(၁)
“ဘဝကြီးထဲမှာ သူလိုကိုယ်လိုမိန်းမတွေအတိုင်းပဲ ကိုယ်လည်းနေချင်တာပေါ့ ညို။ မနက်လင်းတာနဲ့ ယောကျာ်းရေချိုးဖို့
သဘက် သွားတိုက်တံကအစ၊ မနက်စာလေးပြင်ဆင်ပြီး အတူစားကြတာ အလယ်၊ ညနေ သူအလုပ်ကပြန်လာမှ
ညစာလေးစားကြ ဟိုနားဒီနား လမ်းလေးဘာလေးလျှောက်ကြတဲ့အဆုံးပေါ့။ ပြီးတော့ သားသမီးကလေးတွေ
မွေးဖွားပျိုးထောင်ကြ၊ နှစ်ဘက်မိဘနဲ့ နီးစပ်ရာတွေကို တတ်နိုင်သလောက် စောင့်ရှောက်ဖေးကူကြ
အဲသလို သဘာဝကျကျမိန်းမဘဝကြီးထဲ လူသားဆန်ဆန် ကိုယ်က နေချင်သေးတာပဲ”
“ညို သိလား၊ တကယ့်ချစ်ခြင်းတရားမှာ အကွာအဝေးမရှိဘူး။
အတူရှိနေနိုင်ချိန်တွေဟာ ရွှေပဲ။ တစ်နေ့ ဝေးသွားကြတဲ့အခါ အတူရှိနေခဲ့ကြဖူးတဲ့အချိန်အပိုင်းအစတွေကို
ပြန်ပြန်ထုတ်ကြည့်ရင်း ညို့ကို ကိုယ် သတိရနေမယ်...။ မပြောတတ်ဘူး၊ ညို့ကိုသိပ်သတိရလာတဲ့အခါ
ကိုယ် မျက်ရည်ကျမိမလားဆိုတာ...။ ဒီလောက်ပါပဲ
ညိုရယ်....”
ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ရင်း သူမပြောခဲ့ ဖူးသည်။
ကျည်တစ်တောင့်နှယ် ခွင်းအားရှိသောသူမအကြည့်တစ်ချက်သည်
ညှို့ယူသိမ်းငင်သော်ငြား မကလက်၊ ညုတုတုဖြစ်မနေ။ ပစ်မှတ်တည့်တည့်ဆီ ပစ်မလွဲအောင် အကြိမ်ကြိမ်လေ့ကျင့်ထားသော
သေနပ်သမား၏ပြောင်းဝမှ ကျည်တစ်တောင့်လို ခိုင်ခိုင်မာမာလိုရာသွားသည်။ ထိုအကြည့်အောက်က
ကျွန်တော် ဘယ်တော့မှရုန်းမထွက်နိုင်ခဲ့။ ဖောက်ထွင်းတတ်သောထိုအကြည့်မှာ ကျွန်တော့်ရင်ကို
သူမ မြင်သွားပြီလား စိုးစိတ်ဝင်သည်။ စိုးရိမ်သော်မှ ဘာအတွက်စိုးရိမ်မှန်း ကျွန်တော်ကိုယ်တိုင်
မသေချာပါ။
ကျွန်တော်ဟာ ကိုယ် ဘာကိုလိုချင်လို့လိုချင်မှန်း ရေရေရာရာမသိတဲ့ကောင်၊ ဒါမှမဟုတ် လိုချင်တာရယူလိုက်ဖို့
သရဲဘောကြောင်တဲ့ကောင်၊ ဒါမှမဟုတ်
သူမဟာ ကျွန်တော် ဟက်ဟက်ပက်ပက် မလိုချင်လှသော မိန်းမတစ်ယောက်…
တစ်ခုခုတော့ ဖြစ်မယ် မမသက်ဦးကြွယ်….
(၂)
“ဟေ့ကောင် မင်းညို မင်းလေဒီကြီးက တကယ့်ဇယားကွ၊ အဖြူကောင်တွေနဲ့မှတဲ့၊ ဒေါ်လာစားကြီးတဲ့ကွ”ဆိုသော အောင်ထွန်းမြတ်စကားကို အကြည့်တစ်ချက် ခပ်တည်တည်ပြန်ကြည့်ပေးလိုက်သည်။
“ကြည့်ကျက်လည်းလုပ်ပါကွာ မင်းဘိုးတော်ကြီးက အမျိုးဂုဏ်မောက်တဲ့ဘဲကြီး၊
သူများနဲ့တူတာ မဟုတ်ဘူး”
“ဟေ့ကောင် သူရ မင်းလည်းတော်ကွာ”
အောင်ထွန်းမြတ်လေသံနောက်မှာ တစ်ဆက်တည်းလိုလိုပြောလိုက်သော
သူရကိုပါ ပေစောင်းကြည့်ပစ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် မင်းတို့လို မိဘလုပ်စာထိုင်စားနေတဲ့
ယောင်ခြောက်ဆယ် ဘော်ကြော့တွေ မဟုတ်ဘူး”ဟု စိတ်ထဲက စကားလုံးပြင်းပြင်းတွေနှင့် ပြန်ချေမိသည်။
ဒီကောင်တွေမျက်နှာက စပ်ဖြဲဖြဲတော့ မဟုတ်၊ ကျွန်တော့်အတွက် အတည်ပြောနေမှန်းတော့ သိသာသည်။
သို့သော် နှစ်ကောင်စလုံးကို သိမ်းကြုံးပြီး ဘုကြည့်ကြည့်လိုက်တော့ သူတို့ပါးစပ်တွေ
ပိတ်သွားကြ၏။
ရှေ့ကလက်ဘက်ရည်ခွက်ကို ငုံ့သောက်တဲ့ကောင်က သောက်၊ မီးသေနေတဲ့ဆေးပေါ့လိပ်ကို
မီးညှိပြီး ကောက်ဖွာတဲ့ကောင်က ဖွာနှင့်
ဖြစ်ကုန်ကြသည်။ ကျွန်တော့်ကျစိမ့်လည်း အေးစက်ပြီ။ သောက်လိုစိတ် မရှိတော့။ ဆိုင်အပြင်က
လူတွေသွားလာနေကြသည်ကိုပဲ ငေးကြည့်နေလိုက်မိသည်။ ညနေစောင်းမို့ အပူရှိန်က ကျစပြုပြီ။
သူမနှင့် ပထမဆုံးတွေ့တဲ့ညကို သတိရမိသည်။ နာကျင်စရာတွေပါ။
သူမနာကျင်မှုတွေ ကျွန်တော့်ဆီ အစိမ်းလိုက် ကူးစက်ခဲ့သောညလည်းဖြစ်သည်။
“ကိုယ့်အကြောင်း ?”
