Sunday, May 12, 2019

Touch Pool

ဘလော့ဂ်ဂါတွေစုပေါင်းရေးသားထားကြတဲ့ Feeling-92စာအုပ်ထဲမှာ ကျွန်မရေးဖြစ်ခဲ့တဲ့ စာမူပါ။ စာအသစ်မတင်နိုင်သေးခင်မှာ ဖတ်ကြည့်ကြပါဦးရှင့်....
Touch Pool
=========


လူတန်းရှည်ကြီးထဲမှာ ဒီလောက်အကြာကြီးတန်းစီလာခဲ့ပြီး လက်ကလေးမှ ရေမစိုလိုက်ရဘဲ ပြန်ထွက်သွားခဲ့သူ ကျွန်မတယောက်ပဲ ရှိမယ်ထင်ပါရဲ့။ ငါးကန်နောက်က တာဝန်ရှိတဲ့ကလေးမလေးတွေရဲ့ ဘယ်လိုပါလိမ့်ဆိုတဲ့အကြည့်ကို ပြုံးရုံကလေးသာ ပြုံးပြလိုက်နိုင်တယ်။
တကယ်လို့များ အဲဒီအဖြစ်အပျက်သာ ကျွန်မရှေ့မှာ မဖြစ်ခဲ့ရင်….၊
ကျွန်မဟာ မသိခြင်းတွေနဲ့အေးဆေးသက်သာနေမယ့် လူအုပ်ကြီးထဲက လူတယောက်ပဲ ဖြစ်ကောင်းဖြစ်မယ်ထင်ပါရဲ့။ 
(၁)
ကြယ်ငါးတွေ အသက်ရှူကြသလား…
ငါးပြတိုက်ကြီးထဲကို ပထမဦးဆုံးအကြိမ်လာလည်ဖြစ်ခဲ့တုန်းက Touch Poolထဲက ကြယ်ငါးတွေကို အဝေးကလှမ်းအမြင်မှာ ကျွန်မတွေးမိခဲ့ဖူးတာ။
ထပ်တွေးနေမိပြန်တယ်၊ ကြယ်ငါးတွေ အသက်ရှူကြရဲ့လား…၊ ကြယ်ငါးတွေ ခံစားတတ်ကြသလား….။ ပကတိငြိမ်သက်လွန်းတော့ အမြင်မှာ သက်မဲ့အရုပ်တရုပ်လိုပဲ။
အဲဒီတုန်းကပေါ့။ ခဏကလေးရယ်…၊ Touch Poolဆိုတဲ့ ဆိုင်းဘုတ်နဲ့ သူ့ဘေးနားက ငါးကန်ရှည်မျောမျောနံဘေးကိုရောက်ဖို့ လူတန်းရှည်ကြီးရဲ့အနောက်မှာ စိတ်လက်ရှည်ရှည် စီတန်းခဲ့ရသမျှ တကယ့်တကယ်အနားလည်းရောက်ရော ဖျတ်ကနဲထိရုံသာ လက်နဲ့ထိကြည့်အပြီး ခြေထောက်တွေကဖြင့် ရှေ့ကို ဆက်လျှောက်ပေးရတယ်။ ကျွန်မအနောက်က လူတန်းရှည်ကြီးကို အလှည့်ပေးဖို့ ကျွန်မက ရှေ့ဆက်လျှောက်ပေးခဲ့ရတယ်လေ။ 
ခဏကလေးပဲ၊ ကျွန်မလက်တဘက်ကို ရေထဲနှစ်လို့ ထိကြည့်လိုက်ရချိန်ကလေး၊ အဲဒီခဏကလေးကို ကျွန်မ ရင်ခုန်ခဲ့ရတယ်။ နောက်တနေ့ရောက်တော့ ကြယ်ငါးတွေကို ကျွန်မ မေ့သွားခဲ့တယ် ထင်တာပါပဲ။ 
(၁.၁)
