ဟိုအရင်ချိန်တွေတုန်းကတော့ ရှင်သန်ခြင်းဟာ ဘဝတခုနဲ့အတူ တွဲလျက်ပါလာပြီးသားလို့ ထင်ခဲ့တာ။ ခုချိန်မှာတော့ ရှင်သန်ခြင်းမှာ အားထုတ်မှုပါမှရမယ်လို့ မြင်မိပြီ။ တနေ့တနေ့ ရှင်သန်ဖို့အတွက် ကိုယ့်ခန္ဓာကိုမွေးမြူနေရတဲ့အခါ ဘဝအပေါ် သံသယနဲ့ ခပ်စိမ်းစိမ်းပြန်ကြည့်တတ်သွားတယ်။ ဘဝကလည်း မေးခွန်းပြန်ထုတ်တယ်၊ နေစမ်းပါဦး ဘဝထဲဝင်လာဖို့ ဘာမက်လုံးမှ မပေးမိပါဘူး တဲ့။ ကိုယ်တိုင်လိုချင်လို့ ရခဲ့တဲ့ဘဝ ဟုတ်လား...။
ဒီရက်တွေမှာ အများကြီး တွေးဖြစ်တယ်။ ဘာမှ မလုပ်ဘဲ တွေးဖို့အတွက်သက်သက် ထိုင်တွေးတာ...။
Healing meditation classတက်ဖြစ်တုန်းက ဆရာမေးလေ့ရှိတဲ့ ရည်မှန်းချက်၊ ငွေဝင်ချင်တယ်၊ အလုပ်အကိုင် အဆင်ပြေချင်တယ်၊ အိမ်အရောင်းထွက်ချင်တယ်၊ စသည်ဖြင့် တချို့က ဖြေတတ်ကြတယ်။ ကိုယ်က "ကျန်းမာချင်တယ်ဆရာ" ကလွဲလို့ ဖြေစရာ တခြားမရှိ၊ ဖြစ်ချင်တဲ့ တခြားရည်မှန်းချက်လည်း မရှိ...။
သေချာတွေးကြည့်တော့ ခုချိန်ဟာ ကိုယ့်အတွက် အပြည့်ဝဆုံးအချိန် ဖြစ်နေတာ၊ ကိုယ် တဦးထဲအတွက်ဆို လိုချင်တာ ဖြစ်ချင်တာ ဘာမှ မရှိ။ ကိုယ့်ဘဝ ကိုယ့်ဖြစ်တည်မှု အလုံးစုံကို ကြေနပ်ဆုံးအချိန်လို့ ပြောရမှာပဲ။
နေစရာ စားစရာ ဝတ်စရာ၊ ငွေကြေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကအစ ပူပင်စရာမရှိဘူး။ ကိုယ်ကျန်းမာရေး နည်းနည်း စိတ်ပူစရာရှိပေမယ့် ဘာမှပြောပလောက်တာမျိုးတော့လည်း မဟုတ်ပြန်ဘူး။ ဒီလောက်တော့ဖြင့် ရင်ဆိုင်နိူင်သားပဲလို့ စိတ်ပြင်ဆင်ထားတာကြောင့်လည်းဖြစ်မယ်။ ခန္ဓာရှိရင် ဝေဒနာ ရှိမယ်၊ ဖြစ်တာရှိရင် ပျက်တာလည်း ရှိမယ်။ ရှိသင့်သလောက်ရှိထားတဲ့တရားအမြင်နဲ့မို့ နေသာပါတယ်။
တခါတခါတော့သာ အရင်က ရှင်သန်မှုကဖြင့် ပေါ့ပါးလှချည့် ခုတော့...လို့ တရားကလွတ်ပြီး တွေးတတ်တာ၊ အဲလိုအချိန်ဆို နှလုံးအပူဟပ်သလို မြိုက်ကနဲခံစားရတတ်တယ်။ သတိဝင်လာတာနဲ့ ချက်ချင်းအတွေးကို ပြောင်းယူပစ်ရတယ်။
ခိုင်တယ်မြဲတယ်ဆိုတဲ့အရာ ဘယ်မှာမှ မရှိဘူး၊ အရာရာဟာ အချိန်ရှိသ၍ သွားနေကြ စီးဆင်း ရွေ့လျားနေကြတာပဲဟုတ်လား...။
တံတားအောက်ကရေလိုပေါ့...။
ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရတဲ့ဘဝဟာ တန်ဘိုးကြီးလှချည်ရဲ့၊ ဘုရားရဲ့တရားတော်တွေကိုသာ လက်တွေ့ မကျင့်သုံးနိူင်ရင်၊ မကျင့်သုံးတတ်ရင်၊ ကျင့်သုံးခွင့်မရခဲ့ရင်...၊
လူဖြစ်ခြင်းရဲ့ အပူက အင်မတန်လောင်မြိုက်စေမှာ...။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်