(က)
ဘယ်အချိန် ရှိနေပြီလဲ။ အနွဲ့တစ်ယောက်ဟာ ခုထိ အိမ်ပြန်မလာသေးဘူး။
သူ့ဒရင်းဘက်ကြီးပေါ် လှဲနေရာကနေ မျက်နှာကို အိမ်ပေါက်ဝလှမ်းငေးရင်း မကြင်စောတစ်ယောက်
စိတ်တွေတိုနေမိတယ်။ ဒီချွေးမနဲ့တော့ အတော်ကို ခက်တယ်။ ခက်တာမှ တော်တော့်ကိုခက်တာ။ ခက်ပေမဲ့လည်း
ခုမှတော့ ကိုယ်ပျိုးထားတဲ့မီး ကိုယ်နိုင်အောင် ညှိမ်းပေတော့လို့သာ သဘောထားရင်း ကြွက်မနိုင်
ကျီ မီးနဲ့ရှို့နေရတော့တယ်။ ချွေးမလုပ်သူကို ဒေါသထွက်တိုင်း မြေးတွေကိုပဲ စောင်းမြောင်း ဆူပူနေရတော့တာပဲ။
မတတ်နိုင်ဘူးလေ၊ ခုချိန်မှာ ကိုယ်က သူ့တစ်ပြန်အားကိုးနေရတဲ့ လူအိုတစ်ယောက်။ အိုမင်းပြီးနောက်
မစွမ်းနိုင်တော့တဲ့ဘ၀ မဟုတ်လား။
(ခ)
မကြင်စောသားအကြီးကောင် မိန်းမယူလာတော့ တွေ့တွေ့ချင်းပဲ သူ့ချွေးမအနွဲ့ကို
သူ သိပ်သဘောကျခဲ့တာ။ ဒူးကောက်ကွေးထိတဲ့ ဆံပင်ရှည် အုံကောင်းကောင်းနဲ့ အသားဖြူဖြူ အရပ်အမောင်းကောင်းကောင်း
ချွေးမချော အနွဲ့ကို မြင်မြင်ချင်း သူရော ကိုဘအုန်းရော ချစ်ခင်နှစ်သက်စိတ်တွေ တဖွားဖွား
ပေါ်ခဲ့တာပေါ့။
သားကြီးမိန်းမရချိန်မှာ မကြင်စောသမီးအငယ်နှစ်ယောက်က အိမ်ထောင်
မကျသေးဘူး။ ဒီတော့အိမ်မှာ ယောင်းမနှစ်ယောက် ရယ်၊ မကြင်စောတို့ လင်မယားရယ်၊ မြေးကလေးတွေရယ်အတွက်ကို
အနွဲ့ကပဲ ဗာယီရတွေ သိမ်းကျုံးလုပ်ရှာတာ။ မနက်ဆို ယောကျာ်းအတွက်၊ ယောင်းမ နှစ်ယောက်အတွက်၊
ကလေးတွေအတွက် ကျောင်းထမင်းဘူး ပြင်ဆင်၊ ဈေးသွား ချက်ပြုတ်၊ အိမ်ရှင်း၊ လျှော်ဖွတ်တွေကို
အနွဲ့ပဲ ဒိုင်ခံ လုပ်နေကျ။ အဲသလို အတူနေကြတော့မှ ရုပ်ရည်တင်မက အိမ်မှုကိစ္စပါနိုင်နင်းတဲ့ချွေးမမို့
မကြင်စောခေါင်းပေါ်တင်ထားခဲ့မိတာ မကြင်စောအပြစ်လား။
တခါတခါ သားလုပ်သူက သောက်ထားစားထားပြီး အိမ်ပြန်လာလို့မှ သွေးဆိုးပြီး
သူ့မိန်းမအနွဲ့ကို ရိုက်လားနှက်လား လုပ်တဲ့အခါ မကြင်စောက အနွဲ့ဘက်ကနေ သားလုပ်သူကို
ပုန်ကန်တော့တာ။ အဲဒီအချိန်က ကိုဘအုန်း သေရှာပြီမို့ ဒင်း ကံကောင်းတယ်မှတ်။ ဒင်းအဖေများရှိလို့က
အဲသလို သူများသားသမီးယူပြီးမှ ရိုက်နှက်နေလို့ကတော့ ကောင်းကောင်း ဆုံးမပြီးသားပဲ။ ဘယ့်နှယ်
