Sunday, May 2, 2010

ဘာလီ ခရီးစဉ်-၉

ဒါမျိုးကို လမ်းမှာတွေ့တော့ ကားသမားက အဲဒါ ကြည့်ထားကြည့်ထား ဆိုလို့ ကျမမှာ လည်ပင်းလိမ်နေအောင် ပြန်လှည့်ကြည့်ရင်း သူပြောလာမဲ့ ဖွင့်ဆို ရှင်းလင်းချက်ကို စောင့်နားထောင်ရပါတယ်။


အဲဒါကို Bell Tower လို့ခေါ်တယ်။ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်တွင်း သတင်းဆက်သွယ် မှုအတွက် သုံးကြသတဲ့။ ဒီလိုလေ...အဲဒီအပေါ်မှာ သစ်သားစည်ကြီးရှိတယ်။ ရပ်ကွက်ထဲက လူကြီးပိုင်းအတွက် သတင်းဆို အသံထူထူ၊ လူငယ် လူလတ်ပိုင်းအတွက်ဆို အသံလွင်လွင်နဲ့ အချက်ပေးတယ်။ ပြီးမှ ရပ်ကွက် အရှေ့ပိုင်းက သတင်းဆို ဘယ်နှစ်ချက်၊ အနောက်ပိုင်းက သတင်းဆို ဘယ်နှစ်ချက် တီး၊ ပြီးပြန်တော့ သာရေးလား၊ နာရေးလား ခွဲခြားတဲ့ အသံ၊ ဥပမာ ကလေးမွေးတယ် ဆိုပါတော့ မိန်းကလေးဆို ဆယ်ချက်၊ ယောင်္ကျား လေးဆို ငါးချက် အဲသ လိုတီးတဲ့အခါ တရပ်ကွက်လုံး သတင်းပေးပြီးသား ဖြစ်သွားတော့တာ။ ဒီနည်းနဲ့ပဲ ရပ်ကွက်ထဲ သတင်းပြန့်နှံ့စေ တယ်။ သူ့အရပ် နဲ့ သူ့ဇာတ် ဟန်တွေကိုကျလို့...။ သူက ကြည့် ကြည့်ဆိုလို့ ကြည့်ရုံပဲ ဓါတ်ပုံ မရိုက်ထားလိုက်ရဘူး ပုံကို အင်တာနက်က ရှာတင် ပေးလိုက်ပါတယ်...

ပြန်မဲ့နေ့ ဟိုတယ်က မနက်စာ...ဒါ ကျမပန်းကန်...


ဝက်ပေါင်ခြောက် ဆိုတော့ ဘယ်သူ့ ပန်းကန်လည်း သိကြရောပေါ့....


ဟိုအနောက်က ဝါဝါကွေးကွေးလေးက သုံးရက်လ မှုတ်ဘူး...အဲဒါ ကြက်ဥ အောမလက်....:)
ပန်းရောင်လေးက စထရော်ဘယ်ရီ ဒိန်ချဉ်...


မပြန်ခင် တရက် ကားသမားလိုက်ပို့ပေးတဲ့ ကုန်တိုက်မှာ ပိုးပါတိတ် ပုဝါလေးတွေ အရမ်း လှတယ် ဈေးလည်းကြီးတယ်...


ပုဝါ နဲ့ လုံချည်စတွေ မဝယ်ဖြစ်ခဲ့ဘူး....ဒီမှာ သိတ်မဝတ်ဖြစ်တော့ ဘီရို နေရာယူတာပဲ အဖတ်တင်မှာ....


ပန်းပုရုပ်တွေ မသယ်နိုင်၊ မဝယ်နိုင်ဆိုတော့ သံယောဇဉ်ဖြတ်ပြီး အဝေးကပဲ လှမ်းရိုက် ခဲ့တယ်....အနားသွားရင် ဝယ်ချင်နေအုံးမှာ...


အိတ်ကလေးတွေ လှလို့ မနေနိုင် မထိုင်နိုင် တလုံး ဝယ်မိခဲ့သေးတယ်....


မသွားခင်ထဲက အရမ်း စိတ်ဝင်စားခဲ့ရတဲ့ Mount Batur မီးတောင်....သူ့အောက်ခြေက Batur Lake....