Touch Poolလို့ခေါ်တဲ့ ငါးကန်ရှည်မျောမျောထဲမှာ အပေါ်ဘက်ကို တဖွားဖွားလွင့်နေတဲ့ ကျောက်ခက်စိမ်းစိမ်းတွေ၊ ကျောက်စိုင်တန်းတွေအပြင် ငါးရောင်စုံသေးသေးကလေးတွေလည်း ရှိရဲ့၊ သူတို့ကိုတော့ ထိဖို့ မလွယ်လှဘူး၊ သူတို့က သိပ်လှစ်တာပဲ၊ ဟို ဒီကူးခတ်နေကြလို့….။
Touch Poolထဲက ကျောက်စိုင်တန်းတွေပေါ်မှာ ကြယ်တွေကြွေကျနေကြသလို၊ ဒါပေမယ့် ပကတိအငြိမ်အသက် အချပ်လိုက်ကပ်နေတဲ့ ကြယ်ငါးတွေကို လေး ငါး ခြောက်ကောင်လောက် ခပ်ကြဲကြဲတွေ့လိုက်ရတယ်။ တချို့ကြယ်ငါးတွေက လက်လှမ်းလို့ မမီနိုင်တဲ့နေရာမှာ၊ လက်လှမ်းမီနိုင်တာဆိုလို့ အကြီးနှစ်ကောင်ရယ်၊ အလတ်စားနှစ်ကောင်ရယ်…၊ ဒါပဲ။ 
ကြယ်ငါးတွေဆိုပေမယ့်လည်း အသွေးအရောင်၊ ပုံစံ၊ အရွယ်အစားတွေက တကောင်နဲ့တကောင် မတူကြပြန်ဘူး။ မျိုးစိတ်နာမည်တွေ ကွဲပြားကြသလို အလေ့အထတွေလည်း ကွဲပြားကြတယ်။
ကြယ်ငါးအများစုမှာ လက်ချောင်းတွေလို့ဆိုနိုင်တဲ့ ဘေးပတ်ပတ်လည်ကိုဖြာထွက်နေတဲ့ လက်တံ ငါးချောင်းတိတိ ရှိတယ်။ အတိအကျဆိုရရင် ညာဘက်မှာ နှစ်ချောင်း၊ ဘယ်ဘက်မှာ နှစ်ချောင်းနဲ့ ရှေ့တည့်တည့်ဆီမှာ တချောင်းပေါ့။ တချို့ကြယ်ငါးအမျိုးအစားတွေမှာတော့ ငါးချောင်းထက်ပိုတဲ့လက်တံတွေ ရှိကြတယ်။ လက်တံပေါင်းလေးဆယ်ကျော်တဲ့ ကြယ်ငါးတောင်မှ ရှိသေးတယ်။ အလယ်ဗဟိုစက်ဝိုင်းကတော့ ကိုယ်ထည်ပေါ့၊ အဲဒီကိုယ်ထည်အောက် တည့်တည့်မှာ ပါးစပ်ရှိတယ်လို့ဆိုကြတယ်။
ကြယ်ငါးတွေမှာ နှလုံးသား မရှိကြဘူး…၊ ပြီးတော့ ဦးနှောက်လည်း မရှိကြဘူး၊
မျက်စိလည်း မရှိကြပေမယ့် တချို့ကြယ်ငါးတွေဟာ သူတို့လက်တံကတဆင့် အလင်းကို ခံစားနိုင်စွမ်းရှိကြတယ်။ ဒါဆိုရင်ဖြင့် ထိခွင့်ရှိရင်တောင် ကြယ်ငါးတွေရဲ့လက်တံကို မထိတာက ပိုကောင်းမလားဟင်….။
