(၁)
ကားပါ့ကင်ထိုးပေးတဲ့ ကောင်ကလေးဆီက ကားသော့ လှမ်းယူလိုက်ပြီး ဗိုလ်ချုပ်ဈေးထဲကို ခြေလှမ်းကျဲတွေနဲ့ လှမ်းဝင်လာခဲ့လိုက်တယ်။ ကိုယ် သိတာပေါ့။၊ အားလုံးရဲ့ မျက်လုံးအကြည့်တွေဟာ ကိုယ့်ဆီမှာ။ ဘယ်ကိုမှ မကြည့်ဘဲ ခြေလှမ်းကို တမင်မြှင့်ပြီးတော့ ခပ်ပေါ့ပေါ့ လျှောက်မြဲ လျှောက်တယ်၊ ဘာမှ မဖြစ်သလို။
ကိုယ် ဘာမှမပြောင်းလဲဘူး မောင်။ အရင်အတိုင်းပဲ သိလား။ လန်းနေဆဲ သွက်လက်နေဆဲ၊ ကိုယ့်အပြုံးတွေဟာလည်း အရင်ကလိုပဲ။ မောင်သိပ်ချစ်တယ်ဆိုတဲ့ အပြုံးလဲ့လဲ့တွေပဲ မောင်။ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ သီချင်းဆိုတဲ့ ကိုယ့်နာမည်နဲ့ ကိုယ့်မျက်နှာကို တော်တော်များများက ရင်းနှီးသိ သိနေကြတယ်။ အဆိုတော်တစ်ချို့စုပေါင်းဆြို
မဟောင်းသေးဘူးမောင်ရယ်။ ကိုယ့်အတွက်တော့ အသစ်တစ်ခုအဖြစ် ရင်ထဲ အမြဲပျိုးထားမိတော့မှာ....
မောင်....
မောင် ထားခဲ့တဲ့ အဲဒီမိန်းမတစ်ယောက်ဟာ လမ်းဟောင်းပေါ်မှာတင် ရပ်တန့်ကျဆုံးမနေဘဲ ဆက်လျှောက်နေခဲ့တယ်။ နာကျင်မှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး အချိန်မရွေး ပြန်လည်ချေပနိုင်ဖို့တော့ လက်သည်းတွေကို ၀ှက်ထားဆဲ။ ချေပနိုင်ဖို့ဆိုတဲ့စကားဟာ တကယ်တော့ ကိုယ့်စိတ်ကို ကိုယ် လှည့်စား ဖြေသိမ့်လိုက်တဲ့စကားပါမောင်ရာ။ လွမ်းတာကို နာတာနဲ့ထေရင်း အဲဒီအနာအတွက် မောင့်ဆီက တစ်ခုခုတော့ တန်ရာတန်ဘိုး ပေးချေစေရဦးမယ်လို့ ကိုယ်က တေးထားခဲ့တာရယ်။ "ညို မင်းဟာ အတော်စိတ်မာတဲ့ မိန်းမ" လို့ မောင် ပြောပါဦးလား။ ကိုယ်က ရယ်နေလိုက်မယ်။ မောင့်ဆီက အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို။
မောင်တို့မြို့မှာ မမသိမ့်လောက် ချမ်းသာတဲ့ မိန်းမ မရှိဘူးမဟုတ်လား မောင်ရဲ့။ မောင်က ဂုဏ်သရေရှိသော သူဋ္ဌေးမ မမသိမ့်ရဲ့ ချစ်ခင်ပွန်း။ "မမသိမ့်ကို မောင် တကယ်မချစ်ပါဘူး၊ ဟုတ်လားဟင်" ဒါမျိုး ကိုယ်မေးလိမ့်မယ်လို့ မောင် ထင်နေလား။ မောင့်ကို ဒီတစ်သက် ပြောခွင့်မပြုတော့မဲ့ စကားတွေထဲမှာ အဲဒါလည်း ပါတယ်။ ကျေးဇူးပြုပြီး ဘယ်တော့မှ မပြောလိုက်ပါနဲ့ မောင်။
ဆက်လျှောက်ပါ မောင်ရာ။ ထားခဲ့ပြီးမှတော့ အမျှင်လာတန်းမနေပါနဲ့။ ကိုယ့်ဘ၀နဲ့ ကိုယ်။ မောင် သိချင်ရင်တော့ မောင်ထားခဲ့ပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ကိုယ့်ရဲ့ အပိုင်းအစတွေကို ဆက်စပ်ပြရဦးမှာပေါ့လေ။ တစ်ခုပဲ ကတိပေးပါ မောင်.....
နင် မငိုပါဘူး လို့.....
