ငါးမွေးရတာ ကျွန်မ မနှစ်သက်ပါ။ ငါးမွေးဖို့ စိတ်မကူးခဲ့ပေမယ့်လည်း မွေးဖို့ရာ အကြောင်းဖန်လာတော့ ရော့ ငါးကန် ဒီလိုရေလဲ၊ ဒီလိုအစာကျွေးဆိုပြီး တည့်တည့်ကြီးရောက်လာကာ မွေးဖြစ်ရတော့တာ။ ကျွန်မမြင်ဖူးနေကျ ရောင်စုံငါးတွေနဲ့၊ မှန် ကန်နဲ့၊ အောက်စီဂျင်ပိုက်နဲ့ အဲလိုတွေ မဟုတ်။ လက်သန်းလုံးမျှပင် မကြီးသော မီးခိုးရောင်မွဲမွဲ ငါး ၁၃ကောင်ကို အင်တုံအကြီးကြီးထဲ ထည့်မွေးထားခြင်းမျိုးပါပဲ။
ပိုင်ရှင်ပြောသလို ရေလဲ၊ သူပြောသလို အစာကျွေးတာပေမယ့် ငါးတွေက တဖြည်းဖြည်းနည်းလာကာ ၁၀ကောင်ပဲ ကျန်တော့တယ် ၇ကောင်ကျန်သေးတယ်ကနေ နောက်ဆုံး ၅ကောင်လောက်သာ ကျန်တော့တယ် ဖြစ်လာတော့ လူက နည်းနည်း စိတ်ဖိစီးလာတယ်။
ငါးရောင်းတဲ့ဆိုင်သွား၊ ကိုယ်လှတယ်ထင်တဲ့ ငါးရောင်စုံတွေ တထုပ်ဝယ်လာကာ ကန်ထဲ ထပ်ဖြည့်ထားလိုက်တယ်။ နည်းနည်းတော့ စိတ်ချမ်းသာသွားသလိုပဲ။ ဒါဟာ ခဏကလေးပဲ ခံတယ်။ နောက် ၄ ၅ ရက်ကြာတော့ ငါးတွေက သေပြန်ရော။ ငါးဆိုင်ပြန်သွားမေးကြတယ်။
ဒါ ပုံမှန်ပဲ ငါးတွေက သေကြမှာပဲ တဲ့ (ဟမ်)
ဒါဖြင့် ဘာကြောင့် မွေးနေကြသေးတုန်း။
မင်းတို့ ဘာရေဖြည့်လဲ
ရေပိုက်ခေါင်းက ရေပဲ ဖြည့်တာပေါ့
ဟာ ဒါဖြင့် ဒါလေးဝယ်သွား စလုံးကရေတွေက ကလိုရင်းတွေ များတယ်။ ဒါလေးက ရေထဲက ကလိုရင်းတွေကို ဖယ်ပေးတာ
အဲလိုလား ဝယ်ရတာပေါ့
သူပြောတဲ့ ကလိုရင်းဖယ်ပေးတဲ့ဆေးအပြင် ငါးအရောင်ထွက်တဲ့ငါးစာဗူးတဗူးပါ ဝယ်ခဲ့သေး။ အင်တုံကြီးက ငါးအရောင်လေးတွေကိုမမြင်ရလို့ မှန်ငါးကန်ပါ ဝယ်လိုက်သေး၊ ပြီးတော့ ရေညှိပင်တွေ ကန်ထဲထည့်ဖို့ ထပ်ဝယ်ရသေး။
ဒါလည်းပဲ ငါးတွေက သေကြတာပဲ...
တနေ့တနေ့ ငါးတွေ သေပြန်ပြီလားဆိုတဲ့စိတ်က အတော် နေလို့မကောင်းတာ။
ယူထျူထဲသွား ငါးတွေအတွက် relexing music တွေဘာတွေ သွားရှာပြီး ငါးကန်နားဖွင့်ပြ။ အမ်မယ် ဒီကောင်တွေ ဖလပ်ဖလပ်နဲ့ နေတာပဲ မြူးသဟ...။ နေရာကျပြီထင်တာပဲ၊ ပြောမဆုံးသေးဘူး၊
နောက်နေ့တွေကျ တကောင်ပြီးတကောင် ရှောကြပြန်တာပဲ။ ယူထျူထဲ သွားပြန်ရှာတယ်...
"မင်းကန်ထဲက ငါးတွေကို မင်းကိုယ်တိုင်ပြန်သတ်နေမိပြီလား..."
