ကျွန်မရဲ့အကျင့်ကိုက ဟိုစပ်စပ် ဒီစပ်စပ်ရယ်...။ ဟိုဟာလည်း တပိုင်း၊ ဒီဟာလည်း တစနဲ့ ထားခဲ့တတ်တဲ့ အကျင့်။ မေ့ကုန်ကြပြီ ထင်ပါရဲ့ ကျွန်မရေးလက်စ ရွာပြန်ခရီးစဉ်ကလေး အကြောင်း...။ ကဲ ပြန်စကြပါစိုရဲ့... စစ်ကိုင်းကို ပြန်သွားကြရအောင်ပါ။ မနက်ပိုင်းတုန်းက စစ်ကိုင်း မျက်မမြင်ကလေးများကျောင်းကို သွားခဲ့ကြတယ်လေ။ နေ့လည်မတော့ ကျွန်မတို့အားလုံး ဆာလောင်နေခဲ့ကြပြီ။ ကားသမားနဲ့ ကျွန်မ အကိုတော်ရဲ့ ရီကော်မန်ဒေးရှင်းဖြစ်တဲ့ "သိတ်စားကောင်းတယ်" ဆိုတဲ့ စားသောက်ဆိုင်တဆိုင်ကို လှည့်ရှာကြတယ်။ ဒီနားမှာပဲ ဒီနားမှာပဲ ဆိုပေမဲ့ လည်ထွက်နေပြီး ဆိုင်က ရှာမတွေ့နိုင်ဘူး။ တွေ့တော့လည်း ဆိုင်က ပိတ်ထားပြန်ရော။ မတတ်နိုင်တော့ဘူး နောက်ဆုံး "မဆိုးပါဘူး စားပျော်ပါတယ်" ဆိုတဲ့ ဆိုင်တဆိုင်ကိုပဲ ဦးတည်ခဲ့ကြတော့တယ်။
ဆိုင်နာမည်က သူဇာတဲ့။ အေးဆေးပဲ စားမဲ့သူလာမှ ထ ချက်တဲ့ဆိုင်...။ အရွက်တွေတောင် အခင်းထဲက ခုခူး ခုကြော်တယ် ထင်ရတယ်။ လတ်ဆတ်တာပေါ့။ အနည်းငယ် စောင့်ရပေမဲ့ ဗိုက်ဆာနေကြတာမို့ တကမ္ဘာလောက်ကြာတယ် ထင်ခဲ့ကြတာ။ စားမဲ့လူ များတာနဲ့ ဟင်းတမျိုးကို ၂ပွဲစီမှာကြတယ်။ ဟင်းပွဲတွေ ရောက်လာမှ မျက်လုံးပြူးကြရတာ။ တပွဲ တပွဲကို နဲတာ မဟုတ်ဘူး။ အရမ်းဆာနေကြပေမဲ့ သေချာတယ်။ ဘယ်လိုမှ မကုန်နိုင်ဘူး။ တတ်နိုင်ပါဘူး ကုန်သလောက်ပဲ စားကြတာပေါ့။
တချို့ပုံတွေ မရိုက်လိုက်မိဘူး။ ကြက်ဥလိတ် စပါယ်ရှယ် ဆိုတာ မှာသေးတယ်။ နောက် မမှတ်မိတော့ဘူး။
အစားအသောက်တွေက ထင်ထားတာထက် စားကောင်းပြီး ဈေးလည်း ချိုပါတယ်။ ငွေရှင်းတော့ ၄သောင်းတောင် မပြည့်ဘူးလို့ မှတ်မိပါတယ်။
အချိုတည်းဖို့ မလိုင်ထိုးမုန့် အရမ်းမိုက်တယ် အီစိမ့်နေအောင် စားကောင်းတယ် (အလှူရှင်က အမရွှေဇင်ဦးပါ :)
စားအပြီးမှာ စစ်ကိုင်း ကောင်းမှုတော်ကို သွားခဲ့ကြတယ်။ စစ်ကိုင်း ကောင်းမှုတော်ပိုစ့်ကို ကျွန်မ ရေးခဲ့ပြီးပါပြီ။ စစ်ကိုင်း ကောင်းမှုတော်ဘုရား ရင်ပြင်ပေါ်မှာ ရိုက်ခဲ့တဲ့ ပုံလေးတချို့ တင်လိုက်ပါတယ်...