တကယ်ကံဆိုးပါတယ် တွေ့ချင်လွန်းလှပါတယ် ဆိုမှ မိုးတပေါက် နှစ်ပေါက် ရွာအပြီးမှာ မြူတွေ၊ တိမ်တွေ အုံ့ဆိုင်းလို့.... လမ်းပေါ်အတက် ကားပေါ်ကနေ လွင့်ကနဲ တွေ့လိုက်ရတဲ့ မီးတောင် မြင်ကွင်းကြောင့် " ဟာ လှလိုက်တာ " လို့ လွှတ်ကနဲ ပြောမိသေး တာ...။ စားသောက်ဆိုင်ရှေ့လည်း ဆင်းပြီးလို့ မီးတောင်ကြည့်ရမဲ့ နေရာလည်းရောက်ရော ဖွေးဖွေးဖြူနေတဲ့ မြူတွေ၊ တိမ်တွေ အပြန့် လိုက်ကြီး နဲ့ အဖြူရောင် နံရံ အိအိကြီး တချပ်ကို ကြည့်နေရသလို...


တကယ် ကြေကွဲသွားတယ်...ကျမတို့လိုပဲ မရှေးမနှောင်း ရောက်လာတဲ့သူတွေ အကုန် စိတ်ပျက်လက်ပျက်နဲ့ စောင့်စားကြရတော့တယ်...တကယ်....မြူတိမ် ကင်းစင်သွားမဲ့၊ မသေချာလှတဲ့ အချိန်ကို စောင့်ရင်း မီးတောင်ကြီးဘေးမှာ စားခဲ့ ကြရတာ...။ ပေါ်လာသမျှ ထိပ်ပိုင်း လေး၊ တောင်ခြေလေးတွေပဲ "ပေါ်လာပြီ ရိုက်ဟ ရိုက်ဟ" နဲ့ တခုတ်တရ စောင့်ရိုက်ကြရင်း နှစ်နာရီလောက် ကြာသွားတယ်။ ပုံမှန် တနာ ရီ ပဲ...ဒါပေမဲ့လည်း ဆက်မ စောင့်နိုင်တော့ပါဘူး သွားရမဲ့ ရှေ့ခရီးတွေက ရှိသေးတော့ အောင့်သက်သက်နဲ့ပဲ ပြန်လာခဲ့ကြရတယ်....နောက်တခေါက် ပေါ့ကွာ...ဟင်း...


အဲဒီ တောင်အောက်ခြေမှာ Lake View ဟိုတယ်ရှိတယ်။ မနက်အစောကြီး ၃နာရီလောက် ထ၊ တောင်ပေါ်တက်ကြပြီး ၅ခွဲလောက်မှာ နေအထွက်ကို တောင်ပေါ်က ကြည့်လေ့ ရှိကြသတဲ့၊ Mount Batur က မီးတောင်ရှင်ပါ ၊ ပင်လယ်ရေမျက်နှာပြင်ရဲ့ အထက် မီတာ ၁၅၀၀ လောက်မြင့် ပြီး ၁၉၁၇ နဲ့ ၁၉၂၆ တွေမှာ နှစ်ကြိမ်ပေါက်ခဲ့ဖူးပြီးသားပါ...။ မလှမ်းမကမ်းမှာ မီးတောင်သေ Mount Agung (ဘာလီမှာ အမြင့်ဆုံး) ကိုလည်း လှမ်းမြင်ရပါသေးတယ်....ကျမကတော့ ပုပ္ပါးတောင်ကြီးကိုတောင် လွမ်းမိသေးတယ်...:)


ဒါက မြူတိမ်တွေ ကြည့်ရင်း စားခဲ့ရတဲ့ နေ့လည်စာ၊ ပဲပင်ပေါက် ဟင်းချို ကျမတို့ချက်တာနဲ့ မတူဘူး...အရသာက ချို ပေါ့ပေါ့လေး...


ဒါလည်း တကယ့် ဒေသစာတွေပါ၊ ပဲသီးလက်တဆစ်တုံးပြီး အုန်းသီးခြစ်ထား တာနဲ့ ရောကြော်တာမျိုးလည်းပါရဲ့ မွှေးတေးတေး ချိုတိုတိုလေး...


