Thursday, February 17, 2011
စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး
ခုတလော ဘလော့ဂ်ပေါ်မှာရော ဖေ့စ်ဘုတ်ပေါ်မှာပါ ပျောက်ခြင်း လှတပတလေးနဲ့ ပျောက်နေတဲ့ ကျမကို သတိရလွမ်းဆွတ်သူတွေ ရှိနေကြမှာပါ။ ဇွတ် ပါပဲ။ ရှိပေးလိုက်ကြပါ :)
ကျမ ခရီးသွားနေခဲ့တာပါ။ ဘလောဂ့်နဲ့ ဝေးနေခဲ့တာမို့ ပြန်ရောက်တာနဲ့ စာရေးချင်ပေမဲ့ လူက ဖျားလာတာကြောင့် ဘယ်လိုမှ ရေးဖို့ အားမရှိဘဲ ဖြစ်ခဲ့ပါတယ်။ ဖျားရတဲ့ အကြောင်းရင်းက ဒီလိုပါ။ မနက်နဲ့ ညတွေမှာ အေးစိမ့်နေအောင် ချမ်းသလောက် ခြစ်ခြစ်တောက်အောင် ပူပြင်းတဲ့ မန္တလေး နေ့လည်ခင်းတွေမှာ ခြေဗလာနဲ့ ဘုရားတွေလှည့်ဖူးရင်း ခေါင်းပေါ်က အပူ၊ ခြေဖဝါးအောက်က အပူတွေကို တမေ့တလျော့နဲ့ ဓါတ်ပုံ အရိုက် ကောင်းရာက စပါတယ်။
အပူမိပြီး နှာရည်တွေ တောက်တောက်ကျတော့မှ "ဟာ ငါတော့ သွားပြီ" ရယ်လို့ သတိဝင်လာတော့ နောက်ကျသွားခဲ့ပါပြီ။ နောက်တနေ့ မန္တလေးကနေ အင်းလေး၊ ပင်းတယ၊ တောင်ကြီးနဲ့ ပုဂံ ခရီးရှည် ထွက်တဲ့အချိန်မှာ နှာရည်တရွှဲရွှဲနဲ့ လူက ပူလိုက်၊ အေးလိုက်ကြားထဲ ဆေးမပြတ်သောက်ပြီး ဓါတ်ပုံတွေ ရိုက်မြဲ၊ သွားမြဲ၊ စားမြဲ။ စိတ်...စိတ်ပေါ့လေ အဲဒီစိတ်နဲ့ ကျမ သွားနေခဲ့တာ။
ရန်ကုန်ပြန်ရောက်လို့ စိတ်လျှော့ချလိုက်တာနဲ့ "ဆေးခန်းပို့ပေးပါ" လို့ အိမ်ကလူကြီးကို ပြောရတော့တာ။ ဆရာဝန်ဆီရောက်မှ ပြီးခဲ့တဲ့ခရီးစဉ်တလျှောက်လုံး အဖျားရှိနေတာကို သိတော့တယ်။ မျက်လုံးတွေပူ၊ နှာသီးဖျားက လေတွေလည်း ပူလိုက်တာလို့တော့ ထင်သား။
"ကျမ ဖျားလို့ မဖြစ်ဘူး လေယာဉ်လက်မှတ် ဖြတ်ပြီးသား မနက်ဖြန် ပြန်ရမယ် သဘက်ခါ အလုပ်ပြန်ဝင်ရမှာ" လို့ ကျမက ဆိုတော့ ဆရာဝန်က ပြုံးတယ်။ တင်ပါးကို ဆေးတလုံးထိုးပေးပြီး တအိတ်မှာ ဆေး ၇လုံးပါတဲ့ ဆေးအိတ်လေးတွေ ၆နာရီခြား တခါသောက်ဖို့ ပေးတယ်။ ဒီလိုနဲ့ ဆေး ၃ခွက် ဝင်အပြီး နောက်တနေ့မနက်မှာ လေယာဉ်ပေါ်တက်နိုင်တဲ့ အခြေအနေနဲ့ စလုံး ပြန်ရောက်ခဲ့တော့တာ။
ဒီရောက်ပြန်တော့ ဝဲစွဲနေတဲ့ ဘလော့ဂ်တွေအကြောင်းကို သူငယ်ချင်း သက်ဝေ၊ အကို အောင်သာငယ်နဲ့ ကိုအောင်(ပျူနိုင်ငံ)တို့  ပြောပြမှ သိခဲ့ရပြီး လူလည်းဆေးကု၊ ဘလော့ဂ်လည်းဆေးကု လုပ်ရပါတော့တယ်။ ပျိုးနေလိုက်တာ...အပျိုးနဲ့တင် ပိုစ့်တပုဒ် ဖြစ်တော့မယ်။ ရေးလိုရင်းကို စပါမယ်။