ဟာ...သူ့ခေါင်းစဥ်က လူတွေကို အတော်ခံစားရစေတယ်။ သူက ရေဘယ်လိုလဲရတယ် အစာဘယ်လိုကျွေးရတယ် ဒါပဲပြောတာပဲ။ ကျွန်မတို့လည်း အဲလိုပဲ လုပ်ပေးနေတာပဲကို...
ငါးမွေးရတာ မလွယ်ပါလား
တော်ပြီ ဒီတခါ ငါးမျိုးပြုတ်ရင် ငါးကန်ပါ ရေသွန်ပစ်လိုက်တော့မယ်။ ထပ်မမွေးတော့ဘူး။
ကုန်ကာနီးပြီ၊ နောက်ဆုံး မီးခိုးရောင် ငါးတကောင် ကျန်တယ်။
ဖြစ်ချင်တော့ အဲ့ငါးက ဗိုက်ပူကြီးဖြစ်နေတယ်။
ဒါကုန်ရင်မမွေးတော့ဘူး ဆိုကာမှ ငါးမဗိုက်ပူကြီးက တနေ့မှာ ငါးကလေးတွေ ဥချလိုက်တယ်။
ငါးကန်ထဲကြည့်နေတုန်း ဖျတ်ကနဲ ငါးပိစိလေး ပြေးကူးသွားတာတွေ့ရတော့ ဟေးကနဲ အူမြူးသွားတယ်။
ဟာ ငါးမက မွေးပြီဟေ့
အိမ်ရှိလူကုန် ငါးကန်နား ပြူးပြဲကြည့်ကြတယ်။
ပထမတကောင် နောက်တကောင်
မျက်လုံးကလေးနှစ်လုံးအပြူးသားနဲ့ မြီးတန်သွယ်ကလေးနဲ့ ပထမကောင်ကို ငပြူး
ဒုတိယကောင်ကို ငပြဲ လို့ နာမည်ပေးလိုက်တယ်။
နောက် ၃ ၄ ရက်ကျတော့ ငါးပိစိလေး ၄ကောင် ဖြစ်လာတယ်။
နောက်တိုးနှစ်ကောင်ကို တကောင်ကို ငလုံး၊ နောက်တကောင်ကို ငဖီးလို့ နာမည်ပေးလိုက်တယ်။ ငါးမကြီးက ကလေးတွေကို ပြန်စားတတ်တယ်ဆိုလို့ ငါးပိစိတွေကို ငါးမကြီးနဲ့ ကန်ခွဲပြီး နောက်တကန်မှာ ထားရတယ်။
အိမ်မှာလည်း တနေ့တနေ့ ငပြူး ငပြဲ ငလုံး ငဖီးတို့ကို အရိပ်တကြည့်ကြည့်နေရတယ်။
ပြောချင်တာက ခုမှလာမှာ...
တနေ့က စလုံးမိတ်ဆွေတယောက်နဲ့ ငါးတွေအကြောင်းစကားစပ်မိကြတယ်။
ငါးတွေ တကောင်ပြီးတကောင် ရှောကုန်လို့ ငတို့မှာ စိတ်တွေမကောင်းလိုက်ရတာ...ဘာညာ...
သူက စကားမစပ် နင်တို့ဆီမှာ အာမီမန်းတွေနဲ့ ပြည်သူတွေ တိုက်နေကြတာ သတင်းတွေ ကြည့်ရတယ် တဲ့
အေး အာမီမန်းတွေ ရှောသွားရင် ငါတို့ ပျော်ကြတာမှ တအုန်းအုန်းပဲ...
သူက အေးနော် တဲ့
ကိုင်း ပြောချင်တာက
ကျွန်မတို့မှာ အိမ်မွေးတိရိစာန်တွေ သေကြရင်တောင် ဝမ်းနည်းတတ်ကြသေးတာ။
ဒင်းတို့သေကုန်ကြလို့ ကျွန်မတို့ပျော်ကြတာ နည်းတဲ့ အကုသိုလ်လား ဒါပေမယ့် ကျွန်မတို့ ပျော်ကြတယ်...ပျော်ကြဖို့ရာ လုံလောက်တဲ့အကြောင်းနဲ့မို့ ပျော်ကြရတယ်...
ယူထျူသွားကြည့်ဖို့လည်း စိတ်မကူးပေါင်...
အိမ်းး
ငလုံးတို့ ငဖီးတို့ ငါးလားမမြောက်သေးခင်က...
ခုတလော Marble cake ကြိုက်နေလို့ ခဏခဏဖုတ်ဖြစ်တယ်...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်