘက်က ချစ်ပြီး တကယ်တမ်းမိသွားတော့လည်း ရဲရဲရင်ဆိုင်ပစ်လိုက်ပေမယ့် မိသားစုကိုဦးစားပေးရတဲ့နမ်ချောကတော့ ရုတ်တရက်အိပ်မက်က နိူးထလာတဲ့သူလို တကယ့်အခြေအနေမှန်ကို မျက်စိစုံဖွင့်ကြည့်ရင်း အထိတ်တလန့်ဖြစ်ရတာ။
ကိုယ်စဥ်းစားမိတာကလေ အွန်ဆန်းကလေးလို အမျိုးသားတယောက်အပေါ် ဇွတ်ချစ် ဇွတ်လမ်းတွေခင်းပြီး လိုချင်တာကို မရရအောင်ယူတတ်တဲ့ မိန်းကလေးဟာ တန်ဘိုးထားတတ်တဲ့နမ်ချောလိုလူမျိုးနဲ့မို့သာ တန်ဘိုးအထားခံရတဲ့ မိန်းကလေးအချစ် ဖြစ်ရတာ...။
လွယ်လွယ်နဲ့ရတာ...၊ လွယ်လွန်းတော့ တန်ဘိုးမရှိဘူးဆိုတဲ့လူမျိုးနဲ့တွေ့လို့ကတော့....
လွယ်လွယ်ရရင် ဘယ်သူကမှ တန်ဘိုးမထားဘူးဆိုတဲ့ ပေါပေါပဲပဲသီအိုရီကြီးထဲ အွန်ဆန်းကလေး ပစ်ထည့်ခံရရှာမှာ...။
အွန်ဆန်းကျတော့ မိန်းကလေးအချစ်ကို တန်ဘိုးကြီးကြီးထားတတ်တဲ့ နမ်ချောလို လူရိုးကြီးလက်ထဲ ကံကောင်းစွာပဲ တန်ဘိုးအထားခံရတယ်။
တကယ်လို့များ အခြေအနေကို ပြောင်းပြန်လှန်ကြည့်မယ်ဆိုပါတော့၊ နမ်ချောက လူပျိုလူလွတ်ဖြစ်ပြီး အွန်ဆန်းက မိသားစုနဲ့ ဆိုပါစို့...။
ဘယ်လိုဖြစ်နိူင်မယ်ထင်လဲ...
အဲဒီအခြေအနေမျိုးမှာ အွန်ဆန်းရဲ့ တဇွတ်ထိုးဆန်တဲ့ မိန်းကလေးအချစ်ဟာ နမ်ချောအတွက် တန်ဘိုးထားချင်စရာကောင်းပါ့မလား...၊
ဒီလိုဆိုပြန်တော့ ချစ်ခြင်းတရားဟာ အပျို လူပျို အိမ်ထောင်သည် တခုလပ် မုဆိုးဖို အဲသလိုအခြေအနေတွေ ကွာခြားသွားတာနဲ့ တန်ဘိုးချင်းမတူတော့တာမျိုးပေါ့...။
တကယ်တော့ ချစ်ခြင်းတရားဟာ တရားသေတွက်ဖို့ ခက်လှတယ်၊ ဆန်းကြယ်လွန်းလှတယ်။ ဘယ်သူကစစ နှစ်ယောက်အတူချစ်ကြရင် ပျော်စရာရှိလည်းအတူ ပူစရာရှိလည်းအမျှဖြစ်ရမှာ မဟုတ်ဘူးလား...။
