သူက အိမ်ဆေးသုတ်ဖို့ကို ကျွန်မကြိုက်တဲ့အရောင်တွေ ရွေးဖို့ ပြောတယ်။ အိမ်တအိမ်လုံးစာ အရောင်တွေ ရွေးရတာ တကယ်တော့ မလွယ်လှဘူး။ အိမ်အတွင်းအပြင် အခန်းအတွင်းအပြင် တခန်းနဲ့တခန်း အရောင်တွေ သိပ် ကွဲလွဲပေါ်လွင်မနေကြဖို့၊ သိပ်လည်း ရောမနေဖို့။ အစစ စဥ်းစားရတယ်။
ဘုရားခန်းက အောက်ခြေကနေ နံရံအပေါ်နားထိ ထင်းရှုးသား တက်ဦးမှာမို့ ထင်းရှုသားနဲ့လည်း တွဲလို့ရမယ့် အရောင်အေးအေးတခုကို စရွေးလိုက်တယ်။
နောက်တခန်းအတွက်ကိုတော့ Banana yellowလို ဝါလွင်နေတဲ့အရောင်နဲ့ Platinum grey မီးခိုးဖျော့ကို တွဲသုတ်မယ် စိတ်ကူးတယ်။ furnature ကို contrastဖြစ်တဲ့ အရောင်ထဲက ရွေးဖို့ကိုပါ တခါတည်း စိတ်ကူးထားလိုက်တယ်။ အေးဖျော့ဖျော့မီးခိုးနဲ့ ဝါလွင်လွင် အတွဲအဖက်ကို စိတ်ကူးကြည့်တာနဲ့တင် သဘောကျရတယ်။
ကျွန်မတို့ အိပ်ခန်းကိုတော့ လွင်မနေဘဲ အမှိုင်းဘက်သွားဖို့ စဥ်းစားလိုက်တော့ Coastal blueဆိုတဲ့ ညို့မှိုင်းမှိုင်းအပြာရောင်ကို သွားတွေ့တယ်။ သူနဲ့ တွဲဖို့ အေးငြိမ်နေတဲ့ မီးခိုးပြာရောင်လေး ထပ်ရွေးလိုက်တယ်။ အိပ်ခန်းဆိုရင် သစ်လွင်လတ်ဆတ်မနေဘဲ ရီဝေမှိုင်းမှုန်နေတာလေးမျိုး၊ ညဘက်မီးအလင်းအောက်မှာ လင်းချင်းအီပြယ်မသွားဘဲ အန်နာဂျီတမျိုးမျိုးရစေတဲ့ အရောင်မျိုးပေါ့...။
အောက်ဆုံးထပ်က ဧည့်သည်ခန်း အိပ်ခန်း၂ခန်းကိုတော့ မြေလိမ်မော်ဆန်ဆန်လေး ရွေးထားလိုက်တယ်။
ကိုယ်အနေများမယ့် ကိုယ့်ထောင့်ခန်းကလေးကိုတော့ ကြေးညိုရောင်နဲ့ contrast ဖြစ်မယ့် အရောင်ပျော့ပျော့လေးတခု တွဲပေးလိုက်တယ်။
အပေါ်ဆုံးထပ်ဟောကိုတော့ လွင်နေတဲ့ ခိုစိမ်းပြာရောင်အငြိမ်နဲ့ အလွင်လေး ၂ခုကို တဝက်စီသုတ်မယ်။ နေရောင်ဖြာလင်းမယ့်ဘက်ကို အရောင်လွင်တာလေးထားပြီး အတွင်းနံရံကို ရင့်ရင့်လေး ထားမယ်။ ဒါမှ အနုအရင့် ကွဲပြားတဲ့ အတွဲအစပ်ကို မြင်နိူင် ခံစားနိူင်မှာ...၊
တအိမ်လုံး အပြင်ဘက်ကို Twilight လို့ခေါ်တဲ့ ဖြူနှစ်နှစ်ကို ရွေးတယ်။ အဖြူရောင်ကို မျက်နှာကျက်ကလွဲလို့ မရွေးထားဘူး။ အဝတ်အစားအဖြူရောင်ကို ဝတ်လေ့ရှိပေမယ့် ဆေးရောင်သုတ်ဖို့ကျ အဖြူကိုမရွေးချင်ဘူး။ ပျင်းစရာကောင်းတယ်၊ အသက်မဲ့သလို ခံစားရစေတယ်၊ အပေအတေလွယ်သလို ကြာရင် ညစ်လာတယ်။ ကြည့်ရင်းနဲ့ ဟုန်လာသလို အရာရာဆုတ်ကိုင်မရတဲ့ လွင်ပြင်ကြီးထဲရောက်နေသလို ခံစားရလို့ အဖြူကို မသုတ်ချင်ဘူး။ ဒါကြောင့် အဖြူကို တခန်းမှ မရွေးထားဘူး။
ပြီးတော့ အရင်က သိပ်နှစ်သက်ခဲ့ဖူးတဲ့ ဖက်ဖူးကြံရည်အရော အစိမ်းကြည်ကြည်ကိုလည်း ကျွန်မ မရွေးဘူး။ မကြိုက်တော့ဘူး...၊
အဲတာကလည်း ကျွန်မပြောင်းလဲသွားတဲ့အထဲက တခုပဲ...၊
အားလုံး ရွေးပြီးတော့ စိတ်ကူးထဲက အခန်းလေးတွေဟာ နေချင်စဖွယ် အရောင်လွင့်ဆန်းကလေးတွေနဲ့...။
ကျွန်မအတွက်တော့ အိမ်သုတ်ဆေးအရောင်ရွေးခြင်းကလည်း အနုပညာ...