(၂)
"ညို မောင့်ကို မောင်လို့ ခေါ်ပြီးမှ နင်လုံးနဲ့ ငါလုံးနဲ့ ပြောရင်လေ မောင်သိတ်ချစ်တာပဲ သိလား"
မောင် ပြောလေ့ရှိတယ်။ ကိုယ်ကလည်း လူလည်ကျစွာပဲ မောင်ချစ်တယ်ဆိုတဲ့ အဲဒီအသုံးအနှုန်းလေးကို ထည့်ထည့်ပြောနေကျ။
ကိုယ်
မောင့်ကို စတွေ့ခဲ့တာက မှတ်မှတ်ရရ ကိုယ် ဆိုင်မှာ သီချင်းစဆိုတဲ့နေ့။
တိုက်တုန်းကတော့ အဆင်ကို ချောလို့။ စပြီးဆိုတော့မှ ကော်ရပ်စ်အပိုဒ်မှာ
အသံကို မြှင့်အော်လို့ မရတော့တာ။ စားပွဲဝိုင်းတစ်ခုထဲက လူငယ်လေးတစ်ယောက်
စင်ရှေ့ကို ရောက်လာပြီး "ခင်ဗျားတို့ဗျာ ဒီသီချင်းကို F ကီးနဲ့တီးမှတော့
ဆိုတဲ့သူ သေပြီပေါ့ဗျာ။ အော်ရီဂျင်နယ်က C ကီးနဲ့ဗျ" လို့ ခပ်အုပ်အုပ်
လာပြောတယ်။ ကိုယ်လည်း တီးဝိုင်းက အသံကို နှိမ့်ချလိုက်တုန်း
စကားလေးနည်းနည်းပါးပါးပြောရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်နေလိုက်တယ်။
မိတ်ဆက်အပြီး တီးလုံးပြန်အစမှာ ကီးက သူပြောသလို C ကီးကို ပြန်အချိန်းမို့
အဆင်ပြေပြေပဲ ဆက်ဆိုခဲ့နိုင်တယ်။ ကြည့်စမ်း ဒါ သူတို့ ကိုယ့်ကို
သက်သက်လုပ်ကြံတာ။ လူသစ်တွေထဲက အလားအလာရှိတဲ့ အသံရှင်မို့
လက်ရှိအဆိုရှင်အမျိုးသမီးတွေက တီးဝိုင်းနဲ့ပေါင်းပြီး လုပ်တာလို့ နောက်မှ
ပြန်သိရတယ်။ ပြောရရင် ပညာအပြခံလိုက်ရတာပေါ့လေ။ ကိုယ်တို့လောကမှာ
ဒါမျိုးတွေက အဆန်းမဟုတ်ဘူးတဲ့ မောင်ရဲ့။
မောင်တော့
သိပြီးသားနေမှာပါလေ၊ အမေနဲ့ ကိုယ့်အကြောင်း။ ဒါပေမဲ့ ကိုယ် ထပ်ပြောပြချင်နေတယ်။
ကိုယ့်အမေရဲ့
နောက်ယောကျာ်းနဲ့ တစ်မိုးထဲအောက်မှာ ခြေခြေငံငံ အတူမနေနိုင်တဲ့
သမီးတစ်ယောက်ဟာ ညိုပေါ့ မောင်ရယ်။ မိုက်လိုက်တာပဲ ပြောပြော၊
ရည်မှန်းချက်ကြီးတယ်ပဲဆိုဆို ကိုယ့်အဒေါ်မိသားစုရှိရာ ရန်ကုန်မြို့ကို ကိုယ်တစ်ယောက်ထဲ ထွက်လာခဲ့လိုက်တယ်။ အမေ့မျက်ရည်တွေအတွက်
ထိခိုက်ခံစားရမှုတွေဟာ ပထွေးမျက်နှာမြင်မိတာနဲ့ ကြက်ပျောက်ငှက်ပျောက်
ဆိုသလို ကိုယ့်ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့တာ။ အမေ့ကိုတော့
သနားမိပါတယ်။
အလုပ်မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့
ကိုယ့်ထက်အသက်ကြီးတဲ့ မုဆိုးမတစ်ယောက်လုပ်စာကို အခန့်သားထိုင်စား၊
လက်ဖြန့်တောင်းရုံနဲ့တောင် မရှက်နိုင်သေးဘဲ အရည်ကလေးတစ်မြမြနဲ့
ဒင်းအချိုးကို အဖေခေါ်ဖို့ဝေးလို့ ကိုယ်က အန်တောင်အန်လိုက်ချင်သေးတာ။
" ကိုကျော့က မမူးရင် ကောင်းပါတယ် သမီးရယ်"ဆိုတဲ့ အမေ့အသံပျော့ညက်ညက်မှာ
ကိုယ့်မျက်စောင်းတွေ ကြွေကျရတာ အခါခါ။ အမေ့ကို ထိုင်ကန်တော့ပြီးအထွက်မှာ
အမေ့ဆီက အိကနဲ ရှိုက်သံဟာ ကိုယ့်နှလုံးသားတွေကို ဆွဲညှစ်လိုက်သလို၊
ကိုယ့်ခြေထောက်တွေကို ဖြတ်ရိုက်ချလိုက်သလို ကိုယ်ဟာ ယိုင်ကနဲ။
ကိုယ်က ခေါင်းမာတယ် မောင်ရဲ့၊ ဆုံးဖြတ်ပြီးတဲ့ ကိစ္စတစ်ခုအပေါ် အဆုံးထိသာ လျှောက်လိုက်ချင်တာ။ ကိုယ်ရွေးချယ်လျှောက်လှမ်းဖြစ် တဲ့ လမ်းမှာ ကြုံလာမဲ့အမှားတွေ ရှိလာရင်လည်း မျက်နှာချင်းဆိုင်ရဲတဲ့ သတ္တိ ကိုယ့်မှာ အပြည့်ရှိတယ် မောင်။
ကိုယ်က ခေါင်းမာတယ် မောင်ရဲ့၊ ဆုံးဖြတ်ပြီးတဲ့ ကိစ္စတစ်ခုအပေါ် အဆုံးထိသာ လျှောက်လိုက်ချင်တာ။ ကိုယ်ရွေးချယ်လျှောက်လှမ်းဖြစ်
(၃)
အဒေါ်အိမ်မှာတော့
ကိုယ်နေရတာ အနေအစားဆင်းရဲတာကလွဲလို့ အဆင်ပြေပါတယ်။ ကိုယ်က
ဒီအဒေါ်လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရသူမို့ အဒေါ်ကလည်း ကိုယ့်အပေါ်
သံယောဇဉ်ကြီးရှာပါရဲ့။ အဒေါ့်မှာက ကလေး လေးယောက်နဲ့မို့ သူတို့မိသားစု
ခြောက်ယောက်အပြင် ကိုယ့်အတွက်ပါ တာဝန်ယူလိုက်ရတာကိုတော့ ကိုယ် အားနာမိတယ်။
ကိုယ်လို သာမန်ဘွဲ့လေးတစ်ခုရထားတဲ့ မိန်းမတစ်ယောက်အတွက် အလုပ်တွေကလည်း