သူမက မျက်ခုံးများကိုပင့်ကာ ညာလက်မကို သူမရင်ညွန့်ဆီပြန်ညွှန်ရင်း
ရယ်ဟဟမေးသည်။
“ဟုတ်တယ် ခင်ဗျားအကြောင်း”
“ကိုယ့်အကြောင်းက ဘာမှ စိတ်ဝင်စားစရာမရှိတဲ့ဟာ”
“ကျွန်တော် စိတ်ဝင်စားပါတယ်...ပြောချင်တာသာ ပြောပါ”
တကယ်တော့ ကျွန်တော် သူမအကြောင်း စိတ်မဝင်စားပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကိစ္စအလွဲတစ်ခုကြောင့်
စိတ်ထွေမူးနေချိန်၊ ရေခဲခွဲခြင်းဟု ဆိုရမလား၊ အေးတိအေးစက် ဆက်ဆံမှုတစ်ခုကို မလိုချင်သောကြောင့်
အခြေအနေအနည်းငယ်ပူနွေးလာစေရန် မေးမိမေးရာ စကားစလိုက်ခြင်းပင်။
“အဲဒီအတွက် ရှင်က တစ်ညစာကြေးကို ပေးထားတယ်ဆိုပါတော့....။
ကိုယ့်ဧည့်သည်တွေကို ကိုယ့်ပါစင်နယ်တွေ ပြောပြလေ့မရှိဘူး။ ဒါပေမယ့် ကိုယ် ရှင့်ကို
ပြောပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ကျမှ ကိုယ့်စိတ်တစ်ချို့ကို ဖောက်ချပစ်ချင်နေလို့။
ကိုယ်အခု ပြောပြမှာတွေက ရှင်ပေးမယ့် တစ်ညတာကြေးနဲ့ မတန်မရာတွေဆိုတာကိုတော့ ရှင်နားလည်ပေးစမ်းပါ...။ ကိုယ်ပြောပြမှာက
ကိုယ့်ဘဝအစစ်...၊ ငွေကြေးနဲ့မဖြတ်နိုင်တဲ့ကိုယ့်ဘဝအစစ်တစ်ခုကို ခုမှသိရတဲ့ရှင့်ကို
ချပြရမှာ....”
ကြီးကျယ်လိုက်တာ၊ ကျွန်တော်ကပဲ သူမပြောပြရမည့်ဘဝတစ်ခုအတွက် တန်ရာတန်ကြေး
ပြန်အမ်းပေးရဦးမလိုလို...၊ ဒီမိန်းမစကားတွေက စီးစီးပိုးပိုးရှိလှသော်လည်း နားထောင်ချင်အောင်
စွဲညှို့နေပြန်သည်။ သူမ အတန်ငယ်တိတ်ဆိတ်သွားပြီး သူမရှေ့မှ ဘီယာတစ်ငုံ ငုံသည်။ ပြီးမှ တစ်လုံးချင်း စသည်။
“ကိုယ်တို့မှာ ညီအစ်မသုံးယောက်ရှိတယ်။ အစ်မက ကိုယ်
ဆယ့်လေးနှစ်မှာ ဆုံးသွားတယ်။ နေမကောင်းရာက ဆေးလည်းမကုနိုင်၊ အစားအသောက်လည်းချို့တဲ့တာနဲ့
လုံးပါးပါးတာပဲ။ ကိုယ့်ညီမလေးက ဆယ်နှစ်၊ ကိုယ် စဉ်းစားတယ်။ ကိုယ်တို့မှာ ပိုက်ဆံရှိရင်
ကိုယ့်အစ်မ အဲလိုအဖြစ်ဆိုးနဲ့သေရမှာ မဟုတ်ဘူးပေါ့။ အမျိုးတွေဆိုတာကလည်း လှည့်တောင်မကြည့်ဘူး။
ဒါနဲ့ ကိုယ် ကျောင်းထွက်လိုက်တယ်။ ကိုယ် ရှစ်တန်းမှာလေ...”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
“တိုတိုပြောရရင် ကိုယ် စားသောက်ဆိုင်မှာ အလုပ်ဝင်တယ်။
အဲဒီကနေ ဆိုင်ရှင့်အဆက်အသွယ်နဲ့ တရုတ်ပြည်နယ်စပ်ကို ရောက်သွားတယ်။ ပွဲစားအိမ်မှာ နေရတယ်။
ကိုယ်လိုမိန်းကလေးတွေ ဆယ့် လေးယောက်ရှိတယ်။ ကိုယ်တို့ လှလှပပဝတ်ရ စားရတယ်။ သုံးလတစ်ခါ
ဆေးစစ်ပေးတယ်။ ရတဲ့ကြေးရဲ့ လေးဆယ်ရာနှုန်းကို ကိုယ်တို့ရတယ်။ ခြောက်ဆယ်ရာခိုင်နှုန်းကို
အိမ်ရှင်ပွဲစားတရုတ်မက ယူတယ်။ ကိုယ် ပျော်တယ်။ မပျော်လည်း ပျော်အောင်နေတယ်။ ကိုယ့်မိဘကို
ပိုက်ဆံပို့နိုင်တယ်။ ကိုယ့်ညီမလေးကို ကျောင်းထားနိုင်တယ်။ ဒါ အမြတ်ပဲ။ ကိုယ့်ဘဝရှုံးလိုက်ရတဲ့အတွက်
ကိုယ်ပြန်ရခဲ့တဲ့အမြတ်က အဲဒါပဲ။ မဟုတ်သေးပါဘူးကွာ...၊ ကိုယ့်ဘဝ ရှုံးတယ်မြတ်တယ် ကိုယ်မပြောလိုပါဘူး။ ဒါ ကိုယ့်ရွေးချယ်မှုပဲ။ နာကျင်ရတာတွေကြားကပဲ
ကိုယ်ပျော်အောင်နေခဲ့တယ်။ ယောက်ျားတွေဟာ ကိုယ်တို့လိုမိန်းမတွေကို ချစ်လွန်းလို့ မေတ္တာနဲ့
ကြင်ကြင်နာနာဆက်ဆံကြတာမှ မဟုတ်ဘဲ။ သူတို့ဆန္ဒတစ်ခုအတွက် သူတို့ပြီးမြောက်ချင်ကြတာ။ တစ်ချို့က
ကွန်ဒုံးမသုံးချင်ကြဘူး။ ချော့ပြီး သုံးခိုင်းရတယ်။ တစ်ချို့ကျတော့ ဆေးတွေသုံးထားပြီး
လိုအပ်တာထက် ပိုကြာကြာဆက်ဆံတတ်ကြတယ်။ နာကျင်ရတာပေါ့။ တစ်ချို့အမူးသမားတွေဟာ မိန်းမတွေကို
တိရစ္ဆာန်တစ်ကောင်လောက်ပဲ တန်ဘိုးထားကြတာ။ သူတို့ဟာ တကယ့်အရိုင်းအစိုင်းကောင်တွေ၊ သရဲသဘက်တွေ
ဝင်ပူးနေသလိုပဲ။ နောက်ရက်တွေမှာ အိပ်ရာက မထနိုင်၊ လမ်းတောင် မလျှောက်နိုင်အောင် နာကျင်လွန်းလို့
ကိုယ် ငိုနေခဲ့ရတဲ့နေ့တွေ ရှိခဲ့တယ်”
ရင်ထဲမှာ လှပ်ကနဲကျင်သွားသည်။ ကျွန်တော် သူမမျက်နှာကိုကြည့်လိုက်မိချိန် မီးအဝါရောင်အရိပ်ကျနေသောအောက်မှာ သူမလည်တိုင်ကသွေးကြောကလေး တဖောက်ဖောက်ခုန်လှုပ်နေတာကို