ပထမတော့ လှတဲ့မီးတောင်ပုံတွေကို အင်တာနက်ကနေ ရှာပြီး ထည့်ဖို့လုပ်ထားပြီးသား...တမင် ဖျက်ပစ်လိုက်တာ...နောက်တခေါက် ထပ်သွားမယ်။ ပုံလှလှတွေ မရ ရအောင် ရိုက်တင်ပေးမယ်...ဒါပဲ...

သိတ်လှတဲ့ မီးတောင်ရှုခင်း ဗီဒီယိုကိုတော့ ဒီလင့်ခ်မှာကြည့်ဖြစ်အောင် ကြည့်သွားကြပါအုံး...တကယ်ကို လှလွန်းလို့....:)

22 comments:

  1. ပိုက်ဆံဘယ်လောက်ကုန်ခဲ့သလဲ။

    ReplyDelete
  2. ညီမရိုက်တဲ့မီးတောင်ကိုပိုသဘောကျတယ် မြုတွေ တိမ်တွေ ပိုလှတယ်။

    ReplyDelete
  3. ရှုခင်းတွေ ဂွတ်ပါ့
    ဝက်ပေါင်ခြောက်ကြီး လွေးချင်စရား)

    ReplyDelete
  4. ဒါဆို မီးတောင်ပုံကြည့်ဖို့ နောက်တစ်ခေါက် မကျေပွဲသွားရိုက်ပြီး ပြန်လာတဲ့အထိ စောင့်ရအုံးမှာပေါ့။

    ReplyDelete
  5. တောင်ပေါ်အစောကြီးတက်ပြီး ပါတ်ဝန်းကျင်ကို ကြည့်ရတဲ့ ခံစားချက်ကို သဘောကျတယ်။ ကိုယ့်ဘေးကနေ မြူတွေ တိမ်တွေ ဖြတ်သွားတာများ မြင်ရမလား တွေးပြီး စိတ်ကူးယဉ်စရာပါပဲ ..။

    ReplyDelete
  6. သားရေတွေ ယိုပြီးပြန်သွားရတယ်ဗျို့ .....

    ReplyDelete
  7. ဟင်းဟင်း . .လက်စွမ်းပြချင်စိတ်တွေ ပေါက်လာပြီနော်. .
    ဓါတ်ပုံတွေချည်းပဲနဲ့ ပြတိုက်တစ်ခု လုပ်ဦးမှပဲ . .

    ဝိတ်တွေ တတ်နေလို့ ဝိတ်ချနေပါတယ် ဆိုမှ ဘယ်ကို သွားသွား ချားစရာတွေချည်းပဲ တွေ့နေပါရောလား. .ဗိုက်ချာလာပီဂျာ.။

    ReplyDelete
  8. မမ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်က ၆၈၀၊ ပိုက်ဆံလဲသွားတာက စလုံး ၁၀၀၀ မှာ ၁၀၀ စွန်းစွန်းပိုတယ်၊ ဗီဇာက တယောက် စလုံး ၈၅ ကျတယ်။ ကျေးဇူးပါ မမရေ...:)

    မောင်ဘကြိုင်...ဦးဇင်း စိတ်လျှော့ပါဘုရား...:)

    ဒါပေါ့ ညီမဇွန်ရဲ့ စိတ်မနိုင်ရင်တော့ အင်တာနက်မှာသာ ကလစ်လိုက်....:)

    ဟုတ်သပေါ့ ကိုမြစ်ရေ...အဲသဟာကြောင့် ထပ်သွားချင်တာ...:)

    ဘလက်ကော်ဖီ ဟုတ်ပ ကျမ ဘလော့ဂ်ပေါ်မှာတောင် သွားရေတွေ ကျန်ခဲ့ပါ့...ဟ ဟ.... :)

    မောင်လေးဇော်...လုပ်လိုက်စမ်းပါ ဓါတ်ပုံပြတိုက် အားပေးတယ်....၊ ဝိတ်လျှော့မနေနဲ့ ချားမှာသာ ...အဲ စားမှာသာစား...:)