ရှားပါ့။ နောက်ဆုံးတော့ ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကို ဆိုရင်း သင့်တင့်တဲ့
ဝင်ငွေလေးလည်းရတဲ့ ဒီအလုပ်ကို ကိုယ်ရွေးချယ်ခဲ့တော့တာ။ ကိုယ်သီချင်း
စဆိုရတဲ့နေ့မှာပဲ မောင်နဲ့ စတွေ့ခဲ့တာကတော့ တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ
ဆိုရတော့မယ်။
ဆိုင်မှာက
လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံနေခဲ့ရတာပါပဲ မောင်ရယ်။ ကိုယ်က
အနေတည်တော့ ပလူးချင်တဲ့ လူတွေနဲ့တော့ အခန့်မသင့်လှဘူးပေါ့။
စားသောက်ဆိုင်ဆိုတာက လာတဲ့ အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က
သောက်စားမူးယစ်ကြမြဲ မဟုတ်လား။ ဆိုတော့ အနေအထိုင်တည်တံ့ပါမှ
တော်ကာကျတာမောင်ရဲ့။ လက်တည့်စမ်းကြတာတွေကတော့ အများကြီးပေါ့။
ကယ်တင်ရှင်ဆိုင်းဘုတ်တွေနဲ့ ဦးဦးတွေ၊ ဘဘတွေကလည်းများ၊ ကိုကိုတွေ
မောင်မောင်တွေကလည်း အများသားရယ်။ ခွင်တည့်ရင် ဘဝကြီးတစ်ခုလုံး
ပြောင်းလဲသွားနိုင်တာဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး အလှအပနဲ့
အသွေးအသားနဲ့ အရွယ်နဲ့တည်ပြီး မျှားတဲ့ မိန်းကလေးတွေကလည်း ပေါပါရဲ့။
တစ်ခုပဲ
မိုးခါးရေကို အများနဲ့တစ်ယောက် ငြင်းဆန်နေရတဲ့အဖြစ်ဟာ လက်တွေ့မှာ
ထင်သလောက် မလွယ်လှဘူး မောင်။ အစမို့ပါကွာဆိုတဲ့ အပြောတွေ၊ သူက
ဘာကောင်မမို့လဲ ဆိုတဲ့ အပြောတွေ၊ ရိသဲ့သဲ့တွေ၊ ခါးသက်သက်တွေ၊
စိမ်းတောက်တောက်တွေကို ကိုယ်တစ်ယောက်ထဲ လှိမ့်ခံနေခဲ့ရတာ။ အဲဒီမှာပဲ
ပိုးဥနဲ့ကိုယ် ညီအစ်မအရင်းတွေလို တွယ်တာသွားကြဖို့ ဖြစ်လာခဲ့တာ။ ပိုးဥက
ကိုယ့်လိုပဲ နယ်ကနေ တက်လာတဲ့ မိန်းကလေး။ မိသားစုအတွက် ဘဝတက်လမ်းရှာရင်း
ဒီဆိုင်မှာ သီချင်းဆိုဖြစ်တဲ့သူ။ တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့
အဆိုတော်ဖြစ်ရမယ်လို့လည်း ရည်မှန်းချက် ကြီးကြီးထားသူကလေးပေါ့ မောင်။
ပိုးဥကလေ သူ့နာမည်လေးလိုပဲ စိတ်ထားကလေးကလည်း တကယ့်နုနုနယ်နယ်ပျော့ဖတ်ဖတ်လေး ရယ်။ ကိုယ်လို တုံးတိုက်တိုက် ကျားကိုက်ကိုက်နဲ့မှ လာတွဲမိတာကတော့ စိတ်အခြေခံရှင်းသူချင်းမို့သာ ဖြစ်မယ်။
မောင်နဲ့
ကိုယ်ချစ်သူတွေ ဖြစ်ကြပြီး ခြောက်လလောက်အကြာမှာ အတူနေကြဖို့ ပိုက်ဆံ
စစုခဲ့ကြတယ်နော်။ ပိုးဥကလေ ကိုယ်နဲ့ မောင့်ကို သိပ်အားကျခဲ့တာ။
သူရွေးချယ်တဲ့အခါ မောင့်လို ချစ်တတ် ကြင်နာတတ်တဲ့
ရည်ရည်မွန်မွန်လူငယ်လေးတစ်ယောက် ကို ရွေးချယ်မှာတဲ့လေ။ ကိုယ်က
ပြောလိုက်ပါတယ်၊ မောင်က ရည်မွန်တာတော့ ဟုတ်ပါရဲ့ မြုံစိအေးစက်နဲ့ ရင်ထဲမှာ
သိမ်းထားတတ်တဲ့ လူစား၊ သူလိုလူစားမျိုးက စိတ်ပြတ်ပြီဆိုလည်း
တစ်ခါထဲအပြတ်ပဲလို့လေ။
ကိုယ် ကြိုသိနေခဲ့တာများလား မောင်ရယ်.....
ကိုယ် ကြိုသိနေခဲ့တာများလား မောင်ရယ်.....
ငွေလေးနည်းနည်းပါးပါး
စုဆောင်းမိလာတော့ ပိုးဥနဲ့ ကိုယ် တိုက်ခန်းလေးတစ်ခုမှာ အခန်းလေးတစ်ခန်း
အတူငှားနေဖြစ်ခဲ့ကြတယ်။ အဒေါ်တွေဆီကပ်နေရတာလည်း ကိုယ်က အားနာလှပြီမို့ပေါ့
မောင်ရာ။ ပိုးဥနဲ့ နေရတာ အဆင်ပြေပါတယ်။ စရိုက်ချင်းတူသူမို့ ထင်ပါရဲ့။
ဆိုင်မှာ
အတူသီချင်းဆိုကြတဲ့ အမျိုးသမီးတွေကတော့ ကိုယ်တို့ ခြေလှမ်းအမှားကို
စောင့်နေခဲ့ကြတာပေါ့။ ဆိုင်ပိတ်လို့ အိမ် ပြန်ကြတဲ့အခါ ဘယ်ကားပေါ်များ
ပါသွားလေမလဲပေါ့လေ။
(၄)
"မဟုတ်ဘူး
မောင် ကိုယ်ရှင်းပြပါ့မယ်။ အဲဒီ့နေ့က ပိုးဥနေမကောင်းလို့ ကိုယ်တစ်ယောက်ထဲ
အိမ်ပြန်ရဖို့ ဖြစ်လာတယ်။ ခါတိုင်း မောင်လာကြိုနေကျပေမဲ့ နေ့လည်က မောင်
မအားဘူး ပြောထားတော့ ကိုယ်က မောင် လာကြိုနိုင်မယ် ထင်မထားဘူးလေ။
အပြန်လိုက်ပို့တဲ့ ကားကလည်း ကိုယ် အင်္ကျီလဲခန်းထဲမှာရှိနေတာ မသိတော့
ခါတိုင်းလည်း ကားနဲ့ လိုက်ခဲတာမို့ စောင့်မနေဘဲ ထွက်သွားတာ။ ဒါနဲ့