မြင်ရသည်။ ကျွန်တော့်ရှေ့ ခွက်ထဲကလက်ကျန်ကို
ကောက်မော့ပစ်လိုက်သည်။ လည်ချောင်းတစ်လျှောက် ပူဆင်းသွား၏။ သူမက ပြုံးထေ့ရင်း စကားဆက်သည်။
“နောက်တော့ အိမ်ရှင်တရုတ်မရဲ့ယောက်ျားက ကိုယ့်ကို ကြံတယ်။
ကိုယ်မှ မဟုတ်ပါဘူး၊ ကိုယ်တို့အိမ်က မိန်းကလေးတွေအကုန်လုံး သူ့လက်က မလွတ်ဘူး။ အိမ်ရှင်တရုတ်မကလည်း
သိပေမယ့် လွှတ်ထားတာပဲ။ ကိုယ်က အလိုမလိုက်တော့ ကိုယ့်ကို ရန်ရှာလာရော။ ကိုယ်ဟာ အလုပ်သဘောနဲ့
ကိုယ့်ခန္ဓာကို ရောင်းစားနေချင်သာနေရမယ်။ အနိုင်အထက်စော်ကားလာတာမျိုးကိုတော့ ဆောရီးပဲ။
အသက်နဲ့ လဲပစ်လိုက်မယ်”
“ဒါနဲ့ ကိုယ့်ဧည့်သည်တစ်ယောက်ရဲ့အကူအညီနဲ့ ထွက်ပြေးလာခဲ့တယ်။
မြန်မာပြည်ရောက်တော့လည်း ကိုယ်ဟာ ဒီအလုပ်ပဲ၊ တစ်ခြားအလုပ်ပြောင်းလုပ်ဖို့ဆိုတာကို စိတ်လည်း
မဝင်စားတော့ဘူး။ ကိုယ် ပျော်အောင်နေတတ်ပြီလေ။ ရှင် သိလား၊ သေချာတာက တရုတ်ပြည်ကယောက်ျားတွေဖြစ်ဖြစ်၊
မြန်မာပြည်ကယောက်ျားတွေပဲဖြစ်ဖြစ် ကိုယ်တို့ဆီရောက်လာတဲ့ယောက်ျားတွေဟာ ရမက်ကြီးကြတာချင်းတော့
အတူတူပဲကွ...”
ပြောပြီး သူမက တဟားဟားအော်ရယ်နေခဲ့သည်။ သူမစကားမှာ ကျွန်တော့်မျက်နှာတွေ စပ်ဖျဉ်းထူပူသွားခဲ့ရသည်။
ကျွန်တော်လည်း ယောက်ျားပါဗျာ....ခင်ဗျားကလည်း…။ ဘယ်ယောကျာ်းကများ ခင်ဗျားတို့ဆီကို
တရားရှာဖို့လာမှာမို့လဲ….။
“ဟေ့ကောင် မင်းညို သူရ ထကွာ ပြန်ကြရအောင်”
အောင်ထွန်းမြတ် ကျွန်တော့်လက်ဖျံကို ဖျတ်ကနဲပုတ်ကာပြောလာမှ
ရှေ့က အေးစက်နေသော ကျစိမ့်ကို တစ်ကျိုက်ထဲမော့ချကာ ပိုက်ဆံရှင်းရသည်။ အတော်မှောင်နေပြီ။
လမ်းမီးများပျက်နေသည့်အပြင် ကောင်းကင်မှာ လလည်းမရှိသောညဖြစ်တာတောင် အမှောင်မှာကျင့်သားရမျက်လုံးများက
ကျွန်တော့်ကို အိမ်ဆီ တည့်တည့်မတ်မတ်ပင် ပြန်ရောက်စေခဲ့သည်။
သူမကရော အမှောင်မှာကျင့်သားရနေသူ အမျိုးသမီးတစ်ယောက်ပဲမဟုတ်လား၊ သူမက မှောင်တဲ့အလုပ်ထဲမှာ ပျော်နေပြီး
ကျွန်တော်က မပျော်နိုင်တဲ့အလုပ်ထဲမှာ
မှောင်နေသူ၊ ဘာထူးသေးလဲ သူရရော အောင်ထွန်းမြတ်ရော ကျောင်းပြီးလို့မှ ဘာလုပ်ရမယ် ဘာကိုင်ရမယ်
မသိတတ်ကြသေး၊ အမှောင်မှာ ယောင်လည်လည်တွေပါပဲ...
ကျွန်တော်တို့အားလုံး တကယ့်အမှောင်တွေထဲမှာ...။
(၃)
တခါ သူမနှင့် လိုင်စင်ရုံးမှာ၊ နောက်တခါ စာအုပ်ဆိုင်မှာ၊
စာအုပ်ဆိုင်မှာတွေ့တော့ စာအုပ်စင်ပေါ်က စာအုပ်တွေကို သူမ ဆာဆာလောင်လောင်ကြည့်ပုံကို
ဘာရယ်မဟုတ် ကျွန်တော် သဘောကျစွာ ပြုံးခဲ့မိသေးသည်။ နောက်တခါ ကော်ဖီဆိုင်မှာ၊ နောက်တော့ သူမနှင့်ကျွန်တော် မကြာမကြာဆိုတာလို
ဆုံဖြစ်ကြသည်။ ခုဆို
သိခဲ့ခင်ခဲ့ကြတာ နှစ်ပေါက်ခဲ့ပြီ။ ပြောမပြတတ်သော ချည်နှောင်မှုတစ်ခုက သူမနှင့်ကျွန်တော့်ကြား နားလည်မှုချင်းတူမျှစွာ
ရှိလို့နေခဲ့သည်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုလို့ သိချင်လာခဲ့ကြသည်။
ကျွန်တော် NGOတစ်ခုမှာ အလုပ်သစ်ဝင်ဖြစ်ကြောင်း၊ သချာင်္နဲ့ကျောင်းပြီးထားတဲ့အောင်ထွန်းမြတ်က သူ့အဖေကုမ္ပဏီမှာပဲ ဂျီအမ်ဝင်လုပ်နေကြောင်းနှင့်
သူရကတော့ ကယ်မစ်စထရီဘွဲ့ရပြီး အပြင်အလုပ်ရှာမရနိုင်သေးခင် သူ့အမေရွှေဆိုင်မှာကူထိုင်ပေးရင်း
ပန်းထိမ်ဖိုကို ဦးစီးလုပ်နေကြောင်းတွေ ကျွန်တော် သူမကိုပြောပြဖြစ်သည်။ သူမနှင့်ကျွန်တော့်သူငယ်ချင်းများက
ကျွန်တော့်အပြောနှင့်ပင် ရင်းနှီးလို့နေခဲ့ပြီ။ သူမကလည်း သူမအမေ မိုးကုတ်ရိပ်သာမှာ ရာသက်ပန်ယောဂီအဖြစ် ဝင်သွားကြောင်း၊ သူ့ညီမလေး ဆေးကျောင်းပြီးတော့မည်ဖြစ်ကြောင်း၊
ညီမလေးကျောင်းပြီးသွားတဲ့အခါ သူမအသက်ရှူချောင်ပြီ ဖြစ်ကြောင်း၊ ငွေကြေးမတတ်နိုင်ခဲ့လို့
ပစ်လိုက်ရတဲ့အစ်မအကြီးအတွက် နွမ်းပါးသူတွေကို ညီမငယ်လေးအား အခမဲ့ဆေးကုပေးစေမှာဖြစ်ကြောင်းများပြောပြသည်။
သည်လိုနှင့် သူမနှင့်ကျွန်တော့်ကြားအလွှာက ပါးသည်ထက်ပါးလျလို့လာခဲ့သည်။
တစ်ည...