    ReplyDelete
  9. ဘာလီ ခရီးစဉ်တွေ ဖတ်လာတာ တော်တော်လေး ဗဟုသုတရ ရထားပြီမို့ ကိုယ်တိုင်သွားလည်လို့ ဒီအထဲက ပုံတွေ တွေ့ရင်တော့ မချစ်ကြည်အေးပို့စ်တွေကို သတိရနေမှာ သေချာတယ်။ ပိတ်စလေးတွေ ၀မ်းဆက်ချုပ်ဝတ်ရင် သိပ်လှမှာပဲ။

    ReplyDelete
  10. အစားအသောက်တွေထက် အိတ်လေးတွေကို ပိုသဘောကျတာ :P

    ဂျင်ဂျင်း

    ReplyDelete
  11. နောက်တစ်ခေါက်သွားချင်တိုင်း..
    လှတယ် မချစ်ကြည်ရေ ပုံတွေကြည့်ရတာ ပျော်စရာ

    ReplyDelete
  12. မချစ်ရယ်..
    ပုဝါလေးတစ်ခုလောက် ၀ယ်လာခဲ့ရမှာ..။
    မြသွေးက ပုဝါ ပျော့ပျော့အိအိလေးတွေဆို သိပ်သဘောကျတာ။
    ( ဟီး..ဘာမှလဲ မဆိုင်ဘူးနော် )
    ရှုခင်းပုံတွေက ဟာ့တ်ထိတယ်.. တကယ်။ အင်း ဘာလီ က ပြီးပြီဆိုတော့ လွမ်းမိသား။ နောက်တစ်နေရာ ထပ်သွားဦးဗျာ..။
    ခရီးသွားဆောင်းပါးတွေ သိပ်ကြိုက်လို့ပါ။

    ReplyDelete
  13. ပုဝါလေးတွေ လိုချင်စရာ...
    ဒီဘာလီပိုစ့်တွေကို ဖတ်မိတိုင်း ကိုကြီးကို ဘာလီလိုက်ပို့ပါလို့ ပြောနေတဲ့ အခွန်းပေါင်း မရေနိုင်တော့ဘူး...
    ရှင်ရေးနေတဲ့ ဘာလီပိုစ့်ရင်လဲ ပြီးမှ...
    ဒါမှမဟုတ် ကိုကြီးလဲ ဘာလီကို လိုက်ပို့ပါမှ ကိစ္စအေးမယ် ထင်တာပဲ...

    တိမ်တွေ မြူတွေပါတဲ့ ပုံလေးတွေကို အကြာကြီး ကြည့်သွားတယ်..း))

    ReplyDelete
  14. ချစ်ကြည်အေးရေ

    ညီမ ရဲ့ လှပတဲ့ ရိုက်ချက်လေး တွေကြောင့် ဘာလီ သွားချင်လို့ ကြောင်တောင်တောင် တောင် ဖြစ်သွားပေါ့

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  15. ဓာတ်ပုံတွေကောင်းပါတယ်... ရသလောက်ကို ဝေမျှပေးတာ ဘလော့ဂါစေတနာပေါ့နော်... အစားတွေလဲငမ်းသွားတယ်... အိတ်တွေ ပဝါတွေလဲ ငမ်းသွားတယ်...

    ReplyDelete
  16. ဖတ်သွားပြီ၊ မီးတောင်ရှုခင်းကတော်တော်လှပါတယ်၊ ဘေးကရှမ်းပြည်က သူငယ်ချင်းက တို့ရှမ်းတောင်တမ်းတွေက ပိုလှတယ်ဆိုတယ်၊
    မချစ်ကြည်ရိုက်ထားတဲ့ မီးတောင်ရှုခင်းပုံ တောင်ထိပ်၊ တိမ်တွေကြားမှာ ငှက်တစ်ကောင်ပါနေတယ်၊ ပါအောင်ရိုက်ထားတာ မိုက်တယ်။

    ReplyDelete
  17. ဗြဲ....တီတီ့ကိုထော်ဖူးးးးးးးးးးးးးးးးးးးးးးးးးးထော်ဖူးးးးးးးးး
    ဘာလီကိုတွားဒါ မက်မက်ကိုဒေါ့ ထော်တွားဖူးးးးးးးးးး
    ချိတ်ကောက်ဒယ်...ချိတ်ကောက်ဒယ်.....ရုံးဝ ထော်ဖူးးးးးးးးတွားးးးး

    အာဝါးးးးပေးဖူးးးးးးးးးးးးး...း(

    ချိတ်ကောက်ဒယ်.....

