တန်ဘိုး valueတွေအကြောင်း တွေးနေမိပြန်တယ်...
ပြီးတော့ စံနှုန်းတွေ...
စံနှုန်းတွေကို အများက သတ်မှတ်လို့ရပေမယ့် တန်ဘိုးကျတော့ ကိုယ့်တန်ဘိုး ကိုယ် အသိဆုံး၊ ဘယ်သူကမှ လာသတ်မှတ်ပေးချင်လို့ မရဘူးဟုတ်လား၊
ဒီအချက်က ကျွန်မကို သက်တောင့်သက်သာ ရှင်သန်စေတယ်။
ကျွန်မနေ့ရက်တွေ...၊ ဘယ်လောက်အကန့်အသတ် ရှိမလဲ ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှင်သန်ခွင့်ရနေတုန်း အချိန်တိုင်းကို ကျွန်မ တန်အောင် နေနေတယ်။ မနက် မျက်စိပွင့်ကတည်းက ကောင်းသောအတွေးအမြင်နဲ့ နိူးထတယ်၊ လေကလေး ရှူတယ်၊ အပင်တွေကို ကြည့်တယ်၊ ပန်းကလေးတွေကို တစိမ့်စိမ့်ငေးတယ်၊ သူတို့ရနံ့ကလေးတွေ မွှေးမြနေတာကို ချီးကျူးစကားဆိုတယ်။ သဘာဝတရားကြီးက လှလိုက်တာ...ရယ်လို့ နှုတ်က ထုတ်ပြောတယ်။ ဘာကိုပဲကြည့်ကြည့် ကြည်ကြည်လင်လင် မြင်အောင်ကြည့်တယ်။ ပြုံးထားတယ်...။ ဒီလိုနဲ့ ကျွန်မနဲ့ ကျွန်မဝန်းကျင်မှာ ငြိမ်းအေးတဲ့၊ ချမ်းသာတဲ့ လှိုင်းကလေးတွေ...၊ waveလို့ ခေါ်မလား...၊ တလွန့်လွန့် ရှင်သန်လွှမ်းခြုံ ကြည်မြလို့ နေတယ်။
တနေကုန် အိပ်ရာဝင်တဲ့အထိပဲ...၊ ချမ်းသာစွာ အိပ်မယ်လို့ တွေးတယ်။ လေကလေး ရှူသွင်းတာကို သိတယ် လေကလေး ရှုထုတ်လိုက်တာကိုလည်း သိတယ်...၊ ပြုံးထားတယ်။
ဒီလိုနဲ့ ကျွန်မနေ့ရက်တွေဟာ တဖြည်းဖြည်း ချမ်းသာလာတာပဲ။
အရင်ကလို စိတ်တိုတာ ဒေါသထွက်တာတွေ နည်းလာတယ်။ တော်ရုံလောက်ကတော့ နေတတ်ထိုင်တတ်သွားပြီ။ ခန်ဓါကိုယ်ကြီးက နာလည်းပဲ သြော် နာမှာပေါ့ ဒါ သူ့အလုပ်ပဲကိုးလို့ တွေးတယ်၊ နာဖို့က သူ့အလုပ်၊ ကိုယ့်အလုပ်က နာတာကို နာတာပါလားလို့ သိလိုက်ရင် ရပြီ။ ရိုးရိုးကလေးပဲ...၊ အဲသလောက်ကို လွယ်ကူတယ်။
တကယ်တော့ သဘာဝတရားကြီးက မခက်ဘူး...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်