ဆိုင်မန်နေဂျာက သူ့ကားနဲ့ လိုက်ပို့တာ မောင်ရဲ့"
မောင်
သိပ်မကြေလည်မှန်း ကိုယ် သိပေမဲ့ အဲဒီ့ကိစ္စက အဲဒီ့မှာတင် ပြီးသွားခဲ့တယ်။
မောင်က အလုပ်တွေများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်လောက်
ကိုယ့်ဆီမလာခဲ့ဘူး နော်။ လာမဲ့လာတော့လည်း နောက် ပြဿနာတစ်ခုက ဆီးကြိုလို့ရယ်။
"ညို အနေအထိုင်ဆင်ခြင်ရင် ကောင်းလိမ့်မယ်"
"ဘာကိုလဲ မောင်၊ ခုနက စင်ပေါ်ကကိစ္စလား"
"ဒါပဲပေါ့ ညိုရယ် မူးနေတဲ့ကောင်တွေနဲ့ သိတ်မရောနဲ့လို့ မောင်ပြောထားရက်နဲ့"
"ညိုက သွားရောနေတာမှ မဟုတ်တာဘဲ မောင်၊ ညို့အလုပ် ညိုလုပ်တာပဲ၊ သူတို့က မူးရူးပြီး ပန်းကုံးလာစွပ်ရင်း ညို့ကို လက်ဆွဲနှုတ်ဆက်တာ"
"အေးလေ လက်ဆွဲနှုတ်ဆက်တာက လွှတ်ကို မလွှတ်တော့ဘူး၊ မင်းမျက်နှာကိုကလည်း သဘောတကျပြုံးနေတာကိုး"
"တော်တော့
တော်ပါတော့မောင်၊ မောင် ကိုယ့်အပေါ် ဒီလောက်ပဲ တွက်ထားသလား၊ ကိုယ်
ဘယ်လိုမိန်းမဆိုတာ မောင် နားလည်တယ်လို့ ကိုယ်ထင်ထားတာ ကိုယ့်အမှားပဲ"
အဲဒီ့ညက မောင် ကိုယ့်ကို အိမ်ပြန်မပို့ခဲ့ဘူးနော်။ ခြေလှမ်းကျဲတွေနဲ့
ကျောခိုင်းထွက်သွားတဲ့ မောင့်ကို မြင်ကွင်းကနေပျောက်တဲ့အထိ လိုက်ကြည့်ရင်း
ကိုယ့်မျက်ရည်တွေကို ပါးပြင်ပေါ် လွတ်လွတ်လပ်လပ်ကြီး ကျစေလိုက်ခဲ့ပါတယ်။
စီးပါစေတော့လေ။ မောင်ကမှ မမြင်နိုင်ခဲ့ပြီပဲ။ ပိုးဥက ကိုယ့်ကို
မောင်နဲ့ထားခဲ့ပြီး အပြန်လိုက်ပို့တဲ့ကားနဲ့ လိုက်သွားခဲ့တော့ အဲဒီ့ညက
ကိုယ်တစ်ယောက်ထဲ အတော်လေးကြာအောင် အငှားကား စောင့်ခဲ့ရတာ။ ကိုယ်လေ
ညဥ့်နက်အမှောင်ကြောင့် မဟုတ်ဘဲ အထားခံခဲ့ရသူတစ်ယောက်ရဲ့ လပ်ဟာမှုမျိုးနဲ့
အားတွေငယ်လိုက်တာ။ ကားပေါ်မှာ တစ်လျှောက်လုံး ကိုယ့်မျက်ရည်တွေ
အသံတိတ်ကျနေခဲ့တယ် မောင်။
မောင်
မလာခဲ့ပြန်ဘူးနော်။ တော်တော်လေး ကြာတယ်။ ကိုယ်ကလည်း ကိုယ့်ဘက်ကအမှန်မို့
မာနနဲ့ တင်းခံနေခဲ့တာ။ မောင်ကဖြင့် ဖုန်းလေးတစ်ချက်တောင် အခေါ်မရှိခဲ့ဘဲ
တစ်နေ့မှာတော့ ပိုးဥကတစ်ဆင့် သတင်းစကားတစ်ခု ကြားရတယ်။ မောင်
မောင်တို့မြို့က သူဋ္ဌေးမတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီ တဲ့။ ကိုယ် ပြုံးမိတယ်။ "
ဒီတော့လည်း တို့နှစ်ယောက် စုထားတဲ့ စုငွေတွေ ကိုယ်တစ်ယောက်ထဲ ပိုင်ပြီပေါ့
ပိုးဥရာ"လို့ ဆိုတဲ့ ခပ်ထေ့ထေ့ကိုယ့်စကားကို ပိုးဥက မျက်လုံးကလေး
အကြောင်သားနဲ့ ငေးကြည့် ရှာတယ်။
ဒါပဲ မောင်ရဲ့၊ မောင်က အဲသလောက်ကို လွယ်လွယ် ထားပစ်ရက်ခဲ့တဲ့သူ။ ကိုယ်ကလည်း ဘာမှ မဖြစ်သလို ဟန်ဆောင်ကောင်းစွာ တစ်စစီနှလုံးသားတွေကို လူမသိအောင် သိုဝှက်ရင်း အပြုံးတုတွေ တပ်ဆင်နိုင်စွမ်းခဲ့တဲ့ မိန်းမရယ်လေ။
အဲဒီနောက်မှာ
အမေဆုံးလို့ ကိုယ်တို့မြို့ကလေးကို ခဏ ပြန်တယ်။ အမေက
ကိုယ်အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အတွက် လက်ဖွဲ့ဆိုပြီး
သူ့လက်ဝတ်လက်စားလေးတစ်ချို့ထား ခဲ့ရှာတယ်။
မောင် စွန့်ပစ်ထားခဲ့တဲ့ကိုယ့်ရင်ကို ပြင်းပြင်းထန်ထန်နာကျင်စေခဲ့တဲ့ အမေ့ရဲ့ နောက်ဆုံးလက်ဆောင် ဆိုပါတော့ မောင်။
မောင် စွန့်ပစ်ထားခဲ့တဲ့ကိုယ့်ရင်ကို ပြင်းပြင်းထန်ထန်နာကျင်စေခဲ့တဲ့ အမေ့ရဲ့ နောက်ဆုံးလက်ဆောင် ဆိုပါတော့ မောင်။
အဲ့ဒီ့အချိန်မှာ ကိုယ် အရူးအမူးလိုအပ်နေတာ
မောင့်ပခုံးစွန်းလေးတစ်ခုပဲဆို တာ မောင့်ကို သိစေချင်ခဲ့တယ်။ မောင့် ညာဘက်လက်မောင်းလေးရယ်၊ ကိုယ် နမ်းမွှေးဖူးခဲ့တဲ့ မောင့်ညာဘက် နားထင်စပ်လေးရယ်ပေါ့ ။ ကိုယ် တစ်ကယ်ပဲ ရူးသွပ်စွာလိုအပ်ခဲ့တာပါ မောင်။
တစ်ယောက်နှုတ်ခမ်းကို
တစ်ယောက်က
ထိတိုင်းသာ
နမ်းကြတာပါလို့
ဆိုကြရင်
ရှင်နဲ့
ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….