ထိုတစ်ညက ကျွန်တော် အနည်းငယ်ထွေနေခဲ့သည်။ ရှားရှားပါးပါး
သူမ အားလပ်သောညတစ်ညမှာ ကျွန်တော်တို့ ရုပ်ရှင်အတူကြည့်ဖြစ်ကြသည်။ ရုပ်ရှင်ရုံထဲမှာ ကျွန်တော်
သူမကို နမ်းဖြစ်သည်။ အိမ်အပြန် တက်ကစီပေါ်ရောက်တော့ မူလငှားထားသည့်လမ်းဆုံးကိုမဟုတ်ဘဲ ဟိုတယ်တစ်ခုကို
မောင်းဟု ကျွန်တော်က နာမည်ရွတ်ပြတော့ ကားသမားက ချက်ချင်းလမ်းကြောင်းပြောင်းသည်။ သူမ
ကျွန်တော့်ကို ဖျတ်ကနဲသာကြည့်ပြီး ဘာမှတော့ မပြော။
အခန်းထဲရောက်တော့ ဘာမပြောညာမပြောနှင့် သူမကို သိမ်းကြုံးပွေ့ဖက်ထားမိသည်။
သူမက ကျွန်တော့်လက်မှာ အရုပ်ကလေးတစ်ရုပ်လို ပျော့ခွေနေခဲ့သည်။ ခဏနေတော့ သူမကို ပွေ့ချီကာ
ခုတင်ပေါ်သာသာလေးချပေးလိုက်သည်အထိ ဘာစကားတစ်ခွန်းမျှ
သူမ မဆို။ ကျွန်တော့်သွေးတွေ ပူနွေးလှုပ်ရှားလျက်ရှိသည်။ သူမပါးပြင်ကို အထပ်ထပ် နမ်းမွှေးနေလျက်က
လွှတ်မပေးလိုက်ချင်။
သူမက သူမကိုယ်ပေါ် စီးမိုးထားသော ကျွန်တော့်ရင်ဘတ်ကို တွန်းဖယ်ရင်း ခဏလေးဟုဆိုကာ
သူမလက်ကိုင်အိတ်ထဲမှ
တစ်စုံတစ်ရာကို ထုတ်ယူသည်။
စထရော်ဘယ်ရီလား ငှက်ပျောသီးလားဟု
ကပြက်ကချော်ပြုံးစစမေးနေသော သူမလက်ထဲက ကွန်ဒုံးများကိုလှမ်းယူကာ
စားပွဲပေါ်ပစ်တင်လျက် "မသုံးပါဘူး မတော်တဆ ကလေးရတော့ရော ဘာဖြစ်လဲ၊ ကလေးရှိတာနဲ့
ခင်ဗျားကို ကျွန်တော် လက်ထပ်ယူမှာ"
ကျွန်တော် ဘာကြောင့် ဘယ်လို
သည်စကားတွေ ပြောမိမှန်း မသိလိုက်ပါ။
သူမက ဟက်ကနဲရယ်သည်။ ခဏကလေးပဲ။ မျက်နှာကိုပြန်တည်ကာ "ကိုယ်က ညို့ကို
လက်မထပ်နိုင်ဘူး။ ကိုယ် ညိုနဲ့အတူနေဖို့ မဖြစ်နိုင်ဘူး၊ ရှင်းလား နားလည်လား"
သုမက ပြောပြောဆိုဆို
စားပွဲပေါ်ကကွန်ဒုံးနှစ်ခုလုံးကို သူမလက်ကိုင်အိတ်ထဲပြန်သိမ်း၊ ဘရာဇီယာချိတ်ကို လက်နောက်ပြန်တပ်လိုက်ပြီး
ခုတင်ပေါ်ကတီရှပ်အနက်ရောင်ကို ခေါင်းမှစွတ်ချကာ ပြန်ဝတ်လေသည်။
တီရှပ်အနက်ရောင်ဟာ သူမကိုယ်
ကောက်ကြောင်းလှလှပေါ်မှာ ပုံပန်းကျနစွာ လင်းထင်းသွယ်လျလို့....
“နေဦး ညိုက ကိုယ့်ခန္ဓာကိုယ်ကို မက်မောတာလား၊ ကိုယ့်ကို
ချစ်ရော ချစ်လို့လား”
ကျွန်တော့်မျက်နှာ ဖျန်းကနဲပူနွေးကာ
နာကျင်သလိုလို၊ ရှက်ရွှံ့သလိုလိုစိတ်တစ်ခု ရင်ဘတ်ထဲက ရုန်းကြွလျက်ရှိလေသည်။ ကျွန်တော်
သူမအမေးကို ပြန်မဖြေဖြစ်ခဲ့။ သူမကလည်း ကျွန်တော့်အဖြေကို စောင့်မနေ၊ ထပ်လည်းမမေးပါ။
ပြန်ကြစို့ဟုဆိုကာ ကုလားထိုင်နောက်မီမှာ
လွှားတင်ထားသော ကျွန်တော့်ရှပ်အင်္ကျီကိုယူကာ ကြယ်သီးစေ့တွေတစ်လုံးစီ ပြန်တပ်ပေးနေသောသူမမျက်နှာကို စီးမိုးကြည့်မိသည်။ တကယ်တမ်း
ဒီမိန်းမဆီက ကျွန်တော်လိုချင်တာ ဘာပါလိမ့်...။
ညစာအတူစားစဉ် သောက်ခဲ့သောဝိုင်အနီက
ခုမှပင် မူးယစ်ဝေသီလာသလို ကျွန်တော့်ခေါင်းတွေ ရုတ်ချည်း အုံခဲ၍လာလေသည်။ သူမက ကျွန်တော့်အခြေအနေကို
သိသည်ထင့်၊ ရေခဲသေတ္တာထဲက ရေအေးအေးတစ်ခွက်
ကျွန်တော့်ကိုတိုက်သည်။ ကုလားထိုင်မှာ ခဏပြန်ထိုင်ခိုင်းသည်။ ကျွန်တော့် အခြေအနေ ငြိမ်သက်စပြုလာချိန်မှာ
သူမ စကားစသည်။ သေချာနားထောင်နော် ညိုဟု ပြောသေးသည်။
"အချစ်ဆိုတာကို
ကိုယ်ကတော့ ဒီလိုသဘောပေါက်တယ်။ မဟာမြတ်မုနိဘုရားရင်ပြင်တော်ပေါ်မှာရှိတဲ့
ကြေးရုပ်ကြီးတွေကို ရှင် သိတယ်မဟုတ်လားညို...အရင်တုန်းက ရခိုင်ပြည်ကိုပြန်ပြန်ပြေးလို့ ခြေထောက်တွေကို သံကြိုးနဲ့ချည်၊ လက်တွေကို
ဖြတ်ထားရတယ်ဆိုတဲ့အရုပ်ကြီးတွေလေ"
"အဲဒီအရုပ်ကြီးတွေကို
လူတွေက ဗိုက်ပွတ်ပြီး ဗိုက်နာပျောက်အောင် ဆုတောင်းကြ၊ ခေါင်းပွတ်ပြီး
ခေါင်းမူးပျောက်အောင် ဆုတောင်းကြ၊ တစ်ချို့ မျက်စိကြည်အောင်ဆိုပြီး
အရုပ်ကြီးတွေမျက်စိကိုနှိုက်ပြီး ဆုတောင်းလိုက်ကြတာ၊ တကယ်တမ်း ဆုတောင်းကြတဲ့သူတွေ
ခံစားရတဲ့ရောဂါပျောက်သလားဆိုတော့ မပျောက်ဘူး။ အရုပ်ကြီးတွေခမျာမှာလည်း ဗိုက်တွေ
ခေါင်းတွေ မျက်စိတွေမှာ ပေါက်ပြဲ ချိုင့်ခွက်ဝင်ပြီး ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ကျန်ရစ်ရရှာတာ။
နှစ်ဦးနှစ်ဘက် ဘာအကျိုးမှ မရှိဘူး။ သက်သာလို သက်သာငြား ခဏတဖြုတ်
စိတ်ကိုလှည့်စားကြတာ၊ အဲဒါပဲ
အချစ်ဆိုတာ...."
