Friday, May 7, 2010

လမ်းကလေး....

ရုံးသွားရုံးပြန် ကျမ ဖြတ်သွားနေကျ လမ်းကလေး တခုရှိတယ်။ အဲဒီလမ်းကလေးက တဘက် တချက်မှာ စကားဖြူ စကားဝါပင်တွေ ဝန်းရံလို့...။ စကားဖြူ၊ စကားဝါပန်းတွေ ပွင့်တဲ့ အချိန် များဆို သင်းမွှေးနေတဲ့ ပန်းရနံ့တွေဟာ အဲဒီလမ်းလေးထဲကို ကျမ မရောက်ခင် ခပ်လှမ်းလှမ်း ကတည်းက အကြိုထောက်လေ့ရှိတယ်။ ကျမကလည်း ပြန်လည် နှုတ်ခွန်းဆက်လို့ မျက်နှာ လေးတောင်မှ ပြုံးယောင် ယောင် ဖြစ်သွားတတ်မြဲ...။ အပင်အောက်ကိုများ ရောက်ရင်တော့ မော့မကြည့်မိပဲ မနေနိုင်အောင် အပွင့်ဖြူဖြူဝါဝါ ချစ်စရာ အသွေး ကလေးတွေကို အရေးတယူ ရှိမိရပြန်တယ်။

တခါတလေ သူတို့ရဲ့ ပွင့်ဖတ်လေးတွေ တဖတ်ချင်း မြေပေါ် ကြွေကျနေတာ မြင်ရတဲ့ အခါမျိုး မှာတော့ စိတ်နှလုံး မသာမယာ ဖြစ်မိပြန် လေတယ်။ ရှင် ကျမကို မရယ်ပါနဲ့နော်....။ ကျမက ခံစားတတ်လွန်းတယ်၊ ပိုလွန်းတယ်လို့ ရှင် စိတ်ထဲက ပြောနေပြန်ပြီမဟုတ်လား....။ ကဲပါလေ ကျမ ပြောပြပါ့ မယ်...ရှင်နားထောင်ကြည့်...၊ တကယ်တော့ ကျမက သဘာဝရဲ့ အမှန်တရား ကို ရှင့်ထက် ပိုမြင်ပြီးသူ၊ ကြိုမြင် ပြီးသူ...၊ ပြီးတော့ ကြိုတင်ပြင်ဆင် ထားတတ်သူ တယောက် ပါ။

သက်ရှိသက်မဲ့ ခပ်သိမ်းသော အရာမှန်သမျှဟာ သွားနေကြတယ်လို့ ကျမပြောရင် ရှင် လက်ခံ မှာလား...။ ပန်းပွင့်ကလေးတွေကိုပဲ ကြည့်လိုက်...ပန်းအိုးထဲ ရေဖြည့်လို့ အလှကြည့်ထားတာ တောင်မှ သူတို့က လှတဲ့နေရာမှာပဲ ရပ်တန့် မနေကြဘူး၊ ကြွေကြ၊ နွမ်းကြရ တယ်။ ကဲ ရှင် လက်ခံပြီလား...သူတို့ဟာ ပန်းအိုးထဲမှာ သွားနေကြတယ် ဆိုတာ....။

ကျမတို့ အားလုံးလည်း ဒီလိုပဲ....၊ ဟင်...ရှင်က လက်မခံချင်ပြန်ဘူးပေါ့...ဟုတ်လား...။ ကုန်ကုန်ပြောမယ် ရှင်တို့ ကျမတို့ အိပ်စက် အနားယူနေပါ တယ်ဆိုတဲ့ အချိန်မှာတောင် သွားနေခဲ့တာ။ အိပ်ပါတယ်ဆိုမှ ဘယ်ကလာ သွားရမှာတုန်းကွ လို့ ရှင်ထင်နေမလား...သေချာတယ် ဒါဆို ရှင့် အတွေး အမြင်တွေ မှားနေပြီ။ ရှင့်ရဲ့ မျက်လုံးဟာ ငယ်ငယ်တုန်းကလို ဟုတ်သေးရဲ့လား၊ အနီးကြည့် အဝေး ကြည့် မျက်မှန်တွေကူမှ မြင်ရတော့တာ မဟုတ်လား...အဲဒါ သူ သွားနေခဲ့လို့ပေါ့။

တကယ်က ကျမတို့ အားလုံး သွားနေကြတယ်...တခုတည်းသော မပျက်မကွက် သွားကြရမဲ့ လမ်းကလေးဆီကိုပေါ့......

