စာတပုဒ်ကိုဖတ်ရင်း ဝမ်းနည်းရတယ်...
ဘဝအဆက်ဆက်က အထုံပါရမီဆိုတာကို နားလည်လာမှုက နက်သထက်နက်လာတယ်။ ဘယ်အရာမှ ရှောင်လွှဲလို့မရဘူး...။
ဘဝကြီးရဲ့ ကြေလွယ် မွလွယ် ဖျတ်ကနဲအကဲဆတ်မှုကိုလည်း နာကျင်ခံစားရတယ်။ အဲဒီဘဝဘဝတွေကို မဆုံးနိူင်အောင် တွဲစပ်ချုပ်သီထားတဲ့ သံသရာအလျားရှည်ကြီးကိုလည်း ကြောက်လှပြီ...၊
မလိုချင်တော့ဘူး...
အရင်ကတော့ ဂီတ ရုပ်ရှင် စာပေအနုပညာက စလို့ ကျေးငှက်တောတောင် သဘာဝတွေအထိ မြတ်နိုးခံစားစိတ်နဲ့ အငြိမ်းဓါတ်ကလေး မွေးမြူရတာကိုက အရသာလို့ ထင်တယ် (မကြာသေးခင်ကပဲ ထင်ခဲ့သေးရဲ့)။ ဒါတွေသာ မရှိရင် ဘဝဟာ မနေပျော်ဘူး၊ အနှစ်သာရ မဲ့တော့မှာလို့ ယုံကြည်ထားခဲ့တာ...၊ ပြီးတော့ ချစ်ခြင်းတရား...။
အရာအားလုံးဟာ ဆေးခါးကြီးပေါ်က သကြားမှုန်ကလေးတွေမျှသာပဲ...၊
ဒါတွေကြောင့်သာ ဘဝအပေါ် တပ်မက်မှု ဘဝတဏှာ ဖြစ်ရတယ်။ ဘဝဆိုတာကြီးကို အဖန်တလဲလဲလိုချင်မှု ဝိဘဝတဏှာဆိုတာ ဖြစ်လာရတယ်...။
အဲဒီကစလို့ လောင််တော့တာပဲ...၊
လိုချင်မှုရှိလာရင် လောင်မြိုက်တော့တာပဲ...၊
အရာရာဟာ သူ့သဘောနဲ့သူဆိုတဲ့ အနတ်တသဘော ထင်ရှားမြင်လာရတဲ့အခါ မလိုချင်တော့ဘူး။ တခါ စဥ်းစားမိပြန်တာက...အရာရာဟာ ငါ့သဘောအတိုင်းဆိုတဲ့ အတ်တသဘောနဲ့ ဘဝကို ဖြတ်သန်းခွင့်ရမယ်ဆိုရင်ရော လိုချင်နေဦးမလားလို့ တွေးမိတာ...။ ဒါ တကယ် အနတ်တကို ဉာဏ်နဲ့ မမြင်သေးလို့လည်း ဖြစ်မယ်။
ဘာပဲဖြစ်ဖြစ် ဘဝအပေါ် မြင်တဲ့အမြင်၊ ခံစားမိတဲ့ခံစားချက်တွေကတော့ ပြောင်းလဲလို့ သွားခဲ့ပြီ။
ဒါ သဘာဝကျသားပဲ
ပြောင်းလဲခြင်းတခုထဲကသာ ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရား ဟုတ်လား...။
မပြောင်းလဲဘူးဆိုရင်သာ တခုခုမှားနေတာ။
အရာအားလုံးဟာ ပြောင်းလဲ ဦးတည် ပြီးဆုံးလိုက် အသစ်တဖန်ဖြစ်လိုက်နဲ့ သွားနေခဲ့ကြတာ...၊ ဒီလိုပဲ ဆက်သွားနေဦးမှာ...။
ဘယ်တော့မှ ဆုံးမလဲ
အဆုံးသတ်ပေးရမယ့်သူက ကိုယ်တိုင်ပဲဟုတ်လား...
အင်း...အလုံးစုံနာကျင်မှုတွေဆီက...၊
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်