ကြယ်ငါးတွေမှာ နှလုံးသားမရှိကြဘူးတဲ့၊ ဆိုတော့ ကြယ်ငါးတွေဟာ မချစ်တတ်ကြဘူးလား။ ကြယ်ငါးတွေဟာ ပျမ်းမျှအားဖြင့် အသက် (၂)နှစ်မှာ အရွယ်ရောက်ကြပြီ၊ မျိုးပွားနိုင်ကြပြီလို့ ဆိုတယ်။ ကြယ်ငါးကလေးတွေကို ကြယ်ငါးမေမေနဲ့ ကြယ်ငါးဖေဖေက မွေးဖွားလိုက်တယ်ဆိုတာထက် ပြန်လည်ထုတ်လုပ်မှု (reproduce) လုပ်တယ်လို့ သုံးကြတယ်။
ကြယ်ငါးတွေမျိုးပွားပုံကဖြင့် တကယ်အံ့သြစရာ၊ မျိုးစိတ်တခုနဲ့တခု မျိုးပွားပုံချင်းလည်း မတူကြပြန်ဘူးတဲ့။ ကြယ်ငါးတွေရဲ့မျိုးပွားအင်္ဂါဟာ ပုံမှန်အခြေအနေမှာ သိသာထင်ရှားခြင်းမရှိဘဲ ဥချတော့မယ်ဆိုတဲ့အချိန်ကျမှသာ အထီး အမ လိင်ကွဲပြားသွားကြတယ်။ လက်တံတွေချင်း ယှက်လို့ဖြစ်စေ၊ တကောင်စီက ကိုယ်တခြမ်းစီပေါင်းပြီး နောက်တကောင် အသစ်ဖြစ်လာတာမျိုးဖြစ်စေ၊ အမမျိုးဥနဲ့ အထီးသုတ်သွေးဟာ ရေထဲမှာ ပေါင်းဆုံကြပြီးတော့ဖြစ်စေ မျိုးပွားလေ့ရှိကြတယ်။ မထူးဆန်းဘူးလား…။
ထောင်နဲ့ချီရှိတဲ့ကြယ်ငါးမျိုးကွဲတွေထဲမှာ ပျမ်းမျှသက်တမ်းအားဖြင့် (၃၅)နှစ်ကြာတဲ့အထိ အသက်ရှင်နေနိုင်ကြတဲ့ ကြယ်ငါးတွေတောင်မှ ရှိကြသတဲ့။
လူတန်းရှည်ကြီးထဲ အလိုက်သင့်တန်းစီ ရွေ့လျားလိုက်ပါနေရင်း ကြယ်ငါးတွေအကြောင်း အင်တာနက်ထဲမှာ ရှာဖွေဖတ်နေလိုက်မိတယ်။ ရှေ့မှာ သိပ်မလိုတော့ဘူး။
ကျွန်မအလှည့်ရောက်တဲ့အခါ ကြယ်ငါးတကောင်ရဲ့ ဘယ်နေရာကို ထိကြည့်လိုက်ရင် ကောင်းမလဲဟင်….။ အရင်အခေါက်တွေတုန်းကရော ကြယ်ငါးတွေရဲ့ဘယ်နေရာကိုများ ကျွန်မ ထိကြည့်မိခဲ့တာပါလိမ့်။ မေ့ပြီ၊ ကျွန်မ တကယ်ကို မေ့သွားခဲ့ပြီ၊ ထိပြီးတော့လည်း လွယ်လွယ်မေ့ထားပစ်ခဲ့လိုက်တာပါပဲ…။
(၁.၂)
ကျွန်မအတွက် ငါးပြတိုက်ကြီးထဲမှာ ကြယ်ငါးတွေရှိတဲ့ Touch Pool ပြီးရင် ဒုတိယစိတ်အဝင်စားဆုံးက သမုဒ္ဒရာဟင်းလင်းပြင် (Open Ocean)လို့ နာမည်ပေးထားတဲ့ ဧရာမငါးကြည့်ကန်ကြီးပဲ။ သူ့အခန်းက အမှောင်များတဲ့အခန်း၊ လျှောက်လမ်းသွယ်တပြေးလုံး အမှောင်များများ အနက်ရင့်ရင့်အဆုံးမှာမှ ကြည်လဲ့လင်းဖွေးနေတဲ့ငါးကြည့်ကန်ဟာ ကူးခတ်လှုပ်ရှားသက်ဝင်နေကာ….၊ အကြည့်တွေအားလုံးရဲ့ လားရာဖြစ်တယ်။