အားလုံးသိကြတဲ့ စစ်ကိုင်းက ကောင်းမှုတော်၊ အဲသည်ကောင်းမှုတော်ဘုရားကြီးကို မြန်မာ သက္ကရာဇ် ၉၉၈ ခုနှစ်က သာလွန်မင်းတရားကြီး ၁၂ နှစ်ကြာ အချိန်ယူ တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်အမြင့် ၁၈၈ ပေ၊ အောက်ခြေလုံးပတ် ပေ ၈၈၀ကျော် ရှိတယ်လို့ ဖတ်ဖူးပါတယ်။
စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးလို့ ဆိုလိုက်ရင် မျက်လုံးထဲမှာ စေတီလုံးပြည့် ထုံးသင်္ကန်း တဖွေးဖွေးနဲ့ မြင်ယောင်လာမိကြမှာပါပဲ။ ဒါကလည်း အစဉ်အဆက် ဘုရားကြီးရဲ့ ထုံးဖြူဖြူကလေးကိုပဲ ပင်ကိုယ် အသွေးအရောင်အဖြစ် မျက်လုံးထဲက မထွက်နိုင်အောင်၊ စွဲနေအောင် ဖူးလို့မဝ ဖြစ်ခဲ့ကြရတာမို့ပါ။
ခု အဲသည် ကောင်းမှုတော်ဘုရားကြီးကို လုံးတော်ပြည့်  စတင် ရွှေချနေကြပါပြီ။ ကျမစိတ်ထဲတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ထုံးနဲ့ရွှေ ဘယ်သင်းက ပို တန်ကြေးရှိတယ်ဆိုတာတော့ သိပါရဲ့။ နို့ပေတဲ့ ခုဟာက စရစ်ဝိုင်းနဲ့ သနပ်ခါးအဖွေးသား တောကလုံမပျိုကို အိုမီဂါပုံညှပ်ပြီး မိတ်ကပ် အတင်းလူးပေးသလို ခံစားမှုမျိုးပါ။ ကျမနဲ့အတူ ပါလာတဲ့ အကိုတော်တယောက်က "ဒါကို အသေအချာ ဓါတ်ပုံရိုက်ထားနော် သမိုင်းတွင်မဲ့ အပြောင်းအလဲ ညည်းသိလား" လို့ ဆိုတာနဲ့ပဲ ကျမလည်း တဖျတ်ဖျတ် ရိုက်ခဲ့လိုက်ပါတော့တယ်။
မှတ်ချက် : ဤပိုစ့်ပါ အကြောင်းအရာများနှင့် ဓါတ်ပုံများကို သမိုင်းတန်ဘိုးထားသူ မည်သူမဆို ယူသုံးနိုင်ပါသည်။ သို့သော် သက်ဆိုင်ရာ ဘလော့ဂ်ပိုင်ရှင်များ၏ အာဘော်များသည် မိမိနှင့် လုံးဝ မပတ်သက်ကြောင်း အသိပေးအပ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
ချစ်ကြည်အေး
7 comments:
  1. TZA said...
    ထုံးနဲ့ပိုလှတယ်
    Thu Feb 17, 11:04:00 PM SGT
    ကိုကိုမောင်(ပန်းရနံ့) said...
    တကယ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်တော့မှာတဲ့လား။ ရွှေရှိတဲ့ဘုရားမှ ကိုးကွယ်ချင် ဆိုတဲ့ စကားပုံလေးကို အကောင်အထည်ဖော်လိုက်တာထင်တယ်။ ဘာသာပြန်မှားပြန်ပြီထင်တယ်။ ထုံး ဖွေးဖွေးအစား ရွှေရောင်တ၀င်းဝင်းတော့ မြင်ပြန်ရဦးမယ်ထင်ပါ့။
    ဘယ်လိုဘဲ ဖြစ်ဖြစ်ပါလေ။ သာဓုခေါ်ရမှာပါ။ သာဓုခေါ်လိုက်တာက ကုသိုလ်ရပါတယ်။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    Thu Feb 17, 11:04:00 PM SGT
    Anonymous said...
    လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်လောက်က ဖူးပြီးကတည်းက တခါမှကို မရောက်တော့တာ ခုထိဘဲ .. ဘုရားဖူးရတဲ့အတွက်ကျေးဇူးအထူးပါ နော့ ။
    mie nge
    Thu Feb 17, 11:42:00 PM SGT
    shin said...
    တော်သေးတယ်။ Jan လကုန်ပြန်တုံးက ထုံးသင်္ကန်းနဲ့ဘုရားဖူးလိုက်ရသေးတယ်။ အဲ့တာ နောက်ဆုံးပဲထင်ပါတယ်။
    Thu Feb 17, 11:52:00 PM SGT
    ဇွန်မိုးစက် said...
    အို...အစ်မချစ် နေမကောင်းဖြစ်ခဲ့တာကိုး။ ခုရော သက်သာသွားပြီလားဟင်။ ဇွန်လည်း အလုပ်တွေပိနေလို့ ဘလော့တောင် ဆေးမကုနိုင်ဘူး။
    ကောင်းမှုတော်ဘုရားကို မဖူးဘူးပေမယ့် ဓာတ်ပုံတွေ၊ ပြက္ခဒိန်တွေထဲမှာ မြင်ဖူးနေတော့ ရင်းနှီးနေတာ။ ဇွန်လည်း စိတ်မကောင်းဘူးအစ်မ၊ သူ့အရပ်၊ သူ့သမိုင်းနဲ့ ထုံးဖြူဖြူနဲ့က ပိုကောင်းမှာ။
    အဲဒါမျိုးတွေကြောင့် ပုဂံက ယူနက်စ်စကိုရဲ့ World Heritage Site မှာ စာရင်းအသွင်းမခံရတာ။ နဂိုမူလအတိုင်း ပိုမပျက်စီးအောင် ထိန်းသိမ်းရမယ့်အစား ပြုပြင်ပြောင်းလဲလိုက်တော့... ဆက်မပြောတော့ပါဘူး အစ်မရယ်...ရေးရင်းနဲ့ စိတ်နဲနဲတိုသွားလို့။
    စနေနေ့မှ ဖုန်းဆက်လိုက်မယ်နော်။း)
    Fri Feb 18, 12:01:00 AM SGT
    ချော(အစိမ်းရောင်လွင်ပြင်) said...
    ဟင့် အစ်မကမှ ကောင်းမှုတော် ဘာညာရောက်လိုက်သေးတယ်
    ညီမက မရောက်ခဲ့ဘူး
    မျက်စိထဲမှာတော့ ထုံးဖွေးဖွေးနဲ့က ပိုသပ္ပါယ်သလားလို့လေ
    ရှေးဟောင်းဘုရားဆို ရှေးအတိုင်းထားတာ အကောင်းဆုံးပါဘဲနော်
    ဒါပေမဲ့ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ် မသိပါဘူး
    ဘုရားဖူးခွင့်ရတာ ကျေးဇူးအစ်မရေ။
    Fri Feb 18, 12:15:00 AM SGT
    Anonymous said...
    လုံးဝအရှင်းပျောက်ပြီး အားပြည့်အောင်လို့ အပြည့်အဝ အနားယူပါအုံး အစ်မရေ...
    ပြောသာပြောရတာပါ...
    သူဘလော့ဂ်ကို လွမ်းလို့ ဖျားတာလည်း ဖြစ်နိုင်တယ်းP
    မောင်ငယ်
    TOI
    Fri Feb 18, 12:21:00 AM SGT
    ReplyDelete
  2. Fri Feb 18, 12:21:00 AM SGT
    မိုးယံ said...
    ကောင်းတာပေါ့.. ထုံးသင်္ကန်းအစား ရွှေသင်္ကန်းကပ်လိုက်တော့ ယခုစေတီပုံနဲ့ဆိုရင် ဗလီ ခေါင်မိုးနဲ့တူသွားတာပေါ့...
    ဘင်လာဒင်တို့ ဗုံးကြဲမယ်ဆိုရင် ဗလီနဲ့မှားပြီး ဗုံးမကြဲတော့ဘူးပေါ့...
    ရေးရတာ ရင်နာတယ်..
    လန့်လဲ ခပ်လန့်လန့်ပဲ။
    ငရဲလဲကြီးဦးမလားပဲ။
    Fri Feb 18, 03:05:00 AM SGT
    ကျောက်သာလွန် said...
    ရွှေမရှိတဲ့ ဘုရားလူမရိုသေတဲ့...
    ဒါကြောင့်လူရိုသေအောင်..စီစဉ်ကြတဲ့ နိုင်ငံတော်ရဲ့ သဘောထားအမှန်ကို..
