ဟောစာတမ်းအရ ဒီနှစ်ထဲမှာ အရွှေ့အပြောင်း ရှိသတဲ့။ အိမ် သို့မဟုတ် အလုပ် အရွှေ့အပြောင်း ရှိမယ်လို့ ဟောထားတာ။ အိမ်ကတော့ ဘယ်လိုမှ ပြောင်းဖို့ မဖြစ်နိုင်ဆိုတော့ အလုပ်များ ပြောင်းဖြစ်မလား တွေးခဲ့မိတာ။ ဘယ်ဟုတ်လို့လဲ ရုံးနေရာ ပြောင်းတာ ဖြစ်နေတယ်။ ဒါလည်း အရွှေ့အပြောင်းပဲမို့ ဟောစာတမ်း မှန်တယ် ဆိုရမယ်။
သောကြာနေ့ ရုံးပြောင်းဖို့ ဗုဒ္ဓဟူး-ကြာသပတေးမှာ ကိုယ့်အလုပ်စားပွဲက ပစ္စည်းတွေ ကိုယ်စီ သိမ်းကြရတယ်။ အိမ်ပြောင်းတာနဲ့ ဘာကွာလဲဆိုတော့ကာ အိမ်ပြောင်းရင် ကိုယ်တယောက်ထဲ တအိမ်လုံးစာ ဒိုင်ခံ သိမ်းရပြီး ရုံးကျတော့ ကိုယ့်စားပွဲတခုစာလေးပဲ သိမ်းရတယ်။ မျက်စေ့အောက် အမြင်မတော်တာတွေ တွေ့ရင်တော့ ဝိုင်းကူသိမ်းဆည်း သယ်မ ပေးရတာပေါ့။ နေမှ မနေတတ်ပဲ။ ကိုယ်က မြန်မာကိုး။ ပြောင်းပြီးလို့ အထုပ်တွေ နေရာပြန်ချတဲ့ အခါမှာတော့ ကွာသွားပြီ။ အိမ်မှာဆို အသုံးလိုတဲ့ အထုပ်လေးလောက်ပဲ ဖွင့်ပြီး ကျန်တာတွေ နောက်မှ အေးဆေးလုပ်လို့ ရတယ်။ ရုံးမှာတော့ ဒီလိုမရတော့ဘူး။ နဂါးအမြီး အရှေ့ဘက်လှည့်မှတို့၊ နဂါးခေါင်း မြောက်ဘက် စောင်းမှတို့ အိမ်မှာလို အထုပ်ဖြည်ဖို့ အချိန်ကို စောင့်နေလို့ မရဘူး။ အများနဲ့မို့ ၂ရက်အပြီးဆို ၂ရက်အတွင်း ပြီးအောင် လုပ်ပေတော့ပဲ။
သောကြာနေ့မှာ ရုံးပြောင်းပြီး တနင်္လာနေ့ကျရင် အားလုံး နေရာတကျဖြစ်၊ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်ရမတဲ့။ အုပ်ချုပ်သူတွေများ အကွက်ကျကျ လုပ်ရက်ကြပါပေတယ်။ အဲဒီအတွက် ရလာဒ်က ကျမတို့အားလုံး စနေ-တနင်္ဂနွေ အလုပ်ပြန်ဆင်းပေးကြရတာပါပဲ။ ဟုတ်ကဲ့ ဖရီးပါ။ အခမဲ့ပါ။ အလကား ဆင်းပေးရတာပါ။ စိတ်သိတ်ကြီးတဲ့ တချို့က ပိုက်ဆံမရရင်တောင် နားရက် အစားပြန်ပေးဖို့ တောင်းသံ ကြားရပါတယ်။ ကျမတို့ မန်နေဂျာကြီးကတော့ နှာစေးနေလေရဲ့။ ခုတလော မိုးကလည်းများ၊ အေးကလည်း အေးပေသကိုး...။ ကိုယ်တွေကတော့ မြန်မာပီပီ တခါတလေပဲလေ...ထားလိုက်ပါတယ်။ တွက်လွန်း ချက်လွန်းတယ် အမြင်မခံချင်ဘူး။ ရက်အစား ပြန်တောင်းရမှာ အားနာပါတယ်။ ကိုယ်က မြန်မာလေ။