သူ့အခန်းထဲဝင်လိုက်တာနဲ့ ဟာကနဲ ကြေနပ်ပျော်ရွှင်သွားစေတယ်။ မျက်နှာတွေတောင် ပြုံးမြလာလို့ရယ်။ ဒီလောက်ကြီးမားတဲ့ မှန်ဘီလူးပါ မှန်ချပ်အကြီးကြီး တဆက်တည်းရဖို့ဆိုတာ ဘယ်လောက်များ ခက်ခဲလိုက်မလဲ၊ ဘယ်လောက်များ တန်ဘိုးကြီးလိမ့်မလဲ။ အဲဒီအထဲမှာ အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်။
ငါးအကြီးကြီးတွေရဲ့တကောင်ချင်း တလူးလူးတလွင့်လွင့် ကူးခတ်သွားလာနေပုံ၊ ငါးသေးသေးကလေးတွေရဲ့ အုပ်စုလိုက် ဝေါကနဲ ကူးခတ်ဖြတ်ပြေးသွားပုံတွေဟာ ဧရာမမှန်ဘီလူးချပ်ကြီးရဲ့ ဘယ်ကနေ ညာ၊ ညာကနေ ဘယ် လူးလာခေါက်တုံ…၊ သိပ်ကြည့်လို့ကောင်းတာပဲ။ သမုဒ္ဒရာဟင်းလင်းပြင်ထဲ ကျွန်မ စိတ်ရောကိုယ်ပါနစ်မြုတ်လို့ မကြည်လင်သမျှအရာရာကို မေ့လျော့လို့နေနိုင်တော့တယ်။
သမုဒ္ဒရာဟင်းလင်းပြင်ပြီးရင် ကျွန်မအာရုံကို တတိယဖမ်းစားနိုင်ဆုံးက Jellyfishလို့ခေါ်တဲ့ ဂျယ်လီငါးတွေပဲ။ ရေထဲမှာကူးခတ်နေပုံကိုက လူးလူးလွန့်လွန့်ကူးခတ်နေကြတာမျိုးမဟုတ်ဘဲ အထက်အောက် တဖွားဖွားတဆစ်ဆစ် လဲ့ဖြာမျောရွေ့နေကြပုံမျိုး…။ သိပ်လှတာပဲ၊ သိပ်လွတ်လပ်မှာပဲ၊ အနှောင်အတွယ်မဲ့ တလွင့်လွင့်ပေါ့ပါးနေပုံဟာ ကျွန်မစိတ်နှလုံးကို ကူးလူးချိတ်ဆက်တယ်။ ဂျယ်လီငါးတွေလို ကျွန်မ မျောလွင့်နေချင်တယ်….၊ ဦးတည်ရာမဲ့လေ။
အဲဒီသုံးနေရာမှာ ကျွန်မစိတ်အဝင်စားဆုံးကတော့ အခု ကျွန်မတန်းစီနေတဲ့ Touch Poolပဲပေါ့။ Touch Poolထဲမှာ လူအများစု ထိကိုင်ကြည့်လို့ရတဲ့ Starfish-ကြယ်ငါးတွေရှိတယ်။ ကြယ်ငါးတွေကို ကျွန်မစိတ်ဝင်စားရတာက သူတို့ဟာ ဟိတ်ဟန်ကြီးတယ်၊ ဘာကိုမှထီမထင်ဟန် အေးစက်ငြိမ်သက်တယ်။ နောက် သူတို့မှာ နှလုံးသားမရှိတာ၊ အချစ်မရှိတာ၊ ကျောက်ရုပ်ကျောက်သားဆန်တာ….