ကျွန်တော်စိတ်လှုပ်ရှားလာလျှင်လုပ်တတ်သော
အောက်နှုတ်ခမ်းကို လက်မနှင့်လက်ခလယ်ကြားထည့်ကာ ဖိညှစ်နေရာက သူမမျက်နှာကို ဖျတ်ကနဲလှမ်းကြည့်လိုက်မိသည်။
ထိုထိရှရာအနာတရများအား စီရီဖြန့်ခင်းကြည့်ခြင်းက ကျွန်တော့်အိပ်ရာဝင်ပုံပြင်တစ်ပုဒ်
ဖြစ်သည်။ တကယ်တော့ အိပ်ရာဝင်ပုံပြင်မျှသာပါပဲ…၊ သည်လိုပဲထားလိုက်ဖို့ ကောင်းပါသည်။
သူမကို ကျွန်တော်
ခေါင်းညိတ်ပြလိုက်သည်။
အဲသည့်ညက အိမ်ပြန်ရောက်သည်အထိ ကျွန်တော့်စိတ်တွေ လှုပ်နေခဲ့သည်။
တစ်ညလုံးလည်း ကောင်းကောင်းအိပ်မရခဲ့။ သူမရော အိပ်လို့ပျော်ပါ့မလား။ ကျွန်တော် သူမကို
ပူနွေးလှုပ်ရှားစွာ သတိရလို့ နေခဲ့ပါသည်။
(၄)
အလုပ်ကိစ္စနှင့် နယ်တွေဆင်းရတဲ့အခါ သူမနဲ့ကျွန်တော်
တစတစ အဆက်အသွယ်ကြဲပါးလာခဲ့သည်။ သို့သော် ဖုန်းပြောဖြစ်ကြသော တခါတရံများမှာ သူမက သူမအကြောင်းတွေအကုန်နီးပါး
ကျွန်တော့်ကို ပြောပြလေ့ရှိသည်။ အကုန်နီးပါးဟု ကျွန်တော့်ဖာသာသေချာသည်။ အကုန်နီးပါး….
ထိုအကုန်နီးပါးကလည်း တကယ့်ကို နာကျင်စရာတွေချည်းသာဖြစ်တော့ သည်မိန်းမဟာ သည်လိုအပူတွေထဲက
ဘယ်လိုများ လူးလဲရှင်သန်နေတာပါလိမ့်ဟု တွေးမိရသည်။
“ပြီးခဲ့တဲ့လက ညီမလေး ဘွဲ့ယူတယ်။ အမေ့ကို ရိပ်သာက
ခနထွက်ပြီး ညီမလေးနဲ့ ဘွဲ့နှင်းသဘင်လိုက်ဖို့ ကိုယ် အဝတ်အစားကအစ စီစဉ်ခဲ့တယ်။ ကိုယ့်မှာ ဒီညီမလေးတစ်ယောက်ပဲ အားကိုးဖို့ရှိတာ။
အားကိုးတယ်ဆိုတာကလည်း ကိုယ့်တစ်ယောက်ထဲအတွက်၊ ငွေကြေးအတွက် မဟုတ်ဘူး။ အမေ့အတွက်
ပြီးတော့ ငွေကြေးမတတ်နိုင်တဲ့လူနာတွေအတွက် အခမဲ့ဆေးကုပေးဖို့။ ကိုယ့်အတွက်ဆိုတာက
ပီတိလေးတစ်ခုခံစားဖို့သာ ကိုယ် လိုချင်ခဲ့တာ။ အဲ့ဒီနေ့က ကိုယ် တနေကုန် အပြင်လျှောက်သွားနေခဲ့တယ်။
ဦးတည်ရာမဲ့ လေလွင့်နေလိုက်တာ၊ ညမိုးချုပ်ထိပဲ။ သိလား၊ ညီမလေးနဲ့ ဘွဲ့နှင်းသဘင်ကို
ကိုယ် လိုက်မသွားဖြစ်ခဲ့ဘူး၊ ကိုယ့်ကြောင့် ညီမလေးဂုဏ်ငယ်မှာ ကိုယ် စိုးတယ်။
ညီမလေးကလည်း အတင်းမခေါ်ပါဘူးလေ (သူမက ဟက်ကနဲတချက်ရယ်သည်)။ အဲဒီနေ့က ဘွဲ့နှင်းသဘင်အနောက်ဘက်
အင်းလျားကန်စပ်မှာ ကိုယ် ထိုင်တယ်၊ တစ်ယောက်ထဲ ငိုတယ်၊ ဒီအချိန်လောက်ဆို ညီမလေးနာမည်နဲ့
ခုံနံပါတ်ခေါ်နေပြီလား၊ အမေကရော လက်ခုပ်မတီးနိုင်လောက်အောင်များ ဝမ်းသာနေမလား၊ မျက်ရည်ကျနေမှာလား၊
ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေကြမလား၊ တွေးရင်း မျက်ရည်ကျရတယ် ညို…”။
ဖုန်းထဲက သူမအသံကိုနားထောင်ရုံနှင့် သူမဘယ်လောက်နာကျင်ခဲ့ရမှန်း
ကျွန်တော်နားလည်လို့ရသည်။ သူမနှင့်ဝေးနေစဉ်
သူမလိုအမျိုးသမီးတစ်ယောက်ထံ ကျွန်တော်သွားခဲ့သေးကြောင်းကိုတော့ သူမကို ကျွန်တော်ပြောမပြခဲ့ပါ။ အဲသည်တစ်ချိန်လုံးမှာ
ကျွန်တော်က ခင်ဗျားကို သတိရနေခဲ့တယ်လို့ဆိုရင် ခင်ဗျားယုံမှာလား မမသက်ဦးကြွယ်...။
နောက်တစ်လအကြာ ကျွန်တော်နှင့်ဖုန်းပြောဖြစ်စဉ်
သူမ၏အလုပ်ဖော် မိန်းကလေးတစ်ယောက် ဒုက္ခဖြစ်နေလို့ သူမ တတ်နိုင်သလောက် ကူညီနေရကြောင်းပြောလာသည်။
”လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ ကိုယ်တို့လိုမိန်းကလေးတွေဘက်မှာ
မရှိကြဘူး ညို၊ ကိုယ့်သူငယ်ချင်းကို
လူနှစ်ယောက်လာခေါ်သွားပြီး ဟိုတယ်ရောက်တော့ လူလေးယောက်က ဝိုင်းစော်ကားကြတယ်။ သူက နာကျင်လွန်းလို့
ရုန်းကန်ရင်း လူတစ်ယောက်ကို ပါးရိုက်လိုက်မိတော့ သူ့ကို ယောကျာ်းကြီးလေးယောက်က ချုပ်ပြီးဝိုင်းရိုက်လိုက်ကြတာ