တကယ်တမ်းကျတော့ ချစ်ကြတုန်းခဏ အတူသာယာကြပျော်ရွှင်ကြပြီး လူမိသွားတာနဲ့ အိပ်မက်ကလန့်နိူးသူလို အပူကို မျှမယူလိုသူများဟာ ပေါ့တန်တဲ့ချစ်ခြင်းရှိခဲ့ကြသူတွေများ ဖြစ်မလား။ ပျော်ရွှင်ချင်လို့သာ ချစ်ခြင်းနဲ့ကစားလိုသူများမို့ ပျော်စရာကုန်လို့ နာကျင်အရှက်ရတော့မယ့်အခါ ရင်မဆိုင်လိုဘဲ ထွက်ပြေးကြတော့တာပါပဲ။ အလေးအနက် ရင်နဲ့အပြည့်ချစ်ခဲ့ကြသူတွေသာ ရူးကျန်ခဲ့ရတာမျိုး...။
အွန်ဆန်းကိုကြည့်ရင်း ကိုယ် တကယ်လောင်ရတယ်။ ဘယ်လောက်များလောင်မိသလဲဆို အွန်ဆန်း အသည်းကွဲတဲ့အခါ ကိုယ်ပါလိုက်ကွဲနေမိတဲ့အထိ။
ဒါပေမယ့် အွန်ဆန်းလုပ်လိုက်တာတွေထဲ မကြိုက်တဲ့တခုက နမ်ချော ကပြတဲ့ဗီဒီယိုကို သူ့မိန်းမကိုသွားပြတာကိုပဲ။ နှစ်ယောက်သား ချစ်နေကြချိန်မှာ တယောက်အတွက် နောက်တယောက်က ချစ်လို့အလိုလိုက်ပြီး အပျော်လုပ်ပြတာကို ဂုဏ်ဆာပြီး နမ်ချောမိန်းမရှေ့သွားပြတာဟာ နမ်ချောကို မငဲ့တာပဲဟုတ်လား။ အဲ့တချက်တော့ ကိုယ် သဘောမတူနိူင်ဘူး။ လူတယောက်ကို ချစ်တဲ့အခါ သူ့ဂုဏ်သိတ်ခါကိုပါ ထည့်တွက်ပေးတတ်ရမယ်လေ။
နမ်ချောမိန်းမက အွန်ဆန်းတို့နှစ်ယောက်ရဲ့ဖောက်ပြန်အချစ်ဟာ ရွံစရာလို့ ပြောတော့ အွန်ဆန်းက ပြင်ပြောခိုင်းတယ်။ ဒါဟာ ချစ်ခြင်းတရားပဲ လုံးဝရွံစရာမဟုတ်ဘူးလို့ဆိုတယ် ပြတ်ပြတ်သားသားပြောတယ်...။
ပြောရရင် အွန်ဆန်းဆီမှာ ကိုယ် သဘောကျရတာတွေ အများကြီးရယ်...။
ထားပါတော့၊
အပိုင်း၁၅မှာ သူတို့ငှားနေဖူးခဲ့တဲ့ တိုက်တန်းလေးရှေ့မှာ အွန်ဆန်းနဲ့ နမ်ချော မထင်မှတ်ဘဲ ပြန်တွေ့ကြတဲ့အခန်း...။
နမ်ချောနောက်ကနေ အရူးတယောက်လို ငိုရင်း အပြေးလိုက်သွားတဲ့ အွန်ဆန်းကို သနားလိုက်တာ...၊
တခြားသူတွေနဲ့ဆို ဘယ်လောက်ပဲ မာနကြီးကြီး ဘယ်လောက်ပဲမာရေကျောရေနိူင်နိူင် ကိုယ်ချစ်တဲ့သူနဲ့ဆို အရှုံးပေးကြရတာပဲ၊ ဒူးထောက်မတတ် ပြေးလိုက်ကြရတာပဲဟုတ်လား၊ မထားခဲ့ပါနဲ့လို့လည်း တောင်းပန်ကြရတာပဲ၊ ရှက်ရကောင်းမှန်းလည်း မသိဘူးပေါ့...။
