Wednesday, May 26, 2010

ကျမ၊ အိမ်ကလူကြီး နှင့် ကမ္ဘာ့ဖလား ၂၀၁၀

ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး နီးလာပြန်ပါပြီ။ ၄နှစ်မှတခါ ကြည့်ရှုရသည့်​ပွဲ‌​ဖြစ်ရာ တကမ္ဘာလုံး လှုပ်လှုပ်ရွရွနှင့် ဘောပွဲ ရူးသွပ်သူများရော၊ ဘောသမားအား ရူးသွပ်သူများပါ ယခုကပင် ကြိုတင် စိတ်လှုပ်ရှားနှင့်နေကြပြီ။ ကျမ၏ စိတ်အစဉ် တို့သည် ပြီးခဲ့သော ကမ္ဘာ့ဖလား ဘောလုံးပွဲသို့ ပြန်လည် ရောက်ရှိသွားသော် တိတ်တိတ်လေး ကြိတ်၍ ပြုံးမိရချေ၏။ ​‌

ဥရောပ ဖလားပွဲဖြစ်စေ၊ ကမ္ဘာ့ဖလားပွဲဖြစ်စေ အခါများစွာတို့၌ ကျမအိမ်က လူကြီးသည် ချစ်မိတ်ဆွေ အပေါင်းအသင်းများအား အိမ်သို့ဖိတ်ခေါ်ကာ အတူတကွ အားပေးကြည့်ရှုလေ့ရှိလေသည်။ ကျမမှာလည်း အပေါင်းအသင်းမက်သူ ဖြစ်ရကား သူ့သူငယ်ချင်းများ အားလုံး နှင့်ရင်းနှီးကာ ဝိုင်းထဲဝင် အမြည်းစားနေကျပင်။ သူတို့က ဘောပွဲကြည့်၊ ကျမက ဘောသမား ကြည့်နှင့် အံကိုက်ပင်။

ထိုသို့ အားကစားစိတ်ဓါတ်အပြည့်နှင့် အားပေးခဲ့သော ကျမမှာ ထိုနှစ်တွင်မူ ကမ္ဘာ့ဖလား ပွဲချိန်နှင့် တိုက်ဆိုင်စွာ တရားရိပ်သာဝင်ရန် စာရင်းပေးပြီး ဖြစ်နေခဲ့လေသည်။ ဤတွင် လိုအပ်သည်များ၊ စိတ်ပူမိသည်များအား မဆုံးနိုင်သော မှာတမ်းများ ချွေထားခဲ့ကာ သံယောဇဉ် နှောင်ကြိုးကို ဒုံးကနဲ ဖြတ်၍ ၁၀ရက် စခန်းသို့ ဝင်ရောက်သွားခဲ့ပါသည်။

ရိပ်သာမှ ကျမ ပြန်လာသော် အိမ်ကလူကြီးကို စောင်ခြုံလေးထဲ ကွေးကွေးလေး အဖျားတက်ကာ ပူခြစ်နေသော ကိုယ်နှင့် တွေ့ရလေ၏။ ရုတ်တရက် စိတ်မ ကောင်းဖြစ်မိကာ သူ့နဖူးပေါ် လက်အသာတင်ရင်း ဖြစ်ပုံကို မေးမြန်းလေသည်။ ဇာတ်ရည်လည်သော် မိတ်ဆွေများက ညလယ်ချိန် ပြန်အိပ်သော်လည်း သူ့မှာ တပင်တိုင်မင်းသားကြီး လုပ်၍ မိုးအလင်း ကပြ အသုံးတော်ခံလေသည်ကို သိရလေ၏။ မနက်လင်းသော်မှ မနား၊ ရုံးသို့သာတန်း၍ သွားလေသည်ဟူလို...

