ရယ်စရာကောင်းတယ်လို့ ကျွန်မထင်တာပဲ...၊
ညက အိပ်မက်တွေ အရှည်ကြီးမက်တယ်၊ ပထမတခါမက်ပြီး နိူးလာတယ်၊ ပြန်အိပ်တော့ အဲဒီအိပ်မက်ကိုပဲ ဆက်မက်တယ်။ အဆက်အစပ်လည်း မရှိပါဘဲ၊ ကျွန်မက သူ့အိမ်မှာ ချက်ပြုတ်စားသောက်ကြဖို့ သူငယ်ချင်းတွေကိုဖိတ်တယ်၊ သူ့ခွင့်ပြုချက်လည်း မယူဘဲလေ၊ (ကျွန်မသူငယ်ချင်းတွေကို ဘာကြောင့် သူ့အိမ်ဖိတ်ရသလဲ ကျွန်မလည်း မသိဘူး၊ အိပ်မက်ဆိုတော့ မက်ချင်ရာ မက်တာပဲ)
သူငယ်ချင်းနှစ်ယောက်ကို ဖိတ်တာ၊ တယောက်က သူ့မိသားစုလိုက်ကြီး ခေါ်လာရော၊ ဘုရား...ဘုရား ခက်ပြီပေါ့၊ သူ့ဆီက ခွင့်မတောင်းဘဲ သူ့အိမ်ကို (ကိုယ့်အိမ်ကိုယ့်ယာလို) ကျွန်မသူငယ်ချင်းတွေ ဖိတ်ပြီး စားသောက်နေလိုက်ကြတာ အင်မတန် ဆိုးတာပဲ၊ ဒီကြားထဲ တယောက်က မိသားစုလိုက်ကြီး...၊ အားနာလိုက်တာ...၊ အိပ်မက်ထဲ နေရထိုင်ရအလွန်ခက် မျက်နှာပူ အားနာ...၊ အဲလိုနေနေရင်း သူက ဘယ်ကမှန်းမသိ ပေါ်လာရော၊ အိမ်အပေါ်လိုလို ကုန်းမြင့်ကလေးပေါ်ကနေ ကျွန်မတို့ကို စီးမိုးကြည့်နေတဲ့သူ့ကို မြင်လိုက်ရတယ်။ ကျွန်မမှာ မျက်နှာဘယ်လိုထားရမယ်မသိဘဲ သူ့နာမည်ကို အားတုံ့အားနာခေါ်ရင်းက သူရှိရာ ကုန်းမြင့်ကလေးပေါ် ပြေးတက်သွားမိတယ်။ သူ့မျက်နှာက အလွန်ကို စိတ်ညစ်ညူးနေဟန်...၊
သူ့အနားရောက်ကာနီးလေးမှာပဲ အိပ်မက်က ဖျတ်ဆို နိူးလာတယ်။ မနက် ၇နာရီ...၊ ကျောင်းပိတ်ရက်မို့ အအိပ်ကြီးပြီး ဘာတွေ အိပ်မက်နေမှန်း မသိ။ အိပ်မက်ထဲမှာတောင် ကျွန်မက သူ့အနားရောက်ခွင့် မရှိ...။ ဒါပေမယ့် သူ့ကို ခဏတော့ တွေ့လိုက်ရတယ်လေ...။ သူ့မျက်နှာ ပုပ်သိုးသိုးကိုပေါ့...။
ကြည်ကြည်လင်လင်ပဲ အိပ်ရာထ မျက်နှာသစ်ပြီး မနက်စာ စားတယ်။ အဲဒီအထိ ကျွန်မ ပြုံးနေမိတုန်းပဲ...။
နောက်တခါ ကျွန်မအိပ်မက်ထဲ ရှင်လာဖြစ်ခဲ့ရင် မျက်နှာလေးတော့ ပြုံးထားဖို့ ကောင်းတာပေါ့ရှင်...၊
ချစ်စရာလေး <3 <3 <3
ReplyDelete🥰🥰 ညီမမိုး....
Delete