တကယ်ပါ မောင်။ ကိုယ်တို့နှစ်ယောက် ချစ်ခဲ့ကြဖူးပါတယ် နော်....တစ်ချိန်ကပေါ့ မောင်ရာ....
(၅)
နယ်ကပြန်လာလို့ ကိုယ် ဆိုင်ကိုပြန်ရောက်တဲ့အခါ နောက်လူသစ်မိန်းကလေးတွေ ထပ်ရောက်နေခဲ့ပြီ။ ပိုးဥက တစ်ချို့ ကောင်မလေးတွေနဲ့ ရင်းနှီးခင်မင်လို့တောင် နေတာ။ အင်းပေါ့လေ ကိုယ်မရှိတဲ့အခါ သူ့မှာ အပေါင်းအသင်းရယ်လို့ လိုအပ်တာပဲလေ။ ဒါပေမဲ့ အဲ့ဒီမိန်းကလေးတွေက ပိုးဥနဲ့ ကိုယ်နဲ့လို မဟုတ်ဘူး၊ စရိုက်တွေက ခပ်ဆိုးဆိုးလေးတွေ။ ကိုယ် ဘာမှတော့ မပြောခဲ့ဘူး။ ပိုးဥလည်း အရွယ်ရောက်နေပြီပဲ။ ကိုယ်က နေရာတကာ လိုက်ပါလို့ မသင့်တော်တာမို့ ဒီအတိုင်းပဲ ရေလိုက်ငါးလိုက်နေခဲ့လိုက်တော့
တစ်ည...။
အဲဒီ့တစ်ညကို ကိုယ် ဘယ်တော့မှ မမေ့ဘူး။ ပိုးဥက နေလို့
သိတ်မကောင်းဘူးဆိုပြီး ခပ်စောစော ပြန်သွားခဲ့တာ။ ကိုယ်က
ဆိုင်ကလိုက်ပို့တဲ့ကားနဲ့ပဲ ပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ တံခါးဝမှာ
ယောကျာ်းဖိနပ်တစ်ရံ။ ရင်တွေတောင် လှိုက်ကနဲ ခုန်သွားသေးတာ၊
မောင်...မောင်များလား ရယ်လို့လေ။ နောက်မှ အို...သူက
သူ့အိမ်ထောင်နဲ့သူပဲရယ်လို့ ကိုယ့်စိတ်တွေ လက်ရှိပြန်ရောက်တော့တာ။ ဖိနပ်က
ကိုယ်တစ်ခါမှ မတွေ့ဘူးတဲ့ ဖိနပ်။ သော့ဖွင့်ပြီး အခန်းထဲ အဝင်၊
အမှောင်ထဲမှာ ရုတ်တရက် ပြာနေတဲ့ မျက်လုံးတွေက အသားမကျသေးခင်ကလေး အာရုံမှာ
လှုပ်ရှားနေတဲ့ အသံတစ်သံကြောင့် မသိုးမသန့်စိတ်တွေနဲ့ ပိုးဥခုတင်ဘက် ဖျတ်ကနဲ
လှမ်းအကြည့်...။ ဘုရား...ဘုရား...လူအရိပ်နှစ်ခု ဟာ
ပိုးဥခုတင်ပေါ်မှာ...။ အသက်ရှူရပ်မတတ် လန့်သွားရင်း တုန်ယင်နေတဲ့ လက်တွေက
သော့ကို အလိုလို ပြန်ခတ်မိရက်သား။ လှေကားအတိုင်း အပြေးတစ်ပိုင်း
ပြန်ဆင်းချလာရင်း တိုက်နံရံကို ကျောမှီချလိုက်တော့ မျက်ရည်တွေက
ကိုယ့်ပါးပြင်ပေါ် အလိုလို စီးကျလာခဲ့တယ်။
ကိုယ့်စိတ်ထဲ
ဝမ်းနည်းသလိုလို၊ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုလို လှိုက်တက်လာတဲ့စိတ်ဟာ
ပြောပြလို့တောင်မတတ်ဘူး မောင်။ အေးစိမ့်နေတဲ့ ညဥ့်လယ်အမှောင်ထဲမှာ
ကိုယ်တစ်ယောက်ထဲ တိုက်နံရံကို မှီရက် ထိုင်ချလိုက်ရင်းက မိုးလင်းရတော့မဲ့
အဖြစ်။ မောင်ရေ.....။ ကိုယ့်ကို လှမ်းကြည့်လိုက်ပါဦးတော့...။ ကိုယ်
မောင့်ကို သတိရနေလို့။ ပြင်းပြင်းထန်ထန် သတိတွေ ရနေလို့ပါ။ ထိုင်ချရက်က
ဒူးခေါင်းပေါ် ခေါင်းတင်ရင်း ကိုယ် ငိုချမိခဲ့တယ်။ မောင်သာ ကိုယ့်အနား
ရှိနိုင်ရင်လေ...ကိုယ် ဒီလောက် ၀မ်းနည်းမှာ မဟုတ်ဘူးကွယ်။ အလွတ်ရနေတဲ့
ဖုန်းနံပါတ်တစ်ခုက ဖုန်းမှတ်ဉာဏ်ထဲက ဖျက်လိုက်ပြီးတာတောင် နှလုံးသားထဲက
ဖျက်မရတာ အခက်ရယ်။ ခေါ်လိုက်ချင်ပေမဲ့ ကိုယ် ဘာပြောရမှာလဲ။ ခုချိန်မှာ ကိုယ်
မောင့်ကို လွမ်းဆွတ်နေတဲ့ အကြောင်းလား။ ကိုယ် မောင့်ကို အားကိုးတကြီး
ပြောပြစရာတွေ ရင်ဖွင့်ချင်တဲ့ အကြောင်းလား။ ကိုယ့်လက်က ဖုန်းနံပါတ်တွေကို
နှိပ်မိတော့မလို...အကြိမ်ကြိမ် ရယ်...။
ကံဆိုးမိုးမှောင်တွေဟာ
အဖော်နဲ့လာတယ်ဆိုတာ ကိုယ် လက်ခံလိုက်ရပြီ မောင်။ နောက်တစ်နေ့မနက်မှာ
တူအကြီးကောင် ဖုန်းဆက်လာလို့ ကိုယ့်အဒေါ် လေဖြတ်သွားတယ် ဆိုတာ သိလိုက်ရတယ်။
ချက်ချင်းပဲ အိပ်ယာက ထပြီး ဆေးရုံလိုက်သွား၊ ရှိစုမဲ့စု
စုဆောင်းထားတာလေးတွေထဲက အဒေါ့်အတွက် ဆေးကုဖို့ ဖဲ့ပေး။ ကိုယ့်ကို မြင်တော့ အဒေါ်က မျက်ရည်ကျရှာတယ်။ စကားတွေ ဝူးဝူးဝါးဝါး ပြောလို့ရယ်။
ဘ၀ကြီးကိုက…
လိုရာပုံသွင်း ခပ်ပြင်းပြင်းမီးဖုတ်
အခြောက်ခံ
စဥ့်ရေသုတ်ပြီးမှ…
တခါတလေ
လက်သင့်ရာအရောင်ခြယ်ပြီးမှ
ဈေးကွက်ဝင်အောင်
မွမ်းမံခံကြရ…..
