ဒီနေ့ဆိုရင် 10Sepကနေ စဝင်ဖြစ်ခဲ့တဲ့ onlineတရားစခန်းနောက်ဆုံးနေ့ စခန်းသိမ်းပွဲကို ရောက်လာခဲ့ပြီ။ onlineပေမယ့် အတတ်နိူင်ဆုံး ကြိုးစား ဆောက်တည်ခဲ့တယ်၊ ဒါန သီလ ဘာဝနာ သုံးခုစလုံး နေ့စဥ် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီအတွက် ဒီစခန်းအပြီးမှာ ရလိုက်တဲ့ တရားအသိတွေက လောကီ လောကုတ် ၂မျိုးလုံးအတွက် တန်ဘိုးမဖြတ်နိူင်တဲ့အသိတွေ ရခဲ့တယ်။
ကိုယ်ဟာ တရားအလုပ်လုပ်ပြီဆို အမြဲ အဖျက်ဝင်တယ်။ Bodhgayaသွားတုန်းကလည်း သီလရှင်မဝတ်ခင် (Gayaမရောက်ခင်) ကလကတ်တားမြို့မှာ ခြေခေါက်လဲလို့ ဘုရားဖူးခရီးတလျှောက်လုံး သီလရှင်ဝတ်လျက် ချိုင်းထောက်နဲ့ သွားလာခဲ့ရတယ်။
ခုလည်း တရားစခန်း ပြီးကာနီး ရက်နည်းနည်းအလိုမှာ ကပ်ပြီး ခြေခေါက်လဲတယ်။ အရွတ်ယောင်သွားတယ်။ မထောက်နိူင်တော့လို့ ချိုင်းထောက်ကူရပြန်တယ်။ ထိုင်ပြီးတရားမမှတ်နိူင်တော့လို့ ညာဘက်ခြေကို ခေါင်အုံးခု၊ ဆန့်ထုတ်ပြီး တရားမှတ်ရတယ်။
ကိုယ်ကတော့ အဓိဌာန်ထားတဲ့အတိုင်း တရားစခန်းရက် ပြည့်တဲ့အထိ ဝင်မယ်လို့ ဆုံးဖြတ်ပြီး ဆက်ဝင်ဖြစ်တယ်။ အဲ့အချိန်မှာ ဖြစ်ချင်တော့ အကိုကြီးက ကိုဗစ်နောက်တကြိမ်ထပ်ဖြစ်နေချိန်မို့ အိပ်ခန်းထဲ သူ့ကို တယောက်ထဲထားပြီး ကိုယ်က (ဧည့်ခန်းကို အခန်းလုပ်) တရားအလုပ်လုပ်နေရချိန်။ အဓိဌာန်အချိန်ပြည့်အောင် တရားမှတ်လိုက်၊ သူ့အတွက် မနက်စာနေ့လယ်စာညစာတွေကို ချက်ပြုတ်ပြီး အခန်းရှေ့ပို့လိုက်နဲ့ လွန်းထိုးနေရချိန်။ သူ Day 4ညဘက်မှာ ကိုယ်က ခြေထောက်ဖြစ်တာ။ တရားမှတ်အပြီး ဖြစ်တာမို့ အတော်လေးမိုးချုပ်နေတော့ (အိမ်ကလူတွေကလွဲလို့) ကိုယ်လည်း ဘယ်သူ့မှ မပြောဖြစ်တော့။
ဒီလိုနဲ့ သူလည်း ကိုယ့်မကူနိူင်၊ ကိုယ်လည်း သူ့မကူနိူင်တွေ ဖြစ်ကုန်တယ်။
အဲဒီအချိန်မှာ မိတ်ဆွေတွေရဲ့ ချစ်ခြင်းတရားနဲ့ အကူအညီတွေကြောင့်သာ ကိုယ်တို့ အဆင်ပြေပြေ ဆက်သွားလို့ ရခဲ့ကြတယ်။
အိမ်အထိ လာခေါ်၊ ကားမောင်းဆေးရုံပို့ပေးသူနဲ့၊ (ကိုယ်က ညကဖြစ်ပြီး ကိုယ့်ဘာသာရေခဲကပ် တိုက်ဂါးဘမ်းပလာစတာကပ်ပြီး ပေတေအိပ်လိုက်တာ၊ နောက်နေ့မနက်ကျ ခြေထောက်က လုံးဝမှမထောက်နိူင်တော့လို့ ဆေးရုံသွားရတာ 😅) Deliမှာပြီး စားစရာတွေ ပို့ပေးကြ၊ ကိုယ်တိုင်အိမ်ချက်လက်ရာတွေ လာပို့ကြနဲ့၊ စားစရာတွေဟာ ကုန်တောင်မကုန်နိူင်အောင် ဖြစ်သွားတယ်။ ချစ်ခြင်းတရားတွေအတွက် တကယ်ကို ပီတိဖြစ်ရတယ်။ ကိုယ့်အပေါ် တန်ဘိုးထားချစ်ကြသူတွေ ရှိသေးတာပဲလို့ တွေးမိလို့...။
ခက်ခဲတဲ့အချိန်တွေမှာ အတူ ကူပေးကြသူတွေအားလုံးကို ကျေးဇူးတင်စိတ်နဲ့ ဒီစာလေး အမှတ်တရရေးဖြစ်တယ်။
ဒီနေ့ည စခန်းသိမ်းတရားပွဲအပြီး သူတို့အားလုံးကို ကိုယ်ပြုခဲ့သမျှ ဒါနကုသိုလ်၊ ဆောက်တည်ခဲ့သမျှ သီလကုသိုလ်၊ ပြုကျင့်ခဲ့သမျှ ဘာဝနာကုသိုလ်တွေကို မှတ်မှတ်ရရ မျှဝေပေးရဦးမယ်...။
အေးချမ်းကြပါစေ...
Sep10- Oct15, online meditation retreat~
မြေဇင်းသမထဝိပသာနာ~
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်