ပြောပြရဦးမယ်။ နေ့လည်စာတွေက ထင်ထားတဲ့အတိုင်း မကုန်နိုင်ကြဘူး။ တဝက်လောက်နီးနီး ကျန်နေတာနဲ့ "ထုတ်သွားကြရအောင် လမ်းမှာ ဆာတော့ စားကြတာပေါ့"လို့ အချင်းချင်း တိုင်ပင်ပြော ပြောကြပါသေးရဲ့။ ထိုးမုန့်လေးစားရင်း ရေနွေးကြမ်းသောက်၊ စကားစမြည် ပြောကြတုန်းမှာပဲ အသံခပ်ယဲ့ယဲ့လေး နှစ်သံ နားထဲကြားမိတာနဲ့ အသံလာရာ လှမ်းကြည့်မိတယ်။ အဘွားအို နှစ်ယောက်၊ လက်ထဲမှာ ခြင်းတောင်း ခပ်စုတ်စုတ် ဟောင်းဟောင်းလေးတွေ ကိုယ်စီနဲ့။ ကျွန်မ အမျိုးသားက အသာလေးထသွားပြီး မေးတော့မှ "သူတို့ ထမင်း မစားရသေးတာမို့ ထမင်းကျန် ဟင်းကျန်လေးများ ရှိသေးရင် ပေးပါ" လို့ ဆိုသတဲ့။ ဒါနဲ့ပဲ ကျွန်မတို့ ထုတ်သွားမယ် ရည်ရွယ်ထားတာတွေ အကုန် ထုတ်ပေးလိုက်တယ်။ ဆုတွေ တောင်းပေးသွားလိုက်ကြတာမှ အရှည်ကြီးပါပဲ။ ကျွန်မတို့လည်း ပီတိဖြစ်ကြရတယ်။
ပီတိဖြစ်နေရင်းက တွေးမိတဲ့ အတွေးလေး ပြောပြချင်သေးတယ်။ အခု လှူလိုက်တဲ့ အစားအသောက်တွေက စားမကုန်တော့အောင် ပိုနေလို့ လှူခဲ့တာ။ တကယ်လို့များ ဗိုက်တွေကလည်း အရမ်းဆာနေပြီ၊ ကျွန်မတို့ မစားရသေးခင် အဘွားအိုတွေ ရောက်လာခဲ့မယ်။ ဟင်းပွဲတွေကလည်း ထပ်မှာလို့ မရနိုင်တော့ဘူး...ဆိုခဲ့ရင်။ လှူနိုင်ပါ့မလား...ကျွန်မတို့ မစားဘဲ လှူနိုင်ပါဦးမလား...။
သတိထားမိတာက ကျွန်မတို့တတွေအားလုံး ပိုမှ လှူကြတယ်။ ကိုယ့်အတွက် ပြည့်ဝမှ ကျန်တဲ့သူအတွက် စဉ်းစားတတ်ကြတယ်။ ဒါ လူ့သဘာဝပဲလေ...ရှိမှ လှူနိုင်မှာပေါ့လို့ ဆင်ခြေပေးနိုင်ပါတယ်။
မြတ်စွာဘုရား အလောင်းတော်ဖြစ်စဉ် ဘဝ ဘဝပေါင်းများစွာမှာ လှူဒါန်းခဲ့တဲ့ အသွေး အသားတွေ၊ မျက်လုံးလိုချင်သူအတွက် မျက်လုံးတော်တွေ လှူခဲ့တာ နည်းမှ မနည်းပါဘဲကလား။ ဒါ ပိုနေလို့ လှူတာ မဟုတ်ဘူးနော်။ ဒါ့ကြောင့်လည်း ဘုရားဖြစ်ခဲ့တာ၊ လူတိုင်း မလုပ်နိုင်၊ မတတ်နိုင်တဲ့ စွန့်ခြင်းကြီးတွေနဲ့ သတ္တဝါတွေအတွက် ပေးဆပ်တော် မူခဲ့တာ။ တွေးရင်းနဲ့ ကျွန်မ ကြက်သီးတွေတောင် ထခဲ့ရတယ်။ ကြည်ညိုစရာ ကောင်းလွန်းလို့ပါ။ ဘုရားမဖြစ်ခင် အလောင်းတော် ဘဝမှာကိုပဲ ကြည်ညိုစရာကောင်းလွန်းတာမို့ ဘုရားရဲ့ ဂုဏ်တော်တွေ ပွားရင်း စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချမိခဲ့တော့တာ။
အဲဒီကနေ ဆွမ်းဦးပုညရှင်ဘုရားကို ဆက်ခဲ့ကြတယ်...