တကယ်ပဲ
မောင်။ ဘဝမှာ ကံဇာတ်ဆရာရဲ့ စေခိုင်းရာ ကျရာဇာတ်ရုပ်အတိုင်းပေါ့လေ...။
ပူလောင်လိုက်တာများ။ ကိုယ့်မှာ သွေးသားအရင်းအချာရယ်လို့ အားကိုးလောက်စရာ
မရှိတော့တဲ့အခါ တစ်ကောင်ကြွက်ဆိုတဲ့စကားဟာ ဘယ်လောက်ခါးမှန်း
မြည်းစမ်းခွင့်ရခဲ့ပါရဲ့။ မောင့်ကို ဘယ်လောက် သတိရနေတယ်ဆိုတာကိုတော့ ကိုယ်
ပြောမနေချင်တော့ပါဘူး မောင်ရယ်။
(၆)
ပိုးဥမှာ
ကိုယ်ဝန်ရှိနေပြီလို့ သိရတဲ့အခါ ကိုယ်က အံ့သြဟန်လုံးလုံး မပြခဲ့ပေမဲ့
ဆိုင်က အမျိုးသမီးတွေရဲ့ သရော်မော်ကားအကြည့်တွေ၊ ကဲ မပြောဘူးလားဆိုတဲ့
အပြုံးတွေကို ကိုယ်တို့ ရင်ဆိုင်ခဲ့ကြရတယ်။
ကိုယ်လည်း
အနေရပိုခက်လာတယ်။ ကံကောင်းတာက ပိုးဥလူက သူ့တာဝန် သူယူခဲ့တာပဲ။ ပိုးဥ
လက်ထပ်သွားပြီးတဲ့နောက်မှာ ကိုယ်တစ်ယောက်ထဲ အထီးကျန်ဆန်ခြင်းဆိုတာကို
ပီပီပြင်ပြင် ခံစားလာရတယ်။
ပိုးဥနဲ့
နှစ်ယောက်စပ် ငှားခဲ့ကြတဲ့ အခန်းကို ကိုယ်တစ်ယောက်ထဲ မနိုင်လို့
နောက်တစ်ယောက် ထပ်ရှာရတယ်။ ကိုယ်တို့ဆိုင်က နောက်ဝင်လာတဲ့ လူသစ်
ကောင်မလေးတစ်ယောက် နေချင်လှချည်ရဲ့ ဆိုတာနဲ့ ကိုယ်လည်း အခန်းဖော်လိုနေတဲ့
အချိန်မို့ သူနဲ့ စပ်ငှားဖြစ်ခဲ့ကြတယ်။ မဟန်ပါဘူး မောင်ရာ၊ အိမ်ပေါ်ကို
ယောကျာ်းဧည့်သည်တွေ ခေါ်မလာရလို့ သဘောတူထားပေမဲ့ လစ်ရင် လစ်သလို
ခေါ်ခေါ် လာတတ်တယ်။ ကိုယ်နဲ့ ခဏခဏ တိုးပေမဲ့ သူက ခပ်တည်တည်ရယ်။ ကြာလာတော့
သူမပြောင်းရင် ကိုယ်ပဲ ပြောင်းဆင်းမယ်ဆိုပြီး ကိုယ်ဖာသာ အခန်းလိုက်ရှာရတယ်။
အဲဒီမှာ ကိုယ် အစ်ကိုကြီးနဲ့ တွေ့တာပဲ။ အစ်ကိုကြီးက အိမ်ခြံမြေ ပွဲစားတစ်ယောက်။
တိုတိုပြောရရင် မောင်ရာ စိတ်သဘောထား ရိုးရှင်းဖြူစင်တဲ့၊ ကိုယ့်အပေါ်
နှမလေးလို စောင့်ရှောက်တတ်တဲ့ အစ်ကိုကြီးအပေါ် အားကိုးစိတ်တွေနဲ့ ကိုယ်အစ်ကိုကြီးနဲ့ လက်ထပ်ဖြစ်ခဲ့တယ်။ ကိုယ် အစ်ကိုကြီးကိုကြိုက်တယ် မောင်။
အိမ်ထောင်ဘက်တစ်ယောက်အဖြစ် ကိုယ် ကြိုက်လို့ ကိုယ်ရွေးချယ်ခဲ့တယ်။ မောင်က
ဘယ်က ဘယ်လို သတင်းအကြားနဲ့ ကိုယ့်ကို ဆက်သွယ်လာတယ် မသိဘူး။ တစ်နေ့မှာ လုံးဝမျှော်လင့်မထားဘဲ
မောင့်ဆီက ဖုန်းဝင်လာတယ်။
"ညို မင်းလည်းပဲ အမျှားတော်သူပဲ နော်" တဲ့။
"ဟဟဟား" ကိုယ် အော်ရယ်ခဲ့လိုက်တယ်။
"ဒီမှာ မောင်က ခုမှ လွတ်တဲ့ငါး ကြီးနေတာလား"ဆိုတော့ ခံပြင်းဒေါသထွက်တဲ့အသံနဲ့ တုန့်ပြန်တယ်။ အတော်ရယ်ရတဲ့ မောင်။
အိုးချင်းထားလို့သာ
အိုးချင်းထိခဲ့ရတဲ့နောက်
ကံကြမ္မာကို
ယိုးမယ်ဖွဲ့ဖို့များ မကြိုးစားစမ်းပါနဲ့ရှင်
ကံတူအကျိုးပေးတွေ
ဖြစ်လာပြီးမှပဲ
ခပ်ရဲရဲပေါ့၊ ဘယ်တော့လဲဆိုရင်
ငွေရှင်ကြေးရှင်တွေ
မျက်စေ့ကျလို့ သိမ်းပိုက်ခံကြရတဲ့အခါ
ကျွန်မလည်း
ကျွန်မလမ်းထွင်၊ ရှင်လည်း ရှင့်လမ်းလျှောက်
တစ်ယောက်တစ်နေရာ၊
တော်ရာမှာ ပျော်အောင်နေကြရတဲ့အခါ…
မဟုတ်ဘူးလားမောင်။ မောင် ကြိုက်တဲ့လမ်း မောင်ရွေးခဲ့ပြီးတဲ့နောက် ဘာလို့များ ကိုယ့်ဆီက ထုချေလွှာတောင်းနေရသေးတာလဲ။
"ဦးတင့်မင်းဇော်ကို ညို ဘာလို့ လက်ထပ်ခဲ့တာလဲ" တဲ့။
"ဦးတင့်မင်းဇော်ကို ညို ဘာလို့ လက်ထပ်ခဲ့တာလဲ" တဲ့။
"မောင် မမသိမ့်ကို ဘာလို့ လက်ထပ်ခဲ့သလဲလို့ ကိုယ် တစ်ခါမှ မမေးခဲ့ပါဘူးနော်" ဆိုတော့ တောက်တစ်ချက်ခေါက်တယ်။ ရယ်ရတဲ့ မောင်။
"ကိုယ် ရန်ကုန် လာစရာ ရှိတယ်။ ကိုယ်တို့ တွေ့နေကျ ဗိုလ်ချုပ်ဈေးက ကြာဇံကြော်ဆိုင်မှာ တွေ့လို့ ရမလား" တဲ့လေ...