အွန်ဆန်းနဲ့အတူ ကိုယ်ပါ အသည်းတွေပေါက်ထွက်မတတ် လိုက်ငိုမိတယ်...။
ဘာပဲပြောပြော အွန်ဆန်းက ကံကောင်းပါတယ်...နမ်ချောက မချစ်လို့မှမဟုတ်ဘဲရယ်...။ (နမ်ချောနေရာမှာ သရုပ်ဆောင်တဲ့ မင်းသားကိုလည်း သဘောကျတယ် တည်ကြည်ရိုးသားတဲ့ရုပ်ရှိပြီး ကာရိုက်တာနဲ့ကွက်တိဝင်တယ်)
နောက်အပိုင်းတွေ ဆက်မကြည့်ရဲတော့လောက်အောင် တကယ်ကို လောင်ရပါတယ် အွန်ဆန်းရယ်
တမြေ့မြေ့ပါပဲ....၊
Red Balloon ~
နောက်မှ ကျန်တဲ့သူတွေအပိုင်း ဖီလင်လာသလို ဆက်ရေးမယ်။ အွန်ဆန်းပြီးရင် ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်နောက်တယောက်က ဘာဒါပဲ...။
ဒီနေ့ အိမ်ကစပယ်ပင်က တပွင့်ပွင့်ပြန်တယ်။ ကိုယ်ကဖြင့် စပယ်ပင်ကို ရေမလောင်းတော့တာတောင် ကြာလှပြီ။ မပွင့်ချင်လည်းနေပေါ့၊ ကိုယ့်အကြိုက်ပန်းက ပြောင်းသွားပြီကို...။
မွေးနေ့မတိုင်ခင် မီနီတက်တူးကလေးတခုလောက်တော့ ဘဝမှာ ထိုးဖူးတယ်ရှိအောင် ထိုးချင်သားပဲ။ ဆံပင်ကိုလည်း ကောက်ချင်လို့ မညှပ်မိအောင်နေရတယ်။
ဒီပုံမျိုး ကောက်ပစ်ချင်တာ...
(ပုံက အင်တာနက်ထဲကတွေ့လို့ ဆိုင်ပြကောက်ရအောင် သိမ်းထားတာ)
ဆံပင်ဆို ဖြောင့်စင်းအိပျော့နေတာမျိုးကြီး မကြိုက်တော့ဘူး၊ ကြမ်းကြမ်းဖွာဖွာ ကြိုက်နေတယ်။ ကိုယ့်မျက်နှာသေးသေးနဲ့...၊
ပြီးတော့ ထူးထူးဆန်းဆန်း မဝတ်တာကြာနေတဲ့ မြန်မာဝတ်စုံလေးတွေ ဝတ်ချင်နေပြန်ရော...၊ ဒီမှာ ဘယ်နေရာသွားဝတ်ရပါ့။ ဘုန်းကြီးကျောင်းလည်း မသွားချင်၊ ပွဲတွေလည်း ရှောင်နေဖြစ်တော့...၊ ဝတ်စရာနေရာက မရှိ။
ဝတ်ပြန်ရင်လည်း အရင်လို ကြည့်ကောင်းတော့မယ်မဟုတ်ဘူးဆိုပြီးပဲ စိတ်လျှော့လိုက်တာ ကောင်းမလား 😅
မပျော်လို့ တောင်တွေး မြောက်တွေးတွေ လျှောက်တွေးနေမိတာ...။ ပြီးတော့ အဲတာကိုပဲ ရေးမိ၊ postတင်မိသေးတယ်။
ငါဟာ တော်တော်ခက်တယ်
ငါ့ကိုယ်ငါတောင် နားမလည်နိူင်အောင် ခက်တာ...