အကြွေးတင် ခံပြီး လှုလို့ကလဲ မကောင်းဘူးလေ မယ်ချစ်ရယ်၊:P
ReplyDelete(အမည်မဖေါ်လိုသူ အမ တဦး)
ကောင်းမှုတော် ရင်ပြင်မှာ သနပ်ခါးတုံးတွေ၊ အိုးပုတ်၊ ချိုးရုပ်တွေက ဟိုး.. အရင်က အတိုင်းပဲ၊ ဘာမှ မပြောင်းလဲဘူး၊ ပုညရှင်ကို ဆက်စောင့်နေမယ်..။
ReplyDeleteပုဂံကနေ ပုပ်ပါးကိုသွားတဲ့ လမ်းခုလပ်မှာ ထန်းတဲကြီးနဲ့ ထမင်းဆိုင် ၁ဆိုင်၇ှိတယ်းးဟင်းတွေကို မှာတော့မှ ဆိုင်နောက်ကအခင်းထဲနေခူးပြီးချက်ပေးတာ အချိုတည်းဖို့ ထန်းညှက်ဖြူနဲ့ ပဲခြမ်း ကောင်းလွန်းလို့ တောင်းဝယ်းးမေ၇ာင်းဘူးတဲ့ အလာကားပေးတာတဲ့ ယူသွားတဲ့ မြန်မာတွေ၇ဲ စေတနာကို တွေ့ ၇တော့ ကြည်းနူမိပါတယ်
ReplyDeleteနောက်တစ်ခေါက်သွားမှ ပေါင်းရေးပါတော့လား....လို့....:)))
ReplyDeleteအိုးပုတ်လေးတွေက ချစ်စရာ...၊ကလေးဘဝကိုတောင်သတိရမိ...။
လွမ်းသွားဘီ...အစ်မရာ....။
တချို့က ပိုနေတာတောင် မလှူရက်ကြဘူးလေ။ ပိုလို့ပဲလှူလှူ။ ရှိတာကိုပဲလှူလှူ လှူဖြစ်လို့ သာဓုပါဗျာ။
ReplyDeleteI have never been to those places, shame on me!!!! The food looks yummy and သာဓုသာဓုသာဓု for donating them, MaMa C.
ReplyDeleteMon Petit Avatar
စစ်ကိုင်းကိုလွမ်းတယ် ချစ်ချစ်ရယ် ...အလှူဆိုတာ ပိုလို့လှူတာထက် ရှိတာထဲက ဖဲ့လှူတာမှ စိတ်စေတနာစစ်ဖြစ်တယ်လို့ ညီမလေးတော့ ခံယူထားတယ် ..။
ReplyDeleteP.S / ဒီခေါက်စစ်ကိုင်းသွားရင်အကြောင်းကြားပါး))
သနပ်ခါးတုံးတွေ လိုချင်လိုက်တာတော် အစ်မချစ်က ညီမအတွက် တစ်တုံးဝယ်လာတာ မဟုတ်ဘူး အိုးပုတ်ချိုးရုပ်တွေလည်း ကြိုက်တယ် မတွေ့တာကြာပြီ
ReplyDeleteအစ်မသွားတဲ့ ခရီးက ပျော်စရာကြီး။ ဒီလိုမှန်းသိ လိုက်ခဲ့ပါတယ်( ခေါ်မှ မခေါ်တာ )း)
အမည်မဖော်လိုသူ အမကြီး...ကြွေးတင်ခံပြီး လှူဖို့ မဟုတ်ပါဘူး အမရယ်၊ ကိုယ့်အတွက်ထဲက ဖဲ့လှူတတ်ဖို့ ပြောချင်တာပါ...:)
ReplyDeleteကိုညီလင်းသစ်>> ဟုတ်တယ် ရင်ပြင်တော်ပေါ်က ဆိုင်တန်းလေးတွေကတော့ အရင်အတိုင်းပါပဲ...ပြောင်းလဲသွားတာက အင်းးး:)
m m>> ဟုတ်တယ် အချိုပွဲ ကျွေးတဲ့ မြန်မာ ထမင်းဆိုင်လေးတွေရဲ့ ထုံးစံ သိတ်ချစ်ဖို့ကောင်းတယ်...:)
မောင်ညိမ်းနိုင်>> အေ့လေ နောက်တခါ ပေါင်းရေးဖို့ စဉ်းစားမယ် အမလည်း အိုးပုတ်ချိုးရုပ် ဝယ်ခဲ့ချင်တာ မဝယ်ခဲ့ရဘူး...