ညိုရယ်....။ ကိုယ့်သူငယ်ချင်းဟာ ဆန်ပြုတ်ကျဲကျဲကိုတောင်
တကျွတ်ကျွတ်စုတ်သပ်ရင်း နာနာကျင်ကျင်မျိုချနေရတယ်။ သူ အလုပ်ပြန်မလုပ်နိုင်သေးခင် သူ့မိသားစုကို
ဘယ်သူကျွေးထားမလဲ၊ သူ့ဗိုက်ထဲ အစားဝင်အောင်
ဘယ်သူခွံ့မလဲ၊ သူ့ညတွက်ခတွေနဲ့ သူ့မိသားစုပါးစပ်စိုနေရတာ ညိုရဲ့...။ ဒီလိုအဖြစ်မျိုးတွေအတွက်
ကိုယ်တို့ ဘယ်ကိုတိုင်ကြားရမလဲ၊ ဘယ်လိုတရားက ကိုယ်တို့ကိုစောင့်ရှောက်မလဲ”
သူမအသံဟာ နာကျင်မှုတွေနဲ့ အက်ကွဲကြမ်းရှနေခဲ့သည်။ အနားမှာရှိလျင်တောင် သူမလက်ကို တင်းတင်းဆုပ်ကိုင်အားပေးရုံမျှသာ ကျွန်တော်တတ်နိုင်လိမ့်မည် ထင်ပါသည်။ မိန်းမတစ်ယောက်ရဲ့ဘဝဟာ သူမကိုယ်တိုင်
ယုံယုံကြည်ကြည်ပုခုံးပေါ်ထမ်းထားရတဲ့ဝန်တွေအောက်မှာ နေသာထိုင်သာပါလျက် လူကိုလူလိုမမြင်နိုင်တဲ့
လူတွေရဲ့မျက်ဝန်းအကြည့်တွေထဲမှာ မထူနိုင်အောင် ပြိုလဲနေရတော့မှာလား။
တန်ဘိုး…၊
လူတွေသတ်မှတ်ထားသော မိန်းမတစ်ယောက်ရဲ့တန်ဘိုးဆိုတာကို
ကျွန်တော် စဉ်းစားနေဖြစ်သည်။ လမ်းမပေါ် တငွေ့ငွေ့ယိမ်းထိုးနေသော တံလျပ်အပူများကို
ကျွန်တော်ငေးကြည့်နေခဲ့ရင်းက ကျွန်တော့်ရင်ထဲအထိ ပူလောင်လာရသည်။ ကျွန်တော်ကရော…၊ ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနှင့်
တင့်တောင့်တင့်တယ်အိမ်တလုံး မဝယ်နိုင်သေး၊ ကားဝယ်စီးတာတောင် အဖေ့ဆီက လိုတာဆွဲနေရသေးတဲ့ကောင်။
ရူးသလိုကြောင်သလိုနှင့်မေ့ထားကာ အဖေ့အကြွေးတောင် ကြေအောင်မဆပ်နိုင်သေးတဲ့ကောင်။ ကျွန်တော်က
ကျွန်တော့်ဘဝကိုမှ လမ်းဖြောင့်ဖြောင့်ပေါ်ရောက်ဖို့ တည့်မတ်နေရဆဲမှာ….၊ သူမကတော့ အမြဲတမ်းကျွမ်းမြေ့နေရသော
ဘဝထဲမှာ အပူသားကျနေတဲ့ မိန်းမတယောက်ဖြစ်သည်။
သူမဟာ ဆယ့်နှစ်လရာသီမှာ နွေချည်းပဲသီးသန့်ရှိသော နယ်မြို့ကလေးတစ်ခုလို
ပူလောင်နွမ်းပါးလေသည်။
(၅)
နွေတစ်ခုကို ရောက်ခဲ့ပြန်ပြီ။ လမ်းမပေါ် တံလျှပ်တွေ
တလူလူလွင့်ယိမ်းနေတာကို ကျွန်တော်အမှတ်မဲ့ငေးနေမိသည်။ ကျွန်တော်ထိုင်နေသောဆိုင်က ကားလမ်းနံဘေးကပ်လျက်မှာမို့
ဖြတ်မောင်းသွားသည့်ကားများနောက် ကျွန်တော့်စိတ်တွေပြေးပြေးလိုက်သလို နောက်က လိုက်ကြည့်နေမိပြန်သည်။
ဟိုကားပေါ်မှာ ပါသွားတာ မမသက်ဦးကြွယ်များလား...။ သူမ ဘယ်ရောက်နေပါလိမ့်…
သူမနှင့်ကျွန်တော့်အကြား အချစ်ရှိခဲ့သလား၊ ကျွန်တော် မသေချာပြန်၊ ကျွန်တော်တို့နှစ်ဦးအကြားက
ခန္ဓာကိုယ်ချင်းထိတွေ့ရင်းနှီးမှုသည် အချစ်တစ်ခုလုံးနှင့်ယှဉ်လျှင်တော့ သေးကွေးလွန်းသော
အမှုန်တစ်စသာဖြစ်မည်။ တခါတရံလွမ်းဆွတ်မှုများ၌
ထိုတောင့်တမှု မပါ။ စိုးစဉ်းမျှပင် မပါဝင်ပါ။ သူမသာ ကျွန်တော့်အနားရှိလျင်ဆိုသော ရူးသွပ်တမ်းတမှုသည်
အဖြူစွတ်စွတ်ဖြစ်ပြီး ထိတွေ့ပတ်သက်ခဲ့မှုကြောင့် လောင်ကျွမ်းပူနွေးရသည်ဟူသော ရုပ်ဝါဒီဆန်ဆန်အယူအဆကို
သူမရော ကျွန်တော်ပါ လက်မခံလို။ သို့သော် ခုချိန်မှာ သူမရင်ခွင်ထဲ ကျွန်တော်ရှိနေချင်ပါသည်။
သူမနှလုံးခုန်သံကို ကျွန်တော့် ညာဘက်နားနှင့်အပ်လျက် ကြားနာချင်ပါသည်။ သူမနှုတ်ခမ်းထူထူလေးကို
ကျွန်တော့်လက်ညှိုးနှင့် ဖွဖွထိကြည့်ချင်ပါသေးသည်။
“တကယ်ဆို အမျိုးသားတွေနဲ့ဒီလိုရင်းနှီးမှုတွေက ကိုယ့်အတွက်
အဆန်းမှမဟုတ်တာပဲ ညိုသိလား…၊ ညိုက ညိုဖြစ်နေလို့…” သူမအပြောမှာ ကျွန်တော် ပူနွေးလှုပ်ရှားခဲ့မိဖူး၊ နောက်တော့လည်း ဒါဟာ ယောကျာ်းတိုင်းကို သူမပြောနေကျမဟုတ်ဘူးလို့