လူတွေရဲ့စိတ်ဟာ အတိတ်နဲ့ အနာဂတ်ကြားမှာ လွန်းထိုးသွားလာနေတတ်ကြတာ များတယ်တဲ့။
လက်ရှိမှာ စိတ်ကိုတင်ထားဖို့ ခက်တယ်ပဲ ပြောပါတော့။
ကျွန်မ ခုတလော သတိပဌာန်လေးနဲ့ နေတတ်အောင် ကြိုးစားဖြစ်ပါတယ်။ လက်ရှိ ဖြစ် တည် ပျက်အပေါ်မှာ စိတ်ကို ထားတတ်အောင် လေ့ကျင့်ယူပါတယ်။
တခါတလေတော့လည်း တမင်ပဲ စိတ်ကို ပြီးခဲ့တဲ့ကာလတခုဆီ လွှတ်လိုက်တယ်၊ မရောက်သေးတဲ့အချိန်တခုဆီလည်း သွားခိုင်းလိုက်တယ်။ ပြီးတော့ ကိုယ့်စိတ် ကိုယ်ပြန်စစ်တယ်။
ကျွန်မက ခေါင်းမာတယ်လို့ ကိုယ့်ကိုယ်ကို သိပါတယ်။ လောကကြီးထဲ အမှန်အမှားဆိုတာကို လူတွေဆုံးဖြတ်တဲ့အတိုင်း မလိုက်နာလိုသူပါ။ ကိုယ်လုပ်ချင်ရင် ဇွတ်တိုးလုပ်တတ်ပါတယ်။ လမ်းချော်သွားလည်း လမ်းမှန်ပေါ် ပြန်မတင်ဘဲ ချော်တဲ့အတိုင်း ကိုယ်ကြိုက်ရင် ဆက်လျှောက်တတ်သူပါ။ ကျွန်မရဲ့ အားနည်းချက်က ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်။ အားနာတတ်တယ်။ ယုံလွယ်တယ်။ ကိုယ်လုပ်ချင်ပြီဆို သာတယ်နာတယ် မတွက်တတ်သူ...။
ဒီလိုနဲ့ ဘဝမှာ ဒဏ်ရာဒဏ်ချက်တွေ များလှပါတယ်၊ များများလာပါတယ်။ ကျွန်မ ကျေကျေနပ်နပ်ပဲ လက်ခံလိုက်တယ်။ ပြင်လို့ရမယ်ဆို ပြန်ပြင်ချင်တဲ့အတိတ်ရှိခဲ့သလားမေးရင် ဟင့်အင်း ကျွန်မ ဒီအတိုင်းပဲ ထားလိုက်ပါမယ်လို့ ဖြေမယ်။ ဖြစ်သမျှ ပျက်သမျှဟာ အကြောင်းရှိခဲ့လို့ပဲပေါ့...။
ဒါပေမယ့် တခုတော့ ရှိတယ်၊ ကျွန်မ မာနကြီးချင်တယ်။ အထူးသဖြင့် ကျွန်မချစ်ရတဲ့သူတွေနဲ့ဆိုရင်...၊ ကျွန်မ မာနထားတတ်ချင်ပါတယ်။
ဒါပေမယ့်လည်းလေ အဲတာက ရယ်စရာစိတ်ကူးတခုမျှသာပါပဲ၊ ဘာလို့ဆို...ကျွန်မက ကျွန်မဖြစ်နေလို့ပေါ့။
အခါများစွာမှာ သဘောကောင်းရတာ၊ လွယ်ပေးလိုက်ရတာတွေဟာ ကိုယ့်တန်ဘိုးကို သူများချနင်းဖို့ ခင်းပေးလိုက်ရတာမျိုး ဖြစ်တတ်တာလေ...။
တကယ်ပါ၊
နောက်ဘဝမှာ ကျွန်မက ပန်းဖြစ်မယ်ဆိုရင် ရနံ့မမွှေးချင်နေပါစေ...၊ ဆူးတော့ ရှိချင်တယ်...။
လူတိုင်းမှာ သူ့နှစ်သက်မှုနဲ့သူ အသားကျနေတာတွေ ရှိတယ်။ တခု အလွယ်ဆုံးပြောရရင် ဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင်ပိုင်းဆိုင်ရာဆိုပါတော့...၊
ကိုယ်ဆို တခါတလေ အဝတ်အစားဆိုင်ရောက်လို့ တချို့ဒီဇိုင်းတွေတွေ့တဲ့အခါ တစုံတယောက်မျက်နှာနဲ့ တွဲမြင်တတ်တာမျိုး...။