အဲဒီ စနေမနက်က ရုံးအသစ်ရောက်တော့ ထိုင်ခုံမှာ မထိုင်ခင် နိုင်ငံတော်အလံကို အရင်ဆုံး အလေးပြုလိုက်တယ်။ ကျေးဇူးတော်ကြောင့် ဘေးခုံကတယောက် အမြော်အမြင်ကြီးစွာ ဝယ်လာတဲ့ ပလာတာနဲ့ ပဲနို့ရည်နဲနဲ သောက်ရတယ်။ ကန်တင်းက ရုံးနဲ့ နဲနဲ ဝေးတယ်။ ကမ်းမွန်...ဟက်ဖ်အဟာ့တ်-နှလုံးသားရှိကြစမ်းပါ။ သူတယောက်ထဲလည်း မကုန်နိုင်ပါဘူးလေ။ တကယ်ဆို ကျမကတောင် သူ့ကို စိတ်နာသင့်တာ။ ကျမထိုင်ခုံနေရာကို လိုချင်လို့ လုတဲ့သူတွေထဲ သူလည်းပါတယ်။ ဒါပေမဲ့ ကျမက မုန်းစ ပေရှည် မနေချင်ဘူး။ အာဃာတ မထားဘူး။ ပလာတာ ယူစားပြီး ပြုံးပြလိုက်တယ်။
စားသောက်တဲ့ ကိစ္စပြီးမှ ဘုံးထဲက ပစ္စည်းတွေ ဖောက်ထုတ် နေရာချတယ်။
ကော်နက်ရှင်တွေ၊ ဖုန်းလိုင်းတွေ ပြန်ရတော့ စစ်စရာရှိတာတွေ စစ်၊ အီးမေးလ်စမ်းပို့ကြည့်၊ အိုကေ လိုင်းတွေအားလုံး ပုံမှန် ပြန် အလုပ် လုပ်ပြီ။ နဲနဲတော့ ပျော်သွားတာပေါ့။ လိုင်းပေါ်တက်လို့ ရပြီ။ ပြောခဲ့သလိုပဲ ရုံးပြောင်းတာက အိမ်ပြောင်းသလို အချိန်ကို စောင့်နေလို့ မရဘူး မဟုတ်လား။ ဖေ့စ်ဘုတ်နှင့် ဘလော့ဂ်သည်လည်းပဲ လူကို မစောင့် တဲ့။ ဒီတော့ လိုင်း ပြန်ရရချင်း ဖေ့စ်ဘုတ်နဲ့ ဘလော့ဂ်ကို ဖွင့်ထားလိုက်တယ်။ အနည်းဆုံးတော့ ဘယ်သူတွေ ဘာလုပ်လို့ ဘာတွေရေးနေတယ်၊ ဘယ်သူ ပိုစ့်အသစ်တင်တယ်၊ ဘာစတေးတပ်စ်တွေ တင်ထားတယ် ဆိုတာ မျက်ခြေမပြတ်ဘူးပေါ့။
ရုံးဟောင်းမှာတုန်းက ကျမနေရာက အပွင့်၊ ကော်ပီယာနားမှာဆိုတော့ လူသွားလူလာ မပြတ်ဘူး။ ဒီရုံးသစ်ကျတော့ ကျမထိုင်ခုံက နောက်ဆုံး ထောင့်ဆုံးမှာ...ဓါးပြတိုက်ဖို့ တိုင်ပင်လို့ ရလောက်အောင် ပရိုက်ဗိတ်စီ ရှိတဲ့နေရာ။ ထိုင်ခုံနေရာ ပလန် ထွက်လာကတည်းက ကျမနေရာကို လာလုကြ၊ သူတို့နေရာနဲ့ လဲခိုင်းကြ၊ နောက်ဆုံး မရတဲ့အခါ မျက်စောင်းလေးတော့ ထိုးဖြစ်အောင် ထိုးကြတဲ့ နေရာပေါ့။ ပြောင်းရွှေ့ပြီး ခုလို အခြေကျလို့ အတိအကျကြီး ဒီခုံနေရာမှာ ထိုင်လိုက်ရတော့မှ ဟင်းကနဲ ငါ့ခုံဖြစ်ပြီရယ်လို့ စိတ်ချရတော့တယ်။
ဝေါင်း(Wow) ....Your station is so nice !
ဝေါင်း....Absolute privacy hor !
ဝေါင်း....I like your station ! So cool !
