အရင်ကဆို လူတယောက်ကို ဘယ်လိုအရာတွေကြည့်ပြီး ကောက်ချက်ချသလဲဆိုတဲ့ မေးခွန်းမျိုးအတွက်...
လူတယောက် ဘယ်လောက်ချမ်းသာ
ဘယ်လောက်ပညာတတ်
ဘယ်လောက်ဂုဏ်သရေရှိရှိ
ဘယ်လောက်မျိုးရိုးကောင်းကောင်း
အဲတာတွေအားလုံးထက်၊
သူဟာ သူ့ပတ်ဝန်းကျင်ကလူတွေ
သူကြုံလာသမျှလူတွေအပေါ်
ဘယ်လို ဆက်ဆံ ပြုမူ ပေါင်းသင်းလေ့ရှိသလဲ
ဆိုတာကိုကြည့်ပြီး သူ လူသားဘယ်လောက်ဆန်သလဲ ကောက်ချက်ချလို့ရတယ်။
အဲသလို ဖြေတတ်တယ်။
ခုတော့ အဲသလို မဟုတ်တော့ဘူး။
လူတယောက်အပေါ် ကောက်ချက်ချခွင့် မှတ်ချက်ပြုခွင့် ကျွန်မမှာ မရှိပါဘူးလို့ပဲ ဖြေမိမယ်။
တကယ်ပဲ၊ ကျွန်မတို့မှာ တခြားသူတွေအပေါ် ဘာအကြောင်းကြောင့်နဲ့မှ ခန့်မှန်းစရာ၊ ကောက်ချက်ချစရာ မလိုအပ်ဘူးလို့ ကျွန်မထင်တယ်။
ကိုယ့်ကိုယ်ကိုပဲ သိအောင် အရင်လုပ်ပါဦး၊ ဒါက ပိုအရေးကြီးတယ်ဟုတ်လား၊
ငယ်စဥ်က သိတဲ့သူတယောက်ယောက် ကို့ရိုးကားရား ဝတ်စားလာတာကို မြင်တဲ့အခါ ဟဲ့ ဟိုတယောက်ဝတ်စားထားတာကိုလည်း ကြည့်လိုက်ဦးဆိုပြီး သူငယ်ချင်းတွေ ဝိုင်းဟားကြတာမျိုး ရှိခဲ့ဖူးတယ်။ အင်မတန်ရိုင်းပျတဲ့အပြုအမူလို့ နောင်မှာ နားလည်လာခဲ့တယ်။
ကျွန်မတို့ဟာ တဆိတ်တော့ လွန်လွန်းတယ်မဟုတ်လား။
သူတပါးအရေး စွက်ဖက်ဖို့ ဝန်မလေးတတ်ကြဘူး။ လွယ်လွယ်မှတ်ချက်ချပစ်လိုက်တတ်ကြတယ်။ တဖက်သားကို ထည့်တွက်ဖို့၊ တဖက်သားနေရာကနေ ခံစားတွေးတတ်ဖို့ ကြိုးစားတတ်သူတွေ အင်မတန်မှနည်းတယ်။
ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ်သုံးတတ်လာကြတော့ ပိုဆိုးလာကြတယ်။ သူတပါးအရေးတွေထဲ ဝင်ရေးကြ ကောက်ချက်ချကြ ဝေဖန်ကြနဲ့ တော်ကြာ ဆဲကြဆိုကြ၊
ဒါတွေအားလုံးက သူတပါးအရေး ကိုယ့်အရေးမှာ စည်းမထားတတ်ကြလို့ပဲ။ ဝင်မပြောရဘူးလို့တော့ မဆိုလိုပါဘူး၊ ရင်းနှီးမှုအတိုင်းအတာအရ ပြောပါ ရေးပါ ဒါပေမယ့် ပြောသင့် ရေးသင့်တာကို ချင့်ချိန်ပြီးမှ ပြောပါ ရေးပါ။
ယဥ်ကျေးသောလူမျိုးဖြစ်ဖို့ ကျွန်မတို့ အများကြီး လိုပါသေးတယ်။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်