မင်းပြောနိုင်လို့လားမင်းညိုဟု ကိုယ့်ဖာသာပြန်အမေးမှာ အေးခဲငြိမ်သက်သွားရပြန်သည်ပဲ။
ကျွန်တော့်အပေါ်မှာ သူမ ထားရှိသောသံယောဇဉ်က သူမတကယ့်ရင်ထဲလာတာဟု
သူရနှင့်အောင်ထွန်းမြတ်ကိုပြောပြလျင်တော့ မင်းညို မင်းသောက်ရူးလားဟု ကျွန်တော့်ကို
ဝိုင်းဆဲကြမှာ သေချာသလောက်ပင်။ ထားပါတော့ ကျွန်တော်ကရော ရင်ဆိုင်ဝံ့လို့လား၊ အရင်ဆုံး
မိဘအသိုင်းအဝန်း၊ သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်…၊ နောက်ဆုံး ကျွန်တော်ကိုယ်တိုင်…။
“မင်း သက်ထားကို ဘယ်လိုမြင်လဲ မင်းညို”
သူရအမေးကို အောင်ထွန်းမြတ်ကပါ မေးဆတ်ပြရင်း ဖြေ ဟေ့ကောင်ဟု
ဆိုသည်။
“သက်ထားကို ပိုးဟပ်ဖြူကလေးတကောင်လို့ပဲ မြင်တယ်။”
“သေနာ မင်းကို ဘယ်လိုခံစားရလဲမေးတာ၊ မင်းဘိုးတော်ကြီးက
ကောင်မလေးဟာ သူ့မိတ်ဆွေရဲ့သမီးလည်းဖြစ်၊ ဆရာဝန်မလေးလည်းဖြစ်တော့ မျိုးရိုးရော ဂုဏ်ရော
သဘောကျနေတာ ကိုယ့်လူ”
သက်ထားက ဖြူစင်သလောက် ဖြူဖျော့ဖျော့ကောင်မလေးတယောက်လည်း
ဖြစ်သည်။ သက်ထားမွေးနေ့တုန်းက သူတို့ခြံထဲကခုံတန်းမှာ မွေးနေ့လက်ဆောင်ပေးရင်း ပါးကိုနမ်းခဲ့ဖူးတာ၊
အဲဒီနောက်မှာ ဘာမှလည်း ထပ်ဖြစ်မလာ။ ကောင်မလေးက ကိုကိုခေါ်သောအသံမှာ သူ ရင်မခုန်။
ညိုဟု ခေါ်တတ်သော ရှတတအသံတခုကို သတိရမိပြန်သည်။ မမသက်ဦးကြွယ်….
သူမနှင့် ကျွန်တော်မတွေ့ဖြစ်ကြတာ ကြာပြီ။ ကျွန်တော်
နယ်ဘက်ရောက်နေသောအချိန်တွေ၊ သူမ ဘာတွေလုပ်နေသလဲ ကျွန်တော် မသိ။ ဖုန်းအဆက်အသွယ်လည်း
ပြတ်တောက်သလောက်ဖြစ်ခဲ့ပြီ။ ကျွန်တော်တို့က ဘာတွေလဲ၊ သူမကို လွမ်းဆွတ်တယ်ပြောရအောင်….။
သို့သော် သူမနှင့်ပတ်သက်လျင် အတိုင်းအတာတခုတော့
ကျွန်တော်ထိခဲ့ရှခဲ့သည် ထင်ပါသည်။
ညအိပ်ရာဝင်တိုင်း မော့ကြည့်တွေ့မြင်နေရသည့်မျက်နှာကျက်ပေါ်မှာ....၊
နံရံတွေပေါ်မှာ....
(၆)
ဆုံနေကျကော်ဖီဆိုင်လေးမှာ သူမ ချိန်းတော့
မတွေ့ရတာကြာပြီမို့ စိတ်လှုပ်ရှားစွာပင် အိုခေလေဟု ကျွန်တော်ပြန်ပြောခဲ့မိသည်။ သူမ
ဘယ်လိုများရှိနေပါလိမ့်၊ သူမအသံကတော့ အရင်လိုနွေးထွေးရှတဆဲ။ ကော်ဖီတခွက်မှာကာ ထိုင်သောက်ရင်း သူမကို စောင့်ရသည်။
တကယ်က ကျွန်တော် စောရောက်နေတာ။
ကော်ဖီဆိုင်လေးက မပြောင်းလဲပါ။ မီနူးအသစ်တွေ
တိုးလာတာတစ်ခုပဲ။ ပြီးတော့ ဈေးလည်း အနည်းငယ်တက်သွားတာတစ်ခုပဲ။ ကော်ဖီအရသာက အရင်အတိုင်း၊
ခုံတွေ စားပွဲတွေ နေရာချထားတာကလည်း အရင်အတိုင်းပဲဖြစ်သည်။
“ညို ရောက်နေတာ ကြာပြီလား”
အသံက ကျွန်တော့်အနောက်ဘက်မှ လာသည်။ ဝင်ပေါက်ကို
ကျောခိုင်းထားသော ခုံမှာထိုင်နေသည်မို့ အသံလာရာ သူမဆီကို လည်ပြန်လှည့်ကြည့်မိရသည်။
သူမ အနည်းငယ် ပြည့်လာသည်၊ သူမဆံပင်တွေ ရှည်လာပြီ။ မျက်ဝန်းတွေကမူ လက်မှောင်ဆဲ။
“ကော်ဖီပဲလား”
ကျွန်တော့်အမေးကို သူမက ခေါင်းညိတ်သည်။
ဘာကစလို့ ဘာကိုပြောရမှန်း ကျွန်တော် မသိ။
သူမမျက်နှာအပြောင်းအလဲကိုသာ အသေးစိတ်ကြည့်နေမိသည်။ သူမညာဘက်လက်သူကြွယ်မှာ ရွှေလက်စွပ်ကလေးတကွင်း။ အရင်လို
သူမမျက်တွင်းလေးတွေ ညိုမှောင်မနေဘဲ ပြည့်နေတာကိုတွေ့တော့ ဝမ်းသာရသည်။ သူမအမေ ရိပ်သာမှာပင်
ယောဂီဝတ်နှင့်ဆုံးသွားတာ ၁နှစ်ပြည့်တော့မည့်အကြောင်း၊ ညီမလေးက အထူးကုဖြစ်ဖို့ ဘွဲ့လွန်ဆက်တက်နေကြောင်း၊
သူမမျှော်လင့်ထားသလို ရိုးရိုးဆရာဝန်ဘွဲ့နှင့် ဆေးခန်းထိုင် ဆေးကုပြီးရပ်တည်ဖို့က
ထင်သလောက်မလွယ်လှကြောင်းတွေ…၊ သူမပြောသမျှ ကျွန်တော် နားထောင်နေမိသည်။
တလောက debateတခုမှာ ပြည့်တန်ဆာလုပ်ငန်းကို