ခြင်္သေ့ကျွန်းမှာ နေကြသူတွေပီပီ တဝေါင်းဝေါင်း လာလုပ်နေကြသေးတယ်။ လူတွေများ ပြောပါတယ်။ နေရာကောင်းလေးများဆို ထိုင်ချင်လိုက်ကြတာ တသက်လုံးပဲ ဖယ်မပေးရတော့ဘူး လိုလို။ ကျမကတော့ တရားနဲ့ပဲ ရှုကြည့်ပါတယ်။ ဒီခုံ ဒီနေရာမှာ ငါ အမြဲ ထိုင်ချင်မှ ထိုင်ရမယ်။ မမြဲတဲ့ သဘောအရ ဟိုးအခန်းထဲက မန်နေဂျာခုံမှာလည်း ထိုင်ချင် ထိုင်ရပေဦးမယ်။
အဲဒီရက်တွေမှာတော့ ပြောင်းရရွှေ့ရ၊ နေရာချရနဲ့ တရုံးလုံး အုတ်အုတ်နဲ့မှ ကြွက်ကြွက်ရယ်။ အလုပ်စားပွဲမှာ ထမင်းစားခွင့် မရှိတာမို့ အောက်ထပ် ထမင်းစားခန်းထဲ သွားစားကြရတယ်။ ထမင်းစားခန်းရောက်ပြန်တော့ မှာထားတဲ့ စားပွဲ ကုလားထိုင်တွေ မရောက်သေးတာမို့ သူလည်း စတန်း၊ ကိုယ်လည်းစတန်း အားလုံး တပျော်တပါးကြီး မတ်တတ်ရပ်စားကြရတယ်။ ဒီကြားထဲ ကော်ဖီဖျော်စက်ထဲမှာ ကော်ဖီစေ့ကုန်နေတာကို ထပ်မဖြည့်ဘဲ စွန့်ဦးတီထွင်ချင်တဲ့ ငနဲသားတယောက်က သရီးအင်ဝမ်း ကော်ဖီမှုန့်တွေထည့်ပြီး ခပ်တည်တည်နဲ့ ဖျော်ချထည့်လိုက်တာ ကော်ဖီဖျော်စက်ကြီး သင်္ခါရ ဖြစ်သွားပါလေရောလား။
အဲသလို ကျမတို့ရုံးမှာ Brilliant-ပြောင်ပြောင်မြောက်မြောက်တွေ ရှိတယ်။ နောင်တချိန်မှာ သရီးအင်ဝမ်း ကော်ဖီမှုန့်နဲ့ ထည့်ဖျော်ရတဲ့ ကော်ဖီဖျော်စက်များ ပေါ်လာလို့ကတော့ ကျမတို့ရုံးက ငတိတော့ အောင်မြင်သွားရှာပြီလို့သာ မှတ်ကြပေရော့။

***အရွှေ့လေးပြီးပြန်တော့ အပြောင်းလေးအကြောင်း ပြောချင်ပါသေးတယ်။ ကျမ ဘလောဂ့်လေးကို chitkyiaye.com အဖြစ် ပြောင်းထားပါတယ်။ ချစ်ခင်ရတဲ့ တစုံတယောက်ရဲ့ လက်ဆောင်ပါ။ တစုံ နဲ့ တယောက်ဆိုတော့ ၃ယောက်ဖြစ်ရမယ်လို့ ပြင်ညာရှိပီပီ အတွေးမစောပါနဲ့ဦး။ တယောက်ထဲပါ...သူကလေးက chitkyiaye.com ကို လက်ဆောင်အဖြစ် ချစ်ခင်စွာ ဝယ်ပေးလာတော့ ကျမမှာ နှလုံးသားတွေ ပြုတ်ကျမတတ် ဖြစ်ခဲ့ရပါသေးတယ်။ (ဇာတ်နာအောင် ဒီလိုပဲ ပြောရမှာပေါ့လေ:))
ခုထိတော့ ဘလော့စပေါ့ကနေ ဒေါ့ကွန်းကို ရီဒါရိုက် လုပ်ပေးတာမို့ အသစ်တင်တိုင်း တက်နေပါဦးမယ်။ မတက်တော့တဲ့ တနေ့ကျရင် ကျမလင့်ခ်လေးကို ပြောင်းချိတ်ပေးကြပါနော်။ တကယ်ပါ ဘလော့ဂ်တွေ သွားဖတ်လို့ ကျမလင့်ခ် ချိတ်မထားရင် သိတ်ငိုချင်ပါတယ်။ ဝမ်းနည်းတတ်တဲ့ အမျိုးမို့ပါ။
ရေးဖော် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ လင့်ခ်တွေကိုလည်း သတိရသလောက် ပြန်ချိတ်ထားပါတယ်။ လင့်ခ်ချိတ်ဖို့ ကျန်ခဲ့တဲ့ အိမ်ရှင်များ လင့်ခ်ထားခဲ့ပြီး စီဘောက်မှာ တိုးတိုးလေး ပြောသွားကြပါနော်....:)

ရေးထားတာ ရယ်ရတယ်...