ကိုဘအုန်းတို့များ တစ်သက်နဲ့တစ်ကိုယ် ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမများ လက်ဖျားနဲ့တောင်
မတို့ပေါင်။ ဘာမဆို အစောသဘော အစောသဘောဆိုတာချည်းပဲ။
မကြင်စောက ပွဲသိပ်ကြိုက်တာ။ ဘုရားပွဲမှာ မြို့တော်သိန်းအောင်တို့၊
ဘီအီးဒီအောင်သိုက်တို့ ဇာတ်ပွဲများ လာလို့ကတော့ မိုးအလင်းကြည့်တာပဲ။ ကိုဘအုန်းက ညနေစောင်းပြီဆိုတာနဲ့
မကြင်စော ပွဲသွားကြည့်ဖို့ အင်္ကျီကို ကိုယ်တိုင်မီးပူတိုက်ပေးတာ။ ခုခေတ်လို အလွယ်မဟုတ်ဘူး။
ကြေးမီးပူနဲ့တိုက်ရတာ။ မီးသွေးတွေ ရဲလာအောင် သွပ်ပြားပေါ်မှာ မွှေးပြီးမှ ကြေးမီးပူထဲ ထည့်၊
ဘေးမှာ မီးပူတင်ဖို့ မီးညှပ်တစ်ချောင်းကို ကန့်လန့်လှဲချထားသေးတာ၊ ပြီးမှ အညာစောင်တစ်ထည်ကို
ခပ်ထူထူခင်းပြီး တိုက်ရတာ။ ဘော်လီအင်္ကျီကြိုးကအစ ပြန့်နေအောင်တိုက်တဲ့နေရာမှာတော့ ကိုဘအုန်းဟာ
မကြင်စောထက်တောင်သာသေး။ ကိုဘအုန်းအကြောင်း ပြောရရင်တော့ အစစအရာရာ သတိရစရာတွေချည်းပါပဲလေ။
ခုတော့ ကိုဘအုန်း သေရှာပြီ။ သားအကြီးကောင်လည်း သေရှာပြီ။
မနက်လင်းအားကြီး အိမ်သာထဲ ချော်လဲရာက သတိလစ်သွားလိုက်တာ သေသာသွားရော သတိကို ပြန်လည်မလာတော့တာ။
ဦးနှောက်သွေးကြောပြတ်တယ် ပြောတာပဲ။ အနွဲ့မှာ နှစ်နှစ် တစ်သားနှုန်းနဲ့ မွေးထားတဲ့
ကလေးငါးယောက်နဲ့ ကျန်ခဲ့ရှာတယ်။ ကံကောင်းတာက မြေးအကြီးကောင် အလုပ်အခြေကျပြီးတဲ့ အချိန်မှာမှ
သားကြီးက ဆုံးသွားတာမို့လို့ပဲ။ မကြင်စောမှာဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့လိုပဲ ဘ၀တူမုဆိုးမဖြစ်သွားရရှာတဲ့
ချွေးမအပေါ် သနားမဆုံးဘူး။ တို့သားအမိနှစ်ယောက် ကံတူအကျိုးပေးတွေပါအေလို့ ခဏခဏ ပြောလေ့ရှိတယ်။
အဲသလို ပြောလို့မှ မဆုံးသေးဘူး၊ အနွဲ့ဟာ အချိုးပြောင်းလာတယ်။
ကလေးငါးယောက်မွေးပြီးလို့ ခါးလည်လောက်ကျန်တော့တဲ့ ဆံပင်ကို ဂုတ်ဝဲညှပ်ချပစ်လိုက်တယ်။
မကြင်စောစိတ်ထဲ စိတ်ပြေလက်ပျောက် လုပ်ပါစေလေ လို့ပဲ သဘောထားခဲ့တယ်။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့