တရားဝင်မှတ်ပုံတင်သင့်သလားဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြတာ ကျွန်တော်ကြည့်လိုက်ရစဉ်
သူမကို ပြောပြရဦးမည်ဟု တွေးထားခဲ့ဖူးသည်။ ထိုခေါင်းစဉ်အောက်မှာ ပြည့်တန်ဆာလုပ်ငန်းကိုတရားဝင်မှတ်ပုံတင်သင့်
မတင်သင့် အပြင်၊ ဆေးဝါးမှန်မှန်ကုသပေးမှုတွေ ရရှိဖို့၊ အနိုင်အထက်ပြုမူခံရလျင် တိုင်တန်းနိုင်ဖို့
စတာတွေပါဝင်သည်။
သူမသာ နားထောင်ရလျင် စိတ်ဝင်စားမှာ…။
“လာပြီ…”
သူမက ကျွန်တော့်နောက်ကျောဘက်ကို ကဲကြည့်ကာ
ဆိုသည်။
“လာ ကိုကြီး ဒီမှာထိုင်”
သူမက သူမဘေးမှခုံကို ငဲ့ကြည့်ရင်း ကိုကြီးဆိုသောအမျိုးသားကို
ထိုင်ခိုင်းလိုက်သည်။
“ကိုကြီး ဒါက မဦးပြောပြောနေတဲ့ မင်းညိုဆိုတာလေ၊
မဦးသူငယ်ချင်းပေါ့”
ကားသော့အိတ်ကို ခါးမှာချိတ်လိုက်ပြီး၊
လက်ကမ်းပေးလာသော ကိုကြီးဆိုသူကို အလိုက်တသင့်ပြန်လည်လက်လှမ်းရသည်။ သူမ၏ သူငယ်ချင်းဆိုသော
အသုံးအနှုန်းမှာ ကျွန်တော့်စိတ်တွေ တင်းကနဲဖြစ်သည်။
“ကိုယ် အခု စတိုးဆိုင်လေး ဖွင့်ထားတယ်
ညို၊ ဆိုင်မှာတင်ဖို့လိုသမျှတွေကို ကိုကြီးပဲ စီစဉ်ပေးတာ။ ၆လလောက်ရှိပြီဆိုတော့
လည်ပတ်စပြုလာပါပြီ။ ညို အဲ့ဘက်ရောက်ရင် ဝင်ခဲ့လေ၊ စတိုးဆိုင်နဲ့ကပ်လျက်မှာ စာအုပ်ဆိုင်လေးပါ
တွဲဖွင့်ထားတယ် သိလားညို….”
သူမ စာအုပ်တွေကို ဘယ်လောက်နှစ်သက်စွာဖတ်လေ့ရှိကြောင်း
ကျွန်တော် ပြန်သတိရရသည်။
“ဖိတ်လိုက်ဦးလေ မဦး”
“ဟုတ်သားပဲ၊ စကားပြောကောင်းနေတာ မေ့တော့မလို့”
သူမက လက်ကိုင်အိတ်ထဲက စာအိတ်အဖြူတအိတ်ကို
ထုတ်ပြီး ကျွန်တော့်ကို ကမ်းပေးလိုက်သည်။
ဆက်ဆက်လာစေချင်တယ်နော် ညို ဟု ပြောသွားသေးသည်။
နွေရာသီတမျိုးတည်းရှိတဲ့ကျွန်တော့်နယ်မြို့ကလေး
အေးချမ်းစိုပြည်လာတော့မှာလား…
သူမ လိုချင်မျှော်လင့်ခဲ့သော သူလိုကိုယ်လိုအိမ်ထောင်သည်မိန်းမတွေဘဝမှာ
သူမ ပျော်ပါစေ…။
(၇)
အိပ်မက်တစ်ခု ပျောက်သွားသူလို ခံစားဖူးပါသလား….။
တကယ့်အဖြစ်အပျက်မဟုတ်ဟု သိထားပေမယ့် အိပ်မက်တခုအစပြန်ရှာမရသူလို
နံနက်မိုးအလင်းက ကြေကွဲဖွယ်ကောင်းသည်။ ကျွန်တော်တို့က အိပ်မက်ခဲ့တာမှ မဟုတ်ဘဲ။ ပိုလို့ပင်
ကြေကွဲရပါသည်။ ဘာအတွက် ကြေကွဲရပါလိမ့်…စဉ်းစားတော့လည်း မသေချာပြန်။
သူငယ်ချင်း…၊ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေ။
ကျွန်တော်တို့ဟာ သံယောဇဉ်ကြီးသော သူငယ်ချင်းတွေ၊ သူမပါးပြင်သွယ်ကို လှပ်ကနဲမြင်မိတော့
ကျွန်တော် နာကျင်ရသည်။ အမှောင်ထဲကနေ လင်းချင်းသွားတော့မယ့် သူမအတွက် ကျွန်တော် ဝမ်းသာရမည်ထင်ပါသည်။
ထင်ပါသည်….၊ ထိုစကားလုံးအသုံးအနှုန်းကို သူမ မနှစ်သက်ပါ၊ ညိုဟာ အမြဲတမ်း မရေမရာနဲ့ဟု
ဆိုခဲ့ဖူးသည်။
သူမ ကျွန်တော့်အတွက်ဝယ်ပေးခဲ့ဖူးသော စာအုပ်များကို
ပါ့ကင်လှလှနှင့် ထုပ်ပိုးသည်။ သူမပေးခဲ့သော လိပ်စာအတိုင်း လိပ်မူသည်။ ထိုစာအုပ်များထဲမှာ
“ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ”လည်းပါဝင်သည်။ ထိုစာအုပ်ကိုပေးစဉ်က ပိုချစ်ရတဲ့သူ
ကိုယ်ပဲဖြစ်ပါစေဟု သူမနှုတ်မှရွရွဆိုရင်းပေးခဲ့တာကို သူမ သတိရပါစေ ဆုတောင်းသည်။
ခင်ဗျားဟာ ကျွန်တော်လိုချင်ခဲ့တဲ့မိန်းမ မဟုတ်ဘူး၊ နှုတ်ခမ်းများကို တင်းစေ့ရင်း
စိတ်က နာနာရွတ်ဆိုရသည်။
သူမပေးခဲ့သော ဖိတ်စာကိုတော့ ထိုနေ့က အိမ်အပြန်လမ်းမှာပင်
လွှင့်ပစ်ခဲ့ပြီးဖြစ်လေသည်။
ချစ်ကြည်အေး
ရွှေအမြုတေမဂ္ဂဇင်း
မေလ, ၂၀၁၈
သရုပ်ဖော် - ဗဂျီလင်းဝဏ္ဏ