ReplyDeleteစောစောစီးစီး ဖတ်ပြီး တခွိခွိရယ်သွားတယ်...
ကော်ဖီဖျော်စက်... ကော်ဖီဖျော်စက်... ... ...
ကျွန်တော့် ခုံကိုတော့ မန်နေဂျာကိုယ်တိုင် ရွေးပေးထားတာ။ အကြောင်းသိ တွေမို့။ ပထမတစ်ခေါက် ခုံပြောင်းထိုင်မယ် ဆိုတုန်းက ဒီနေရာက မင်းကွန်ပျူတာကို လူတစ်ကာ မြင်ရတယ်။ မပြောင်းနဲ့ ဆိုပြီး ပြီးမှ ချောင်ကောင်းတဲ့ နေရာ သူကိုယ်တိုင် ရွေးပေးထားတာ။ :D
ReplyDeleteအောင်မယ် ကျန်း ကျန်း... နေရာအသစ်မှာစောစောစီးစီး ပို့စ်တွေ တင်နေပြီပေါ့လေ။
ReplyDeleteမသိရင် စောစောစီးစီး အလုပ်လုပ်တယ် ထင်နေရတာ...။
ဝေါင်းဆိုလို့ တိရစ္ဆာန်ရုံမှာ လုပ်နေသလားထင်နေတာ...။
ခြင်္သေ့ကို သွားတိုက်ပေးတဲ့ အလုပ်လားဟင်....။
ဒဂယ်မသိလို့ပါ။ သရီးအင်ဝမ်းထည့်ဖျော်ရင် ကော်ဖီစက်က ပျက်တတ်လားဟင်... အိမ်က စက်ကို လုပ်ကြည့်လိုက်ဦးမှ (ကိုယ့်ဟာ မဟုတ်... သများဟာ.. တစ်ခါထည့်ထားရင် တစ်ပတ်လောက်ကို ကိုယ်တော်က မဆေးပဲ ပစ်ပစ်ထားလို့...။ )
သေချာတာကတော့ ကျွန်တော့်ဆီမှာ ဒီပို့စ်လေး လင့်မတက်လာတော့တာပဲ ဒါနဲ့ပဲ ခုလေးတင်ပြောင်းလိုက်တယ် ပလုံ ကနဲဆို တက်လာရေား))))))
ReplyDeleteမမနေရာလေးက တကယ်ကိုကောင်းတာကိုး.. ညီမရဲ့ ရုံးက စားပွဲလေးကလဲ နေရာကောင်းပဲ နောက်မှာနံရံပဲရှိတော့တယ်.. ဘေးမှာတော့ မှန်ကြီးနဲ့ကာထားတာ.. ဘယ်ရမလဲ wall paper ကပ်ပြီး ပိတ်ပစ်လိုက်တယ်.. မှတ်ကရော.. ဒါနဲ့ လင့်အသစ်ယူသွားတယ်နော်.. စိတ်ဆိုးနဲ့.. :)
ReplyDeleteချစ်ချစ်နော် ...အပြောင်းအလဲတွေ သိပ်များဒယ် ဒါပေမဲ့ ပြောင်းတိုင်းမကောင်းတာတွေလဲ ရှိတယ်ဗျး)
ReplyDeleteစကားမစပ် . .. အဲ့လိုမြင်ကွင်းလေတွေ မြင်ရတော့လဲ အလုပ်လုပ်ကြည့်ချင်သားး)
ရယ်ရတယ်..
ReplyDeleteအပြောင်းအရွေ့ပြီးတော့ အပြောင်းအလဲလာအုန်းမှလားတဲ့
ပေါက်
ဝေါင်းးးးးးးးးး... အဲ ယောင်လို့...