ဟုတ်ပါ့ ကလူသစ်ရယ် ပိုနေပေမဲ့ မပေးလှူတတ်ကြတာ ဝမ်းနည်းစရာ...
ညီမMPA>> တနေ့နေ့ပေါ့ ညီမရယ် အမလည်း မြန်မာပြည်အနှံ့ ရောက်ဖူးအောင် သွားဖို့ ရည်ရွယ်ထားပါတယ်...မြစ်တွေဆီ တောင်တန်းကြီးတွေဆီ ဘုရားပုထိုးတွေဆီကိုပေါ့...:)
ဟုတ်တာပေါ့ ညီမစုလတ်ရယ် ပိုလို့ လှူတာထက် ရှိတဲ့ထဲက ဖဲ့လှူဖို့က ပိုခက်တယ်လေ၊ အင်းးး လှူတဲ့အချိန်မှာ စိတ်ထားတတ်ဖို့ကလည်း အရေးကြီးတာပါပဲ...ဖဲ့လှူပြီးမှ နှမျောနေပြန်ရင်လည်း မဟုတ်သေးဘူးလေ...
ရွှေချော...အံမယ် ခေါ်လည်း သူက လိုက်မှာကျနေတာပဲ၊ ခရီးကတော့ ပျော်စရာပါပဲ ကုသိုလ်တွေလည်း လုပ်ဖြစ်၊ ဗဟုသုတတွေလည်းရ၊ ဓါတ်ပုံတွေလည်းရိုက်ခဲ့နဲ့ ပင်ပန်းရကြိုးနပ်တဲ့ ခရီးပါပဲ...:)
အမချစ်
ReplyDeleteစစ်ကိုင်းတောင် တခေါက်သွားချင်ပြန်ပြီဗျို့
ခင်မင်တဲ့
seesein
ကောင်းမှုတော်ဘုရားဖူးရတာ စိတ်ထဲ ကြည်နူးလိုက်တာ... အခွင့်ရှိရင် ထပ်တောင်သွားချင်တယ်..း))))
ReplyDeleteခင်မင်လျက်
နေ၀ဿန်
စစ်ကိုင်းကောင်းမှုတော်ကနေ ငြုပ်ဆုံ ၀ယ်ပြီး၊ ဒီအထိ သယ်လာတာပါ။
ReplyDeleteတလောလေးကမှ လွှတ်ပစ်လိုက်ရလို့
လွမ်းသွားပြီကွယ်း)
အကြည်ကတော့ မြန်မာပြည်အနှံ့ အစုံရောက်ခဲ့တာပဲ။ အားကျပါ၏။ ဒီမှာ အမျိုးတွေရှိတာတောင် စစ်ကိုင်းဖက် မရောက်ခဲ့ဘူး။ နောက်တစ်ခေါက် အကြာကြီးပြန်ရင် စစ်ကိုင်းဖက်သွားမယ်စိတ်ကူးတယ်။ ဆွမ်းဦးပုညရှင် ဆက်ဦးနော်။
ReplyDeleteကောင်းမူတော်မှာ ကြိမ်ထည်၊ ငွေထည် တွေလည်းရှိတယ်နော်။
ReplyDeleteနောက်မယား အင်း ဟီးဟီး
နောက်ကျောကုပ်တံ တစ်ချောင်လောက်တော့ လိုခြင်သား။
ပုံတွေက ကြည့်လို့ လှတယ်။
အစီစဉ်ထဲပါပေမယ့် သွားရမယ့်နေရာက များတာနဲ့  မသွားဖြစ်ခဲ့ဘူး။
အဲဒီ အိုးပုတ်၊ ချိုးရုပ်ဆိုင် ကလေးတွေနဲ့ သနပ်ခါးဆိုင်ကလေးတွေ ရှိတဲ့ ဈေးဆိုင်တန်း ကလေး က ဘယ်တော့ ကြည့်ကြည့် မပြောင်းလဲ ဘူးနော်။
ReplyDeleteအော်.. အစ်မချစ်ရယ် လှူ တယ်ဆိုကတည်း မွန်မြတ်နေပါပြီ။ မန်းလေးကို ရောက်ရင် အစ်မရွှေစင် ဆီကိုဝင် မယ်လို့ စိတ်ကူးထားတာ။ အခု တော့ သေချာ ပေါက်ဝင် တွေ့ဖြစ်အောင်တွေ့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပြီ။ :)
ကောင်းမှုတော်ဘုရားရောက်ရင် အဲဒီသနပ်ခါးဆိုင်က ကျောက်ပျဉ်ကြီးကြီးနဲ့ သနပ်ခါးအမြဲလိမ်းခဲ့တယ်....။ အရမ်းကိုမွှေးပြီးအေးနေရော...။
ReplyDeleteအစားမက်တဲ့သူပီပီ..အစားတွေမြင်တော့လဲသရေကျတယ်..