၊ ကျွန်မ နှစ်သက်ရလွန်းတယ်။ သူတို့မှာ ဦးနှောက်မရှိကြတာကလွဲလို့ပေါ့။ ဦးနှောက်မရှိတော့ တွေးဆချင့်ချိန်နေဖို့ မလိုတော့ပြန်ဘူးပေါ့၊ ဒါလည်း တမျိုးတော့အေးတာပဲလို့ နှစ်သက်ချင်မိပြန်တယ်။ ဦးနှောက်မရှိတော့ တိုးတက်ရာတိုးတက်ကြောင်းလည်း မရှိဘူးပေါ့၊ ကြယ်ငါးတွေက တိုးတက်ဖို့လိုလို့လား၊ အင်း…ဦးနှောက်ရှိတိုင်းရော တိုးတက်စည်ပင်ကြလို့လား။ ဘာပဲဖြစ်ဖြစ် ကြယ်ငါးတွေကို နှစ်သက်တာကတော့ လျော့မသွားဘူး။ ချစ်လျင်အကျိုးလို့ ဆိုတယ်ဟုတ်လား။
Starfish Storyလို့ အင်တာနက်မှာ ရှာလိုက်ရင်ပဲ ကြယ်ငါးတွေအကြောင်း ကျလာလိုက်တာ အများကြီး။ ကျွန်မတို့ ကြားဖူးနေကျအပြင် နည်းနည်းလေးတွေစီကွဲပြားသွားတဲ့ ဆင်တူမူကွဲ ကြယ်ငါးကောက်သူများအကြောင်းတွေပေါ့။ Loren Eiseleyရဲ့ “I made the difference for that one” ဆိုတဲ့စကားနဲ့ အဆုံးသတ်ထားတဲ့ ကြယ်ငါးကောက်သူအကြောင်းလေ။ လူသားဆန်မှုပြယုဂ်အနေနဲ့ လူတိုင်းရင်ကို ထိခတ်စေခဲ့တဲ့စာပေါ့။ ဖတ်ဖူးကြမှာပါ။
လူတန်းကြီးဟာ စည်းသားထားတဲ့ကြိုးလမ်းကြောင်းအတိုင်း တရွေ့ရွေ့ရှေ့တိုးနေကြတယ်။ ကျွန်မရှေ့မှာ လူ သိပ်မကျန်တော့ဘူး၊ မကြာခင် ကျွန်မအလှည့်ရောက်လာတော့မှာ…။
ရေထဲကိုနှစ်ပြီး ထိလိုက်မယ့်လက်ဟာ သံထည်တွေနဲ့လုပ်ထားတဲ့ အဆင်တန်ဆာတွေ ဝတ်ဆင်ထားခြင်း မရှိရဘူး၊ လက်စွပ်၊ လက်ကောက်၊ နာရီ ဘာမှဝတ်ဆင်မထားတဲ့ လက်ဗလာနှင့်သာ ထိကိုင်ပါရန်၊ အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ မည်သည့်အရာမဆို ကန်ထဲပြုတ်မကျစေဖို့ သတိကြီးစွာထားပါရန်လည်း ရေးသားထားတယ်။ ပြီးတော့ ရေထဲက သူတို့တွေကို ညင်ညင်သာသာထိတွေ့မှုပြုကြဖို့၊ အဲသလို သတိပေးစာတွေ ရေးကပ်ထားတယ်။