ReplyDeleteရှုးတိုးတိုး ဘလော့ဂ်ဂါလို့ သူတို့မသိစေနဲ့...
TOI
ဂွင်ကောင်းတယ်...အရက်ခိုးသောက်လို့ကောင်းမယ့်နေရာပဲ..ခစ်.ခစ်..လင့်ပြောင်းချိတ်ထားပါတယ်။ တစုံတယောက်ပေးတဲ့ဒုက္ခပေါ့။ ဘလော့စပေါ့ကိုဖွင့်..လင့်ကိုပြောင်းချိတ်...ဒီမနက်က ကော်နက်သေဖြစ်နေတာ...တော်တော်ကြိုးစားချိတ်လိုက်ရတယ်။ ပျော်နိုင်သူတွေ ပျော်ကြပါစေ...။
ReplyDeleteဂစ်ဂစ်ဂစ်.. အရမ်းငိုက် လို့ကောင်းမယ့်နေရာလေးပဲ။
ReplyDeleteဂစ်ဂစ်ဂစ်.. တချိန်လုံး ဖေ့ဘွတ်တို့ဘလော့ တို့ဖတ်လို့ရတဲ့နေ့ရာလေးပဲ။
ဂစ်ဂစ်ဂစ်.. ဘလော့စပေါ့ ကနေ ဒေါ့ကွမ်းပြောင်းသွား တာမိုက်တယ်။
ဂစ်ဂစ်ဂစ်.. ကော်ဖီ ဖျော်စက် ကို ဖျက်ဆော် လိုက်တာ ရယ်ရတယ်။
*ဂစ်ဂစ်ဂစ် = ဂဠုံ ကျွန်းက ဂဠုံ တွေအော်သလို အော်သံ
ချစ်ကြည်အေးရေ
ReplyDeleteကုလားထိုင် လာလုမယ် နေရာကောင်းလို့ မထတန်းထိုင်မနေနဲ့အုန်းနော် အချိန်တန်ရင် ဖယ်ရမယ် ဆိုတဲ့ အသိရှိတဲ့ အတွက်ကျေးဇူးတင်တယ်
ဒေါ့ကွန်း ပြောင်းချိတ်ထားမယ် အခုတော့ပေါ်နေသေးတယ်
ချစ်တဲ့
အမရွှေစင်
အနော့်နေရာနဲ့ တောတော် ဆင်တယ်။
ReplyDeleteအတွင်းဆုံး ဒေါ့ခုံ XD
မမချစ်ထိုင်ခုံက အကျယ်ကြီးပဲ။ သဘောကျတယ် လူလစ်ပြီး အားတဲ့အခိုက်ဆို ကောင်းကောင်းမှောက်အိပ်လို့ ရမလားပဲနော်း))
ReplyDeleteSame like my seat,,,:)
ReplyDeleteခုထိတော့ ပေါ်နေသေးတယ် အမချစ်။း)
ReplyDeleteဇွန့်နေရာက ရှယ်လေ။ အနောက်မှာ မန်နေဂျာနဲ့ စူပါဗိုက်ဇာ၊ ဘေးမှာက စီနီယာ။ :D
နေရာလေးက ဂွင်တည့်လေတော့ ဖဘတို့ ဘလော့ဂ်တို့မှာတော့ မျက်စိနောက်အောင် မြင်ရအုန်းတော့မယ် :P
ReplyDeleteမချစ်ရေ.....
ReplyDeleteမြသွေးလည်း ထိုနည်း၎င်း၊ ထိုနည်း၎င်း ရုံးအသစ်ကို ပြောင်းရပေဦးမည်။
လောလောဆည်တော့ ရုံးအဟောင်းက အရှုပ်ထုတ်တွေ အရင်ရှင်းနေရသည်။
နောက်တပတ်ထဲ ပြောင်းမည်။
မချစ် ဒေါ့ကွန်းလေးကိုလည်း ပြောင်းချိတ်ထားပါသည်။
အဲ..အခုကွန်မန့် ကလည်း ထုံးစံအတိုင်း ရွှေပြည်ကြီးမှာ မန့်မရသမို့
ချော..ရဲ့ အကူညီကိုယူကာ မန့်ချင်လွန်းသဖြင့် မန့်လိုက်ရပါသည် ချစ်အစ်မရေ..။
အစ်မတို့ရုံးခန်းက ညီမရန်ကုန်မှာ အလုပ်လုပ်ခဲ့တဲ့ ရုံးခန်းနဲ့တော်တော်လေးတူတယ်.. ခုတော့ မရှိတော့ပါဘူး
ReplyDeleteပုံစံလေးက ဆင်တော့ သိပ်ကိုသတိရသွားမိတယ်..