    သာဓု..ခေါ်လိုက်စမ်းပါ..
    Fri Feb 18, 10:02:00 AM SGT
    An Asian Tour Operator said...
    ၁။
    "နို့ပေတဲ့ ခုဟာက စရစ်ဝိုင်းနဲ့ သနပ်ခါးအဖွေးသား တောကလုံမပျိုကို အိုမီဂါပုံညှပ်ပြီး မိတ်ကပ် အတင်းလူးပေးသလို ခံစားမှုမျိုးပါ။"
    >ခံစားချက်ခြင်းတူသွားပြီ။
    ၂။
    "ဒါကို အသေအချာ ဓါတ်ပုံရိုက်ထားနော် သမိုင်းတွင်မဲ့ အပြောင်းအလဲ ညည်းသိလား"
    >အဲဒီ အကိုတော်ပြောတာ တော်တော်မှန်တာပေါ့။ နောက်ဆို အစ်မချစ်စီက ဓါတ်ပုံ ကိုပဲ ကိုးကားရတော့ မယ်။
    ၃။
    အဲဒါမျိုးတွေကြောင့် ပုဂံက ယူနက်စ်စကိုရဲ့ World Heritage Site မှာ စာရင်းအသွင်းမခံရတာ။ နဂိုမူလအတိုင်း ပိုမပျက်စီးအောင် ထိန်းသိမ်းရမယ့်အစား ပြုပြင်ပြောင်းလဲလိုက်တော့... ဆက်မပြောတော့ပါဘူး အစ်မရယ်...ရေးရင်းနဲ့ စိတ်နဲနဲတိုသွားလို့။
    >ဇွန်မိုးစက် ရေ.. ပြောပြန်ရင်လဲ.. :-(
    ၄။
    ထုံးသင်္ကန်းအစား ရွှေသင်္ကန်းကပ်လိုက်တော့ ယခုစေတီပုံနဲ့ဆိုရင် ဗလီ ခေါင်မိုးနဲ့တူသွားတာပေါ့... ဘင်လာဒင်တို့ ဗုံးကြဲမယ်ဆိုရင် ဗလီနဲ့မှားပြီး ဗုံးမကြဲတော့ဘူးပေါ့.
    >စိတ်ချ ရတာပေါ့
    ၅။
    ရွှေမရှိတဲ့ ဘုရားလူမရိုသေတဲ့...
    ဒါကြောင့်လူရိုသေအောင်..စီစဉ်ကြတဲ့ နိုင်ငံတော်ရဲ့ သဘောထားအမှန်ကို..
    သာဓု..ခေါ်လိုက်စမ်းပါ..
    >သဘောထား အမှန် ကို မသိရင်ခက်မယ်.. ဟွန်း
    (ဤကား ကွန်မန့်ဆားချက်နည်းတည်း) :P
    Fri Feb 18, 11:27:00 AM SGT
    Anonymous said...
    သူတို့က ဗေဒင်အရလေ။ ရွှေသင်္ကန်းဆိုတော့ နောက်ဆုံးအလုံးက ရွှေပါတယ်လေ။ ရွှေဆိုတာကတော့ နိုင်ငံတော်ကို အနစ်နာခံပြီး နေမအိပ် ညမအိပ် လုပ်နေတဲ့ ခေါင်းဆောင်ကြီးကို ရည်ရွယ်တာပေါ့။ အားလုံးက ရှိခိုးရမယ်ဆိုတဲ့ယတြာလေ။
    Fri Feb 18, 01:54:00 PM SGT
    မိုးယံ said...
    တော်တော် တော်တဲ့ ကိုအေအေတူ..တတ်လဲတတ်နိုင်လွန်းတယ်ကွယ်
    ဆားချက်နည်းလေးမှတ်ထားမယ်
    Fri Feb 18, 02:01:00 PM SGT
    မြစ်ကျိုးအင်း said...
    ပြင်ပတန်ဖိုးထက် သမိုင်းတန်ဖိုးက ပိုအဖိုးတန်ပါတယ်။
    ထုံးသင်္ကန်ဖွေးဖွေးနဲ့က စေတီရဲ့ အမှတ်အသားလို ဖြစ်နေတယ် လို့ထင်မိတယ်။ သွားပြန်ပြီပေါ့ သမိုင်းမှတ်တမ်း တစ်ခု...။
    Fri Feb 18, 05:24:00 PM SGT
    Ko Boyz said...