ကျမမှာ မီးပုံပေါ်လည်း ယမ်းကျ၊ ယမ်းပုံပေါ်လည်း မီးကျကာ တဟုန်းဟုန်းထ လေရာ ၁၀ရက် ရိပ်သာဝင်ခဲ့သည့် ကုသိုလ်လေးမှာ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် ဘဲစားဘဲချေ ဖြစ်သွားလေတော့သည်။ လူကြီးရင့်မာကြီးဖြစ်လျက်နှင့် ကိုယ့်ကျန်းမာရေးကိုမှ မစောင့်ရှောက်နိုင် အောင် ဖြစ်စရာလား၊ မိန်းမ မရှိတာနဲ့ ဒီလောက် အအိပ်ပျက်ခံပြီး ဘောပွဲ ကြည့်ရသလားဟု တဖျစ်ဖျစ် မြည်တွန်လေ၏။

ဤမျှနှင့် မပြီးသေး၊ ကမ္ဘာ့ဖလားပွဲလွန်သော် နောင် ဘယ်ဘောပွဲမှ မကြည့်ရလေအောင် စတားဟပ် (Starhub)ကို ဖုန်းခေါ်ကာ ကေဗယ်တီဗီ (Cable TV)လိုင်းအား ဖြတ်ချခဲ့လေသည်။ ထိုအခါ အနှီအိမ်ကလူကြီးသည် မျက်နှာလေး ဇီးရွက်လောက်နှင့် သနားစဖွယ် ရှိရှာလေသည်။ စိတ်ထဲ၌မူ အမဇုံတောနက်မှ မိန်းမကြမ်းကြီးများ သူ့ရှေ့ရောက်နေရော့ လားဟု တွေးကောင်းတွေးနေပေလိမ့်မည်။ သူဘာကမှ မတတ်နိုင်ပါ။ အကြောင်းမူ ထိုကွန်ထရက်များ၊ ဖုန်းလိုင်းများသည် ကျမနာမည်နှင့် ဖြစ်သောကြောင့်တည်း။

ပြီးခဲ့သော ဥရောပဖလားပွဲများ ပြစဉ်ကမူ ညကြီးတရေးနိုးထ၍ အိမ်မှလမ်းလျောက်ကာ ဘောလုံးပွဲများပြသသော ၂၄နာရီ ဘီယာဆိုင်များသို့ နေပူမိုးရွာ မရှောင် သွားရောက် ကြည့်ရှုရှာလေ၏။ ဤသည်မှာ နူးညံ့လှသော ကျမ၏ နှလုံးသားအား ပြင်းထန်စွာ ကိုင်အလှုပ် ခံရသကဲ့သို့ ရှိခဲ့ချေ၏။ သူ့အား သနားလှပေစွ...။

ဒီနှစ်လည်း လာပြန်ပါပြီ။ စင်တယ် (Singtel) မှ မီယိုပလန် (MIO Plan) ရှိပြီး သူများအတွက် အထူးဈေးနှုန်း S$ ၇၀.၆၂ နှင့် ၆၄ပွဲ-တလစာ ပရိုမီုးရှင်း ပေး၍ ဆွဲဆောင်ပြန်လေသည်။ အိမ်ကလူကြီးသည် လွန်လေပြီးသော ကမ္ဘာ့ဖလားပွဲ က အဖြစ်ကို မေ့လေဟန်နှင့် ဘယ်လိုလဲဟု ဆိုလေ၏။ ကျမလည်း သူ့ သနားလှ၍ ကြည့်ပါစေတော့လေဟု မီးစိမ်းပြ လိုက်ရာ အမေလုပ်သူက ဖိုးလမင်းထံမှ ထမင်းဆီဆမ်း ရွှေလင်ဗန်းနှင့် တောင်းကျွေးသည်ကို စားရသော ကလေးငယ်ပမာ မျက်နှာကြီးဝင်းထိန်၍ သွားလေသည်။