စာတန်းတွေကို တခုချင်းစီ အခေါက်ခေါက်ဖတ်ပြီး ရင်တခုန်ခုန်နဲ့၊ ဘယ်တကောင်ကိုများ၊ ဘယ်နေရာကိုများ ထိကြည့်လိုက်ရရင်ကောင်းမလဲ စဉ်းစားတယ်။ ဒီတကြိမ်ဆိုရင်ဖြင့် ငါးပြတိုက်ကို ကျွန်မ အလည်ရောက်တာ လေးကြိမ်ထက်မနည်းရှိခဲ့ပြီ။ ကြယ်ငါးတွေကို ထိကြည့်ခဲ့ဖူးတာလည်း လေးကြိမ်ထက်မနည်းပေါ့။ ဒါနဲ့တောင် ကြယ်ငါးတွေကိုထိဖို့ရာ ကျွန်မအတွက် ရင်ခုန်စွာ ထူးဆန်းနေတုန်း၊ ဆွဲဆောင်နိုင်နေတုန်း။
နောက်ဆုံးတော့ ရှည်မျောမျောကန်ရဲ့အဆုံးနားက အကြီးဆုံးကောင်ကို ထိကြည့်မယ်လို့ တွေးထားလိုက်တယ်။
ကျွန်မရှေ့မှာ ဆယ့်နှစ်နှစ်သားအရွယ် ကောင်ကလေးတယောက်သာရှိတော့တယ်။ ကောင်ကလေးက ညာဘက်လက်မှာ နာရီပတ်ထားတာမို့ ဘယ်ဘက်လက်နဲ့ ထိဖို့ပြင်တယ်။ ကြည့်ရတာ ဘယ်လက်နဲ့ အကျင့်မရှိတာလား၊ ဘယ်နေရာကို ထိကြည့်ရမယ် မသိတာလား၊ ကိုင်ကြည့်ရမှာ ကြောက်တဲ့ပုံတော့လည်း မတွေ့ရပါဘူး။ သူက သူ့ဘယ်ဘက်လက်ကို ရေထဲ စွပ်ကနဲနှစ်ပြီး ကြယ်ငါးရဲ့ အလယ်ဗဟိုစက်ဝိုင်းပုံ ကိုယ်ထည်နေရာကို ထိလိုက်တယ်။ လက်ဆ မတတ်လို့ထင်ပါရဲ့၊ ခပ်သာသာလေးထိရမယ့်အစား အရှိန်လွန်ပြီး ခပ်ဖိဖိထိကိုင်လိုက်မိပုံပါပဲ။ ငါးကန်နောက်က တာဝန်ရှိသူမိန်းကလေးရဲ့မျက်နှာမှာ အရောင်လေးတမျိုး ဖြတ်ပြေးသွားတာ တွေ့လိုက်ရတယ်။
Excuse me !
ကျွန်မအလှည့်ရောက်ကာမှ တာဝန်ရှိသူမိန်းကလေးက လက်ပြတားလိုက်တယ်။ ပြီးတော့ ခုနကကောင်ကလေး ခပ်ဖိဖိထိကိုင်သွားတဲ့ကြယ်ငါးကို လက်ဖဝါးထဲ ခပ်သာသာကလေး ထည့်ကိုင်ပြီး နေရာရွှေ့လိုက်တယ်။ ဘယ်သူမှ လက်လှမ်းမမီနိုင်မယ့် အနောက်တနေရာမှာ နေရာရွှေ့ထားလိုက်တာ။ သူ့နေရာမှာ ဟိုးအနောက်က ကြယ်ငါးခပ်လတ်လတ်တကောင်ကို ပြန်ချပေးတယ်။ နေရာချင်း လဲလိုက်တာပေါ့။
ကျွန်မစိတ်ထဲမှာ လက်ကနဲ အတွေးတချက်လင်းသွားတယ်။ တချို့ကြယ်ငါးတွေကို လက်လှမ်းမမီနိုင်တဲ့နေရာမှာ ထားထားခြင်းဟာ အလှည့်ကျလဲလှယ် အထိခံကြရဖို့များလား ဆိုတာပါပဲ။
ကြယ်ငါးတွေရဲ့အထိခံနိုင်စွမ်းမှာ အတိုင်းအတာ အကန့်အသတ်တခုရှိနေတာလား…။
ကြယ်ငါးတွေ နာကျင်တတ်သလား၊ ကြယ်ငါးတွေ ခံစားတတ်ကြသလား….