အပြင်ထွက်တာတွေ များလာတော့ အနွဲ့စိတ်ပြေလက်ပျောက်ဟာဖြင့် အတော်ကလေးတော့ လွန်ပြီလို့
တွေးမိစပြုလာတယ်။ သမီးအကြီးမက မီးဖိုချောင်မျက်စေ့လွှဲနေရပြီမို့ အနွဲ့တို့ ပိုလွတ်တာလည်း
ပါမယ်။ သားအကြီးကောင်ကလည်း သူ့အမေကို ဂျပန်ကနေ တစ်လ ငွေဆယ်သိန်း ပို့တယ်။ နည်းသလား
အဲဒီငွေ။ ဒါလည်းပဲ အနွဲ့မှာ သုံးမလောက်နိုင်ဘူး။
ရပ်ကွက်ထဲ ဟိုအသင်းဒီအသင်းဝင်လား ၀င်ရဲ့။ မိန်းမဖော်တွေ တလွှားလွှားနဲ့
သွားလာနေလိုက်ကြတာ။ ကိစ္စရှိလို့ အပြင်ထွက်ရာကနေ နောက်တော့ အလကားနေရင်းကို လည်ပတ်တဲ့အထိဖြစ်လာ၊
နေကုန်နေခမ်း အိုးပစ်အိမ်ပစ်သွားလာနေပြန်တော့ မကြင်စော ပြောရပြီ။ ပြောတိုင်းလည်း အရင်လို
မျက်နှာသေလေးနဲ့ ငြိမ် နားထောင်နေတတ်တဲ့ အနွဲ့ မဟုတ်တော့ဘူးဆိုတော့ စကားများရတာပဲ အဖပ်တင်တယ်။
နောက်ဆုံးတော့ မကြင်စော မောပြီ။ အနွဲ့ကြည့်ရတာ ဖိလွန်းလို့ ကြွသလိုပဲ။ အရင်က အိမ်ထဲမှာပဲ
အောင်းနေရ၊ အိမ်မှုကိစ္စတွေနဲ့ပဲ လုံးချာလိုက်နေရတာကနေ ခု အပြင်လောကထဲလည်း ရောက်ရော
ဇောင်းထဲကမြင်း လွှတ်လိုက်သလို။ ကြာတော့ အကျင့်ဖြစ်လာတယ်။ ထုံလာတယ်။ မွေ့လာတယ်။
မြေးအကြီးကောင် ဂျပန်ကပို့ငွေ မလောက်တဲ့အပြင် ဖွားအေအတွက်
ကန်တော့တာဆိုပြီး နှစ်လ တစ်ခါလောက် တစ်သိန်း တစ်သိန်း ပို့တဲ့ငွေတွေ မကြင်စောစုထားတာလေးတွေကိုတောင်
မျက်စောင်းထိုးလာတာ။ အမေ ခဏပေးပါဦး အမေ့မြေး နောက်လပို့တော့ ပြန်ဆပ်ပါ့မယ်ဆိုလာသေး။
ဒီလောက်ငွေတွေ မလောက်အောင်များ အနွဲ့ ဘာလုပ်နေသလဲ မှတ်တာ၊ နောက်မှ နှစ်လုံးထီဒိုင်ခွဲကိုင်နေသတဲ့၊
ထိုးသားက ထိုးဂဏန်းပေါက်သွားတာ ဒိုင်ကြီးမှာ မထိုးထားလိုက်မိလို့ စိုက်လျော်ရတယ်ဆိုလား။
စာရင်းကို ရှုပ်တာပါ အနွဲ့တစ်ယောက်ဟာ။
ဒီကြားထဲ ယောကျာ်းရလို့ အိမ်ပေါ်ကခွဲဆင်းပြီး ယောကျာ်းနောက်ပါသွားတဲ့
သမီးနှစ်ယောက်က တစ်မျိုး။ မကြင်စောဆီမှာ စုဆောင်းထားတာလေးတွေ ရှိမှန်းသိတော့ လာလာချေးကြတယ်။
သားသမီးဆိုတော့လည်း မကြင်စော မနေနိုင်ပါဘူး။ လိမ်ကျစ်ထားတာလေးတွေ ထုတ်ပေးမိပြန်ရော။