    ReplyDelete
  18. မငယ်ရေ ဝယ်ချင်တာ ကိုယ့်ဘာသာစိတ်ထိန်းခဲ့ရတာ....၊ ဘာလီသွားဖြစ်ရင် သတိရနေနော်...:)

    ဂျင်ဂျင်း အမလည်း ဒါ့ကြောင့်အိတ်ပဲ ဝယ်လာတယ်...:)

    ဟုတ်တယ် ဗစ်ရဲ့ ပြန်သွားချင်သေးတာ...ဓါတ်ပုံတွေလှ ဆို စေတနာ မက်မိုရီစတစ်နဲ့ ရိုက်ခဲ့တာလေ...:)

    မြသွေး နောက်တခါ သွားရင် ဝယ်ခဲ့မယ်...ဘာလီက နောက်တပိုင်းဆို ပြီးပါပြီ...:)

    အင်....သက်ဝေ ငါ့ဘာလီပိုစ့် ပြီးတော့မှာပါ ၊ နင်လည်း ဘာလီမသွားရ အောင် အမြန်ပြီးလိုက်ပါတော့မယ်ဟာ.....:)

    မမရွှေစင် မကြောင်ပါနဲ့အုံး စာတွေ ရေးပါအုံးလေ...:)

    ရိုစ့်ရေ...ကျေးဇူးတင်တယ်နော် ဒါပေါ့ စေတနာတွေပေါ့...ငမ်းသာငမ်း...ငမ်းသာငမ်း...:)

    ဟုတ်ပါ့ ကိုတည်ငြိမ်ရယ် အဲဒီငှက်က ပါလာသေးတယ်...ကိုယ်ကလည်း အမြန်ရိုက်ရတာကိုး ...ဟုတ်တာပေါ့ ရှမ်းတောင်တန်းကြီးတွေက ပိုလှမှာပါပဲ... :)

    မက်မက် ကလေးတွေက အဲဒီကို လိုက်ရဘူးလေ၊ တိတ်ဆန်ရုံ လိုက်ပို့ ပေးမယ်...မက်မက်...အဲ မျောက်မျောက်တွေ လိုက်ပြမယ်...နော် ငိုနဲ့ တိတ်...:)

    ReplyDelete
  19. မီးတောင်ကမီးတောင်မပေါက်သေးတဲ့အချိန်လားဟင်-
    မီးတောင်နီရဲနေတဲ့ ပေါက်ခါနီးအချိန်မျိုးရိုက်ရရင်ကောင်းမှာနော်-
    အဲဒါဆိုအန္တရယ်များမလားဘဲ-
    ထမင်းတွေကစားချင်စရာဗျာ-ဒါပေမဲ့ ဂျစ်တူးကအချိုတော့မကြိုက်ဘူးရယ်-
    နောက်တခေါက်သွားဖြစ်ရင် လည်ပင်းကိုပန်းတွေသီထားတဲ့ဆွဲကြိုးကုန်း
    ကလေးနဲ့ ပန်းတွေကိုကြိုးနဲ့သီပြီးခေါင်းမှာပန်ထားတဲ့ပုံမျိုးကလေးတွေ-
    ပါအောင်ရိုက်လာခဲ့ နော်-ဆရာကတော်ကိုယ်တိုင်မော်ဒယ်ပေါ့ဗျာ-

    ReplyDelete
  20. ဈေးချိုတာပဲ..Asia လာရင် ဘာလီကို ရောက်ဖူးအောင်သွားဦးမှ

    ReplyDelete
  21. How many days did you stay in Bali?

    ReplyDelete
  22. Anonymous>>>၃ညအိပ် ၄ရက်ခရီးပါရှင် :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...