ပြီးတော့ အစ်မရဲ့ နေရာလေးက မိုက်တယ်နော် ရှယ်ဘဲ
ညီမတော့ အိပ်ချင်ရင် ခုံအောက်လေးထဲ ၀င်ခွေနေလိုက်ချင်တယ် ဟိဟိ
ရုံးခန်းအသစ် .com အသစ်လေးနဲ့ ပျော်ရွှင်အဆင်ပြေစွာ စာတွေလည်းရေးနိုင်ပါစေ အလုပ်တွေလဲ အဆင်ပြေပါစေအစ်မရေ...
အိမ်သစ်တက်ပွဲ တစ်ခုခုတော့ ကျွေးအုံးလေ အမ ... :P
ReplyDeleteခုံအောက်ဝင်အိပ်ဖို့ အကြံပေးတဲ့သူက ပေးနေပါလား..
ReplyDeleteဒီမှာဖြင့် ဓမြဂိုဏ်းထောင်ဖို့ အစည်းအဝေးခန်းမရပြီဆိုပြီး ကျေနပ်နေတာ..
ဂျင်းလည်း ဒီတစ်ပတ်ကစပြီး ရုံးပြောင်းရတယ်....နေရာကတော့ကောင်းသလားမမေးနဲ့ မန်နေဂျာတွေအားလုံးက ပတ်ပတ်လည်ဝိုင်းပြီး ဂျင်းက အလည်ခေါင်တည့်တည့်မှာလေ....
ReplyDeleteနဂိုကမှအလုပ်တွေများလို့စာမရေးဖြစ်ပါဘူးဆို အခုတော့ ဒီလိုနေရာမှာထိုင်ရတာ ဘာမှလုပ်လို့ကိုမရဘူး....ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်ပြီထင်ပါရဲ့
မမချစ်
ReplyDeleteရုံးစာပွဲ ကိုကြည့်ပီး လေသွားတယ် သိလား
ကြည်ကြည်နေတဲ့ အခန်းထက်ကျယ်မလားပဲး(.......
ကြည်ကြည်ဆိုနေရာကျဉ်းလို့ ဝရန်တာထွက်ထွက်နေရတယ်.........း(
မမ
ReplyDeleteလင့်ချိတ်ထားပါတယ်။။
စိတ်မပူနဲ့နော်...
နှင်းနဲ့မာယာ
အမလေးရဲ့ ရုံးခန်းက မီးချောင်းတွေကို ကြည့်လိုက်တော့ ကျွန်တော်ရုံးနဲ. building တစ်ခုတည်း လားလို.တောင် ထင်မိပါတယ် ၊ ဒါပေမဲ့ အပေါ်က အဲယားကွန်း လေ၀င်ပေါက်ကမတူပါဖူး ၊ စလုံးက ရုံးခန်းတွေက အများအားဖြင့် မီးအိမ်စလောင်း ပုံစံအတူတူပဲ ထင်ပါရဲ့ ၊
ReplyDeleteအမလေးရဲ့ စားပွဲက privacy ရှိတဲ့နေရာမှာ ဆိုတော့ လူလစ်ရင်ပို.စ်ရေး ၊ ကွန်မန်.ရေးပေါ့ ၊ ကျွန်တော်လည်း ရုံးမှာလစ်ရင်လစ်သလို ဘလော့တွေလျောက်လည် ၊ ကွန်မန်.တွေရေး ၊ ပျော်စရာကြီး ...
.com ကြီးဖြစ်သွားတယ်ဆိုလို့  လာကြည့်သွားတယ်...
ReplyDeleteတကယ်ပါ ဘလော့ဂ်တွေ သွားဖတ်လို့ ကျမလင့်ခ် ချိတ်မထားရင် သိတ်ငိုချင်ပါတယ်။ ဝမ်းနည်းတတ်တဲ့ အမျိုးမို့ပါ။...
ReplyDeleteနတ်သမီးလည်း မချစ်နဲ့ခံစားချက်ချင်းတူနေလို့အမျိုးတော်ချင်လို့ပါ...
:P