ဒီတော့ အနွဲ့က မျက်စောင်းချိတ်ပြန်ရော။ သူ့သမီးတွေပဲ ပေးတယ် ဖြစ်ပြန်တယ်။ ခက်တယ် ဆူးကြားက
ဘူးခါးဘ၀ဆိုတာ မကြင်စောပြောတာ ဖြစ်မယ်…။
(ဂ)
သူထိုင်နေကျ ဒရင်းဘက်ကြီးပေါ်မှာ လှဲအိပ်ချလိုက်ရင်း မကြင်စော
အတွေးတွေ ပွားနေမိတယ်။ တစ်နေ့ တစ်နေ့ သူ ဒီလိုပဲ နေလာလိုက်တာ နှစ်ပေါင်း နှစ်ဆယ်တောင်
ရှိခဲ့ပြီ။ မနက် ငါးနာရီ အိပ်ရာကထ၊ ဆွမ်းတော်ချက်၊ မျက်နှာသစ် ကိုယ်လက်သန့်စင်၊ ဘုရားပန်း
လဲ၊ သောက်တော်ရေကပ် ပြီးတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို ကျေးဇူးရှင်များ အိပ်ရေးမပျက်ရအောင်၊
သူတစ်ယောက်ထဲကြားရရုံ တိုးတိုးလေးဖွင့်။ ဆွမ်းကျက်တော့ ထန်းလျက်ပေါက်ပေါက်ဆုတ်လေးနဲ့
ဘုရားကပ်။ ပြီးတာနဲ့ သူ့ဒရင်းဘက်ကြီးပေါ် ပက်လက်လှန်နေရင်း မြေးအငယ်ကောင်နိုး အလာကို
စောင့်ရတယ်။ မြေးအငယ်ကောင်နိုးတော့မှ လမ်းထိပ်မှာ မုန့်ဟင်းခါးလေး ခေါက်ဆွဲသုတ်လေးနဲ့
လက်ဘက်ရည်ပါ ၀ယ်ခိုင်းပြီး မနက်စာစားခြင်းအမှုကို ပြုရတယ်။ ပြီးတာနဲ့ တခါ ဒရင်းဘက်ကြီးပေါ်
ပက်လက်လှန်ပြီး ပင့်ကိုယ်တော်တွေ ဆွမ်းလောင်းဖို့ စောင့်။ မြေးအကြီးမ ချက်ပြုတ်ပေးတဲ့
ဆွမ်းနဲ့ ဆွမ်းဟင်းကို သံဃာတော်တွေ လောင်းလှူ၊ ဒါနဆန်များရှင်လာတဲ့အခါ ကြွေရည်သုတ်ဆွမ်းအုပ်ကြီးထဲက
ဆန်ကို စတီးလ်ဇွန်း သုံးဇွန်းစီ ခပ်လောင်း၊ ပြီးရင် ဘုရားဆွမ်းတော်စွန့်ပြီး ကျီးလေး
စာလေး ကြဲပက်ကျွေးနဲ့။ ဒါပဲ မကြင်စော နိစ္စဓူဝအလုပ်။
တစ်ခါတစ်လေ သူ့မြေးတွေ ကွန်ပြူတာဂိမ်းကစားတာ အနားကနေ ထိုင်ငေး။
မြေးအကြီးမတွေ ကိုရီးယားကားကြည့်ရင် ထိုင်ငေးနဲ့။ တစ်နေ့လုံးလည်း သူ့အလုပ်က ကျီးလှန့်စာခြောက်လောက်
ရှိတာ။ အနွဲ့ကတော့ မိုးလင်းမိုးချုပ် လည်လိုက်တာဆိုတာ။ ပြောပြန်ရင်လည်း တကျက်ကျက်နဲ့။
မပြောရင်လည်း မသိဆိုတော့ကာ ပြောနေရတော့တာ။ ခုလည်းပဲ ည ကိုးနာရီကျော်နေပြီ။ ပြန်လာရကောင်းမှန်းမသိဘူး။
ဟော တံခါးဖွင့်သံကြားတယ် အနွဲ့ပြန်လာပြီ။ သူ့မြေးတွေနဲ့အတူ
ဘေးနားထိုင်ပြီး ကွန်ပြူတာကြည့်နေရာက သူ့ဒရင်းဘက်ကြီးပေါ် အသာလေး ပြန်လှဲနေလိုက်တယ်။