ReplyDeleteကျေးလက်ဒေသကိုချစ်တဲ့သူပီပီ..
အဲလိုနေရာတွေသွားချင်သေးတယ်..
ကျေးဇူးပါမမရေ..ဖတ်ခွင့်ရခဲ့တဲ့အတွက်ပါ..
မရေ... စာကြွေးတွေ လာရှင်းတယ်။ ဆက်ပါဦး ဆွမ်းဦးပုညရှင်ခရီးကို။ ဇွန်ငယ်ငယ်လေးကတည်းက သိပ်စိတ်ဝင်စားတာ။
ReplyDeleteဟိုအပေါ်က မမသီတာ ငြုပ်ဆုံကြီး ပစ်လိုက်ရတယ်ဆိုလို့ နှမြောလိုက်တာ... ဇွန်တို့ကို ပေးလိုက်ရင်ပြီးရော...း(
Hi Kyi,
ReplyDelete"Pan- Wha" Myanmar restaurant was famous and we used to go there whenever we got Sagaing. But it was long, long ago when we attended at the Mandalay University
စားနိုင်သူတွေမို့ စားကြပါ ၀ါးကြပါ ...
ReplyDeleteအင်းညီမ
ReplyDeleteစားချင်စရာလေး တွေ တခါစားဘူးတယ်ထင်တယ် ကောင်းပါတယ် ညီမ ရေ တွေးစရာလေး တွေ တွေးသွားတယ်နော်
ညီမ စစ>>အတူသွားကြရအောင်လေ...:)
ReplyDeleteနေဝဿန်>>ထပ်သွားပါ အမြန်သွားပါ အရောင်မပြောင်းခင် မီလိုမီငြား အပြေးသွားလိုက်ပါ:)
လွမ်းလောက်တာပေါ့ ငြုတ်ဆုံရယ် အဲ သီတာ...ရယ်:P
ဆွိ>>စုံသေးပါဘူး ဆွိရဲ့ တောင်ဖျား မြောက်ဖျား အများကြီးကျန်ပါသေး ဟော ခု အော်ဇီတောင် လာချင်သေးတာ:)
စော>>နာက်တခါ သွားဖြစ်ရင် စောအတွက် နောက်မယားလေး အပါ ခေါ်ခဲ့မယ် နော်
ကိုသောမတ်စ်>>ပြောင်းတာတွေလည်းရှိ၊ ပြောင်းတာတွေလဲရှိပေါ့..အမဇင် တော့ ခေါင်းဆင်နင်းတယ် အိပ်မက်လောက်ပြီ...:)
မိုး>> မလူးခဲ့ရဘူးအေ...နောက်တခါမှ ပဲ....:)
ချစ်ခြင်းအလင်္ကာ>>စားပါ သွားပါ ကြည့်ပါ ဖတ်လည်း လာဖတ်ပါရှင် ကျေးဇူးပါနော်...:)
ဇွန်>> ကျေးဇူး ညီမလေး...အဲဒါပဲ ဒီကလည်း နှမျောတာ....
မို>>ဆိုင်နာမည်က ပန်းဝါလားဟင်...ကြုံဦးမှာပါ နောက်တခေါက်ပေါ့... ရှိခဲ့သေးရင်ပေါ့...
လာလည်တဲ့အတွက် ကျေးဇူးပါနော်...:)
ကိုအောင်>> နာမလိုသံကြီးနဲ့...ဟဟဟ :P
အမဇင်>>စားဖူးမှာပါ...နောက်တခေါက် အတူသွားမယ်လေ အမ...:))