ကိုယ်ဆိုလည်း ကိုယ်ဝတ်နေကျ ပုံစံ ဒီဇိုင်း အရောင် အဲလိုတွေ ရှိနေတာ။
ကိုယ်ကတော့ ရှင်းပါတယ်။ ကိုယ့်ကိုယ်ပေါ် တင်ရမယ့်အဝတ်ကို ကိုယ်နဲ့ လိုက်ဖက်မှု ရှိ မရှိပဲ ရွေးတယ်၊ ဘာတံဆိပ် ဈေးဘယ်လောက် trendဖြစ်နေလား ဘာလားတွေ သိပ်မတွေးဘူး။ မိန်းကလေးသိပ်မဆန်တာမျိုး၊ ကိုယ်လုံးသိပ်မပေါ်တာမျိုး၊ ရှင်းရှင်းလေးနဲ့ ဆန်းနေတာမျိုးလေးတွေ ဝတ်ရတာ ကြိုက်တယ်။
ဖက်ရှင်ဆိုတာကို ကိုယ်နားလည်ထားတာက အဝတ်အစားတခုကို ကိုယ့်ကိုယ်ပေါ်တင်တဲ့အခါ ဘယ်လိုcarryလုပ်မလဲ ? အဲတာကို သိနေတာကို ဖက်ရှင်လို့ ထင်တယ်။
ဥပမာ တီရှပ်တထည်ကို အတူတူဝယ်ဝတ်ကြတယ်ဆိုရင်တောင် ကိုယ်က ဘယ်လိုဝတ်မှာလဲ၊စကပ်နဲ့လား၊ ဘောင်းဘီအရှည်နဲ့လား ဘောင်းဘီအတိုနဲ့လား၊ စကပ်ဆိုရင်ရော အတိုလား အရှည်လား ပြောင်လား၊ အကားလား၊ ကာဂိုစကပ်အတိုလား၊ ထီးစကပ်အရှည်လား၊ ဘောင်းဘီဆိုရင်လည်း ဒီလိုပဲ စတိုင်နဲ့လား ဂျင်းန်ပန်လား ဒဲ့ပွလား ဖလဲလ်လား ?
တီရှပ်ကို ဘယ်လိုဝတ်မှာလဲ အပြင်ထုတ်ဝတ်မလား၊ ခါးချည်ဝတ်မလား၊ ဘောင်းဘီထဲ ရှေ့တဝက်ထည့်ဝတ်မလား၊ ခါးပတ်ပတ်ဝတ်မလား၊ ပုဝါစည်းမလား၊ အထဲက တထပ်ခံဝတ်မလားအဲသလို ကိုယ်ပေါ်တင်ပုံချင်း မတူနိူင်ဘူး၊
အဲသလို အဝတ်အစားအတူတူကိုပဲ တယောက်နဲ့တယောက် ဝတ်ဆင်ပုံ အိုင်ဒီယာမတူတာကိုက ဖက်ရှင်အမြင်ပေါ် မူတည်လို့ မတူတာပေါ့။
အဝတ်အစားကို စတိုင်ကျကျဝတ်မယ်ဆို ကိုယ့်ကိုယ်လုံးအချိုးအစား ကိုယ့်အသားအရောင် အရပ်အနိမ့်အမြင့်ကစလို့ ဆံပင်အထိ သိနေရမယ်။ ဆံပင်ချဝတ်မှာလား စည်းဝတ်မှာလား ထုံးဝတ်မှာလား ဆိုတာကအစပေါ့။
ကိုယ်က အရင်ကဆို ကိုယ့်ကိုယ်ကို စိတ်တိုင်းကျမှ အပြင်ကို ကွန်ဖိဒန့်ရှိရှိထွက်တယ်။ အတော်ငယ်တုန်းကနေ ၃၅-၄၀လောက်အထိ အထာကျကျ နေတယ်။ နောက်တော့လည်း နည်းနည်းပျင်းလာတယ်။ တော်ရုံဆို တီရှပ်အနက်နဲ့ ဂျင်းန်ပန်ကောက်စွပ်လိုက်တာပဲ၊ ဒါမှမဟုတ် ရှပ်လက်ရှည်အဖြူနဲ့ ဂျင်းအပြာပေါ့။ ဘယ်တော့မှ မမှားဘူးဟုတ်လား...။
ခု လတ်တလောခေတ်စားနေတာတွေ ကိုယ်ပေါ်ကောက်တင်နိူင်မှ ခေတ်မီမယ်ဆိုတဲ့နောက် ကိုယ် မလိုက်ဘူး။ ကိုယ်က ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာပဲ။
မကြိုက်ဆုံးကတော့ မိတ်ကပ်ပေါ့...