"အင်း ရပါတယ်၊ အစ်ကိုကြီးကို ပြောပြီး သူ ခွင့်ပြုရင် လာမယ်လေ" လို့ ကိုယ်က ပြောတော့ မောင်က ခပ်ရွဲ့ရွဲ့ ရယ်တယ်။
" ကြောက်ရသလား" တဲ့။
" ကြောက်ရသလား" တဲ့။
"ဟဟဟ လေးစားတာပါ" လို့ ကိုယ်က ပြောခဲ့လိုက်တယ်။
(၇)
ကိုယ်တို့ ခါတိုင်းတွေ့နေကျ ကြာဇံကြော်ဆိုင်မှာ စောင့်ရင်း ကိုယ်သောက်နေတဲ့
ကဗ္ဗလာဖျော်ရည် တစ်ဝက်အကုန်လောက်မှာ မောင် ရောက်လာတယ်။ ထုံးစံအတိုင်း
နောက်ကျတတ်တဲ့ မောင့်အကျင့်က အရင်အတိုင်း။
"ဘာတွေ ဖြစ်ခဲ့လဲ" တဲ့။
"ဘာတွေ ဖြစ်ခဲ့လဲ" တဲ့။
မေးနိုင်သေးတယ်နော်....။ ကိုယ်က ဖြစ်ပျက်ခဲ့သမျှ အတိုချုံး ပြောပြလိုက်တော့ "ညို သိပ်ပင်ပန်းခဲ့မှာပဲနော်" တဲ့။ တော်ပါတော့ တော်ပါတော့မောင်ရယ်၊ ပစ်ချထားတုန်းက ထားခဲ့ရက်ပြီးမှ နှစ်သိမ့်သလိုလို စကားတွေဟာ ကိုယ့်ကို ချက်ချင်း အနာဖေးတက်စေမယ်လို့များ ထင်နေသလား မောင်။ ထားပါတော့လေ...ခုက မောင် ဘာလိုချင်တာလဲ။ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်လမ်းစီ ရွေးချယ်ထားတဲ့ လမ်းတွေကိုယ်စီပေါ်မှာ...။
ခုမှ....၊ ခုကျမှ မောင်က...
"အော် ဒီမှာ"
ကိုယ်က စာအိတ်လေး တစ်အိတ်ထုတ်ပေးတော့ မောင်က မျက်ခုံးတွေ ပင့်ကြည့်လို့...
"ပိုက်ဆံလေ
မောင်နဲ့ကိုယ် တစ်ယောက်တစ်ဝက် ပိုင်သင့်တယ် ထင်လို့၊ အရင်က နှစ်ဦးသဘောတူ
စုထားခဲ့ကြတဲ့ ပိုက်ဆံလေ။ ဒီအိတ်ထဲမှာ မောင့်စုငွေ တစ်ဝက်တိတိရှိတယ်
ရေကြည့်ပါဦးလား"
ကိုယ့်အပြောမှာ မောင့်မျက်နှာဟာ သပြေသီးမှည့်တစ်လုံးလို ရဲကနဲ။
ဒါပဲ....။
ဒါပါပဲ မောင်။ ကိုယ် သွားတော့မယ်။ ကျန်းမာအောင်နေပါ မောင်။
ကိုယ်
မောင့်မျက်နှာကို တစ်ချက်ကလေးမှ မကြည့်ဘဲ ထထွက်လာခဲ့တယ်။ မောင်ကရော
ငွေတွေကို ရေတွက်နေမလား၊ ကိုယ့်နောက်ကျောကို လိုက်ငေးကြည့်နေမလား၊
ဒါမှမဟုတ် စိတ်ပျော့တဲ့ မောင်က မျက်ရည်တွေ တွင်တွင်ကျအောင်များ
ငိုနေမှာလား...။ ကိုယ်
သိဖို့မှ မလိုအပ်တော့ဘူးပဲကွယ်။ သေချာတာက ကိုယ်နဲ့ မောင်
ချစ်ခဲ့ကြဖူးတယ်....။
တစ်ခုတော့
အမှတ်ရပါ…
ကျွန်မတို့က
ပင့်သက်ရှုခဲ့ကြတာမဟုတ်ဘူး
ဒါ သေချာတယ်…
ရှင်နဲ့ကျွန်မ
အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….
ဟုတ်တယ်...။ ချစ်ခဲ့ကြတယ်၊ အဲဒါ...ကိုယ် သိပ်သေချာပါတယ် မောင်....
မန္တလေးအိုင်ကွန်း မဂ္ဂဇင်း - ဇွန်လ - ၂၀၁၃
(အရင်က တင်ခဲ့ဖူးပြီးသားပါ။ မဂ္ဂဇင်းထဲ ခုမှ ပါလာတာမို့ မဖတ်ရသေးတဲ့သူတွေ အတွက် ပြန်တင်ပေးလိုက်ပါတယ်။ သရုပ်ဖော်ပုံလေးကို အတော် သဘောကျပါတယ်။ ကွဲနေတဲ့ တစ်ခြမ်းပဲ့အသည်းလေးတွေကို လေးလံစွာသယ်ပိုးရင်း တစ်ယောက်တစ်လမ်းစီ ကျောခိုင်းသွားနေကြတဲ့ ချစ်သူနှစ်ယောက်ရယ်ပါ.....)
