Tuesday, January 12, 2010
အသစ် တဖန်...အပိုင်း ၁
ကန်ရေပြင်ပေါ်မှာ လှိုင်းကြက်ခွပ်ကလေးမျှ မရှိအောင်ပဲ လေငြိမ်လို့နေသည်။ ဒီနွေရယ်..........ကြည့်လေရာတိုင်းမှာ အပူငွေ့လှိုင်း တွေနှင့် ခြောက်သွေ့လွန်း လှပါရဲ့။ မောင် နဲ့ အတူ တမြေတည်းမှာ ရှိမနေတော့ဘူး ဆိုတဲ့ အသိက အရာများစွာ တို့ထက် ရင်ကို ပိုလို့ လောင်ကျွမ်းစေတယ် ဆိုတာ မောင့်ကို သိစေချင်လွန်းလှသည်။
ရေထဲကငါး ကုန်းပေါ် တင်ထားခဲ့သလို တဖျတ်ဖျတ်လူးနေတဲ့ လောင်မြိုက် ရင်ခွင်ထဲက အပူကို မျက်နှာပေါ် မယူပဲ လူတွေအလည် ဟန်လုပ်ပြုံး နေရတဲ့ ကျမဘဝ မြင်လှဲ့စမ်းပါတော့ မောင်ရယ်။ သက်ထားဆွေ ဆိုတဲ့ လူဂုဏ်တန် အသိုင်းအဝိုင်းရဲ့ ရွှေပေါ်မြတင် မိန်းကလေး ဒါပေမဲ့ အပေါ်ယံ ရွှေရည်စိမ်တို့ ထုံးစံ ဟန်လုပ်နေရတာတွေနဲ့ ရက်ယှယ်ထားတဲ့ အဝန်း အဝိုင်းမို့ မောင်နဲ့တော့ သံ နဲ့ ပြဒါး တလမ်းဆီခြား လို့ ပြောပါအုံးတော့လား မောင်။
ခုချိန်ဆို မောင်က နိုင်ငံရပ်ခြားမှာ၊ မောင်ကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းသွား ခဲ့တဲ့ ဘဝ အသစ်တခု၊ သေချာတာက သက်ထားဆွေ မရှိတဲ့ ပတ်ဝန်းကျင်အသစ် အဲဒီ အသစ် တွေကြားမှာ လူသစ်၊ စိတ်သစ်နဲ့ ...မောင့်နှလုံးသားကရော အသစ်များ ဖြစ်နေမလား...မောင် ပြောစမ်းပါအုံးကွယ်။ သက်ထားဆွေ ဆိုတဲ့ မိန်းမကို မောင်ကိုယ်တိုင် မောင့်လက်နဲ့ လှလှပပ မြေမြှုတ် သင်္ဂြိုလ်ပြီးခဲ့ ပြီပဲကွယ်။
မောင် နဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့ကြတုန်းကလည်း ခုလိုရေပြင်ကြီး ရှေ့မှာပဲ လေ။ ကျမတို့ နှစ်ယောက်လုံး နာရီ ပတ်လေ့မရှိ ကြပေမဲ့ ချစ်သူသက်တမ်း တနှစ်ပြည့် အမှတ်တယ ရွှေလက်စွပ် မောင်းကွင်းလေးကိုတော့ ညာဖက် လက်သူကြွယ်မှာ မချွတ်တမ်း ဆင်တူဝတ်ခဲ့ ကြဘူးပါသည်။ လက်စွပ်လေးရဲ့ အတွင်းဘက်မှာ ငြိမ်းသန့်ညို နဲ့ သက်ထားဆွေ ဆိုတဲ့ မောင်နဲ့ ကျမ နာမည် အင်္ဂလိပ်လို အတိုကောက်ရယ်၊ကျမတို့ ချစ်သက်တမ်း တနှစ်ပြည့် ရက်စွဲလေးရယ် ရေးထိုးထားခဲ့လေသည်။
မောင့်လက်ကနေ လက်စွပ်လေးကို ဆွဲယူ ချွတ်စဉ်မှာ မျှော်လင့်မထားတာမို့ မောင် ကြောင်အအ ဖြစ်နေခဲ့သေးသည်။ ကျမ လက်စွပ်နဲ့ ပူးတွဲလို့ ဖဲကြိုး ခရမ်း ရောင်လေးနဲ့ ချည်နှောင်ပြီး မောင့် လက်ဖဝါးလေးထဲ ပြန်ထည့် ပေးလိုက်ချိန် မှာတော့ အခြေအနေကို ရိပ်မိသွား သလို မောင့်မျက်နှာလေး ညိုမှောင်လို့ သွားခဲ့တော့သည်။
" သက်ထား အတွက် မလိုအပ်တော့ပါဘူး မောင်၊ မောင့် ဘဝအတွက် သင့်တော်လို့ မောင်ရွေးချယ်လာမဲ့ မိန်းကလေး အတွက် သက် ထား ရဲ့ လက်ဖွဲ့ပါ အဲဒီအခါ လက်စွပ်လေးကို သက်ထားရဲ့ နှလုံးသားနဲ့ အတူ အရည်ကြိုဖျက်လို့ နာမည်အသစ်လေး ရေးထိုး ပေး လိုက်ပါမောင်....သက်ထား သွားပါရစေတော့ မောင်ရယ် "
မောင်က ချစ်လှချည်ရဲ့ ဆိုတုန်းကလည်း ကျမက စိတ်တူကိုယ်တူ ကြည်ဖြူခဲ့သူ၊ မောင်ကိုယ်တိုင်ကမှ နေရစ်ခဲ့ပါတော့လို့ ဆိုပြန်တော့ လည်း မောင်ထားရစ်ခဲ့ရာမှာ နေပျော်ဖို့ ကြိုးစားမဲ့သူပဲ ဖြစ်ချင်ပါရဲ့မောင်။ ဘယ်တော့မှ မမေ့နဲ့မောင်...ကျမက ကကြိုးရုပ်တရုပ် ဆိုရင် အဲဒီ ကကြိုးရုပ်ကို ကြိုးဆွဲ အသက်ဝင် စေမဲ့သူဟာ မောင်ကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး ဆိုတာကိုပါ...။
မောင့်မျက်နှာပေါ်က သွေးကြောမျှင်လေးတွေရဲ့ အခုန် အလှုပ်....အံတင်းကြိတ်ထားတဲ့ မောင့်မေးရိုးတွေရဲ့ အတင်းအလျှော့.....