မိတ်ကပ်setလိုက်ကြီး ဝယ်ဖို့ဆိုတာ ဘယ်လိုဟာတွေဝယ်ရမယ်မှန်းတောင် မသိတာ 😅
Skincareတော့ ကောင်းကောင်းပဲ ဝယ်သုံးတယ်၊ cleansing milkကစလို့ toner, serum, moisturiser, sunblock, night creamအထိ setလိုက် ဝယ်သုံးဖြစ်တယ်။
ကိုယ်က မိတ်ကပ်မလိမ်းချင်သူကိုး...။
လိုအပ်ရင်တော့လည်း လိမ်းဖြစ်ပါတယ်၊ ပွဲတက်ရှိတဲ့အခါဆို ဖိတ်ကြားသူအပေါ် လေးစားရတယ်ဟုတ်လား၊ လှပသေသပ်အောင်ဝတ်၊ ဖီးလိမ်းပြင်ဆင်ပြီးသွားတာဟာ ဖိတ်ကြားသူအပေါ် ဂုဏ်ပြုခြင်းတမျိုးပဲလို့ ကိုယ် ယူဆပါတယ်။ ဒါကြောင့် အဲလိုအခါတွေဆို လှလှပပလေး ပြင်ဆင်သွားတတ်တယ်။ ဒါကလည်း တခါတလေမှဆိုတော့ မိတ်ကပ်အရည်က ဝယ်ထားပြီးရင် သုံးရတာထက် အိတ်စပိုင်ယာဖြစ်သွားတတ်လို့ လွှင့်ပစ်လိုက်ရတာ များတယ်။
ဘာရယ်မဟုတ် ကိုယ်နဲ့မတော်တော့တဲ့၊ မဝတ်ဖြစ်တော့တဲ့ အဝတ်အစားလေးတွေ ပေးပစ်တဲ့အခါ ရတဲ့သူတွေက ကျေးဇူးတင်တယ် ကြိုက်ကြတယ်ဆိုလို့ ခုတလော ကိုယ့်အဝတ်အစားတွေအကြောင်း တွေးမိရင်း ဖက်ရှင်အကြောင်းပါ ရောက်သွားတာ 😅
ပုံတွေကတော့ bonusပေါ့ 🤣
ဒီတခေါက် ခရီးသွားရတာ စီစဥ်ပြီးသားမို့သာ သွားခဲ့ရတယ်။ နေမကောင်းတော့ စိတ်မကြည်သလို လူကလည်း နုန်းတယ်။ မနက်ဆို အဖျားကျပြီး လူက အားမရှိသလို မောလှိုက်နေကာ ညနေပိုင်းဆို ၄နာရီကျော်တာနဲ့ အဖျားက တက်လာပြီ။ ဒီလိုနဲ့ အစားလည်း စားချင်စိတ်မရှိဘဲ လူက ပေါ့လှပ်လှပ်ကြီး ဖြစ်နေတာ။
မနက်ဖြန် ပြန်မယ်ဆို ဒီနေ့လိုမနက်မှာ မထူးဘူးကွာဆိုပြီး ပင်လယ်ထဲ တနာရီကျော် ရေဆင်းစိမ်ပစ်လိုက်တယ်။ အဲ့ကတည်းက ညနေ အဖျားပြန်မတက်တော့ဘဲ လူလည်း နေရတာနည်းနည်းလန်းသွားတယ်။
ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးဆိုတာ အသက်ကလေးရလာတော့ ပိုသိသာခံစားလာရတယ်။
နေ့ရက်တွေတိုင်းဟာ အရင်လို့ မပေါ့ပါးဘူး...။
အဖျားပြန်တက်လာတဲ့ညနေတွေမှာ ဟိုတယ်အခန်းထဲအောင်းပြီး အိပ်ရာပေါ် ပန်းချီထိုင်ဆွဲနေခဲ့တာပဲ။ နောက်မှ တင်တာပေါ့...။
နေမကောင်းခင်တရက်က ရိုက်ဖြစ်တဲ့ပုံတွေ အရင်တင်မယ်လေ...။
Cka
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...