    ရွှေမရှိတဲ့ ဘုရား လူမရိုသေတဲ့.. ဟွန်း.. ဘာမှလဲ နားမလည်ပဲနဲ့..။
    Fri Feb 18, 05:33:00 PM SGT
    ညီမလေး said...
    "တန်ဖိုး" ဆိုတာကို နားမလည်တဲ့ သူတွေ ကြီးစိုးနေသ၍ ၊ အလကားနေအလကား မျက်နှာရချင်သူတွေ ရှိနေသ၍ ဒါမျိုးတွေဖြစ်နေအုန်းမှာပဲ... ချစ်ချစ်ရယ် ......
    Fri Feb 18, 06:21:00 PM SGT
    Anonymous said...
    ဘု၇ားကိုလှတယ်လို.မပြော၇ဘူးကြည်ညိုဘို.ကောင်းတယ်လို.ပြော၇တယ်။
    Fri Feb 18, 09:12:00 PM SGT
    ဒီမိုဝေယံ said...
    ဘလော့(ဂ်)ပိုင်ရှင် မချစ်ကြည်အေး ခင်ဗျား.. ဒီပို့စ်ရဲ့ နောက်ဆုံး ၃ပိုဒ်က စာသားနဲ့ ဓာတ်ပုံ ကျွန်တော်ဘလော့(ဂ်)မှာ ဖော်ပြခွင့်ပြုပါခင်ဗျာ.. http://www.demowaiyan.co.cc/2011/01/blog-post_4393.html ဒီပိုစ့်လေးနဲ့ ပြန်ဖော်ပြချင်လို့ပါ...
    လေးစားစွာဖြင့်
    ဒီမိုဝေယံ
    Fri Feb 18, 11:29:00 PM SGT
    Anonymous said...
    အမချစ်
    ရွှေကျောင်းပြောင်ပြောင်
    ရွှေပြည်က ဂိုက်ပေါက်စလေးတွေကိုသာ ကြည့်တော့ အမရေ
    ခင်မင်တဲ့
    seesein
    Sat Feb 19, 02:12:00 PM SGT
    JulyDream said...
    ထုံးအောက်ခံပေါ်မှာ သုတ်နေတဲ့ ရွှေဆေးတွေက ကြာကြာခံပါမလားပဲ... တော်ကြာ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေရင်တော့ နဂို အဖြူထည်လေးကမှ တင့်တယ် ထည်ဝါတယ်လို့ စိတ်ထဲမှာ ခံစားမိတယ်။
    Sat Feb 19, 06:58:00 PM SGT
    ReplyDelete
  3. Malware အကူးခံရပါဖို့ အရေး စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီးမှာ ဆုပန်ချွေရင်း အလည်ရောက်ခဲ့တယ်ခင်ဗျ။
    အနော့ကိုလဲ ကူးပေးခဲ့ပါဦး .. ဟမ်
    (http://mrlittledba.blogspot.com)
    ReplyDelete
  4. အော်.. အဲဒီလောက်တောင် ဆေးသုတ်ပြီးသွားပြီလား.. ပန်ဒိုရာရောက်တဲ့နေ့က ပထမဆုံး စသုတ်တဲ့နေ့လေ :(
    ReplyDelete
  5. http://www.bur.irrawaddy.org/index.php/news/5923-2011-03-10-05-43-18
    Ma Chit Here is ur photo, they credit to you. :)
    POO TAY
    ReplyDelete
  6. ဟန်ကြည်Thu May 26, 12:31:00 AM GMT+8
    ကုသိုလ်ရချင်ကြတဲ့ စေတနာနဲ့ ရွှေသင်္ကန်းကပ်တာမို့ ကိုယ်က ကြားထဲကနေ ဓမ္မန္တရာယ် မလုပ်တော့ပါဘူး အစ်မရယ်...ကျွန်တော်တို့ လူမျိုးတွေရဲ့ အဲဒီသဒ္ဒါကြောင့်ပဲ ပုဂံဘုရားတွေက အဖိုးတန် နံရံဆေးရေးပန်းချီတစ်ချို့ ပျက်စီးကုန်တယ်လေ...နံရံတွေကို ထုံးသင်္ကန်းကပ်ကြတာကိုး...ဘာသာရေးအမြင်နဲ့ ရှေးဟောင်းသုတေသနအမြင်ဆိုတာ ဘယ်တုန်းကမှ တစ်ထပ်တည်းမကျခဲ့တာကလား...ဘာပဲဖြစ်ဖြစ် ဘုရားဖူးလိုက်ရတာ အမြတ်လို့ သဘောထားရုံပေါ့နော...
    ReplyDelete
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...