တခုပဲ....ပန်းကလေးတွေကတော့ သူတို့ရဲ့ ဘဝခရီးမှာ အစွမ်းကုန် ဖူးပွင့်ဝေဆာလို့ လောက ကို အလှဆင်ခဲ့ကြတယ်။ ကျမတို့ သက်ရှိ လူသားတွေကရော ဘဝ ခရီးလမ်းပေါ်မှာ သွားရင်း နဲ့ ပန်းကလေးတွေလို အလှဆင်ခဲ့သူ ဘယ်လောက်များ ရှိပါလိမ့်....။

ရှင် သိထားရမှာက လူတွေလျှောက်ခဲ့တဲ့ ဘဝလမ်းတွေ ဘယ်လောက်ပဲ ကွဲပြားပါစေ၊ နောက်ဆုံးသွားရမဲ့ လမ်းကလေးကတော့ တလမ်းတည်းပါပဲ...ကျမ နားမလည်ဘူး...လူတွေဟာ ဘဝခရီး သွားရင်း တနေ့ ချန်ရစ်လို့ ထားခဲ့ရမဲ့ အရာတွေအတွက် ဓမ္မမှု နဲ့ရော အဓမ္မမှုနဲ့ ပါ အပူတပြင်း ရှာဖွေနေသလောက်၊ သေချာပေါက်သွားရမဲ့ အဲဒီ လမ်းကလေးတခု အတွက် တော့ ပြင်ဆင်ဖို့ မေ့လျော့နေကြလေရဲ့။

ဒါ အရေးကြီးတယ်နော် ရှင် သိလား...၊ ဘဝလမ်းခရီးပေါ်မှာ ဖြတ်သန်းရင်း ပြုလုပ်ခဲ့ဖူးတဲ့ ကောင်းမှု၊ မကောင်းမှု အလုံးစုံဟာ ရှင့်ရဲ့ နောက်ဆုံးသွားရမဲ့ လမ်းကလေးပေါ်မှာ နမိတ် ဆောင်၊ အရိပ်အယောင်ပြလို့ ရှင်နောက်ထပ် သွားရမဲ့လမ်း အကောင်းအဆိုးကို ရွေးချယ် ပေးတယ် ဆိုတာ....။

12 comments:

ဝေလင်း said...

အစ်မပို့စ်လေး ဖတ်တော့မှာပဲ ငယ်ငယ်က ဆရာမတစ်ယောက်မေးတာလေး ပြန်သတိရတယ်။ တော်တော်ငယ်သေးပါတယ်.. နှစ်တန်းလားသုံးတန်းလား သစ်ပင်တွေဟာ ရွေ့လျားနိုင်လားတဲ့။ သိဘူးလေ။ ရွေ့ဘူးပေါ့ ဖြေထည့်လိုက်တာ တက်တက်စင်အောင်လွှဲပါရော.. သစ်ပင်တွေဟာ ရွေ့တယ်တဲ့ ဆရာမက ပြန်ပြောတယ်။ အစ်မပြောသလိုဆိုရင်တော့ သွားနေကြတယ်ပေါ့...။ Zephyr ရေးတဲ့ ပို့စ်လေးတစ်ခုက အကြောင်းလေးသတိရမိတယ်... လူတွေက ၀က်သတ်စခန်းက ၀က်တွေလိုပဲတဲ့ သေရမှာကို မေ့လျော့ပြီး တရွေ့ရွေ့သွားရတာကို အသားကျနေကြတယ်တဲ့.. သေချာပေါက်ရောက်မယ့်လမ်းပေမယ့် လူတွေက မသိမေ့လျော့ခြင်းတွေနဲ့ အသားကျနေကြပြီလေ... အားလုံးကတရွေ့ရွေ့နဲ့.............

PS တစ်ကွ.... အူးရားးးးးး( ура1)

ဇွန်မိုးစက် said...

အစ်မရေ... အတတ်နိုင်ဆုံးတော့ မမေ့မလျော့တဲ့ သတိတရားနဲ့ လျှောက်ကြည့်နေဆဲပါ။

ဒီလိုပို့စ်မျိုးတွေ ဖတ်ရတာကို ကြိုက်တယ်။ ကိုယ်လည်း မေ့ချင်ချင်ဖြစ်နေတာ သွားသတိရမိလို့ အခိုက်အတန့်အလျောက် ဆင်ခြင်မိသွားတယ်။

အင်ကြင်းသန့် said...