မန္တလေးအိုင်ကွန်း မဂ္ဂဇင်း - ဇွန်လ - ၂၀၁၃
(အရင်က တင်ခဲ့ဖူးပြီးသားပါ။ မဂ္ဂဇင်းထဲ ခုမှ ပါလာတာမို့ မဖတ်ရသေးတဲ့သူတွေ အတွက် ပြန်တင်ပေးလိုက်ပါတယ်။ သရုပ်ဖော်ပုံလေးကို အတော် သဘောကျပါတယ်။ ကွဲနေတဲ့ တစ်ခြမ်းပဲ့အသည်းလေးတွေကို လေးလံစွာသယ်ပိုးရင်း တစ်ယောက်တစ်လမ်းစီ ကျောခိုင်းသွားနေကြတဲ့ ချစ်သူနှစ်ယောက်ရယ်ပါ.....)
အလိုလေးလေး... စာသားတွေက ပြီးခါနီးလေထိလေ....
ReplyDeleteညို ... မင်းလည်း အမျှားတော်သူပဲနော်....
အဲဒါလေးသိပ်ကြိုက်တယ်..... ဟိဟိ
ခင်မင်လေးစားစွာဖြင့်
ကိုကိုးအိမ် (မန္တလေး)
ထားခဲ့ခံရတဲ့ မိန်းမ တစ်ယောက်ရဲ့ ရင်ဆိုင် တုန့်ပြန်ပုံကို အရမ်းကြိုက်တယ်။
ReplyDeleteအမ စာရေးတာ သိပ်ကောင်းတာပဲ။ နောက်လဲ ဒီလိုမျိုးလေးတွေ အများကြီး ရေးဦးနော်။
း)
super like
ReplyDeleteဇာတ်လမ်းထဲမှာ မျှောသွားတယ် ..း)
ReplyDeleteခင်မင်လျှက်
ဆောင်းနှင်းရွက်
ဘဲစားဘဲခြေပေါ့...အစ်မရေ့။
ReplyDeleteခံစားဖတ်ရှုသွားပါတယ်...။
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
သဘောကျလိုက်တာ နော်. ဖတ်လို့ အရမ်းကောင်းတယ်.
ReplyDeleteစာသားလေးတွေကိုလည်း နှစ်သစ်မိတယ်.
ကြိုက်တယ်...၊ တစ်ယောက်ထဲပေမယ့် ကိုယ့်လမ်းကိုယ်ဖောက်ပြီး ရဲရဲ လျှောက်ရဲတဲ့ သတ္တိကို...၊ လောကကို မကြောက်တဲ့ သူအရှေ့မှာ လောကကြီးကလည်း ပြန်ပြီး ဦးညွှတ်ရမှာ အသေအချာပဲပေါ့...၊ သဘောကျစွာနဲ့ ဖတ်သွားခဲ့တယ် အစ်မချစ်ကြည်အေး...။
ReplyDeletelove the poem so much....... very good post TT
ReplyDeletewith love
hsumyat
ဖတ်သွားတယ် ညီမရေ ဇာတ်လမ်းထဲမျောသွားတာ ပြီးလို့ပြီးမှန်းတောင် မသိဘူး
ReplyDeleteချစ်တဲ့
အမရွှေစင်
ဟုတ်တယ် ဖတ်လို့ ပီးသွားမှန်းတောင် မသိဘူး
ReplyDeleteအမရေအားပေးသွားပါတယ်နော်.........
ReplyDeleteအခုလိုမျိုး ဘ၀အားမာန်ပါတဲ့စာတွေ ပိုကြိုက်တယ်။
ReplyDeleteဦးဦးနဲ့ လက်ထပ်တာသာမပါရင် ဇာတ်ကောင်ရဲ့ ကာရိုက်တာ ပိုမာန်ပါမယ်ထင်တယ်နော်။
အစ်မ စာရေးအရမ်းကောင်းတယ်။ အမြဲအားပေးနေပါတယ်။
(လီယို)
“ဟုတ်တယ်...။ ချစ်ခဲ့ကြတယ်၊ အဲဒါ...ကိုယ် သိပ်သေချာပါတယ် မောင်...” တဲ့
ReplyDeleteချစ်ခဲ့ပေမယ့် ညို့ရဲ့စိတ်နဲ့တုန့်ပြန်ပုံကိုအရမ်းကြိုက်၏..
အထားခဲ့ခံရတဲ့မိန်းမတွေက ပိုပြီးကြံ့ခိုင်လာတတ်ကြတယ်...
ဟုတ်တယ် မချစ် .. ဒီလိုပဲ လုပ်နိုင်ရမှာပေါ့ ..ဖတ်ရတာ ကျေနပ်လိုက်တာ
ReplyDeleteရေးတတ်လိုက်တာ ... စကားလုံးတွေက ရင်ကိုလာလာမှန်တယ်။ များများရေးပါနော် ။
ReplyDeleteဇာတ်လိုက် မိန်းကလေးရဲ့ ကာရိုက်တာကို ရေးပြသွားတာ လှတယ် ချစ်မး)
ReplyDeleteမိုက်စ်..အစ်မချစ်...
ReplyDeleteအိုးကဗျာလေးကို အံဝင်ခွင်ကျ ထည့်သွားလိုက်တာ..
အရေးနောက်ပါသွားတာ ဇာတ်ဆုံးတဲ့အထိကိုပဲ..
ဘ၀များစွာထဲက ရှင်သန်နေကြတဲ့ ဘ၀တစ်ခု...
အစ်မချစ်ရဲ့ ရေးဟန်တွေကတော့ သွက်လက် ကြွရွနေတာဘဲ
ReplyDeleteမျက်စိထဲကို မြင်လာအောင်ရေးနိုင်တယ်
ရေးတဲ့ စတိုင်လေးတွေ အသုံးအနှုန်းလေးတွေလည်း ကြိုက်တယ်။
သိပ်ကောင်းတာဘဲ
မကြီးချစ်
ReplyDeleteကဗျာလေးနဲ့ ဇတ်လမ်းလေးနဲ့က
ကွက်တိ ပါဘဲလေ..
ဖတ်ပြီးတော့ ရင်ထဲမှာတမျိုးဘဲ..
ခံစားချက်တွေကျန်ခဲ့တယ်..
ကဗျာလည်းကောင်း..အရေးအသားကလည်းကောင်း.. ညို ရဲ့ သတ္တိကို အားကျတယ်..
ReplyDelete