ဒီရက်ထဲ အဝတ်အစားသစ် ဝယ်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အတော်လေး သတိထားမိသွားတယ်။
အမျိုးသမီးတွေဟာ အဝတ်အစားနဲ့ပတ်သက်လာရင် သူ့ပုံစံ ကိုယ့်ပုံစံရယ်လို့ အကြိုက်ကိုယ်စီ သီးသန့်ပုံစံ ရှိကိုရှိတတ်ကြတယ်။
ကျွန်မအတွက်တော့ ပင်ကိုပုံစံကိုက မိန်းမသိပ်ဆန်ဆန်မနေတတ်သူမို့ အတွန့်ကလေးတွေ အဖပ်ကလေးတွေ ဇာနားပွင့်ကလေးတွေ ပုလဲသီးဘော်ကြယ်ကပ်တွေ စသည်ဖြင့် ပုံစံဆန်းဆန်း မိန်းမဆန်ဆန်နုဖပ်နေတာလေးတွေဆို မဝတ်တတ်ဘူး၊ ဝတ်လေ့သိပ်မရှိဘူး၊ လက်ဆောင်ရတာမျိုးဆိုရင်တော့ အားနာပါးနာ ဝတ်လိုက်တတ်တယ် တခါနှစ်ခါလောက်ပေါ့။ ပြီးရင် တီရှပ်နဲ့ဂျင်းဆီပဲ ပြန်ရောက်သွားတတ်တယ်။
မြန်မာဝတ်စုံတွေကျတော့ ကြိုက်နေပြန်ရော၊ အဲတာကလည်း ထွေလီကာလီပုံဆန်းတွေတော့ မဟုတ်ပြန်ဘူး၊ ရင်ဖုံးလက်ပြတ် ရင်စေ့လက်ပြတ် ကော်လာထောင်လက်ပြတ်ခါးတိုလေးတွေနဲ့ အရောင်ခပ်မှိန်မှိန်အဆင်ကို ရွေးဝတ်လိုက်တတ်တာမျိုးပဲ။
ကျွန်မက အစကတည်းကိုက နာမည်ကြီးဘရန်းတွေဘာတွေနောက် မလိုက်တတ်တာ။ ငွေအများကြီး မကုန်ချင်တာလည်း ပါတာပေါ့။ အဝတ်အစားဆို တော်ရုံသင့်ရုံတန်ဘိုးလောက်ပဲ အကုန်ခံချင်သူမို့ စလုံးနဲ့ အတော်အဆင်ပြေတယ်။ တီရှပ် ၁၀၊ ဘောင်းဘီတို ၈ကျပ်နဲ့ အပေါ်အောက် ၂၀မကျော်တဲ့ ဝတ်စုံနဲ့ အပြင်ထွက်လည်း အေးဆေးပဲ။ ဘောင်းဘီတိုနဲ့ ကွင်းထိုးဖိနပ်နဲ့ လျှောက်သွားနေလည်း အဆင်ပြေတယ်။ အဲလိုပေါ့ပေါ့ပါးပါးရှိတာ ကြိုက်တယ်။
ခုနောက်ပိုင်း အသက်လေးရလာတော့ သိပ်တို သိပ်ဟိုက်လွန်းတာတွေ မဝတ်ဖြစ်တော့ဘူး။ ခရော့တော့ပ်လောက်ကတော့ ဝတ်လို့ဖြစ်သေးတယ်။
ဒီထက် အသက်ကြီးလာရင်တော့ ပိုပြောင်းလဲလာမယ်ထင်တယ်။ အသက်ကြီးလာရင် မပိန်ချင်ဘူး။ ဝဝပုံ့ပုံ့ကြီး ဖြစ်ချင်တယ်။ ကရမက်တွေ ခြေဆုံးခေါင်းဆုံး ဖွေးဖွေးရေးရေးလေးလူးပြီး မွှေးမွှေးအေးအေးလေး နေချင်တယ်။ ဆံပင်ဖြူဖြူတွေကို ကွမ်းသီးလုံးလောက် ထိပ်ကလေးပေါ် စုတင်ပြီး ထုံးထားမယ်။ ချည်သားအပွင့်ရိုက်ထည်လေးကို လက်ရှည်ပွပွ ခါးပွပွ ချုပ်ဝတ်ပြီး ပါတိတ်တပတ်နွမ်းလေးနဲ့ဆို သက်တောင့်သက်သာရှိမှာပဲ...။ ပြီးတော့ အရေးကြီးဆုံးက ကျွန်မ ကျန်းမာချင်တယ်...၊
ဘယ်သူတွေနဲ့မှလည်း မတွေ့ချင်၊ ဘယ်ပွဲမှလည်း မတက်ချင်ဘဲ အိမ်မှာပဲ ကိုယ်ကြိုက်တာလေးလုပ်ရင်း နေသွားချင်တယ်။ ရုပ်ကလည်း ကျရဦးမှာကိုး၊ ကြည့်မလှတော့ရင်တောင် ကျက်သရေရှိရှိ တင့်တယ်အေးချမ်းပုံမျိုး aging gracefully ပေါ့လေ၊ ဖြစ်ချင်တယ်။ အဝတ်အစားနဲ့ပတ်သက်လို့က ပြောသာပြောရတယ် အဲ့အချိန်ကျ အဖြူအညိုဝတ်နဲ့ ဖြစ်ချင်လည်း ဖြစ်နေမှာ။ အဲ့အချိန်ထိ အသက်လည်း ရှည်ချင်မှ ရှည်ဦးမှာ...။
အဲ့ချိန်ထိ အသက်ရှည်မယ်ဆိုရင်တော့ ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ အဖွားကြီးကျွန်မဟာ ခြံထဲက စပယ်ပင်က စပယ်ပန်းတွေ ခူး သီလို့ ခေါင်းပေါ်ပန်ဖြစ်ချင်သေးရဲ့...၊ စပယ်ပန်းတွေရဲ့ သင်းရနံ့ကဖြင့် ကျွန်မကို ဘယ်သောအခါမှ စိတ်မကုန်စေဘူးလေ...၊ ချစ်ရတဲ့ စပယ်...၊ ကျွန်မမှာ မပြောင်းလဲဘဲကျန်တာဆိုလို့ စပယ်ပန်းတွေကို နှစ်သက်လွန်းရတာလေး ကျန်သေးရဲ့....။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်