ကျမ မရှိသောနှစ်ကမူ သူတယောက်တည်းဖျား၍ ယခုနှစ်တွင်ကား နှစ်ယောက် လုံးဖျားကြသော် မခက်ပေလော။ ကမ္ဘာ့ဖလားပွဲပြီးသည်မှ ၈လ-၉လခန့် ကြာသော် နိုင်ငံအနှံ့မှ မွေးဖွားနှုန်းကျဆင်းသော သတင်းတို့သည်လည်း ကြားရပေလိမ့်အုံးမည်။ ဘောပွဲကား အမျိုးသားတို့ အပေါ် ဤမျှ ဩဇာသက်ရောက်၍လော...အမျိုးသမီးထု ညံ့ဖျင်း၍လော...စဉ်းစားစရာပေ။

မည်သို့ပင်ဆိုစေ ဘောပွဲ ကြည့်ရှုအားပေးကြမည့် အရပ်ဆယ်မျက်နှာမှ ပုပုကွကွ နုနုရွရွ သူတော်ကောင်းအပေါင်းတို့သည် ကမ္ဘာ့ဖလားပွဲကာလအတွင်း ဖျားနာ ခြင်းမှ ကင်းဝေးကြပါစေ၊ အမ်စီ (ဆေးခွင့်)ယူလွန်း၍ ရုံးမှ မန်နေဂျာ၏ အထု အထောင်းမှ ကင်းလွတ်ကြပါစေ၊ လင်မယား ခိုက်ရန်ဖြစ်ပွားခြင်းမှ ကင်းရှင်းကြပါစေ ဟု ကျမ ဆုတောင်းမေတ္တာ ပို့သလိုက် ရပါသည်...။


25 comments:

  1. ရီရတယ်ဗျ၊ကောင်းတယ်၊ကျွန်တော်တော့ကြိုက်တယ်။
    ကျွန်တော်လည်း ဘောပွဲဝါသနာပါသဗျ။
    တော်ပြီ မိန်းမ အယူတော့ဘူး၊ဂေလန်းဘဲသွားတော့မယ်၊ဘောပွဲကြည့်ဖို့
    ကြောတာနော်။တစ်မျိုးမထင်ကြပါနဲ့ဗျို။

    ReplyDelete
  2. yaynawe@sindecafe.comWed May 26, 10:39:00 PM GMT+8

    အမရေ..အိမ်ကလူကြီးသနားပါတယ်ဗျာ..။ဤသည်မှာ နူးညံ့လှသော ကျမ၏ နှလုံးသားအား ပြင်းထန်စွာ ကိုင်အလှုပ် ခံရသကဲ့သို့ ရှိခဲ့ချေ၏။ ဟားဟားဟား...တော်တော်တတ်နိုင် တဲ့ အမပဲနော်..

    ReplyDelete
  3. အိမ်ကလူကြီး ဆိုတော့ လမ်းကလူငယ်များ ရှိနေမလား။
    ( ဤကား လင်မယားရန်ဖြစ်အောင် ကြပ်နည်း အမျိုး ၆၀ မှ ၃၁ မျိုးမြောက်ဖြစ်သည်။ )

    ဘောသမားကိုကြည့်တာလား ၊ ဘောလုံးသမားကို ကြည့်တာလား သေချာ ရှင်းရှင်းလင်းလင်း သိလိုလှပါသည်။ ဒေါ်ချစ်ကြည်အေး နာမည်နဲ့ နာမည်ပေါက် တစ်ခုရောက်လာပါတယ် အဟီး စက်တော့ စက်ပဲတဲ့ . . .“ xxx စက် ” တဲ့။
    ကန့်ကွက်ပါတယ် အမေဇုံတောနက်ထဲမှ လူရိုင်းမဟုတ်ပါ။ အာဖရိကတောနက်ထဲကပါ . .သူက ပိုပြီး အသားမည်းပါဒယ်။