သိပါလျက်နဲ့ မေ့နေတာကို ငါ့အစ်မက ဒီပိုစ့်လေးနဲ့ သတိပေးလိုက်သလိုဖြစ်သွားတော့ ဘာပဲပြောပြော ပြန်သတိရဆင်ခြင်မိသွားရတယ်...ကျေးဇူးပါ မမချစ်...

ဂျင်ဂျင်း

TZA said...

တရားသဘောနဲ့ရှုသွားပါတယ်။

♥ကိုဇော်♥ said...

အင်း. . .
လမ်းကလေး ဆိုပေမဲ့ မမြင်ရတော့ သတိမထားမိကြတာပါ။
ဒါပေမဲ့ ဒီလမ်းကလေးက ဘယ်နှစ်ယောက် တိုးဝင်ဝင် ဆံ့နေတုန်းပါပဲ။
စီးဆင်းမှု ကလည်း မြန်တယ်။ အမလျှောက်ခဲ့တဲ့ လမ်းလေးလိုလည်း မွှေးချင်မှ မွှေးမှာ. . .

Moe Cho Thinn said...

အခုတလော အဲဒီသွားရမဲ့ လမ်းအကြောင်း နေ့တိုင်းလိုလို တွေးမိနေတယ်။ အရင်ကတော့ မတွေးဖြစ်ခဲ့တာ အမှန်ပဲ။

မြစ်ကျိုးအင်း said...

တစ်ချို့ကတော့ တမင်တကာကို မေ့ထားချင်ကြတယ်လေ
ကြာကြာတော့ မေ့နေခွင့် မရကြပါဘူး။ ရင်ဆိုင်ရမှာချင်း တူတူ ကြိုတင်ပြင်ဆင်ထားနိင်တဲ့သူတွေက နောင်ရေး စိတ်အေးရတယ်လို့ ပြောရမယ်နဲ့ တူတယ်နော်။

်မယ်ကိုး said...

မမစာလေးတွေ ဖတ်ဖြစ်ပေမယ့် နက်မကောင်းလို့ မမန့်ဖြစ်ခဲ့ဘူး။ မမ အတွေးလေးကို ချရေးထားပုံလေး အရမ်းကြိုက်ပါတယ်။ ရသအားလုံးကို နိုင်တဲ့ မမရဲ့ blog လေးကို ခြောက်လပြည့်မှစ ထာဝစဉ်ဖတ်ချင်ပါတယ်။

ချစ်ကြည်အေး said...

မောင်လေး ဝေလင်း၊ ညီမဇွန်၊ ညီမဂျင်ဂျင်း၊ မောင်လေး T ၊ မောင်လေး ဇော်၊ ညီမ ချိုသင်း၊ ကိုမြစ် နဲ့ ညီမလေး မယ်ကိုး....အမြင်လေးတွေ အတွက် ကျေးဇူး အထူးပါ....:)

မြသွေးနီ said...

မချစ်ရေ...
ဘွာတေးခတ်ထားလို့မရပဲ အားလုံးသေချာပေါက်သွားရမှာ ဒီလမ်းပဲနော်။
ဒါကို ဒီနှစ်ထဲမှာ ပိုပြီးသိမြင်လာတယ်။ ကြွေကျနေတဲ့ ပွင့်ဖတ်လေး တွေကနေ အခုလို အကျိုးရှိတဲ့ စာလေးတစ်ပုဒ်ထွက်လာတာ မချစ်ရဲ့ စေတနာ့ အမြင်လေးကြောင့်ပါဘဲ။ ဆင်ခြင်ရမယ်။ ပြင်ဆင်ရဦးမယ် မချစ်ရေ...။

sosegado said...

မှတ်ရင်းနဲ့ သွားကြတာပေါ့၊ ပါရမီက မပါလေတော့…. အရှင်လည်းမထွက်နိုင်ပါဘူး၊

MTM said...

ရှု့ထောင့်လေးတစ်ခုကို ပြထားတာကောင်းပါတယ်
လေးနက်တဲ့ အကြောင်းရာတစ်ခုပေါ့......
တစ်စုံတစ်ယောက်ကိုတိုင်တည်တဲ့ပုံ ရယ် အသိတစ်ခုပေးချင်တဲ့စိတ်ရယ်
နောက်..နှစ်သိမ့် နေတဲ့စကားပြောဟန်ရယ်က တော့........
(အားထုတ်နိုင်ခြင်းများအပေါ် ချီးမွမ်းလျှက်)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်