ကျမ မသိပါရစေနဲ့တော့...မသိပါရစေနဲ့တော့... မောင်ရယ်....
ကျမတို့ ဝေးကြပါစို့ နော် .....
မောင့်ရဲ့ အချစ်မှာ လုံးလုံးလျားလျား ပျော်ဝင်ကျဆုံး နေသူကိုမှ ရက်ရက်စက်စက် တသက်လုံးစာ ကျောခိုင်း လမ်းခွဲဖို့ ဆုံးဖြတ်ရက်တဲ့ ချစ်သူ မောင့်ကို ကျမကပဲ အရင် ကျောခိုင်းခဲ့ပါရစေ...တော့...
လိမ့်ကနဲ ကျလာတဲ့ ပါးပေါ်က မျက်ရည်စက်တွေကို ဆံပင်ရှည်တွေနဲ့ ကွယ်ဝှက်လို့ မောင့်ရှေ့က ဇွတ်တင်း ထွက်ခဲ့မိတော့သည်။
မောင့် မျက်ရည်တွေကိုတော့ဖြင့် ကြည့်ရက်တဲ့ သတ္တိ မရှိခဲ့လို့ပါ မောင်ရယ်......
************************************
မောင်ငယ် ဏီလင်းညို ရဲ့ တက်ဂ် ပို့စ်ပါ...။ မူရင်းပို့စ် သို့သော်လည်း နဲ့ တွဲဖတ်ရင် ပိုပြည့်စုံသွားပါလိမ့်မယ်...နဲနဲ ရှည်သွားတာမို့ ကျမ ၂ပိုင်း ခွဲလိုက်ရပါတယ်။ ဇာတ်သိမ်းပိုင်း မနက်ဖြန် တင်ပေးပါ့မယ်ရှင်...။
ချစ်ခင်ရင်းနှီးစွာ,
Image Source :mynicespace.com
Subscribe to:
Post Comments (Atom)
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...
မကြီးအေး...
ReplyDeleteနိုချင်အောင် လာလုပ်နေတာလားဗျ...ဟင်...း((
အဆက်တောင်ရေးပစ်လိုက်သေးတယ်ကြည့်ဦး....း((
ဇာတ်သိမ်းပိုင်းလာဖတ်မယ်ကြည့်နေ... နက်ဖြန်ညအလုပ်ကပြန်ရောက်ရောက်ချင်း...
(ရေးပေးတာ အရမ်းကျေးဇူးတင်ပါတယ်နော်ဗျ...။ နက်ဖြန်ကျရင်လည်းထပ်ပြောဦးမည်...။း))
ခင်မင်တဲ့
ဏီလင်းညို
လိုင်းကောင်းလို့ ပြန်လာမန့်တာ ပထမဆုံး မဖြစ်တော့ဘူး
ReplyDeleteနက်ဖြန် ဇာတ်သိမ်းလေး လာဖတ်မယ်နော် ကျေးဇူး
ဖတ်ကောင်းကောင်းနဲ့ဖတ်လာလိုက်တာ..နောက်မှ ကိုဏီရဲ့ tag post မှန်းသိတော့တယ် ..ခုနောက်ပိုင်း tag post တွေဖတ်လို့အရမ်းကောင်းလာပြီ
ReplyDeleteကိုကြီးကျောက်က tag post ဆိုရင် ရသလေးပါမှကြိုက်တာ အမေးဖြေပုံစံတွေရေးထားရင်မဖတ်ချင်ဘူး မယ်ချစ်ရဲ့
ဟူးးးးး ဆွေးသွားတယ်ဗျား)
ReplyDelete