    နိဂုံးချုပ်. . တနားလိုက်တာ အကိုရာ ၊ အကို့ဘဝကလည်းနော်။ အမက သူပါ ရောဖျားမှာ စိုးလို့ စိတ်ပူနေတာ. . ဟိုတယ်သွားအိပ်လိုက်ပါလား :P
    ( ဤကား ချောက်တွန်းခြင်း စာအုပ် စာမျက်နှာ ၁၇ မှ ဖြစ်သည်။ )

    ** မှတ်ထား. . ဒါဒီနေ့ အသက်ကြီးတဲ့ ပုံက ပိုကြည့်ကောင်းတယ် ပြောသွားလို့ . . ဟွန့် **

    ReplyDelete
  4. “ချစ်မိတ်ဆွေ .........အားပေးကြည့်ရှုလေ့ ရှိလေသည်။ ကျမမှာလည်း ......... ဝိုင်းထဲဝင် အမြည်းစားနေကျပင်။” အားပေးကြည့်ရှုတာနဲ့ အမြည်းစားတာနဲ့ ဆက်စက်လို့မရဘူးဖြစ်သွားတယ်။ :) မအိပ်ပဲနေရုံလောက်နဲ့ကတော့ မဖျားဘူးဗျ။ တခုခုတော့ တခုခုပဲ။ မဟုတ်မှလွဲရော မှန်နေပြီထင်တယ်။ မိန်းမကလဲ တရားစခန်းရောက်နေတာဆိုတော့လေ...အင်း....

    ReplyDelete
  5. ချစ်ကြည်အေး ရေ

    အဲလောက် မနိုင်ပါနဲ့ လေ သူ့ခမျာ အားနွဲ့သူလေး ပါ သနားစရာ

    ချစ်ခင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. ဘောပွဲအလွန်တရာ နှစ်ခြိုက်သော်လည်း Starhub, Singtel အမြတ်ကြီးစားများ အသုံးမကျမှုကြောင့် ၂၀၁၀ အရင်နှစ်တွေကထက် ၇ဆ လောက်ပိုပေးရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပွဲကြီးကို မကြည့်တော့ပါ။ အကြောင်းညီညွတ်ရင်တော့ နှောင်နှစ်များတွင်မှ အတိုးချကြည့်ပါတော့မည်။

    ဒီနှစ် ကမ္ဘာ့ဖလားအပြီး ကျန်းမာချမ်းသာကြည့်ပါစေသောဝ်။ :D

    ReplyDelete
  7. မီးစိမ်းပြလေမှ...ဘောပွဲကြည့်ရရှာလေသူတဦး၏ဒုက္ခ....
    စုတ်တသတ်သတ်ဖြင့်....သနားသွားလေ၏

    ReplyDelete
  8. လာအုံးမယ်၊ ကြုံရအုံးမယ်။ သူတို့ အားပေးတဲ့ အသင်းရှုံးသွားရင် လောကကြီးမှာ နေရတာ အဓိပ္ပါယ်ပဲ မရှိတော့သလိုလို ကိုယ့်ဘေးထားပြီး မျက်နှာမကောင်း ဖြစ်နေတာတွေ ကြားက ငထွားခါးနာ သူတို့ကို ပြန်သနားရအုံးမယ်။
    ပုံ
    အတွေ့အကြုံရင့်ကျက်သူ တဦး

    ReplyDelete
  9. အမချစ်
    ဒီနှစ်တော့ ရိပ်သာမ၀င်ဘဲ အမြည်းစားပြီး ဘောသမားကြည့်ပြန်အုံးမှာပေါ့လေ အနာလိုဘူးဗျာ.....
    ၂၀၁၀ မှာ စိတ်နဲ့ကိုယ် ညစ်အုံးမယ် ဘောသမားမကြည့်ရဘဲ ဘူသမားများကြည့်ရမည်ဖြစ်သောကြောင့်ပါ......ဘောဘော ဘူဘူ ..နေသာသလိုနေရပါမည်။