ကျွန်မ ဘာလို့များ မတွေးမိခဲ့ပါလိမ့်။ ကြယ်ငါးတွေဟာ အေးစက်ငြိမ်သက်ပေမယ့် ကျောက်ရုပ်မှ မဟုတ်တာ…။ အသက်မဲ့တဲ့ ကြေးရုပ်ကြီးတွေတောင် ထိကိုင်ခံရပါများတော့ ပဲ့ရွဲ့ချိုင့်ခွက်ဝင်သွားတတ်ကြသေးတာ…
ကြယ်ငါးတွေက အသံမဲ့သက်ရှိတွေ၊ သူတို့ကို ကျွန်မတို့ မကြားနိုင်ကြဘူးလား…..။
အိုခေ ရပြီတဲ့…။ တာဝန်ရှိတဲ့မိန်းကလေးက ပြောတယ်။
ဟင့်အင်း…။
ကျွန်မလက်ကို ရေတစက်မှ မထိလိုက်ဘဲ တန်းစီနေတဲ့လူတန်းကြီးထဲက ထွက်လာခဲ့လိုက်တယ်။
(၁.၃)
Touch Poolကအထွက် လမ်းသွယ်ကျဉ်းကျဉ်းကလေးဟာ မှောင်လဲ့လဲ့ကလေးသာ လင်းတာ။ လမ်းသွယ်ကလေးထဲ နံရံတဘက်ကိုမီပြီး ထိုင်ချလိုက်မိတယ်။
ကျွန်မလက်နဲ့ထိပြီးတဲ့အခါ….
ကျွန်မနောက်က လူတယောက်လက်နဲ့ထိ…
နောက်ထပ်အနောက်က လူတယောက်လက်နဲ့ထိ…
နောက်ထပ်အနောက်က လူတယောက်လက်နဲ့…ထပ်ထိ…။ ထပ် ထိ…။ အထိခံလိုက်ရတိုင်းမှာ ကြယ်ငါးတွေ မနာကြဘူးလား၊ တယောက်လည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ်တဲ့၊ လက်အချိန်အဆတွေ မတူကြတဲ့… လူတန်းရှည်ကြီးလေ။ 
လူတွေကရော ဘာကြောင့် ထိကြည့်နေကြတာလဲ…။
ထိလို့ရလို့… ထိခွင့်ရှိလို့….
ထိကြည့်ဖို့ အခွင့်အရေးလွယ်လွယ်ရလို့….။
တော်ကြပါတော့၊ ကြယ်ငါးတွေကို မထိကြပါနဲ့တော့၊ ထိပါများလာတဲ့အခါ သူတို့ နာကျင်တတ်ကြမှာ…။ သူတို့မှာလည်း သူတို့စိတ်နဲ့ သူတို့ကိုယ်နဲ့…သူတို့ခံစားတတ်ကြတယ်။
ကျွန်မကိုယ်တိုင်ဟာ ကြယ်ငါးတကောင်…
ကြယ်ငါးတကောင်ဟာ ကျွန်မကိုယ်တိုင်ဖြစ်သွားတဲ့ အခိုက်အတန့်…။
ကျွန်မတို့အတွက်ရော လက်တွေရဲ့အတွေ့တွေနဲ့ ထိခံရဖို့မဆိုပါနဲ့ဦး၊ လူတွေရဲ့မျက်ဝန်းတွေနဲ့ စေ့စေ့ကြည့်ခံရတာများလာရင်တောင် မနှစ်သက်နိုင်စရာဟုတ်လား။ 