မနက်က ငါ သိတ်နေမကောင်းချင်ဘူးနော် အနွဲ့၊ ဆေးခန်း သွားပြရအောင် စောစောပြန်လာလို့ မကြင်စော
ကုလားမူမူပြီး ပြောခဲ့သေးတာ။ ဒရင်းဘက်ပေါ် မျက်စေ့စုံမှိတ်ရင်း အနွဲ့ဘေးနားက ဖြတ်လာမဲ့ခြေသံကို
နားစွင့်ထားလိုက်တယ်။
“အမေ သက်သာရဲ့လား၊ ဆေးခန်းပိတ်သွားပြီထင်တယ်နော် အမေ၊ နွဲ့
နည်းနည်းနောက်ကျသွားတယ် တက်ကစီ မရလို့ အမေရဲ့”
ပြောပြောသွားသွား ဘေးကနေဖြတ်လျှောက်သွားတဲ့ အနွဲ့ထမီခတ်သံကို
နားကကြားတယ်။ မျက်လုံးတွေကို သာသာလေး ဖွင့်ကြည့်လိုက်တော့ အနွဲ့က သူ့အခန်းထဲ ၀င်သွားပြီ။
နဖူးလေးတောင် လာစမ်းကြည့်ဖော်မရဘူး ဒင်းက....
အသက်ကြီးလာတော့ လူက အလိုလို အပြုစုခံချင်၊
ဂရုစိုက်ခံချင် ဖြစ်လာတယ်နဲ့ တူပါရဲ့။ တွေးရင်းက ၀မ်းနည်းပြီး ဒေါသက ငယ်ထိပ်တက်တော့တယ်။
“ဖွားဖွား လာ လာ ဒီမှာကြည့် အခု ခေတ်စားနေတဲ့ အိုပါး ဂဏန်းစတိုင်လ်ဆိုတဲ့
သီချင်းနဲ့ အက မိုက်တယ် ဒီမှာ”
“နင်တို့က တစ်မျိုး၊ မကြည့်ချင်ပါဘူး။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်
ပြင်ဆင်လည်ပတ်နေတဲ့ နင်တို့အမေရဲ့ အာဂျီးမားစတိုင်လ်ပဲ တစ်နေ့တစ်နေ့ ငါ့မှာ စောင့်ကြည့်မောနေရတယ်။
နင်တို့အမေလည်း မကြင်စောအုန်းစတိုင်လ် ငါ့လက်ဝါးနဲ့ တွေ့မှ၊ ငါရင်လည်း သေပါမှ၊ ဒါမှ
အေးမယ်”
အနွဲ့ကြားအောင် အသံကိုမြှင့်အော်ရင်း အနွဲ့အခန်းဘက် မျက်စောင်းလှမ်းထိုးတော့
မြေးတွေက ရယ်ကြတယ်။
ချွေးမ အိမ်ပြန်ရောက်မှ စိတ်ထဲက ပူနေတဲ့အပူလုံးတွေ လျော့ကျသွားပြီး
မကြင်စောရဲ့ သလွန်ညောင်စောင်းဖြစ်တဲ့ ဒရင်းဘက်ကြီးပေါ် ပြန်လှဲနေလိုက်တယ်။
စိတ်ထဲကတော့ နောက်နေ့မှ
မြေးတွေပြောတဲ့ အိုပါးဂဏန်းစတိုင်လ်ဆိုတာကို ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးမယ်ရယ် လို့
တေးထားလိုက်တယ်။
ဒီဝတ္ထုတိုလေးကို "ကြယ်စင်ဆယ့်တစ်" ဆိုတဲ့ ရသစာစုများ ပေါင်းစည်းမှုအဖြစ်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးထဲမှာ ကျွန်မ ရေးသားဖြစ်ခဲ့ပါတယ်။ ဖတ်ပြီးကြသူတွေလည်း ပြီးကြမှာပါ။ မဖတ်ရသေးသူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်။