    ခင်တဲ့
    seesein

    ReplyDelete
  10. ဘ၀တူပါလေ။
    ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး ဖြတ်ထားတဲ့ ကေဘယ်လ်ကို ပြန်မှာလိုက်လေပြီ။ ကျောင်းပိတ်ရက်မို့ ကျန်းမာရေးမထိခိုက်ရင် ရှီိစေတော့။ တစ်လကို တစ်ရာပေးရမှာတော့ နှမြောလှတယ်။ စကားမစပ်..အမေရိကန်ဘောလုံးသမားတစ်ယောက် အလှပြဓါတ်ပုံရိုက်ထားတာ..အန်တီချမ်းဘန်နာအတိုင်းပဲ။
    mm

    ReplyDelete
  11. မိသားစုအားလုံးတက်ညီလက်ညီကြည့်ခဲ့ကြတဲ့ အချိန်ကိုသတိရသွားပြီ....၁နာရီခွဲလာမဲ့ပွဲကို လွတ်သွားမှာစိုးလို့ တစ်ယောက်ကမအိပ်ဘဲစောင့်ရင်း ညလယ်စာစားဖို့တစ်ခုခုချက်ပြုတ် ၊ ပြီးတော့ ဘောလုံးပွဲကို ကိုယ်ကြိုက်တဲ့အသင်းကနေ အားပေး... ၁မိသားစုထဲအဖွဲ့နှစ်ဖွဲ့ကွဲပြီးတော့ မအိပ်မနေကြည့်ခဲ့တာ... လောင်းကြေးက မနက် မုန့်ဟင်းခါးဝယ်ကျွေးကြေးတဲ့...အခုတော့....ဝေးးးးးးးး....... :(

    ReplyDelete
  12. ဒါမျိုးကတော့ မောင်မိုးတို့နဲ့ကွာပ....မဒမ်မိုးကို ဟေ့ ဒီနှစ် ရာသီဖလားပွဲ။ ကမ္ဘာ့ဖလားပွဲတွေအတွက် ငါ့စိတ်ကြိုက်စီမံမယ်လို့ဆိုလိုက်တာနဲ့ ပြီးပြီ။ ဒါမျိုးတော့ လာမကြောနဲ့...တေတွားမယ်။ ( မြှောက်ပေးခြင်းမဟုတ်ပါ။ သွေးထိုးလှုံ့ဆော်ခြင်းလည်းမဟုတ်ပါ။ ဟီးး)

    ReplyDelete
  13. (ထိုအခါ အနှီ အိမ်ကလူကြီးသည် မျက်နှာလေး ဇီးရွက်လောက်နှင့် သနား စဖွယ် ရှိရှာလေသည်။ စိတ်ထဲ၌မူ အမဇုံတောနက်မှ မိန်းမကြမ်းကြီးများ သူ့ရှေ့ရောက်နေရော့ လားဟု တွေးကောင်းတွေးနေပေ လိမ့်မည်။).....

    (ကျမလည်း သူ့ သနားလှ၍ ကြည့်ပါစေတော့လေဟု မီးစိမ်းပြလိုက်ရာ အမေလုပ်သူက ဖိုးလမင်း ထံမှ ထမင်း ဆီဆမ်း ရွှေလင်ဗန်းနှင့် တောင်းကျွေးသည်ကို စားရသော ကလေးငယ်ပမာ မျက်နှာကြီးဝင်းထိန်၍ သွားလေသည်။)......

    ထိုမျက်နှာ နှစ်ခုကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်ကြည့်သွားပါသည်။ :)))

    ReplyDelete
  14. "..........
    ကျမလည်း သူ့ သနားလှ၍ ကြည့်ပါစေတော့လေဟု မီးစိမ်းပြလိုက်ရာ အမေလုပ်သူက ဖိုးလမင်း ထံမှ ထမင်း ဆီဆမ်း ရွှေလင်ဗန်းနှင့် တောင်းကျွေးသည်ကို စားရသော ကလေးငယ်ပမာ မျက်နှာကြီးဝင်းထိန်၍ သွားလေသည်။
    ...................."