တန်းစီနေစဉ်ဖတ်မိတဲ့အထဲ ကြယ်ငါးတချို့မှာ အဆိပ်ရှိတဲ့အကြောင်း ဖတ်လိုက်ရသေးတာ။ တချို့သောကြယ်ငါးတွေရဲ့ လက်တံပေါ်က ဆူးချွန်ကလေးတွေမှာ အဆိပ်ရည်ရှိကြတယ်။ တချို့သောကြယ်ငါးတွေမှာတော့ အဆိပ်ရည် မရှိကြဘူး။ Touch Poolထဲက ကြယ်ငါးတွေကတော့ အဆိပ်မဲ့ကြယ်ငါးတွေပဲပေါ့။ အဆိပ်မရှိလို့သာ အထိခံကြရတာ၊ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့၊ မာနမဲ့တဲ့၊ ထိသမျှငြိမ်ခံနေကြရမယ့် ကြယ်ငါးတွေရယ်လေ။ ကြယ်ငါးတွေဟာ ကြယ်ငါးဆန်ပြီး ကျွန်မတို့လူသားတွေက လူသားမှဆန်ကြရဲ့လား။
လွယ်လွယ်ထိကြည့်ခွင့်ရလို့ အပျော်သက်သက်ထိတွေ့ချင်သူဟာ သူ့ဆန္ဒပြည့်ပြီဆိုရုံ၊ ကျေနပ်စွာ ထွက်ခွာသွားရုံပါပဲ။ သူ ကျောခိုင်းလိုက်တာနဲ့ အထိခံနာကျင်ရသူ ဘယ်လိုကျန်နေရစ်ခဲ့မယ်ဆိုတာ…၊ ဘယ်တော့မှ စာနာတွေးကြည့်နေလိမ့်မယ် မဟုတ်ဘူး။ သိပ်သေချာတာပေါ့…။
ငါးပြတိုက်ကြီးဆီကို နောက်တကြိမ်လာဖြစ်ခဲ့ရင် သမုဒ္ဒရာဟင်းလင်းပြင်ရယ်၊ ဂျယ်လီငါးတွေဆီရယ်ကို အလည်သွားမယ်။ ကြယ်ငါးတွေကိုထိကြည့်ဖို့ Touch Poolကို ကျွန်မ ဘယ်တော့မှ သွားဖြစ်မှာ မဟုတ်တော့ဘူး။
(၁.၄)
ကြယ်ငါးတွေ ခံစားနာကျင်တတ်သလား…..။
အဲဒီမေးခွန်းရဲ့အဖြေကို ကျွန်မ မသိချင်တော့ဘူး။
တခါတရံ ဘဝမှာ မသိခြင်း(အမှောင်)ကြောင့် လူကို အေးဆေးသက်သာစေပြီး၊ သိခြင်း(အလင်း)တွေကြောင့် လှုပ်ခတ်နာကျင် ခံစားရတတ်တယ်။ သိခြင်းရဲ့ လင်းချင်းမှုအမှန်တရားဟာ ခါတရံမှာ ခါးသက်လွန်းလှရဲ့…။
သိခြင်းကြောင့် ခြေလှမ်းတွေကို နာနာကျင်ကျင် နောက်ဆုတ်လိုက်သူရယ်…
မသိခြင်းကြောင့် လူအုပ်ကြီးထဲမှာ အေးအေးသက်သာတန်းစီနေဦးမယ့် လူသားဆန်သူတွေရယ်…
ကြယ်ငါးဆန်စွာ အထိခံကြရမယ့် အဆိပ်မဲ့သူတွေရယ်။
ဘာကိုမှ ကျွန်မ မသိချင်တာ့ဘူး။
အေးအေးလူလူပဲ၊ ကိုယ်ချင်းစာတရားဆိုတဲ့ စာအုပ်တအုပ် ဖွင့်ဖတ်နေလိုက်တယ်။


“Touch Pool”
ချစ်ကြည်အေး

2 comments:

  1. ခုထိ ဖီလင်92 လက်ထဲမရောက်သေးဘူး...စာအုပ်ရမှ ဘာလေးညာလေးရေးဦးမယ်...

    ReplyDelete
  2. လာလည်သွားပါတယ်။ စာကတော့ စာအုပ်ထဲမှာ ဖတ်ပြီးပြီမို့ အကုန်လုံးတော့ မဖတ်သွားဘူး။ C-Box မရှိတော့လို့ ဒီမှာ နှုတ်ဆက်တာပါ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...