    ;-)
    အစ်မချစ်ကြည်ရေ... အိတ် စာပိုဒ်ကို ဖတ်လိုက်ရတော့...
    အောင်မင်း... တူချက်လို့ပဲ အသံထွက် အော်မိမတတ်...
    ခစ်ခစ်...
း-)

    ReplyDelete
  15. ဟွန်းး ခုမှပဲ ရတော့တယ် ကွန်မန့်က...။
    “ကမ္ဘာ့ဖလားပွဲပြီးသည် မှ ၈လ-၉လခန့် ကြာသော် နိုင်ငံအနှံ့မှ မွေးဖွားနှုန်းကျဆင်းသော သတင်းတို့သည်လည်း ကြားရ ပေလိမ့်အုံးမည်။”
    အဲဒီစာသားလေး သဘောကျမိတယ်...တွေးဆပြီးရေးနိုင်ပါ့ ငါ့အမချစ်ကတော့...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  16. :D ...စာအရေးအသားပီပြင်လိုက်တာ မမရယ်။

    ReplyDelete
  17. မတရားဘူးထင်တယ် ကိုယ်ကတော့ blogs ကို ညလည်ထိရေးဖတ်နေပြီး၊ ၄ နှစ်မှ တစ်ကြိမ်ကို၊ ပေးမကြည့်ရင်။
    စကားမစပ်
    စတားဟပ် (Starhub)ကို ဖုန်းခေါ်ကာ ကေဗယ်တီဗီ (Cable TV)လိုင်းအား ဖြတ်ချခဲ့ လေသည်။ မရဘူးလေ Box ပါပြန်ပေးရမှာလေ၊
    MIO Plan က ဖုန်းကကြည့်လဲရတယ်၊

    ReplyDelete
  18. ကမ္ဘာ့ဖလား ရင်ခုန်သူများထဲမှာ ကျွန်တော်တို့လည်း ပါတယ် အစ်မရေ။ ဒီနှစ်တော့ အာဖရိကမှာဆိုတော့ ညနက်မှ ကြည့်ရတော့မယ်။ အိပ်ရေးပျက် အလုပ်ပျက် အစားပျက် ဘလော့အိမ်လည်ပါ ပျက်ကောင်းပျက်သွားနိင်သေးတယ်။

    ReplyDelete
  19. အဟမ်း...
    အမျိုးသမီးထုက ဘောလုံးပွဲလောက် စိတ်ဝင်စားစရာမကောင်းလို့ပဲ
    ဖြစ်ရမယ်.. :)

    ReplyDelete
  20. မချစ်ရေ...
    မြသွေးကတော့ ဘောလုံးပွဲကြည့်ချိန်မှာ စာတွေ နောက်ကြောင်းအေးအေး ရေးခွင့်လို့ရလို့.. ဟီး.. ကြည့်သာကြည့်..လို့.. မျက်ခြေမပြတ်စေနဲ့..လို့ စေတနာ ဗလပွနဲ့ပြောထားတယ်။

    ReplyDelete
  21. အမကြီးခင်ဗျာ
    ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ပက်သက်၍ ခန့်မှန်းပေးဖို့ အမကြီးနှင့် အမကြီး အမျိုးသား ရိုသေစွာ ဖိတ်ခေါ်ပါသည် ..
    http://pyustate.com/2010/05/tag.html

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  22. အောက်ဆုံးမှာ သူငယ်ချင်း တောင်းပေးထားတဲ့
    ဆုတွေနဲ့ ပြည့်ပါစေ... ခွိ ခွိ...း))

    ReplyDelete
  23. ၂၀၀၆တုန်းက အီတလီပွဲမှန်သမျှ မလွတ်တမ်း အိပ်ရေးပျက်ခံပြီး အားပေးခဲ့တာ မရေ။ ဇွန့်မှာလည်း world cup ပိုးရှိတယ်။
    ရေးချက်က ချစ်စရာကောင်းထှား)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...